Tuesday, May 29, 2012

တစ်ယောက်တည်း တည့်အောင်နေ

ခင်မကန်ဆရာတော်ဘုရားကြီးဆိုတာ ကုန်းဘောင်ခေတ် မင်းတုန်းမင်းကြီးလက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ ဆရာတော်ဘုရားပါ။
တစ်နေ့တော့ ခင်မကန်ဆရာတော်ဘုရားကြီးဆီကို ဒကာတစ်ယောက် ရောက်လာပါတယ်။ ဒကာရောက်လာတဲ့အချိန်မှာ ဆရာတော်ဘုရားအနားမှာ တခြားဒကာ ဒကာမ တချို့လည်း ရောက်ရှိနေပါတယ်။

ရောက်လာတဲ့ဒကာက ဆရာတော်ဘုရားကြီးကို ဦးချ၊ ပါလာတဲ့ လှူဖွယ်ဝတ္ထုကို ဆက်ကပ်လှူဒါန်းပါတယ်။ လှူဒါန်းပြီးတော့ “ဆရာတော်ဘုရား… တပည့်တော်ကို တရားတိုတိုတုတ်တုတ် တစ်ပုဒ်လောက် ဟောပါဘုရား” လို့ လျှောက်လိုက်ပါတယ်။

ဒကာက တရားတော့ နာချင်ပါရဲ့။ ဒါပေမယ့် ရှည်ရှည်တော့ နာချင်ပုံမပေါ်ပါဘူး။ ဆရာတော်ဘုရားကြီးကလည်း ဒကာရဲ့ဆန္ဒကို မဆန့်ကျင်ပါဘူး။

ဒီတော့ ဆရာတော်ဘုရားကြီးက “တစ်ယောက်တည်း တည့်အောင်နေ” လို့ ဟောလိုက်ပါတယ်။

ဆရာတော်ကဟောပြီး ခပ်ဆိတ်ဆိတ်ပဲငြိမ်နေ လိုက်ပါတယ်။ ဆရာတော်ဘုရားကြီးဆီက အသံဆက်ထွက်မလာတော့ ဒကာက “ဆရာတော်ဟောတဲ့ တရားကလည်း တိုလွန်းအားကြီးပါတယ်ဘုရား။ တစ်ယောက်တည်းနေတဲ့သူဟာ ဘယ်သူနဲ့မတည့်ဘဲနေမှာလဲဘုရား။ ရန်ဖြစ်စရာလူမှ မရှိဘဲဘုရား” လို့ ပြန်လျှောက်ပါတယ်။

ဒီအခါကျမှ ဆရာတော်ဘုရားကြီးက “တစ်ယောက်တည်း နေနေပေမယ့် ကိုယ့်သန္တာန်မှာ လောဘ၊ ဒေါသ၊ ရာဂ၊ က္ကုဿာမစ္ဆရိယစတဲ့ အကုသိုလ်တရားတွေ ကိန်းနေရင် ဖြစ်နေရင် တစ်ယောက်တည်း ရန်ဖြစ်နေတာပဲ ဒကာရဲ့။ ကောင်းတဲ့ကုသိုလ်တရားတွေကို ပယ်ထားပြီး အကုသိုလ်တရားတွေနဲ့နေနေရင် တစ်ယောက်တည်းနေပေမယ့် သေရင် အပါယ်မုချရောက်လိမ့်မယ်။ ဒါကြောင့် အတိုကောက်အနေနဲ့ တစ်ယောက်တည်း တည့်အောင်နေလို့ ပြောတာ” လို့ ဆရာတော်ဘုရားက အကျယ်ထပ်ရှင်ပြမှ ဒကာလည်း သဘောပေါက်သွားပါတယ်။ ကျန်တဲ့ဆရာတော်ဘုရားအနား ရောက်နေတဲ့ ဒကာဒကာမတွေလည်း မမျှော်လင့်ဘဲ အသိသစ်တရားတစ်ပုဒ်ကို နာလိုက်ရတဲ့အတွက် အထူးဝမ်းသာသွားကြပါတယ်။

စာအုပ်ထဲမှာတော့ ဆရာတော်ဘုရားကြီးက အကုသိုလ်တွေကို အကျယ်ဟောပြပြီး ရှင်းပြထားပါတယ်။ ဒီမှာတော့ အကျဉ်းချုပ်ပဲ ရေးပြလိုက်ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ စကားလေးကို အခြေခံပြီး ထပ်တွေးကြည့်ရင် တစ်ယောက်တည်း နေနေပေမယ့် ကိုယ့်သန္တာန်မှာ မကောင်းတဲ့ အကုသိုလ်စိတ်တွေ ဖြစ်နေရင် တစ်ယောက်တည်း မတည့်အောင်နေတာပါပဲ။ ကောင်းတဲ့ကုသိုလ်စိတ်တွေနဲ့ နေနေရင် တစ်ယောက်တည်းတည့်အောင် နေနေတာပါပဲ။

အဓိကကတော့ ကိုယ့်သန္တာန်မှာ မကောင်းတဲ့ အကုသိုလ်စိတ်တွေ ဖြစ်နေရင် တစ်ယောက်တည်း ရန်ဖြစ်နေတာပါပဲ။

ထားပါတော့ အခန်းထဲမှာ တစ်ယောက်တည်းပဲ နေနေတယ်ဆိုပါတော့။ လူဟာတစ်ယောက်တည်းနေရင် ပျင်းတတ်ပါတယ်။ ဒါကြောင့် စိတ်ထဲကနေ အဖေါ်တွေကို ခေါ်လိုက်ပါတယ်။

စိတ်နဲ့ခေါ်လိုက်တာဆိုတော့ လေယာဉ်တွေ ကားတွေ မလိုပါဘူး။ ချက်ချင်းရောက်လာကြပါတယ်။ ခေါ်ပုံနဲ့ ရန်ဖြစ်ပုံက ဒီလိုပါ။

“ဟိုတစ်နေ့က မိဖြူဆွဲလာတဲ့ ဆွဲကြိုးလေးက သိပ်လှတာပဲ။ ဟင်း… လူက ပိန်ညှောင်ညှောင် ပိုးဟတ်ဖြူနဲ့ တစ်စက်မှ မလိုက်ဘူး။ အေးပေါ့ သူ့ယောကျာ်းက ဟိုမှာ ဟိုလိုတွေလုပ်နေတာဆိုတော့ ၀ယ်နိုင်မှာပေါ့။ ငါနဲ့ဆို သိပ်လိုက်မှာပဲ၊ လကုန်ရင်တော့ ၀ယ်ဖြစ်အောင် ၀ယ်ဦးမှပဲ။ ဟိုတစ်လောက အလုပ်သာ အဆင်ပြေလိုက်ရင် ဒီနေ့တောင် သွားဝယ်လို့ရတယ်။ တောက်… ဟိုကောင်မညှက်စိ ဖြတ်ခုတ်သွားလို့ပေါ့”

လောဘနဲ့ ဒေါသကို ခေါ်လိုက်ပြီး အပြင်က အမျိုးသမီးနှစ်ယောက်နဲ့ ရန်ဖြစ်နေပါပြီ။

“ဘာလိုလိုနဲ့ ဟိုကောင်မတောင် ရာထူးတက်သွားပြီ၊ အလုပ်ဝင်တုန်းက ငါနဲ့အတူတူ။ အေးပေါ့လေ သူ့အဖေက ဘော့စ်နဲ့ သူငယ်ချင်းဆိုတော့ တက်မှာပေါ့။ ပညာအရည်အချင်းက ငါ့လောက်တောင်မရှိဘဲနဲ့…ဟင်း”

က္ကုဿာမစ္ဆရိယကို ခေါ်လိုက်ပြီး ရုံးက လုပ်ဖော်ကိုင်ဖက် အမျိုးသမီးနဲ့ ရန်ဖြစ်နေပြန်ပါပြီ။ “တစ်နေ့က ဟိုအန်တီကြီးဆီ ဖုန်းဆက်ပြီး ကားလိုလို့ အကူအညီတောင်းမိပါတယ်။ မအားဘူးတဲ့။ ဒါ ညာပြောတာ၊ ဒီကိစ္စ ဖေ့ဖေ့ကို တိုင်ရဦးမယ်။ ဒီတစ်သက် အဲဒီမိန်းမကြီးဆီ ဘယ်တော့မှ ဖုန်းမဆက်ဘူး။ သူ့မှာ မာနရှိသလို ငါ့မှာလည်း မာနရှိတာပဲ”

ဒေါသနဲ့ မာနကို ခေါ်လိုက်ပြီး အပြင်က အန်တီကြီးနဲ့ ရန်ဖြစ်နေပြန်ပါပြီ။

“အင်း… ပြီးခဲ့တဲ့ အပတ်ကလည်း ရုံးမှာ တစ်ခါလေး မှားမိပါတယ်။ ငါ့ကို စိတ်ကောင်း နှလုံးကောင်းထားလုပ် တဲ့။ သူက ပိုင်ရှင်သူဋ္ဌေးဆိုပြီး စကားကို ပြောလို့ရတိုင်း ပြောထည့်လိုက်တာ၊ ငါ့မှာ နှစ်ရက်သုံးရက်လောက် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေတာ”

အလုပ်ပိုင်ရှင်လူကြီးက ကိုယ့်ကိုငေါက်ခဲ့တာကို ပြန်တွေးပြီး ဒေါသနဲ့သောကကို ခေါ်လိုက်ပြီး လူကြီးနဲ့ ရန်ဖြစ်နေပြန်ပါပြီ။

ဒါတွေကတော့ အခန်းထဲမှာ တစ်ယောက်တည်းနေပြီး ဟိုလူ့မကျေနပ်၊ ဒီလူ့မကျေနပ်နဲ့ အကုသိုလ်မျိုးစုံကို ကိုယ့်ဆီခေါ်ပြီး လူမျိုးစုံနဲ့ ရန်ဖြစ်နေတာပါ။ ကိုယ်ကသာ ကိုယ်မကျေနပ်တဲ့သူတွေနဲ့ စိတ်ထဲက ရန်ဖြစ်နေတာ အပြင်ကလူတွေကတော့ သိတောင်မသိပါဘူး။ သူတို့ကတော့ ကိုရီးယားဇာတ်ကားလေးကြည့်ပြီး ငြိမ့်ချင်ငြိမ့်နေမှာပါ။ အဲဒီအချိန်မှာ ဘယ်လောက်စိတ်ဆင်းရဲပြီး ဘယ်လောက်ပူလောင်နေရတယ်ဆိုတာ မြင်ဖူးသူတိုင်းသိပါတယ်။

တကယ်သေချာစဉ်းစားကြည့်ရင် ဒီလိုစိတ်ဆင်းရဲအောင် ကိုယ့်စိတ်ကပဲ တမင်ဖန်တီးယူနေတာပါ။ သူတစ်ပါးက ဖန်တီးနေတာ မဟုတ်ပါဘူး။ ဒါကို ကိုယ်က “ငါ စိတ်ဆင်းရဲအောင် ငါ့စိတ်က ဖန်တီးနေတာပါလား” ဆိုတာ ပထမဆုံး သိလိုက်ဖို့ သိပ်အရေးကြီးပါတယ်။ သိမှလည်း ဖယ်ရှားလို့ရပါတယ်။ ဒီအသိလေးကို ကောင်းကောင်းလက်ခံလိုက်နိုင်တာနဲ့ ဖယ်ရှားရတာ လွယ်သွားပါပြီ။

ဇလေန ဘ၀တိ ပင်္ကံ၊ ဇလေနေ၀ ၀ိသုဇ္ဈတိ။

စိတ္တေန ဘ၀တိပါပံ၊ စိတ္တေနေ၀ ၀ိသုဇ္ဈတိ။

ရွှံ့ညွန်ဟာ ရေကြောင့် ဖြစ်ရတာပါတဲ့။ ရေကြောင့်ဖြစ်တဲ့ ရွှံ့ညွှန်ကို ရေနဲ့ပဲ ပြန်ဆေးကြောစင်ကြယ်ရသလို စိတ်ကြောင့်ဖြစ်ရတဲ့ အကုသိုလ်စိတ်ကိုလည်း စိတ်နဲ့ပဲ ပြန်ဆေးကြော စင်ကြယ်ပစ်လိုက်ပါတဲ့။

စိတ်က ဖန်တီးထားတဲ့ စိတ်ဆင်းရဲမှုကို စိတ်နဲ့ပဲ ပြန်ဖယ်ရှားရပါတယ်။

ကဲ ထားပါတော့၊ ဖယ်ရှားချင်တဲ့စိတ် ရှိတယ်ပဲ ဆိုပါစို့။ ဥပမာ… အပြင်က ပုဂ္ဂိုလ်တစ်ယောက်ယောက်က စကားကို မဆင်မခြင်နဲ့ ကိုယ့်ကို ပြောထည့်လိုက်တယ်ပဲ ဆိုပါစို့။ ဖြစ်ခဲ့တာကို ကိုယ်က အသေးစိတ်ပြန်တွေးပြီး ဒေါသတွေ သောကတွေ ၀င်လာပြီပဲ ဆိုပါစို့။ စိတ်ထဲမှာလည်း တနုံ့နုံ့နဲ့ “ငါ့ကို ပြောရက်လေခြင်း” ဆိုပြီး စိတ်ဆင်းရဲမှု စိတ်မချမ်းသာမှုတွေ ဖြစ်လာပြီဆိုပါစို့။

အခန်းထဲမှာ တစ်ယောက်တည်းနော်။ ဒီဖြစ်စဉ်ကိုကြည့်ပြီး အကြောင်းနဲ့ အကျိုး ခွဲကြည့်ရအောင်ပါ။

ကိုယ့်သန္တာန်မှာ ဒေါသ သောက စတဲ့ အကုသိုလ်တရားတွေကြောင့် စိတ်မချမ်းသာဘူး။ စိတ်ဆင်းရဲနေရတယ် ဆိုတဲ့နေရာမှာ အကြောင်းနဲ့အကျိုးခွဲရင် ဒေါသ သောက စတဲ့ အကုသိုလ်တွေကအကြောင်း။ စိတ်ဆင်းရဲမှု ဖြစ်နေရတာက အကျိုးပါ။

အကြောင်းနဲ့အကျိုး ကွဲသွားပါပြီ။

စာထဲမှာ အကြောင်းနဲ့အကျိုးနဲ့ ယှဉ်လာရင် အကျိုးနောက်ကို မလိုက်ဘဲ အကြောင်းရင်းကိုရှာပြီး အကြောင်းရင်းကို ပယ်ပစ်လိုက်ပါတဲ့။ ဒီတော့ အကြောင်းရင်းကို ရှာကြည့်တော့ ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ ဒေါသ သောက စတဲ့ အကုသိုလ်တရားတွေပါ။

ဒါကြောင့် ဒီအကြောင်းရင်းတွေကို ပယ်လိုက်ရင် အကျိုးဆက်က သူ့အလိုလိုပြုတ်သွားပါလိမ့်မယ်။ အကြောင်းအကျိုးပယ်ပုံနဲ့ ပတ်သက်ပြီး စာထဲမှာ ဘယ်လို ဥပမာပြထားသလဲဆိုတော့ ခြင်္သေ့လိုကျင့်ပါ၊ ခွေးလို မကျင့်ပါနဲ့တဲ့။

ခြင်္သေ့ဟာ လူတွေက လေးတွေမြားတွေနဲ့ ပစ်ခတ်လာရင် အကျိုးဖြစ်တဲ့ လေးတွေမြားတွေကို အာရုံမပြုဘဲ အကြောင်းဖြစ်တဲ့ လေးမြားနဲ့ပစ်တဲ့ လူကိုပဲ ကိုက်သတ်ပစ်တတ်ပါတယ်တဲ့။ အကြောင်းရင်းဖြစ်တဲ့လူကို ကိုက်သတ်လိုက်နိုင်ရင် အန္တရာယ်ကင်းသွားတာပဲတဲ့။

ခွေးကျတော့ လူက တုတ်တို့ ခဲတို့နဲ့ ပစ်လိုက်ရင် အကြောင်းရင်းဖြစ်တဲ့လူကို အာရုံမပြုဘဲ အကျိုးဆက်ဖြစ်တဲ့ မိမိကို လတ်တလောနာကျင်စေတ်တဲ့ တုတ်တွေခဲတွေကိုပဲ လိုက်ကိုက်တတ်ပါတယ်တဲ့။ ဒီတော့ လူက နောက်ထပ် တုတ်တွေခဲတွေနဲ့ ပစ်ခတ်နေဦးမှာဖြစ်သလို အန္တရာယ်ကလည်း မလွတ်နိုင်ပါဘူးတဲ့။

ဒီဥပမာအတိုင်းပါပဲ။ စိတ်မချမ်းသာဘူး စိတ်ဆင်းရဲနေတယ်ဆိုရင် အကျိုးဆက်ကို အာရုံမပြုဘဲ အကြောင်းအရင်းကိုရှာပြီး ပယ်နှုတ်ပစ်ရပါတယ်။ ဒီနေရာမှာ ပြင်ပပုဂ္ဂိုလ်ရဲ့ ပြုမှုပြောဆိုမှုကြောင့် စိတ်မချမ်းသာမှု၊ စိတ်ဆင်းရဲမှု ဖြစ်နေရတယ်ဆိုတာ သာမန်အားဖြင့်ကြည့်ရင် ပြင်ပပုဂ္ဂိုလ်ကြောင့်လို့ ထင်စရာရှိပေမယ့် တကယ်လို့သာ ကိုယ့်သန္တာန်မှာ လောဘ ဒေါသ က္ကုဿာမစ္ဆရိယ စတဲ့ အကုသိုလ်တရားတွေ ရှိမနေခဲ့ရင် ဖြစ်မှာ မဟုတ်ပါဘူး။ အကုသိုလ် ကိလေသာ ကိုယ့်သန္တာန်မှာ လာရောက်နေလို့သာ စိတ်ဆင်းရဲမှု ဖြစ်နေရတာပါ။ ဒီတော့ အကြောင်းရင်းဖြစ်တဲ့ ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ အကုသိုလ်ကိုပဲ ပယ်ပစ်ရမှာပါ။ တကယ်လို့သာ ကိုယ်က ပြင်ပပုဂ္ဂိုလ်ကိုပဲ အာရုံပြုနေမယ်ဆိုရင် ခွေးက ခဲကိုလိုက်ကိုက်နေတာနဲ့တူပြီး ပြင်ပပုဂ္ဂိုလ်ကို အာရုံပြုလိုက် စိတ်ဆင်းရဲမှုဖြစ်လိုက်၊ ပြင်ပပုဂ္ဂိုလ်ကို အာရုံပြုလိုက် စိတ်ဆင်းရဲမှုဖြစ်လိုက်နဲ့ စိတ်ဆင်းရဲမှုက ဘယ်တော့မှ ဆုံးတော့မှာ မဟုတ်တော့ပါဘူး။ ဆင့်ကဲဆင့်ကဲ ဖြစ်နေတော့မှာပါ။

ပြင်ပပုဂ္ဂိုလ်ကို အာရုံပြုပြီးဖြစ်တဲ့ တချို့အမုန်းတွေဟာ နောက်ဘ၀အထိ ပါသွားတတ်ပြီး ကလဲ့စားချေတဲ့အထိတောင် ဖြစ်သွားတတ်ပါတယ်။

ကိုယ်က သူ့ကို ကလဲ့စားချေလိုက်၊ သူက ကိုယ့်ကို ကလဲ့စားချေလိုက်နဲ့ အမုန်းသံသရာ ရှည်နေပါလိမ့်မယ်။

တရားရှာ ကိုယ်မှာတွေ့… ဆိုတဲ့အတိုင်း ကိုယ့်ကိုယ်ကိုမှာပဲ ပြန်ရှာတာ အမှန်ကန်ဆုံးပါ။ အပြင်ထွက်ရှာနေရင် တရားမှန်ကို မတွေ့နိုင်ပါဘူး။ နောက်တစ်ခုတွဲပြီး သတိထားရမှာက တစ်ဖက်သားရဲ့ မဆင်မခြင်ပြောဆိုမှကြောင့် ကိုယ့်မှာ စိတ်ဆင်းရဲမှု ဘယ်လောက်ခံစားနေရတယ်ဆိုတာကို နှလုံးသွင်းဆင်ခြင်ပြီး တကယ်လို့ ကိုယ်က တစ်စုံတစ်ယောက်ကို ပြောဖို့ အခွင့်ကြုံလာရင် “သူတစ်ပါး ငါ့ကိုပြောလိုက်တုန်းက ငါ့မှာ မစားနိုင်မအိပ်နိုင်နဲ့ စိတ်ဆင်းရဲမှုတွေ ဖြစ်နေခဲ့ဖူးတယ်။ ငါပြောလိုက်ရင် သူစိတ်မချမ်းမသာ ဖြစ်သွားလိမ့်မယ် မပြောတော့ပါဘူးလေ” ဆိုပြီး ကိုယ့်စကားကို ဘရိတ်အုပ်ပစ်ရပါမယ်။

ကိုယ်ကတော့ စကားကို မဆင်မခြင်ပြောပြိး မေ့ပစ်လိုက်တာပါ။ အပြောခံရတဲ့သူကတော့ သုံးလေးရက်လောက် လူးလိမ့်နေအောင် ခံစားရတာပါ။ ပြောတဲ့ ပုဂ္ဂိုလ်က အကြီးအကဲဖြစ်ပြီး အရေးပါအရာရောက်ရင် ရောက်သလောက် ခံစားရတာပါ။ သာမန်ပုဂ္ဂိုလ်ကပြောရင်တော့ ဒီလောက်ကြီး မခံစားရပါဘူး။ ကိုယ်က အရေးပါအရာရောက်တဲ့ လူကြီးတစ်ယောက် ဖြစ်တယ်ဆိုရင် ပိုဆင်ခြင်ရပါ့မယ်။

ဒါက အပိုအဆစ်အနေနဲ့ ပြောတာပါ။ ရှေ့ကိုပဲ ဆက်ရအောင်ပါ။ အကြောင်းရင်းဖြစ်တဲ့ ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ အကုသိုလ် ကိလေသာတွေကို ပယ်ထုတ်ပစ်လိုက်ရုံပါပဲ။

ဒီတော့ ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ စိတ်ကလေးကို တည့်တည့်ကြည့်လိုက်ပါ။ ပကတိမျက်စိနဲ့ ကြည့်ခိုင်းတာ မဟုတ်ပါဘူး။ စိတ်ကိုစိတ်နဲ့ ပြန်ကြည့်ခိုင်းတာပါ။ ကြည့်ရင်တွေ့တာပါပဲ။ တွေ့ရင် အမည်လေးတပ်ခေါ်လိုက်ပါ။ “ဒေါသ၊ သောက” လို့၊ အကုသိုလ်ဆိုတဲ့ အကောင်တွေက သူတို့ကို လူသိမှာ သိပ်ကြောက်ပါတယ်။ လူသိသွားပြီဆိုရင်ပဲ သူတို့မှာ အနေရ၊ အထိုင်ရ ခက်နေပါပြီ။ ဒီတော့ ကိုယ်က ဥာဏ်နဲ့ မြင်နေရတဲ့ အကုသိုလ်စိတ်ကို နာမည်လေးတပ်ပြီး “ဒေါသ သောက၊ ဒေါသ သောက” လို့ ဥာဏ်ထဲမှာ မြင်လာတဲ့အထိ အာရုံပြုပြီး ဆယ်ကြိမ်ဆယ့်ငါးကြိမ်လောက် ခေါ်ပစ်လိုက်ပါ။ သူခိုးဆိုတာ အိမ်ရှင်နိုးပြီ သိပြီဆိုရင် ပြေးတော့သလို အကုသိုလ်ဟာလည်း လူသိသွားပြီဆိုရင် ပြေးဖို့ အသင့်ဖြစ်နေပါပြီ။ ကိုယ်က နာမည်လေးတပ်ပြီး အကြိမ်ကြိမ်ခေါ်လိုက်တော့ ပြေးတော့တာပါပဲ။

အဲဒီလိုပြောတော့ စကားက နည်းနည်းပေါ့နေသလိုပါပဲ၊ စာသံပေသံလေးနဲက ပြောကြည့်ရအောင်ပါ။ ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့စိတ်ကို သတိကပ်ပြီး စိတ်နဲ့ပြန်သိလိုက်တာ မှတ်လိုက်တာဟာ စိတ္တာနုပဿနာ ဖြစ်သွားတာပါ။

ဒီတော့ ဖြစ်နေတဲ့ စိတ်ကလေးကို သတိကပ်ကြည့်လိုက်ပါ။ ဘာစိတ်ကလေးလဲ၊ ကြည့်လို့ သိပြီဆိုရင် “ဒေါသ သောက ဖြစ်တယ်၊ ဒေါသ သောက ဖြစ်တယ်” ဆိုပြီး ဆယ်ချက် ဆယ့်ငါးချက်လောက် မှတ်ပစ်လိုက်ပါ။ မှတ်တဲ့နေရာမှာ ဒေါသ သောကရဲ့ သဘောအထိ မိအောင် မှတ်ရပါ့မယ်။ ဒါမှမဟုတ် ဒေါသ သောကလို့ မမှတ်ချင်လည်း စိတ်ဆင်းရဲနေမှုလေးကို သေချာသတိကပ်ကြည့်ပြီး “စိတ်ဆင်းရဲတယ်၊ စိတ်ဆင်းရဲတယ်” ဆိုပြီး ဆင့်ကာဆင့်ကာ မှတ်ပစ်လိုက်ပါ။ မှတ်တဲ့နေရာမှာ စိတ်ဆင်းရဲတဲ့ သဘောလေးကို သိနိုင်သမျှ သိအောင် သတိကပ်မှတ်ပါ။ အဲဒီမှာ အာရုံက သိပ်ပြီး အားကြီးနေရင် မှတ်သိစိတ်က နိုင်အောင် မမှတ်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ အဲဒီအခါမျိုးမှာ စိတ်ဓာတ်ကျသွားတတ်ပါတယ်။

အာရုံဆိုးရင် ဆိုးသလောက် မှတ်ရခက်ပါတယ်။ စိတ်ဓာတ်မကျပါနဲ့။ အာရုံနဲ့ မှတ်သိစိတ် သူနိုင်ကိုယ်နိုင် နပမ်းလုံးနေတယ်လို့ သဘောထားပါ။ ပြိုင်ပြီးနပမ်းလုံးပြီ ဆိုကတည်းက ကိုယ်က အလွယ်နဲကတော့ ဘယ်နိုင်နိုင်မှာလဲ။

ပထမပိုင်းမှာ အာရုံက ဘယ်ဝိုက် ညာဝိုက် လက်သီးတွေနဲ့ ကျွေးနေတော့ ကိုယ်က လူးလှိမ့်နေရပါလိမ့်မယ်။ မောရင် ဒိုင်လူကြီးကို အနားတောင်းပြီး ရေလေးဘာလေး သောက်လိုက်ပါဦး။

မှတ်လိုက် အာရုံဆိုးက ပြန်ပြန်ပေါ်လိုက်၊ မှတ်လိုက် အာရုံဆိုးက ပြန်ပြန်ပေါ်လိုက်နဲ့ ပထမနှစ်ရက် သုံးရက်အတွင်းမှာ အာရုံဆိုးက မှတ်သိစိတ်ကို နိုင်နေတဲ့သဘောပါ။ လေးငါးရက်လောက် ရောက်လာတဲ့ အခါမှာတော့ အာရုံနဲ့ မှတ်သိစိတ် သူနိုင်ကိုယ်နိုင်နဲ့ သရေဖြစ်လာပါလိမ့်မယ်။ ခြောက်ရက် ခုနစ်ရက်လောက် အရောက်မှာတော့ မှတ်သိစိတ်က နိုင်သွားပါလိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ နှစ်ချက် သုံးချက်လောက် မှတ်လိုက်တာနဲ့ အာရုံဆိုးက ပျောက်ပျောက်သွားပါလိမ့်မယ်။ နောက်ဆုံးတော့ မှတ်သိစိတ်ရဲ့ လက်သီးပြင်းပြင်းကြောင့် အာရုံဆိုး နောက်ကောက်ကျသွားတဲ့ သဘောပါ။ အာရုံကို မှတ်သိစိတ်က နိုင်သွားပြီဆိုရင် စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပြီး ပျော်သွားတတ်ပါတယ်။ အဲဒီအရသာဟာ ဘာနဲ့မှလဲလို့ မရပါဘူး။

စာရေးသူကတော့ ရူးတယ်ပဲပြောရမလား မသိပါဘူး။ တစ်ခါတလေ စိတ်ညစ်စရာကြုံလို့မှတ်ပြီး ဖျောက်ရတဲ့အခါ မှတ်သိစိတ်က အာရုံကို နိုင်သွားပြီဆိုရင်၊ စိတ်ညစ်စရာ အာရုံဆိုးကို ပြန်ခေါ်ကြည့်ပါတယ်။ ပြန်ခေါ်တဲ့နေရာမှာလည်း စိတ်ညစ်စရာဖြစ်ခဲ့သမျှ ဖြစ်စဉ်အားလုံးကို ပြန်တွေးပြီးကို ပြန်ခေါ်တာပါ။ သူငါ့ကို ဘယ်တုန်းက ဘယ်လိုပြောလိုက်တာ စသည်ဖြင့်ပေါ့။

ပြန်ဝင်လာရင် ပြန်မှတ်ကြည့်ချင်လို့ပါ။ စိတ်ထဲမှာလည်း တင်းပုတ်ကိုင်ထားပြီး အပေါက်ဝက ၀င်လာရင် ထုပစ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပါ။ ခေါ်လိုက်တော့လည်း ပြန်ပေါ်လာပါတယ်။ ပေါ်လာပေမယ့် နှစ်ချက် သုံးချက်လောက် မှတ်လိုက်တာနဲ့ ပျောက်သွားတာ များပါတယ်။

အထက်ကပြောခဲ့တာတွေကတော့ တစ်ယောက်တည်းနေတဲ့အခါ မကောင်းတဲ့ အကုသိုလ်စိတ်တွေ ၀င်လာပြီး စိတ်မချမ်းသာမှု စိတ်ဆင်းရဲမှုတွေ ခံစားနေရတဲ့အခါ ပယ်ထုတ်နည်းကို ပြောတာပါ။

ဆရာဝန်တွေ ပြောပြောနေကြတဲ့ စကားရှိပါတယ်။ ရောဂါဖြစ်မှ ကုတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်တာက အကောင်းဆုံးကုသနည်းပါတဲ့။ ဟုတ်လည်း ဟုတ်ပါတယ်။ ရောဂါဖြစ်မှ ကုတာထက် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးပါ။

ဒီသဘောကိုပဲ နည်းယူပြီး ကိုယ်ကလည်း အကုသိုလ်ကို ကြိုကာကွယ်ထားလိုက်ရုံပါပဲ။

တစ်ယောက်တည်းနေတဲ့အခါ အကုသိုလ်စိတ်တွေ ၀င်လာပြီး စိတ်ဆင်းရဲမှု၊ စိတ်မချမ်းသာမှုတွေ ဖြစ်တတ်တဲ့သဘောလေးကို အာရုံပြုပြီး တစ်ယောက်တည်း နေဖြစ်လိုက်တာနဲ့ ကမ္မဋ္ဌာန်းတစ်ခုခုကို ကြိုနှလုံးသွင်းထားလိုက်ဖို့ပါ။ ဂုဏ်တော်ပဲဖြစ်ဖြစ်၊ မေတ္တာပဲဖြစ်ဖြစ်၊ ၀ိပဿနာပဲဖြစ်ဖြစ်ပေါ့။

စိတ်ဆိုတာ အဘိဓမ္မာသဘောအရ အာရုံနှစ်ခုကို ယူလို့မရတာဆိုတော့ ကမ္မဋ္ဌာန်းတစ်ခုခုကို ကြိုနှလုံးသွင်းထားလိုက်ရင် အကုသိုလ်က ၀င်လို့ မရတော့ပါဘူး။

“တစ်ယောက်တည်းနေလိုက်တာနဲ့ ကမ္မဋ္ဌာန်းတစ်ခုခုကို ကြိုနှလုံးသွင်းထားလိုက်၊ တစ်ယောက်တည်းနေလိုက်တာနဲ့ ကမ္မဋ္ဌာန်းတစ်ခုခုကို ကြိုနှလုံးသွင်းထားလိုက်” အဲဒီလိုသာ အကျင့်လေးလုပ်သွားစမ်းပါ။ နောင်တစ်ယောက်တည်း နေဖြစ်တဲ့အခါတွေမှာ အထူးကြောင့်ကြစိုက်စရာမလိုဘဲ ကိုယ့်စိတ်က ကမ္မဋ္ဌာန်းတစ်ခုခုကို အလိုလိုနှလုံးသွင်းပြီးသား ဖြစ်ဖြစ်နေပါလိမ့်မယ်။

တစ်ယောက်တည်းနေတဲ့အခါ ကမ္မဋ္ဌာန်းတစ်ခုခုကို နှလုံးသွင်းပြီး နေလို့ရတဲ့အရသာဟာ အရသာတွေထဲက အရသာတစ်ခုပါ။ အဲဒီအရသာကို အမြဲတမ်းသတိရနေအောင် နှလုံးသားနဲ့ ကျက်ပစ်လိုက်ပါ။ ပြန်အာရုံပြုလိုက်တိုင်း ပြန်ပြန်သတိရနေရပါ့မယ်။

ဥပမာ- စားသောက်ဆိုင်တစ်ခုခုမှာ နေ့လယ်စာပဲဖြစ်ဖြစ်၊ ညစာပဲဖြစ်ဖြစ် ၀င်စားလိုက်တဲ့အခါ ကိုယ်မှာစားလိုက်တဲ့ စားစရာဟာ သိပ်ပြီး ခံတွင်းတွေ့သွားမယ်။ ပြန်တွေးလိုက်တိုင်း ပြန်ပြန်သတိရနေမယ်။ နောက်တစ်ခါ အဲဒီဆိုင်ကိုရောက်တဲ့အခါ ခံတွင်းတွေ့ခဲ့တဲ့စားစရာကို ပြန်မှာစားဖြစ်သလိုပါပဲ။ တစ်ယောက်တည်းနေလိုက်တာနဲ့ “ငါ တစ်ယောက်တည်းနေပြီး ဒီကမ္မဋ္ဌာန်းလေးကို နှလုံးသွင်းပြီး နေလိုက်တုန်းက ဒီလိုအရသာလေး ခံစားခဲ့ရဖူးတယ်။ အခုလည်း အဲဒီအရသာလေး ခံစားရအောင် အဲဒီကမ္မဋ္ဌာန်းလေးကို ပြန်နှလုံးသွင်းလိုက်ဦးမှပဲ” လို့ တွေးပြီးသား ဖြစ်နေရမှာပါ။ တွေးပြီး ပွားပြီးသားလည်း ဖြစ်နေရမှာပါ။

ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် အကျင့်လေးလုပ်ထားရင် စွဲနေတတ်ပါတယ်။ ကောင်းတာလေးတစ်ခု အကျင့်တစ်ခုလို စွဲသွားပြီဆိုရင် တစ်ဖက်က အကုသိုလ်ကို ကာကွယ်ပြီးသား ဖြစ်နေသလို တစ်ဖက်ကလည်း ကုသိုလ်တွေ ဖြစ်နေတော့ ဘ၀တစ်လျှောက်လုံးအတွက် အဆင်ပြေသွားတတ်ပါတယ်။

တစ်ခါတလေများ နေရထိုင်ရတာ သိပ်ပြီး စိတ်ချမ်းသာနေတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ကိုယ့်စိတ်ကလေးကို ပြန်ပြီး အာရုံပြုကြည့်ပါ။ လောဘ ဒေါသ ရာဂ က္ကုဿာမစ္ဆရိယ စတဲ့ အကုသိုလ်တရားတွေ ကင်းနေတာ တွေ့ရပါလိမ့်မယ်။

ကိုယ်က ဒီသဘောလေးကို သေချာအာရုံပြုပြီး “သြော်… အကုသိုလ်တရားတွေ ရင်ထဲမှာ ရှိမနေရင် တော်တော်စိတ်ချမ်းသာပါလား” ဆိုတဲ့ အသိအတွေးလေးတွေကို နှလုံးသားထဲကို တစ်ခါတည်း ထည့်ပေးလိုက်ရပါတယ်။

ဥာဏ်နဲ့ယှဉ်ဖြစ်လာတဲ့ အသိအတွေးကို နှလုံးသားနဲ့ ကျက်လိုက်တာပါ။ အာရုံမျိုးစုံက ကိုယ့်ကို နေ့စဉ် စာမေးပွဲစစ်နေတာဆိုတော့ ကိုယ်ကျက်ထားတဲ့ အသိအတွေးလေးတွေနဲ့ ပြန်ဖြေယူရပါတယ်။

ကိုယ့်နှလုံးသားထဲမှာ အသိအတွေးတွေ ကျက်ကျက်မထားရင် စာမေးပွဲကျတတ်ပါတယ်။

ဥပမာ လူတစ်ယောက်က ကိုယ့်ကို နစ်နစ်နာနာ ပြောလိုက်မယ်။ ကိုယ်က ဒေါသထောင်းကနဲထွက်ပြီး သူ့ကိုစကားနဲ့ ပက်ကနဲ ပြန်ပြောလိုက်မိမယ်ဆိုရင် စာမေးပွဲကျသွားတာပါ။ “ငါ စာမေးပွဲကျသွားပြီ” လို့ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ထဲက ပြန်ပြောလိုက်ပါ။ စာမေးပွဲဆိုတာ ကျရင် ပြန်ဖြေလို့ရတာဆိုတော့ သတိနဲ့ ပြန်ဖြေရပါတယ်။

လောကီလူမှုနယ်ပယ်ထဲမှာ အာရုံမျိုးစုံရှိနေတာဆိုတော့ အကုသိုလ်ဖြစ်စရာတွေကလည်း အများကြီးပါ။ ဒီတော့ ကိုယ်က ကာကွယ်ရေးကော ကုသရေးကော ဗဟုသုတရှိပြီး လက်တွေ့ကျင့်သုံးနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ဘာပဲပြောပြော တစ်ယောက်တည်းနေဖြစ်တဲ့အခါ ကမ္မဋ္ဌာန်းတစ်ခုခုကို ကြိုနှလုံးသွင်းထားလိုက်ရင် ဘယ်သူနဲ့မှ ရန်မဖြစ်တော့ဘူးလေ။

ကျမ်းကိုး-

၁။ သင်္ဂဇာစကားပုံပေါင်းချုပ်၊
ခင်မကန်ဆရာတော်ဘုရားစကားပုံ။

၂။ သက္ကပဥှသုတ်တရားတော်၊
မဟာစည်ဆရာတော်ဘုရားကြီး

မဇ္ဇျိမတရားတော်များ(၂)
နှင်းဝေနေ၀င်းစာပေ။

ဆရာတော် ရဝေနွယ်(အင်းမ) ၏ “အတွေးများနှင့် မိတ်ဖွဲ့ခြင်း” စာအုပ်မှ “တစ်ယောက်တည်း တည့်အောင်နေ” ဆောင်းပါးလေးကို ကြိုက်လွန်း၍ ဓမ္မမိတ်ဆွေများအတွက် ပြန်လည်ရိုက်ကူးမျှဝေပါတယ်။

ခိုင်ခိုင်

အတွေးများနှင့် မိတ်ဖွဲ့ခြင်း စာအုပ်ကို ဓမ္မဒေါင်းလုပ်ဆိုဒ်မှ ဒေါင်းလုပ်ယူရန်... http://dhammadownload.com/YaWaiNgwe-eBookInMyanmar.htm

No comments:

Post a Comment