Wednesday, May 30, 2012

သိမ်မွေ့သော စိတ်ကိုရှု့မှတ်ပုံ (ဆရာတော်ဦးဇောတိက)

တရားအားထုတ်ခါစမှာတော့ သတိပဋ္ဌာန်အစဖြစ်တဲ့ ကာယာနုပဿနာကို အခြေခံပြီး အားထုတ်ကြတယ်။ ကာယာနုပဿနာရှုရင်းကနေ အသေးစိတ်သိလာတဲ့အခါကျတော့ ကာယာနုပဿနာနှင့်တွဲပြီး ဝေဒနာနုပဿနာလည်း ပါလာတယ်။ ဝေဒနာနုပဿနာကို ရှုနေရင်းကနေ ဝေဒနာရဲ့  အနတ္တသဘော၊ ဝေဒနာရဲ့ အနိစ္စသဘော၊ ဝေဒနာရဲ့  ဒုက္ခသဘောတွေကို တဖြည်းဖြည်းသိလာတယ်။

ဒီလိုအားထုတ်ရင်းကနေ စိတ်ကိုလည်း ကြည့်တတ်လာတယ်။ သတိ၊ သမာဓိကောင်းလာတော့ စိတ်ထဲမှာ အတွေးအမျိုးမျိုး ပေါ်တိုင်း ပေါ်တိုင်း ချက်ချင်းသိတယ်။ တစ်ခါတလေ ဘယ်လောက်ထိသိလဲဆိုရင် အတွေးလေးတစ်ခု ပေါ်တော့မယ် ဆိုတာကိုတောင် သိနေတယ်။ ဒါကို မလုပ်ဖူးတဲ့သူဆို ယုံနိုင်မှာ မဟုတ်ဘူး။ အတွေးတစ်ခု ပေါ်တော့မယ်ဆိုတာ ဘယ်လိုလုပ်သိမှာလဲလို့  မေးလိမ့်မယ်။ စိတ်ကလေး ဦးလှည့်တာကို သိတယ်။ လက်ရှိအာရုံမှာ ကောင်းကောင်းမနေချင်တော့တာကို သိတယ်။ လက်ရှိအာရုံကို လွှတ်ချင်သလိုလို ဖြစ်လာပြီဆိုတာကို သိတယ်။ အာရုံသိပ်မထင်ရှားတော့ဘူး။ ထင်ရှားအောင်လည်း မကြိုးစားချင်တော့သလိုလိုဖြစ်ပြီး နောက်အာရုံတစ်ခုဖက်ကို စိတ်ဦးလှည့်လာတယ်။

တစ်ခါတလေ ဘယ်အာရုံဘက်ကို သွားတော့မယ် ဆိုတာကိုတောင်မှ နဲနဲလေးရိပ်မိတယ်။ ဒါတော်တော်လေး သမာဓိကောင်းတဲ့ အဆင့်ကျမှ သိလာတာပါ။ အဲဒီလို သွားတော့မယ်ဆိုတာကို သိလိုက်တာနဲ့  ပြန်ငြိမ်သွားတယ်။ တခြားအတွေးတစ်ခု ပေါ်လာရင်လည်း တွေးတယ်လို့ သိလိုက်တယ်။ သိလိုက်တာနဲ့  ပြန်ပျောက်သွားတယ်။ ပြန်ပျောက်သွားတော့ စိတ်ကအတွေးမရှိဘူး။ ရှင်းပြီးငြိမ်နေတယ်။ ငြိမ်နေတာကိုသိတယ်။ သိနေတာကိုသိတယ်။ အေးချမ်းနေတာကိုသိတယ်။ စိတ္တာနုပဿနာအဆင့်ကနေ ဓမ္မာနုပဿနာအဆင့်ကို ကူးသွားနေပြီ။ ဒါတွေဟာ လုပ်ရင်းနဲ့  သူ့ အလိုလိုဖြစ်လာတာပါ။

ဥပမာဆိုပါတော့ - ခန္ဓာကိုယ်ကို ရှုမှတ်နေပြီ။ ခန္ဓာကိုယ် ရုပ်သဘော ပူခြင်း အေးခြင်း လှုပ်ရှားခြင်းကို တဖြည်းဖြည်း သိလာရင်းကနေ သတိ သမာဓိကောင်းပြီး ပစ္စုပ္ပန်တည့်လာခဲ့ရင် ပူခြင်း၊ အေးခြင်း၊ လှုပ်ရှားခြင်းသဘောဟာ ပုဂ္ဂိုလ်သတ္တ၀ါ မဟုတ်ဘူး။ တကယ့်ကိုပဲ သဘာဝသဘောဆိုတာ သီးသီးခြားခြားမြင်တယ်။ ပုဂ္ဂိုလ်သတ္တ၀ါနှင့် မရောဘူး။ လုံးဝပုံသဏ္ဌာန် မရှိတော့ဘူး။ နာမည်တပ်ဖို့  မလိုတော့ဘူး။ နာမည်လည်း မရှိတော့ဘူး။

အဲဒီလို ပညတ်ကင်းပြီးတော့ သီးခြားလေး မြင်လိုက်တဲ့အခါ အနတ္တဉာဏ်ဟာ အင်မတန်မှရှင်းတယ်။ အဲဒီအခါ စိတ်ထဲက အနတ္တပါလားလို့  နှလုံးသွင်းမိတတ်တယ်။ အနတ္တသဘောတွေပဲ။ သူ့ သဘော သူဆောင်တာပဲလို့  နှလုံးသွင်းမိတယ်။ အဲဒီနှလုံးသွင်းတဲ့ဉာဏ်ကို ပြန်ကြည့်ရင် ဓမ္မာနုပဿနာ ဖြစ်သွားတယ်။ ဉာဏ်ကို ပြန်ရှုရင် ဓမ္မာနုပဿနာဖြစ်နေတယ်။

အနိစ္စကိုရှုရင်လည်း တဖြည်းဖြည်း ကြာလာတဲ့အခါမှာ ဖြစ်ဖြစ်ချင်း သိတယ်။ သိသိချင်း ပျောက်သွားတယ်။ ဘာမှမကျန်အောင် ပျောက်သွားတယ်။ အဲဒီလိုဖြစ်တိုင်းသိတယ်၊ သိတိုင်းမရှိဘူး၊ ဖြစ်တိုင်းသိတယ်၊ သိတိုင်းမရှိဘူးဆိုတာ ရှင်းလာတယ်။ တစ်ခုဖြစ်ပြီး ပျက်သွားတယ်။ နောက်တစ်ခုမဖြစ်ခင်ကြားမှာ ကြားကာလ (Gap) လေး တစ်ခုဖြစ်သွားတယ်လို့ တောင်မှ သိလို့ ရတယ်။ တစ်ခုနဲ့ တစ်ခု တစ်ဆက်တည်းမဟုတ်ဘူးဆိုတာ ဉာဏ်ထဲမှာ အင်မတန်မှ ရှင်းတယ်။

အင်မတန် လျင်လျင်မြန်မြန် ဖြစ်နေ ပျက်နေတဲ့ ရုပ်သဘော၊ နာမ်သဘောတွေကို အင်မတန် လျင်မြန်တဲ့ သတိ သမာဓိတွေက လိုက်သိနေတာ။ လိုက်သိတော့ မမြဲပါလားလို့  သိတဲ့ဉာဏ်ဖြစ်လာတယ်။ အဲဒီလို မမြဲပါလားလို့  နှလုံးသွင်းတဲ့ဉာဏ်ကို ပြန်ကြည့်ရင် မမြဲဘူးဆိုတဲ့ ဉာဏ်ကို ရှုမှတ်ပြီးသား ဖြစ်သွားတယ်။ ဒါဟာ အနိစ္စဉာာဏ်ကို ရှုမှတ်တာပဲ။ ဓမ္မာနုပဿနာဖြစ်သွားပြီ။ ဓမ္မ၀ိစယသမ္ဗောဇ္ဈင်ထဲကို ၀င်သွားတယ်။

တစ်ခါတလေ အားထုတ်ရင်း အားထုတ်ရင်းကနေ သိနေတာကိုပဲ ပြန်သိနေတယ်။ အဲဒါဆိုရင် သတိသမ္ဗောဇ္ဈင်ကို ရှုမှတ်ပြီးသားဖြစ်နေတယ်။ ပွားများပြီးသားဖြစ်နေတယ်။ အဲဒီတော့ သမ္ဗောဇ္ဈင်နဲ့ အညီ ဖြစ်သွားနေပြီနော်။

တစ်ခါတလေ အားထုတ်နေရင်းနဲ့  ပီတိသဘောမျိုးတွေဖြစ်လာတယ်။ နှစ်သက်နေတယ်။ သဘောကျနေတယ်။ ကျေနပ်နေတယ်။ တရားအားထုတ်ရတာ မပျင်းဘူး။ အဲဒီစိတ်ကို ပြန်ရှုပါ။ ဒါဟာ နှစ်သက်နေတဲ့သဘော၊ သဘောကျနေတဲ့သဘောလို့  မြင်လို့ ရှိရင် ဓမ္မာနုပဿနာဖြစ်သွားတာပဲ။ ပီတိသမ္ဗောဇ္ဈင်ကို ရှုမှတ်တဲ့သဘောမျိုးဖြစ်နေတယ်။

တရားအားထုတ်နေရင်း အားထုတ်နေရတာ ကောင်းလိုက်တာဆိုပြီး ပိုပြီးတော့ ကြိုးစားချင်တဲ့စိတ် ဖြစ်နေတယ်။ ပျင်းတယ်ဆိုတဲ့စိတ် မရှိတော့ဘူး။ လျှော့ချင်တဲ့စိတ် မရှိတော့ဘူး။ တိုးတိုးပြီးတော့ပဲ အားထုတ်ချင်တော့တယ်။ အဲဒီစိတ်တွေကို ပြန်ကြည့်ပါ။ ကြည့်လို့ ရတယ်။ သဒ္ဓါတရားတော်တော်ကောင်းတယ်။ ၀ီရိယတွေလည်း တော်တော်ကောင်းတယ်။ ဒါဟာ သဒ္ဓါတရား၊ ဒါဟာ ၀ီရိယလို့ ကြည့်လို့ ရတယ်။

အတွေးတွေ တော်တော်နဲသွားပြီးတော့ ရှင်းနေတဲ့အခါမှာ ပေါ်လာတဲ့စိတ်ကလေးတွေက တစ်လုံးချင်းပေါ်လာတယ်။ အရင်တုန်းကလို ဒလဟောကြီး ၀င်မလာဘူး။ အဲဒီလိုအခါမျိုးမှာ စိတ်တော်တော်များများကို ကြည့်လို့ ရတယ်။ စိတ်ကလေးတစ်ခုခု ဖြစ်လာပြီဆိုရင် သူ့ ကို အေးအေးဆေးဆေးကြည့်လို့ ရတယ်။

တရားအားထုတ်တဲ့အခါမှာ သဒ္ဓါတရားတွေဖြစ်တယ်။ ကောင်းလိုက်တာ၊ ဟုတ်လိုက်တာ၊ မှန်လိုက်တာဆိုတဲ့ စိတ်တွေဖြစ်တယ်။ ဘုရားကို ကြည်ညိုတဲ့ စိတ်တွေဖြစ်လာတယ်။ “တကယ် မလုပ်ကြသေးလို့  တကယ် မဖြစ်ကြတာပါ။ လုပ်ကြည့်ပါ” လို့  ပြောချင်တဲ့ စိတ်တွေလည်း ဖြစ်တတ်တယ်။ အဲဒီစိတ်ကိုပါ ပြန်ရှုမှတ်မှ။ ပြောချင်နေတဲ့စိတ်ကို မရှုမှတ်ရင် စိတ်ထဲမှာ တရားဟောတတ်တယ်။ အဲဒီအချိန်မှာ စိတ်ထဲမှာ တရားဟောရင် မကောင်းဘူး။ ကုသိုလ်စိတ်ဖြစ်ပေမယ့် တရားအားထုတ်မှုမှာ အနှောင့်အယှက်ဖြစ်တယ်။

မိတ်ဆွေ၊ အပေါင်းအသင်း၊ ဆွေမျိုး၊ မိဘတွေကို ကရုဏာဖြစ်တဲ့စိတ် ဖြစ်လာရင်လည်း အဲဒီစိတ်ကို ရှုမှတ်မှ။ ဒီကရုဏာစိတ်ကို ကြာကြာလက်မခံနဲ့ ။ ဒိအချိန်မှာ မကောာင်းဘူး။ ၀ိပဿနာဉာဏ်ကို အနှောင့်အယှက်ဖြစ်သွားနိုင်တယ်။ ဖြစ်ပေါ်လာနေတဲ့ ကရုဏာစိတ်ကို ပြန်ကြည့်ပါ။ သေသေချာချာ မြင်အောင် ကြိုးစားကြည့်ပါ။ မြင်အောင်ကြည့်နိုင်ရင် သိပ်ရှင်းတယ်။ အားလည်း အားရတယ်။ သိပ်ကျေနပ်တယ်။ အဲဒီအခါမှာ ဘုရားဟောတဲ့ အဘိဓမ္မာကို သွားဖတ်ကြည့်ရင် ကောင်းကောင်းသဘောပေါက်တယ်။ အဘိဓမ္မာဟာ တကယ်ဟုတ်လို့  ဟောထားတာပဲ ဆိုတာ ယုံကြည်သွားတယ်။

အားထုတ်ရင်းနဲ့  ကိုယ့်စိတ်ထဲမှာ ဖြစ်ပုံကို သေသေချာချာ ကြည့်ပါနော်။။ တစ်ခါတလေ စိတ်ထဲမှာ အေးနေတယ်။ အေးတာမှ စိတ်တင်မကဘူး။ ခန္ဓာကိုယ်ကြီးပါ အေးနေတယ်လို့ ခံစားရတယ်။ ကိုယ်အပူချိန် တကယ်ပဲ ကျသွားနိုင်တယ်။ တရားအားထုတ်လို့  ပဿဒ္ဓိဖြစ်တဲ့အချိန်မှာ ကိုယ်အပူချိန်ကျသွားတယ်ဆိုတာ သေသေချာချာ စမ်းသပ်ကြည့်လို့ ရတယ်။ အဲဒီအေးနေတာလေးကို ပြန်ကြည့်ရင် သိလို့ ရတယ်။ စိတ်ရဲ့ အေးငြိမ်းခြင်းဆိုတဲ့ စိတ်တစ်ခုဖြစ်နေတယ်။ အေးငြိမ်းခြင်းရဲ့ သဘောလေးကို ပြန်ကြည့်လို့ ရတယ်။ ဓမ္မာနုပဿနာ ဖြစ်ပြန်တယ်။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွားများပြီးသားဖြစ်နေတယ်။

တစ်ခါတလေလည်း စိတ်က ထားတဲ့အာရုံမှာ ကပ်ပြီး တည်ငြိမ်နေတယ်။ ဥပမာ- လူအများ စားကြတဲ့ Chewing-gum (ပီကေ) ဆိုပါတော့။ ပီကေကို ပစ်လိုက်ရင် ထိလိုက်တဲ့ နေရာမှာ ကပ်နေတယ်။ ပြန်မကွာဘူး။ အဲဒီလိုပဲ စိတ်က အာရုံတစ်ခုကို ရှုမှတ်လိုက်ရင် အာရုံမှာ ကပ်သွားတယ်။ အာရုံကနေ ပြန်ကွာမထွက်ဘူး။ သာမန် သတိ၊ သမာဓိ နဲတဲ့ အခြေအနေမှာတော့ အာရုံတစ်ခုကို ရှုမှတ်ဖို့  ကြိုးစားရင်း သိသလိုလိုဖြစ်ပြီးတော့ ပြန်ကွာသွားတယ်။ တခြားအာရုံကို ရောက်ရောက်သွားတယ်၊ ထားတဲ့အာရုံမှာ မနေဘူး။

အဲဒီလိုစိတ်ကို သေသေချာချာကြည့်နိုင်ပြီးတော့ စိတ်ကရှင်းသွားရင် သတိ၊ သမာဓိကလည်း ကောင်းနေတဲ့အတွက်ကြောင့် စိတ်ကို အာရုံတစ်ခုပေါ်မှာ ဦးတည်လိုက်ရင် အဲဒီမှာပဲ ကပ်နေတယ်။ ဆက်ခါဆက်ခါ အဲဒီအာရုံမှာပဲထား၊ ဘယ်လောက်ကြာကြာဖြစ်ဖြစ် ထားလို့ ရတယ်။ တခြားအာရုံဆီမှာ ကြာရှည်မနေဘူး။ ကျယ်လောက်တဲ့အသံတစ်ခု ကြားရင်တောင်မှ တစ်ချက်ကြားပြီးတော့ ပြီးသွားတယ်။ အဲဒါ ဘာသံလဲဆိုတာကို လုံးဝ မစုံစမ်းဘူး။ ကြားလိုက်ပြီးတော့ ဘာသံမှန်းမသိလိုက်ဘူး။ ကြား၊ သိ၊ ပျောက်ပဲ။ ကြားခါမျှ ဖြစ်သွားတယ်။

အတွေးတစ်ခုပေါ်လည်း ဒီအတိုင်းပဲ ပေါ်တော့မလိုဖြစ်သွားတာနဲ့  ပျောက်သွားတယ်။ ပေါ်လာရင်လည်း ပေါ်လာတာကို သိတာနဲ့ ပျောက်သွားတာပဲ။ ဘာဆိုတာကို ပညတ်တဲ့အဆင့် ၊ နာမည်တပ်တဲ့ အဆင့်ထိ မရောက်တော့ဘူး။ တစ်ခုခုဖြစ်လာတယ်။ သိတယ်။ ချက်ချင်း မရှိတော့ဘူး။

အဲဒီလို သတိ သမာဓိ ကောင်းနေရင် စိတ်က တခြားအာရုံတွေကို ပြောင်းဖို့ မလွယ်တော့ဘူး။ အဲဒီလို မလွယ်တဲ့အတွက် စိတ်ကို ဒီအတိုင်းလွှတ်ထားလို့ ရတယ်။ လွှတ်ထားရင်လည်း နဂိုထားနေကျ အာရုံမှာပဲ ဆက်ပြီးနေတယ်။ အလိုလိုသိနေတယ်။ အဲဒီအခါမှာ ဘယ်လိုတွေးမိလဲဆိုတော့ တရားက သူ့ ဟာသူ အားထုတ်နေတာပါလို့  တွေးမိတယ်။ ငါ တရားအားထုတ်တာ မဟုတ်တော့ဘူးလို့  သိလာတယ်။

ပြင်ပ ကာမဂုဏ်အာရုံတွေကို တွေးတောကြံစည်နေတဲ့ စိတ်ကလည်း မရှိတော့ဘူး။ စိတ်မှာဖြစ်နေတဲ့ ပစ္စုပ္ပန် အခြေအနေတွေကို တိုက်ရိုက်သိနေတဲ့အခါမှာ ငြိမ်သက်နေရင် ငြိမ်သက်နေမှန်း သိတယ်။ သိနေတဲ့ စိတ်ကလေးကို ကြည့်ရင်သိတယ်။ သိတယ်ဆိုတဲ့ သဘောလေးတွေကို ပြန်သိတယ်။ အဲဒီ သိနေတဲ့စိတ်ကလေးကို ရှုမှတ်နေရတာကိုက ပိုကောင်းနေပြန်တယ်။

ငြိမ်သက်နေတာ သက်သက်ကိုပဲ ရှုနေရင် ငြိမ်နေတာက အားကောင်းလာပြီးတော့ သိနေတာက အားနဲနေပြန်ရင် အနိစ္စကို မမြင်နိုင်တော့ဘူး။ သိတဲ့သဘောမှာလည်း အနိစ္စသဘောပါတယ်။ သိတာကလည်း တစ်ချက်ချင်း တစ်ချက်ချင်း သိတယ်ဆိုတာကို သိတယ်။ တစ်သိပြီးရင် နောက်တစ်သိ။ သိတဲ့သဘောလေးဟာ တစ်ခုချင်း တစ်ခုချင်း ဖြစ်လာတယ်ဆိုတာ ပြန်မြင်လာတယ်။ ကြာရင် အဲဒီ သိတဲ့သဘောလေးက တဖြည်းဖြည်း မြန်လာတယ်။ မြန်မြန်သိလာတယ်။

သတိ၊ သမာဓိ သိပ်ကောင်းတုန်းမှာ အခြေအနေအမျိုးမျိုး စိတ်မှာဖြစ်ပေါ်လာတာကို သေသေချာချာ ဆက်တိုက်ကြည့်တတ်ရင် အလွန်သိမ်မွေ့ တဲ့ စိတ်တွေဖြစ်လာတယ်။ အဲဒီအခါမှာ သိစရာ မရှိတော့သလို ဖြစ်သွားတယ်။ တစ်ချက်မှတ်လိုက်ရင် ပျောက်သွားပြီးတော့ နောက်ထပ် ဘာမှ မပေါ်လာတော့ဘူးလို့  ထင်ရတယ်။ ဘာမှ မရှိတာကြီးကို သိနေတယ်။ အဲဒီ အခြေအနေ သဘောသဘာဝ လက္ခဏာဟာ အာကိဉ္စညာယတန ဆိုတဲ့ အရူပဈာန်နဲ့  အတော်လေး သွားတူနေတယ်။

တစ်ခါတလေ သိနေတာလေးက သိမ်မွေ့ လွန်းလို့  သိသလိုလို မသိသလိုလိုတောင် ဖြစ်တတ်တယ်။ အဲဒါတွေကို တတ်နိုင်သလောက် သိအောင် ကြိုးစားမှ။ မသိလို့ ရှိရင် ဘာမှ ရှုမှတ်စရာမရှိ ဖြစ်ပြီးတော့ ဒီအတိုင်းပဲ ငြိမ်နေပြီး ဘာမှ မသိတော့သလို ဖြစ်နေတယ်။ တစ်ခါတလေ အဲဒါကိုပဲ တရားထူးလို့  ထင်တတ်တယ်။

ဘာမှ မရှိတော့ဘဲ အကုန်ချုပ်နေတယ်။ ဘာမှမသိသလိုဖြစ်နေရင် သိတဲ့စိတ် ရှိသေးသလားဆိုတာ ပြန်ကြည့်ပါ။ သိတဲ့စိတ်ကို ပြန်သိလို့ ရသေးရင် ဒါ-လောကီစိတ်ပဲ။ လောကီအဆင့်မှာပဲ ရှိသေးတယ်။ လောကုတ္တရာစိတ်က သိတာကို ပြန်သိလို့ မရတော့ဘူး။ ဒီလိုအားထုတ်လို့  အဆင်ပြေလာတဲ့အခါမျိုးမှာ ကိုယ့်ရဲ့ အားထုတ်မှုကို ရပ်တန့် မပစ်ဘဲ ဆက်ပြီး အားထုတ်ဖို့  အရေးကြီးတယ်။

တချို့ တပည့်တွေ ဒကာ ဒကာမတွေဟာ သူတို့ အားထုတ်တာ အတော်ကို ကောင်းနေပြီ။ ဆက်ကြိုးစားမယ်ဆိုရင် အများကြီး တိုးတက်သွားနိုင်တယ်။ အဲဒီအခါ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ဆက်အားထုတ်မယ်ဆိုရင် တကယ် တိုးတက်မှာပါ။

ဒကာကြီးတစ်ယောက်ကလျှောက်တယ်။ “တပည့်တော် ဆက်အားထုတ်ရင် ဘာဖြစ်မယ်ဆိုတာကို သိတယ်။ အဲဒီတော့ တပည့်တော် ဆက်မလုပ်ဘူး။ ဒီလောက်နဲ့  တော်ထားအုံးမယ်။” တဲ့။ သူက ဘာနဲ့  ဥပမာတူသလဲဆိုတော့ ချောက်ကြီးတစ်ခုကို ဟိုဘက် ဒီဘက် ကူးဖို့ အတွက် အလယ်ခေါင်မှာ ကြိုးတစ်ချောင်းရှိတယ်။ အဲဒီကြိုးကို ကိုင်ပြီး လွှဲလိုက်ပြီး ကြိုးကိုလွှတ်လိုက်ရင် ဟိုဘက်ကမ်းကို ရောက်သွားမှာနော်။ ဒီဘက်ကို ပြန်လာလို့ မရတော့ဘူး။ ဟိုဘက်ကို ရောက်ခါနီးမှ မလွှတ်ရဲဘူး။ ကြိုးကို ဒီအတိုင်းပဲ ကိုင်ထားတယ်။ ဒါကြောင့် ဒီဘက်ကို ပြန်လာတယ်။

စိတ်ရဲ့ သဘာဝက ဘယ်လောက် ဆန်းကြယ်သလဲနော်။ လိုချင်လွန်းလို့  ကြိုးစားတယ်။ တကယ်ရတော့မယ်ဆိုတော့ နေဦး၊ စဉ်းစားအုံးမယ် ဆိုတာ ဖြစ်လာတယ်။ အဲဒီစိတ်ကိုလည်း ပြန်ကြည့်တတ်ဖို့ လိုတယ်။ ဒီစိတ်မျိုးက ဖြစ်တတ်တယ်။ ဒီလို အကြိမ်များများ လွှဲနေတတ်တယ်။ လောကီစိတ်ဘက်ကို ပြန်ပြန်လာတယ်။ အကယ်၍ ဆက်အားထုတ်ပြီး တကယ်ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ပြီဆိုရင်တော့ လွှတ်လိုက်ရုံပဲရှိတယ်။ ဒါကို မှတ်ထားသင့်တယ်။ အကယ်၍ ကိုယ်ကိုယ်တိုင် ဖြစ်လာခဲ့ရင် ဒီစိတ်ကို နားလည်ဖို့ လိုတယ်။ အပြစ်မတင်သင့်ဘူး။ ဒါဟာ စိတ်ရဲ့ သဘာဝပဲ။

နေနေကျ နေရာမှာ ဆက်နေချင်တယ်။ ဒီနေရာကိုပဲ ပိုကောင်းအောင် ပြုပြင်ပြီး ဆက်နေသွားချင်တယ်။ တစ်ခါမှ မရောက်ဖူးတဲ့ နေရာသစ်ကို သွားရမှာ နဲနဲ ကြောက်တတ်တယ်။

ဒကာ၊ ဒကာမတွေအားလုံး တရားကို တကယ် စွဲစွဲမြဲမြဲ အားထုတ်ကြပါ။ စွဲမြဲရင် တိုးတက်ပါတယ်။ မတိုးတက်ဘူးဆိုတာ မရှိပါဘူး။ အဲဒါကို ယုံကြည်စိတ်ချဖို့  အင်မတန် အရေးကြီးတယ်။ ဘ၀မှာ အရေးကြီးဆုံးက နေ့ စဉ် နေ့ စဉ် ကောင်းသည်ထက် ကောင်းတာတွေ လုပ်သွားဖို့ ၊ မြင့်သည်ထက် မြင့်တဲ့ဘက်ကို သွားဖို့ နဲ့  နောက်ဆုံးမှာ အမြင့်ဆုံးဖြစ်တဲ့ အရဟတ္တမဂ်ရဖို့  ဖြစ်ပါတယ်။

ဒကာ ဒကာမတွေအားလုံး တစ်နေ့ တခြား စိတ်ထား သဘောထား ပိုကောင်းလာပြီး မိမိကိုယ်ကို ချစ်ခင်လေးစား တန်ဖိုးထားနိုင်ကြပါစေ။ အမြင့်ဆုံးအသိဉာဏ်ကို ရအောင် ကြိုးစားနိုင်ကြပါစေ။


ဆရာတော် ဦးဇောတိက

“ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

Shared from Ma Sai Mon

No comments:

Post a Comment