Monday, May 21, 2012

အရောင်လှလှလေးများ




လိုချင်တာတစ်ခု ရပြီးရင် ရရချင်းတော့ ကျေနပ်သွားတယ်။ ခဏနေတော့ ရိုးသွားတယ်။ နောက်တစ်မျိုးလိုချင်လာတယ်။ ရအောင် လုပ်ရပြန်တယ်။ ရသွားတော့လည်း မကောင်းတော့ပြန်ဘူး။ မကောင်းတာကို ကောင်းအောင် ပြုပြင်စီမံဖို့အတွက် နောက်တစ်မျိုး လိုချင်ရပြန်တယ်။ ရအောင် ကြိုးစားရပြန်တယ်။ ဘယ်အရာကိုမဆို လိုချင်နေတာ အဲဒီအရာနဲ့ပတ်သက်တဲ့ ဒုက္ခတွေကို အသေးစိတ် မသိသေးလို့ပါ။ မရသေးတော့ အသေးစိတ်လဲ သိခွင့် မရှိဘူးလေ။ လှမ်းမျှော်ပြီး မြင်နိုင်စွမ်းလဲ မရှိဘူး။ ရပြီးတော့မှ ကိုယ်မစဉ်းစားမိခဲ့တဲ့၊ မမျှော်လင့်ထားခဲ့တဲ့ ပုံစံမျိုးဖြစ်နေတယ်။ ကိုယ်ကောင်းမယ် ထင်ခဲ့တဲ့ အချက်ကလေးတစ်ခုကတော့ ဆက်ပြီးကောင်းချင်ကောင်းနေမယ်။ ဒါပေမယ့် သူနဲ့ ပတ်သက်တဲ့ ကိုယ်ကြိုတင်ပြီး မသိခဲ့တဲ့ မကောင်းတဲ့အချက်တွေက ပိုများနေတာမျိုးလဲ ဖြစ်တတ်ပါတယ်။ အဲဒီလိုနဲ့ပဲ လိုချင်ပါတယ်ဆိုတဲ့ဇာတ်က သိမ်းခွင့်ကိုမရှိတော့တာ။

နောက်ဆုံး နားလည်သွားတာတစ်ခုက ဒုက္ခရောင်စုံလေးတွေကို တစ်ခုပြီးတစ်ခု လိုချင်နေတယ်ဆိုတာပါပဲ။ ဒုက္ခတွေက မသိသေးတဲ့သူ လှမ်းမျှော်ကြည့်ရင် ဆင်းရဲကြောင်း မသိသာအောင် တပ်မက်စရာ အရောင်လှလှလေးတွေနဲ့ အပြင်ပန်းမှာ ကာရံထားတတ်ကြတယ်။ ကိုယ့်မှာ အပြာရောင်လေးရှိတယ်။ အဆင်မပြေဘူး။ မကြိုက်တော့ဘူး။ အစိမ်းရောင်လေးက လှနေတော့ လိုချင်ပြန်ရော။ ကြိုးစားရပြန်တယ်။ အစိမ်းရောင်လေး ရသွားပြန်တော့ ဒါလဲ ဒုက္ခတစ်မျိုးမှန်း ရပြီးမှသိတယ်။ အဲဒီ အစိမ်းရောင်ဒုက္ခက လွတ်မြောက်ဖို့ နည်းလမ်းရှာတော့ အ၀ါရောင် သွားတွေ့တယ်။ အ၀ါရောင်သာရရင် တော်တော်စိတ်ချမ်းသာမှာလို့ ထင်မိတယ်။ ကြိုးစားလို့ အ၀ါရောင် ရလာပြန်တော့မှ ထင်ထားသလို မဟုတ်ဘဲ သူလည်း အရင်က အရောင်တွေနဲ့ မတူတဲ့ နောက်အမျိုးအစား ဒုက္ခတစ်မျိုးမှန်း သိတော့တယ်။ အ၀ါရောင်ဒုက္ခကလွတ်အောင် နည်းလမ်းရှာကြည့်တော့ အပြာမဟုတ်ဘူး။ အစိမ်းမဟုတ်ဘူး။ အ၀ါလည်း မဟုတ်တော့ဘူး။ (အပြာ၊ အစိမ်း၊ အ၀ါတွေက ဒုက္ခမှန်း သိပြီးပြီလေ။ ထပ်မရွေးတော့ဘူး။) ခရမ်းရောင်လေး သွားတွေ့တယ်။ ခရမ်းရောင်ကိုမှ မကြုံဖူး၊ မရဖူးသေးတာလေ… ဒုက္ခလို့ မထင်ပြန်ဘူးပေါ့။ မသိသေးတဲ့ ခရမ်းရောင် လှလှလေးရဲ့နောက်ကွယ်က ဒုက္ခလှလှလေးတွေကို လှမ်းမမြင်နိုင်သေးတော့ ကြိုးစားရပြန်တယ်။ ဒီလိုနဲ့ပဲ ဘ၀တစ်ခု ပြီးသွားတယ်။ အဲဒီကြုံခဲ့ရတဲ့ (မသိခင်က ထင်ခဲ့တဲ့) အရောင်လှလှလေးတွေ အားလုံးဟာ အမှန်တကယ်တော့ ဒုက္ခတွေချည်းပါပဲ။ အမျိုးအစားမတူတဲ့ ဒုက္ခရောင်စုံလေးတွေကို မသိတဲ့စိတ်နဲ့ ကောင်းမယ်ထင်တော့ တစ်မျိုးပြီးတစ်မျိုးရအောင် ကြံစည်ကြိုးစားရင်းနဲ့ ဘ၀တိုတိုလေးတစ်ခု ပြီးမှန်းမသိ ပြီးသွားရတာပါ။

တကယ်တမ်းကျတော့ ဘယ်အရာမဆို ဒုက္ခမကင်းဘူးဆိုတာသာ အစကတည်းက သိခဲ့ရင် လိုချင်တာတွေ သိသိသာသာ လျော့နည်းသွားလိမ့်မယ် ထင်တယ်။ လိုချင်တာတွေ မရခဲ့လို့၊ ဖြစ်ချင်တာတွေ မဖြစ်ခဲ့လို့ ဆတ်ဆတ်လူးအောင် ခံစားခဲ့ရတာတွေလည်း ဘယ်လိုအဓိပ္ပါယ်ဖြစ်နေလဲဆိုတော့ ဒုက္ခကိုလိုချင်လွန်းလို့ ဒုက္ခရောက်ခဲ့ရသလိုမျိုးပါ။

အရောင်လေးတစ်ခုရဖို့အတွက် ကြိုးစားလို့ မရခဲ့ရင်လည်း အဲဒီအရောင်နဲ့ပတ်သက်တဲ့ ဒုက္ခတွေကနေ ကင်းဝေးခွင့်ရသွားမှာမို့လို့ စိတ် ပင်ပန်းစရာ မလိုတော့ဘူးလေ။ အနည်းဆုံး အရောင်တစ်ခုခုကတော့ ကိုယ်နဲ့မကွာ အမြဲမပြတ် ရှိနေမှာပါ။ လိုချင်တဲ့အရောင်မရလို့ အဲဒီအရောင်ရဲ့ဒုက္ခကို မခံစားရတော့ပေမယ့် လောလောဆယ်ပိုင်ဆိုင်ထားတဲ့ အရောင်ရဲ့ဒုက္ခကတော့ ရှိမြဲရှိနေပါတယ်။ (လူဆိုတာ ဒုက္ခနဲ့ ကင်းတယ်ရယ်လို့မှ မရှိတာ)။ လိုချင်တဲ့အရောင်မရဘဲ မရဖူးသေးတဲ့နောက်တစ်ရောင် ရခဲ့ရင်လည်း အဲဒီအရောင်ရဲ့ ဒုက္ခတွေက ထပ်ကြပ်မကွာ ရှိနေဦးမှာပဲ။ အလိုဆန္ဒတွေ ရှိနေသေးသ၍ လိုချင်မှုတွေ၊ (မလိုချင်လဲဘဲ အကြောင်းတရားအမျိုးမျိုးကြောင်)့ ကြိုးစားနေရမှုတွေက ဘ၀ရှင်သန်နေသ၍ အမြဲမပြတ် ရှိနေဦးမှာပါ။ ဒါပေမယ့် အရောင်အားလုံးက ဒုက္ခတွေချည်းပါပဲဆိုတဲ့ အချက်ကို လေးလေးနက်နက် နားလည်ထားခဲ့ရင်တော့ ဘ၀တိုတိုလေးတစ်ခုကို ခဏတဖြုတ် ဖြတ်သန်းရတာဟာ ထင်သလောက် စိတ်မပင်ပန်းတော့ဘူးပေါ့။ ဘယ်အရောင်တွေကိုပဲ ပိုင်ဆိုင်ထားပါစေ။ အကြောင်းကြောင်းကြောင့် ဘယ်အရောင်ကိုပဲမဆို ရရှိဖို့ ကြိုးစားနေရပါစေ။ အဲဒီအသိလေးတစ်ချက်ကြောင့် ဘ၀တစ်ခုကို တန်ဖိုးရှိရှိ စိတ်သက်သက်သာသာ ဖြတ်သန်းသွားနိုင်မှာပါ။

လိုချင်စရာကောင်းတဲ့ ဘယ်လိုအရာမျိုးကိုမဆို အရောင်တွေနဲ့ တင်စားပြီး ရေးထားပါတယ်။
စိတ်ကူးမိသမျှ ချရေးမိရုံပါ။ စာရေးနေကျသူလဲ မဟုတ်တော့ အမှားပါရင် ခွင့်လွှတ်ပါ။
ပျော်ရွှင်ပါစေ။
ခိုင်ခိုင်

No comments:

Post a Comment