Monday, May 14, 2012
အို ဘယ့်တဏှာ
“မိဘစကားနားထောင်ငြားက သံပြားကျောက်စောင်း ကျိုသော်ပြောင်း၏” ဟူသော ရှေးလူကြီးများဆိုစကားကို မှတ်သားရဖူးပါသည်။
          ကျွန်မမှာတော့ မိဘစကားနားထောင်ခဲ့လို့ သံပြားကျောက်စောင်း ပြောင်းမပြောင်းတော့ မသိပါ။ မိစ္ဆာအယူမှား လင်ယောက်ျားနှင့် ပေါင်းသင်းနေရခြင်းထက် သေတွင်းထဲမှာ အရှင်လတ်လတ်သာ မြေမြှုပ်ခံလိုက်ချင်ပါသည်။ အယူဝါဒကွဲပြားသည့် ယောက်ျားတစ်ယောက်ကို ယူထားမိခဲ့သော မိန်းမလောက် အမိုက်မဲဆုံးအမှားကို ကျူးလွန်သူ လောကမှာ ရှိနိုင်ပါဦးတော့မလား။
          သျှောင်နောက်ဆံထုံးပါ ရုန်းမဖယ်သာလို့ လင့်နောက်မှာ တစ်ဖ၀ါးမခွာ လိုက်လာခဲ့သည်မှာ နှစ်လခွဲရှိပါပြီ။ ဒီနေ့အထိ ကြည်လင်ရွှင်ပျစိတ်ချမ်းသာရသည်ဟူ၍ တစ်နေ့တစ်နပ်မှ မှတ်မှတ်ရရ မရှိခဲ့ပါဘူး။ အရှင်နှင့်တူသော လင်ကို ရခဲ့သည့်ကျွန်မမှာ ထားရာနေစေရာသွား ကျွန်နှင့်တူသောမယား…။
          မဇ္ဈိမတိုက်သားတို့၏ ဓလေ့ထုံးစံပဲလေ။
          အိမ်ထောင်ဆိုသည့်အတိုင်း ထောင်နှင့်တကယ်တူသည့် အိမ်ကြီးမှာ နေရပါသည်။ သူဋ္ဌေးချွေးမ၊ သူဋ္ဌေးကတော် အမည်ခံပြီး အလှအပပြင်ဆင်ခြယ်သ လင့်အလိုဆန္ဒရှိသမျှ ပြည့်ဝအောင် စီမံဆောင်ရွက်ပေးဖို့အတွက် အဖြည့်ခံသက်သက် ဖြစ်ခဲ့ရသည့်ဘ၀မို့ ကျွန်မကိုယ်ကျွန်မ အင်မတန်မှ ရွံရှာစက်ဆုပ်လာပါသည်။ သက်ရှိ လူသားတစ်ဦးဖြစ်ပါလျက် သက်မဲ့ရုပ်သေးနှင့်မခြား လင်သား၏ စိတ်နှင့် ကျွန်မကိုယ် လိုသလို ကြိုးဆွဲကနေရသည့် မိန်းမဘ၀ကိုလည်း မုန်းတီးနာကြည်းလာမိပါသည်။
          ဆင်းစီးပြီးမြင်းရံတာ မြင်ချင်ကြရှာသည့် မိဘ၏ မေတ္တာအနန္တကို မစော်ကားဝံ့၊ မစော်ကားရဲပါဘူး။ သို့ပေမယ့် ကံကိုသာ ယိုးမယ်ဖွဲ့ရတော့မည့် ကျွန်မအဖို့မှာတော့ ဆင်လည်းနင်း၊ မြင်လည်း ကန်ဖြစ်ခဲ့ရတာ အမှန်ပါပဲရှင်။
          ဗုဒ္ဓကို နှစ်နှစ်ကာကာ နက်နက်ရှိုင်းရှိုင်း ယုံကြည်ကိုးကွယ်သူ၊ ရတနာသုံးပါးကို ရိုရိုသေသေဆည်းကပ်သူ တစ်ယောက်အနေဖြင့် မိစ္ဆာဒိဋ္ဌိယောက်ျားကို ယူမိမှားတော့ သင်္ကန်းတင်လွှမ်းသည့် ရဟန်းသံဃာတွေဆီ ချဉ်းကပ်လှူဒါန်းရဖို့ဝေးလို့ တစ်ကြိမ်တစ်ခါလေးလောက်မှ ဖူးမြင်ခွင့်မရခဲ့ပါဘူး။ တရားနာခွင့်ဆိုတာကတော့ ခေါင်းထဲထည့်ပြီး မတွေးရဲသည်အထိ။ လူမသိသူမသိ ကျခဲ့ရသည့် မျက်ရည်တွေကို ဒူးနှင့်သုတ်ခဲ့ရတာလည်း အကြိမ်ကြိမ်။
          ရံခါတွင် မကျေနပ်သည့် အတွေးများ ရင်ကြားထဲသို့ ပြေးဝင်လာတတ်ပါသည်။
          သူဋ္ဌေးသား နန္ဒနှင့်ပေးစားပြီး သုမနသူဋ္ဌေး သမီးချွေးမအဖြစ် ဂုဏ်ယူရခြင်းထက် ကျွန်မနဖူးမှာ တံဆိပ်ရိုက် ကျွန်ပြုလိုက်တာကမှ တော်ဦးမည် ထင်ပါသည်။
          စည်းစိမ်ဥစ္စာ ပြည့်စုံခြင်းထက် ဆင်းရဲချို့တဲ့မှုကိုပင် ပြန်လည်ခုံမင်ချင်လာသည်။ ကျွန်မ၏ ဖခင်သာ ရှေးရှေးအခါကလို သုမနသူဋ္ဌေးကြီး၏ သူရင်းငှားကျွန် အလုပ်သမားတစ်ဦး ဖြစ်နေဆဲရှိပါက ကိုနန္ဒနှင့် ကျွန်မဥတ္တရာ နဖူးစာဂဟေဆက် အိမ်ထောင်ဖက် ဖြစ်ခဲ့မည်မဟုတ်ပါ။ ယခုလို တဏှာကျွန်ဘ၀လည်း ရောက်ရမည်မထင်ပါ။
          ကံဆိုးတာလား၊ ကံကောင်းတာလား ဘယ်လိုခွဲခြားရမှန်း မသိ။ ကံတရားကတော့ အနိမ့်ကျဆုံး ဆင်းရဲသားဘ၀ကနေပြီး…။
-------------------------------------------------------------------
          “သမီး ဥတ္တရာ…”
          အပြင်တစ်နေရာရာမှ ပြန်လာတိုင်း အမေခေါ်နေကျပါ။ ဒီတစ်ကြိမ်တော့ အမေ့ကိုလှမ်းကြည့်ပြီး အံ့အားသင့်သွားရပါသည်။ ထမင်းတောင်းရွက်လျက် အဖေရှိရာ လယ်တောသို့ အမေထွက်သွားတာ ကြာပင်မကြာတတ်သေး။ အဖေ့ဆီမရောက်ဘဲ လမ်းခုလတ်က ပြန်လာပုံရသည်။ အမေ တစ်ခုခုများ မေ့ကျန်ခဲ့တာလား။
          ထမင်းတောင်းကို ခေါင်းပေါ်ကချ၊ လက်နှစ်ဖက်ဖြင့် ပွေ့ကိုင်လျက် တဲပေါ်သို့လှမ်းတက်သည်။ အမေ့အမူအရာက အလျင်စလိုနိုင်လှသည်။ တဲပေါ် သုတ်သုတ်တက်လာသော ခြေလှမ်းများကြောင့် ၀ါးခြမ်းခင်းကြမ်းမှာ တကျွီကျွီမြည်ကာ တဲကလေး လှုပ်ခါသွားရပါသည်။
          “ဘာမေ့ကျန်ခဲ့လို့လဲ အမေ”
ကျွန်မမေးတာကို မဖြေ။ အမေ့မျက်နှာ ပြုံးတုံ့တုံ့ဖြင့် မီးဖိုထဲ တန်းဝင်သွားပါသည်။ ကျွန်မ နောက်ကလိုက်သွားပြီး အမေ့လက်ထဲမှ ထမင်းတောင်းကို လှမ်းယူလိုက်တော့ ပေါ့ပေါ့ကလေး ဖြစ်နေသည်။ ထမင်းတွေ  ဘယ်ဆီကျန်ခဲ့ပြီနည်း။ အမေလမ်းမှာများ လဲကျခဲ့လေသလား။
“အဖေ့ဆီရောက်မှတော့ မဟုတ်သေးပါဘူး။ ဘယ်လိုဖြစ်တာလဲ အမေ။ ခလုတ်တိုက်လဲလို့လား”
အမေခေါင်းခါပြီး အုတ်ကျိုးနှစ်ပိုင်းထောင်ထားသော မီးဖိုထဲသို့ ထင်းစတွေထိုး၍ ကမန်းကတန်းမီးမွှေးလိုက်သည်။ မည်းတူးပိန်ချိုင့်နေသော ထမင်းချက်သည့် ဒန်ထမင်းအိုးကို ဆွဲယူပြီးနောက် ဆန်အိုးထဲသို့ လက်နှိုက်သွင်းပြန်သည် ဂလုံဂလွမ်ဟူသော မြည်သံနှင့်အတူ ခွက်ငယ်တစ်ဝက်ခန့် ဆန်ပါလာသည်။ ဤသို့ နှစ်ကြိမ်လုပ်ပြီး ဆန်အိုးငယ်ကို မ.တင်ကာ ထမင်းအိုးပေါ်မှာ မှောက်ချလိုက်သည်။ ဆန်တစ်စေ့မျှ မကျန်အောင် လျှောကျလာသည်။
 “အင်း… တစ်ယောက်စာတော့ လောက်ကောင်းပါရဲ့”
ခပ်ညည်းညည်းပြောပြီး ကျွန်မကို အမေလှည့်ကြည့်သည်။ အမေ့မျက်နှာပေါ်မှာ ကြင်နာမှု၊ သနားမှု၊
အားနာမှုတွေ ရောပြွမ်းယှက်သန်းနေသည်ဟု ထင်မိ၏။ အမေ့မျက်လုံးများမှတစ်ဆင့် ရင်တွင်းသို့ ထွင်းဖောက်ကာ အမေပြောလိုပါလျက် ပြောမထွက်သည့် စကားများကို ကျွန်မသိထားလိုက်ပြန်သည်။
 “မနက်က ထမင်းကြမ်းခဲလေး တစ်တုံးစာပြီးပါပြီ အမေ။ ဒီနေ့အဖို့ သမီး ဘာမှမစားတော့ဘဲ
နေနိုင်ပါတယ်။” အဖေ့အတွက် ထပ်ချက်မလို့ဟုတ်လား
အမေ ခေါင်းညိတ်သည်။ တကယ်တော့ အမေလည်း ဘာမှ မစားရသေးတာ ကျွန်မသိပါသည်။ အဖေက နဖူးမှချွေး ခြေမကျအောင် တပင်တပန်းရှာကျွေးသူမို့ အဖေ့ကို ဦးစားပေးကာ အမေ မစားဘဲနေလိမ့်မည်။ အဖေကလည်း သူတစ်ယောက်တည်း မျိုကျလိမ့်မည်မဟုတ်။ ၀တာ မ၀တာ အသာထား။ ရှိတာလေးလောက်ကို ဝေမျှစားခဲ့ကြရသည်ချည်း။
“အမေနားနေပါ၊ သမီးချက်ပါ့မယ်”
အိုးထဲရေခပ်ထည့်ပြီး ဆန်ဝင်ဆေးလိုက်တော့မှ အမေ နံဘေးသို့ ရွှေ့ထွက်သွား၏။ မျက်နှာပေါ်မှ ချွေးများကို ခေါင်းခုလုပ်ထားသည့် အကွက်မပေါ်တော့သော အဖေ့နံငယ်ပိုင်း အစုတ်ကလေးဖြင့် တို့ကာတို့ကာ သုတ်သည်။ ပြီးတော့မှ ကျွန်မမေးတာကို ပြန်ဖြေပါသည်။
 “ညည်းအဖေအတွက် ယူသွားတဲ့ထမင်းတွေ လှူလိုက်ပြီ သမီးရဲ့။ ဒါကြောင့်မို့ ထမင်းပြန်လာချက်တာပဲ”
 “ဘယ်သူ့ကို လှူလိုက်တာလဲအမေ”
 “အရှင်သာရိပုတ္တရာကို…”
 “အို ဟုတ်လား…”
 ကျွန်မ ကြက်သီးဖြန်းကနဲ ထသွားရပါသည်။ မမြင်ဖူးသော်လည်း သတင်းထူးလှသည့် အရှင်မြတ်ကြီး၊ ဗုဒ္ဓ၏ လက်ယာတော်ရံ အဂ္ဂသာဝက၊ ပညာအရာမှာ သာလွန်ထူးချွန်သည့် ဧကဒဂ်ဘွဲ့ပိုင်ရှင်…။
  လှူမယ့်လှူတော့လည်း တကယ့်ထိပ်သီးပုဂ္ဂိုလ်ကြီးကိုမှ အမေလှူခဲ့ရသည်ပါလား။
  အမေ့မျက်နှာမှာ သကာလောင်းထားသလို ချိုမြနေပါ၏။ ကျိုးတိုးကျဲတဲနှင့် အပေါက်အပြဲပေါင်း ထောင်သောင်းမကရှိသော ခေါင်မိုးကို မော့ကြည့်လျက်…
 “ဆင်းရဲလိုက်တာမှ လွန်ပါရော။ သူများအိမ်နောက်ဖေးက ချေးနံ့သေးနံ့လှိုင်နေတဲ့ ရွှံ့ဗွက်ထဲ တဲစုတ်ကလေးနဲ့ နေရတဲ့ဘ၀။ မိုးတွင်းမှာ စိုစိုရွှဲရွှဲနဲ့အိပ်၊ နွေခါကျတော့လဲ အရိမ်မဲ့နေထိုး၊ ဒီဘ၀မျိုးနဲ့ အလှူအတန်း လှူဒါန်းခွင့်ရဖို့ တစ်သက်ဝေးပြီလို့ မှတ်ခဲ့တာ။ ညည်းအဖေဆီ ထမင်းပို့အသွား တောလမ်းမှာ…”
 စကားကို ခေတ္တနားပြီး သောက်ရေအိုးထဲမှ ရေတစ်ခွက်ကို ငှဲ့သောက်လိုက်ပါသည်။ အမေ့ခမျာ ဆာလည်းဆာ၊ မောလည်းမောရှာပေမည်။ အကြင်နာအတွေးဖြင့်… အမေ့မျက်နှာကို ငေးကြည့်မိပါ၏။
 ဆင်းရဲပင်ပန်းသည့်ဒဏ်ကြောင့် အမေသည် အသက်အရွယ်နှင့်စာသော် ပိုမိုရင့်ရော်နေသည်။ နေလောင်ထားသော အသားအရေတို့ကလည်း မွဲပြာခြောက်ကပ်နေသည်။ ကာလကြာမြင့်စွာ ဆီနှင့်ဝေးကွာခဲ့သည့် ဆံပင်တို့မှာ ပိတုန်းရောင်ကေသာ မဖြစ်နိုင်တော့ဘဲ နီကြောင်ကြောင် ပြောင်းဖူးမွှေးများပမာ ဖွာလန်ကြဲနေပါသည်။ အမေ့ကိုယ်ပေါ်မှ အ၀တ်အထည်များကား သုမနသူဋ္ဌေးအိမ်က လက်နှီးစုတ်လောက်ပင် မပြောင်နိုင်ခဲ့။
 အသေအချာ ဂရုစိုက်ကြည့်မည်ဆိုပါလျှင်တော့ အမေသည် ငယ်ရွယ်စဉ်က မိန်းမလှ၊ မိန်းမချောတစ်ဦးဖြစ်ကြောင်း ကောင်းကောင်းသိနိုင်သည်။ ယခုတော့ ဘ၀အကျိုးပေးအကြောင်းမသင့်၍ သမုဒ္ဒရာ ၀မ်းတစ်ထွာအရေး အပြေးအလွှားရှာဖွေမှ ၀တစ်နပ်၊ မ၀တစ်နပ်နှင့် ၀မ်းအလှပ်ခံခဲ့ရသည့်ရက်တွေက များလှပြီ။
အမေ့အတွက် စိတ်မကောင်းဖြစ်ရုံကလွဲပြီး ကျွန်မ ဘာမျှမတတ်နိုင်။
“ဆက်ပြောပါဦးအမေ”
 အတွေးစများကို ဖျောက်ဖျက်ပြီး အမေ့အား စကားပြန်ထောက်ပေးလိုက်ပါသည်။
“အရှင်သာရိပုတ္တရာ အရှင်မြတ်ကြီးကို တွေ့တော့ အမေဖြင့် ထခုန်မိမတတ် ၀မ်းသာသွားတယ်။ စေတနာကလဲပေါ်လာ၊ လှူစရာကလဲ အဆင်သင့်၊ အလှူခံမယ့် ပုဂ္ဂိုလ်ကလည်း ရှေ့ရောက်နေတော့ သမီးရေ.. ညည်းအဖေကိုပုဏ္ဏအတွက် ထည့်တောင်စဉ်းစားမနေဘူး။ စေတနာတွေ ဒီရေလိုတက်လာတာနဲ့ ခွက်မှောက်ပြီးသာ လှူလိုက်တော့တယ်”
စောစောက မောခဲ့တာတွေ မေ့သွားပြီး မြိန်ရေယှက်ရေ အမေပြောပြလာသည်။ စစ်မြေပြင်မှ အောင်နိုင်၍ ပြန်လာခဲ့သော စစ်သူကြီးပမာ အမေ့မျက်နှာမှာ စေတနာသဒ္ဒါတရားဖြင့် အားပြည့်နေပါသည်။ အမေ့ပီတိမျာသည်ပင် ကျွန်မရင်တွင်းသို့ ကြည်ကြည်နူးနူး ကူးစက်ဝင်ရောက်လာကြပါ၏။
 “သမီးတို့ ဆင်းရဲသားတွေစားတဲ့ ထမင်းကြမ်းဟင်းကြမ်းတွေကို အရှင်မြတ် ဘုဉ်းပေးနိုင်ပါ့မလားအမေ”
အလှူခံသောကြောင့်… ၀မ်းမြောက်ရသော်လည်း စားမှစားနိုင်ပါ့မလားဟူသော စေတနာဖြင့် သောက၀င်မိပြန်၏။
“သူတော်ကောင်းဆိုတာ လှူဖွယ်ပစ္စည်းကို အကောင်းအဆိုး အယုတ်အမြတ် မရွေးတတ်ကြဘူးသမီးရဲ့။ စေတနာနဲ့ လှူဒါန်းတာကို သည်းခံတော်မူကြပါတယ်။ ပြီးတော့ အမေတို့ အလှူပေးပုဂ္ဂိုလ်တွေဘက်ကလည်း လှူဖွယ်ဝတ္ထုထက် စေတနာက ပိုပြီး အဓိကကျပါတယ်လေ။ နည်းနည်းလှူပေမယ့်လဲ စေတနာထားတတ်ရင် အလှူကြီးဖြစ်သွားပြန်ရော။ လှူဖွယ်ဝတ္ထုကလဲကောင်း၊ စေတနာလဲ ထက်သန်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့”
“ဒီလိုဆိုရင် ၀မ်းသာစရာကြီးပါလားအမေ။ ဆွမ်းလှူရတဲ့ ကသိုလ်ကံ အကျိုးဆက်ကြောင့် ဖြစ်လေရာဘ၀မှာ ခုလို ဆင်းရဲမွဲတေငတ်ပြတ်တဲ့အဖြစ်မျိုး မရောက်ရပါစေနဲ့လို့ ဆုမတောင်းခဲ့ဘူးလားဟင်”
ပစ္စုပ္ပန်ကျကျ လက်ရှိဘ၀၏ အခက်အခဲမျိုး နောက်ကြုံရဦးမည်ကို ကြောက်သွားပြီမို့ စိတ်ထဲရှိသည့်အတိုင်း အမေ့အား ရင်ဖွင့်ပေးလိုက်ခြင်း ဖြစ်ပါသည်။
ထိုအခါ ပြုံးပျော်ရယ်မောလျက် ကျွန်မ၏နားရွက်ကို ကလေးငယ်ကဲ့သို့ ချစ်စနိုးဖွဖွကလေး ဆွဲလိမ်လိုက်၏။
 “မှတ်ထားသမီးရဲ့။ အလှူဒါနပြုတယ်ဆိုကတည်းက စေတနာနဲ့တူတဲ့ အကျိုးကို သေချာပေါက်ရပြီးသား။ လူချမ်းသာ၊ နတ်ချမ်းသာ သံသရာမပြတ်နိုင်တဲ့ ဘာဘာညာညာဝဋ်ကြွေးတွေကို ဆုမတောင်းရဘူး။ လှူတဲ့အခါမယ် အလှူခံပုဂ္ဂိုလ် မမြဲဘူး။ အလှူပေးပုဂ္ဂိုလ် မမြဲဘူး။ လှူဖွယ်ဝတ္ထု မမြဲဘူး။ မမြဲတဲ့ သဘောတရားတွေချည်းသာပဲလို့ အနိစ္စသညာနဲ့ ဥာဏ်ထဲမှာဆင်ခြင်၊ ပြီးတော့ နိဗ္ဗာနဿပစ္စယောဟောတုလို့ နိဗ္ဗာန်ကိုသာ ရည်မှန်းအာရုံပြုရမယ်ကွယ့်”
 “သမီးနားလည်ပါပြီအမေ”
 စားတော့တစ်လုတ်တစ်ဆုပ်၊ ၀တ်တော့ အစုတ်အနုပ်၊ နေရတော့ တဲကုပ်။
နက္ခတ်ပွဲသဘင်ကိုပင် နွဲမဆင်နိုင်သည့်ဘ၀။
သို့ပေမယ့် တစ်ပါးသူတို့ ပျော်ပွဲရွှင်ပွဲ ဆင်နွဲနေချိန်မှာ ပကာသနမဖက်သော ဧရာမအလှူကြီးတစ်ခု အမေပေးနိုင်ခဲ့ပြီပဲ။
ဝမ်းမြောက်နုမော် သာဓုအကြိမ်ကြိမ် ခေါ်ရပါ၏။
အငွေ့တထောင်းထောင်းထွက်၍ နပ်သွားပြီဖြစ်သော ထမင်းအိုးကို လက်နှီးစုတ်ဖြင့် မီးဖိုပေါ်မှ ချလိုက်၏။ အဖုံးဖွင့်ပြီးနောက် ထမင်းအိုးထဲမှ ချိုးပါမကျန်အောင် အရိုးတိုယောက်မဖြင့် တဂျစ်ဂျစ်မြည်အောင်အထိ ခြစ်ထုတ်ခူးခပ်၍ ခွက်ထဲသို့ ထည့်ပေးသည်။
ဒုတိယမ္ပိထပ်၍တစ်ဖန် အဖေ့ဆီယူသွားရန် ထမင်းတောင်းကို အဆင်သင့်ပြင်ကာ အမေ့ရှေ့မှာ ချပေးလိုက်ပါသည်။
ဟင်းကတော့ ငရုတ်စိမ်းငါးတောင့်နှင့် ဆားတစ်ထုပ်။
ကျွန်မတို့ဘ၀မှာ ဤမျှလောက်နှင့်ပင် လုံလောက်လှပါပြီ။
 မိုးကောင်းကင်ပြိုကျပြီး မဟာသမုဒ္ဒရာရေအားလုံး ခန်းခြောက်ကုန်ပြီဟု တစ်စုံတစ်ယောက်က ပြောလာပါငြားအံ့။ ယုံစေလို၍ ပြောလာသော ယုံတမ်းစကားမို့ ယုံပေးလိုက်နိုင်ပါသေး၏။ ယခုတော့…
ညနေစောင်း လယ်တောမှခုန်မြူးပြီး ပြန်လာကြသော အဖေနှင့်အမေကို မကြုံစဖူးထူးကဲနေသဖြင့် နားမလည်နိုင်ဘဲ ရှိရသည်။ မောင်တစ်ထမ်း မယ်တစ်ရွက်ဖြင့် တဲပေါ်သို့တက်လာပြီး သူတို့ပစ္စည်းတွေကို ကျွန်မရှေ့မှာ ဖွင့်ပြလိုက်သည်။ လား… လား…
 “အဖေ… အမေ… ဒါတွေ… ဒါတွေ…”
 မျက်လုံးများ ၀ိုင်းဝိုင်းလည်ကာ ပြူးကျယ်သွားရပါသည်။
အံ့သြစိုးရိမ်ထိတ်လန့်တုန်လှုပ်မှုများဖြင့်… ကျွန်မတစ်ကိုယ်လုံး ယိမ်းထိုးလှုပ်ရှားသွားရပါသည်။ အဖေနှင့်အမေ ဘာတွေလုပ်ခဲ့ကြပြီလဲ။
မှန်ပါသည်။ အဖေနှင့်အမေတို့ ချပြသည့် အထုပ်ကား ဘ၀တစ်သက်တာအတွက် အိပ်မက်ထဲမှာပင် မမြင်ဖူးသည့် ရွှေတုံးရွှေခဲများပါတည်း။ မင်းဘဏ္ဍာယူလာမိလျင်တော့ အသက်နှင့်ကိုယ် အိုးစားကွဲဖို့သာပြင်ပေရော့။ သံသယအတွေးများဖြင့် သူတို့မျက်နှာကို စူးစူးစိုက်စိုက်ကြည့်မိပါ၏။
“သမီးအံ့သြနေသလား။ အဖေတို့ကိုလဲ သံသယ၀င်နေသလား။ အဖေတို့ ကုသိုလ်ကံအလျောက် သန့်သန့်ရှင်းရှင်း ရခဲ့တဲ့ပစ္စည်းတွေပဲ။ ငါ့သမီးလေး မျက်နှာမငယ်ရတော့ဘူး”
အဖေ့စကားကို ယုံချင်ပေမယ့် ကြိုးစား၍ မရသေး။ အမေ့မျက်နှာကို အကြည့်ရွှေ့လိုက်ပြန်သည်။
 “ဟုတ်တယ်သမီး၊ မနက်က အရှင်သာရိပုတ္တရာကို အမေဆွမ်းလှူလိုက်သလို အဖေက လယ်တောမှာ တံပူနဲ့ရေကို လှူလိုက်သတဲ့။ အဲဒီ စေတနာတွေရဲ့ အကျိုးကို ဒိဋ္ဌခံစားရတာလေ။ သမီးအဖေထွန်နေတဲ့ လယ်ကွက်ထဲက မြေစိုင်မြေခဲတွေအားလုံး ရွှေချည်းဖြစ်ကုန်ပါပကော…”
အံ့သြလွန်းသဖြင့် ကျွန်မမှာ မှင်တက်ဆွံ့အနေမိ၏။ အမေကသာ အဖြစ်သနစ်ကို ရွှန်းရွှန်းဝေအောင် ဆက်လက်ပြောပြပါသည်။
 “သမီးအဖေဟာ နေ့လယ်စာကို နောက်ကျပြီးမှ ဆာဆာနဲ့စားရတာရယ်။ အလုပ်ပင်ပန်းတာရယ်၊ မောမောနဲ့ အိပ်ပျော်သွားတယ်။ အိပ်ရာကနိုးတော့ ထွန်ထားတဲ့ လယ်ကွက်ထဲမှာ ရွှေတွေပြည့်နေရော။ နန်းတော်သွားပြီး ပြည့်ရှင်မင်းကို အကြောင်းကြားရတာပေါ့။ မင်းချင်းတွေက လှည်းနဲ့ယူသွားတဲ့အခါမှာ ပြည့်ရှင်မင်းရဲ့ဥစ္စာလို့ပြောရင် မြေကြီးတွေ ဖြစ်ကုန်တယ်။ ပုဏ္ဏဥစ္စာလို့ပြောမှ ရွှေတွေကို ယူလို့ရတာမို့ အဖေအမေတို့နဲ့သာ ဆိုင်တယ်ဆိုပြီး ပြည့်ရှင်မင်းက ခွင့်ပြုလိုက်တယ်။ ဒါပေမယ့် ဒီရွှေပုံကြီးကို ထားဖို့ အမေတို့မှာ နေရာမရှိလို့ နန်းတော်ထဲအပ်ထားခဲ့ရတယ် သမီးရဲ့”
ဤနည်းဖြင့် အဖေသည် သူဋ္ဌေးတို့ အဆောင်ယောင်ဖြစ်သော ထီးကို ချီးမြှင့်ခံရပြီး ဗဟုဓနသူဋ္ဌေးကြီး ဖြစ်ခဲ့ရပါသည်။
ပြည့်ရှင်မင်းအိမ်ဆောက်ခွင့် ပြုသောနေရာမှ ချုံနွယ်ပိတ်ပေါင်းတို့ကို ရှင်းလင်းသောအခါ ရွှေအိုးကြီးများကို ထပ်မံရရှိပြန်ပါသည်။ ဆင်းရဲတုန်းကတော့ ကုန်းကောက်စရာပင်မရှိ။ ချမ်းသာပြန်တော့လည်း ထားစရာသိုစရာရှားအောင်ပင် များလှစွာ တောင်လိုပုံနေပါ၏။  “လှံထမ်းလာတာကိုသာ မြင်နိုင်၏။ ကံထမ်းလာတာကို မမြင်နိုင်” ဟူသော လောကစကား မှန်လှပါချည့်။
အိမ်တက်၊ ထီးဆောင်းမင်္ဂလာ ပြုလုပ်သောအခါ ဗုဒ္ဓနှင့်သာဝက ရဟန်းသံဃာတော်များအား ပင့်ဖိတ်လျက် ထမင်းရည်ချောင်းစီး အလှူကြီးကို ခုနစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဗုဒ္ဓကိုယ်တော်တိုင် သနားချီးမြှင့်သည့် တရားတော်၏အဆုံးဝယ် ကျွန်မတို့မိသားစုသုံးယောက်လုံး ပဉ္စသီလကို ကောင်းစွာဆောက်တည်နိုင်ခဲ့ပါပြီ။ အယူမှားခြင်းနှင့် သဒ္ဓေယျရှစ်ပါးတို့နှိုက် ယုံမှားခြင်း အလျှင်းမရှိတော့ပြီ။
ဆင်းရဲတုန်းက ပြုံးပြဖို့ဝန်လေးခဲ့သမျှ ချမ်းသာသွားကြသည်နှင့် ၀မ်းသာအားရနှုတ်ဆက်ဖွဲ့လာကြသည်။ ဘယ်မင်္ဂလာဆောင်၊ ဘယ်အလှူအတန်းမဆို ဥတ္တရာမပါလျှင် ပွဲမစည်တော့သလို ဥတ္တရာကို ရှေ့တန်းတင် ဦးစားပေး အလေးထားလာကြသည်။ လောက၀ယ် ပစ္စည်းဥစ္စာ၏ အရှိန်အ၀ါသည် လူ့တန်ဖိုးထက်ပင် မြင့်တက်နေသေးသယောက် ပါတကား။
သူများအိမ်နောက်ဖေး မြေကွက် ရွှံ့ဗွက်တွေကြားထဲက သူဋ္ဌေးအိမ်သုံး လက်နှီးစုတ်လောက်တောင် မပြောင်နိုင်ခဲ့သည့် မဥတ္တရာကို ယောင်လို့ပင် လှည့်မကြည့်ကြသော ကာလသားများ ယခုတော့ မဥတ္တရာအပါးမှာ ခစားကာ ၀ိုင်းဝိုင်းလည်နေကြပါပြီ။ ရာဇဂြိုလ်မှာ သတင်းကြီးလှသည့် ရွှေမင်းသမီးဆိုလျှင် ကျွန်မဥတ္တရာကို ရည်ညွှန်းကြောင်း အားလုံးက သိကြသည်အထိပါ။
ဒီလိုနာမည်ကြီးခြင်းသည်ပင် ကျွန်မအတွက် ကံဆိုးမိုးမှောင်ကျလာတာနှင့် အတူတူပင်တည်း။
အကြောင်းကတော့ သုမနသူဋ္ဌေးကြီး၏သား ကိုနန္ဒနှင့် လက်ဆက်ထိမ်းမြားပေးလိုကြောင်း တစ်ဖက်မှစကား ကမ်းလှမ်းလာသောကြောင့် ဖြစ်ပါသည်။
ကိုနန္ဒကို လက်ထက်ဖို့ အဖေနှင့်အမေ နှစ်ဦးစလုံး သဘောမတူကြသလို ကျွန်မကိုယ်တိုင်ကလည်း လက်မခံချင်ပါ။
အဖေနှင့်အမေ သဘောမကျတာကတော့ အယူဝါဒချင်းမတူသည့် မိစ္ဆာဒိဋ္ဌိများ ဖြစ်နေသောကြောင့်ပါ။
ကျွန်မနေဖြင့်မူ မိစ္ဆာအယူမှားသူကို လင်ယောက်ျားအဖြစ် ပေါင်းသင်းမိခြင်းကြောင့် မိမိကိုးကွယ်သည့် ဗုဒ္ဓအယူဝါဒကို စွန့်လွှတ်လျစ်လျူရှုပစ်ရမှာ အစိုးရိမ်ဆုံး ဖြစ်ပါသည်။ မစွန့်လွှတ်ရသည့်တိုင် လွတ်လပ်စွာ ကိုးကွယ်ခွင့်မရတော့မှာကိုလည်း တွေးတောကာ သံသယ၀င်မိပါသည်။ လင်တစ်ယောက်ရဖို့အတွက် မိမိဘာသာကို စွန့်လွှတ်ရဲသည့်မိန်းမအဖြစ် ကျွန်မ ရာဇ၀င်အရိုင်းမခံနိုင်ပါ။ နောက်ပြီးတော့ ကျွန်မအဖေသည် သူတို့အိမ်က ကျွန်အလုပ်သမားတစ်ယောက် ဖြစ်ခဲ့သူမို့ ငယ်နိုင်သဘောထားပြီး လင်မယား ဖြစ်လာသည့်အခါ အရှင်နှင့်ကျွန်လို နိုင့်ထက်စီးနင်းဆက်ဆံ လာမှာကိုလည်း ကြောက်ရွံ့မိပါ၏။
သူတို့၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်သောကြောင့် သုမနသူဋ္ဌေးကြီး ဆွေ့ဆွေ့ခုန် ဒေါသူပုန်ထသွားသည်ဟု သတင်းကြားရပါ၏။ သူ့အနေဖြင့် အဖေ့အပေါ် ကျွန်အလုပ်သမားဟူသောအမြင်က ပျောက်မည်မဟုတ်သေးတော့ အဖေ့ငြင်းဆန်မှုသည် သူ့အတွက် ခံပြင်းခံခက်ဒေါသထွက်စရာ ဖြစ်နေမည်မှာ သေချာလှပါသည်။
 “ငါ့ကိုမှီပြီး မင်းချမ်းသာလာခဲ့တာပါ။ မင်းရဲ့သမီးကို ပေးသင့်တယ်တဲ့”
ထပ်မံအယူခံဝင်လာသော သူ့စကားသည်ပင် ဘ၀င်ကျဖွယ်မရှိ။ အထက်တန်းစားညာဉ်ပါသော အပေါ်စီးဆန်မှုသက်သက်ဖြစ်ကြောင်း ပေါ်လွင်လှပါ၏။ ပြောကြစတမ်းဆိုလျှင်တော့ သူ့လယ်ကွက်ထဲ မြေခဲတွေ ရွှေဖြစ်သွားသည့်ကိစ္စမှာ သူနှင့်ဘာမျှမပတ်သက်။ ကိုယ့်အကျိုးပေးနှင့်ကိုယ်။ အဖြေကရှင်းနေပြီးသား။ အဖေက သူ့ကျွန်ဆိုသည့်တိုင် ထူးထူးခြားခြား အခွင့်အရေးခံစားစေခဲ့သည် မဟုတ်။ အရုဏ်ကျင်းအလင်းတက်သည်မှ ညမိုးချုပ်နေ၀င်သည့်တိုင် နေပူပြင်ကို လရောင်ထင်လျက် နွားနှင့်ဖက်ကာ ထွက်သမျှချွေး သွေးဖြစ်လုအောင် ကုန်းရုန်းလုပ်နိုင်မှ မသေစာရှင်စာ မလောက်မင စားရရုံရှိခဲ့သည်ပဲ။ ဓနရှင်တို့မည်သည် အတ္တ၏သားကောင်များသာ ဖြစ်ကြ၏။ ထို့ကြောင့်လည်း မရှိဆင်းရဲသားတွေမှာ လူမွှေးလူတောင် မပြောင်နိုင်ဘဲ သူတို့သူဋ္ဌေးတွေသာ ဋ္ဌေးပြီးရင်းဋ္ဌေးရင်း…
 “ဘာသာကွဲပြား အယူမှားသူမို့ ခင်ဗျားသားနဲ့ ကျွန်တော့သမီး ဘယ်နည်းနဲ့မှ မပေးစားနိုင်ဘူး။ ရတနာသုံးပါးနဲ့ ကင်းကွာပြီးထားလို့ မဖြစ်ပါဘူး” ဟု အဖေက ခါးသီးခေါင်းမာစွာ ငြင်းပယ်ပြန်ပါသည်။
ဗုဒ္ဓဘုရား၏ မြတ်တရားကို မနာချင်သာရှိကြမည်။ အာဝါဟ၀ိဝါဟ စကားဆိုလျင် အင်မတန်မှ ပြောချင်ကြားချင်ကြသည့် လောကလူသားပုထုဇဉ်များ…
အလားတူ မိတ်ဆွေသူဋ္ဌေးများက အဖေ့အား ၀ိုင်းဝန်းဖျောင်းဖျနားချကြပါတော့၏။ မိတ်ဆွေရင်းချာများအဖြစ် ချစ်ကျွမ်းဝင်နေသည်ကို အမျက်ထွက်၍  ချစ်ကျွမ်းဝင်နေသည်ကို အမျက်ထွက်၍ ရန်ဘက်ဖြစ်အောင် မဖျက်ဆီးသင့်ကြောင်း၊ အကျွမ်းဝင်ရင်းနှီးမှု ဆထက်ထမ်းပိုး ပိုတိုးအောင်သာ ရွှေလမ်းငွေလမ်း ဖောက်သင့်ကြောင်းစသည်.. စသည်…
ကာမရာဂပွဲစားများ အဖေ့ထံပါးမှာ ခြေချင်းလိမ်သွားကြပါသည်။
စီးပွားရေးနှင့် လူမှုရေးကိုသာ ပဓာနထားကြသည့် ပတ်ဝန်းကျင်စကား ပြောဖန်များတော့ အားနာပါးနာ နားပါယောင်ပြီး အဖေခေါင်းညိတ်လိုက်ရပါ၏။
သမီးလိမ္မာဆိုသည်မှာ မိဘက ဖြူသည်ဆိုလျှင် ကိုယ်က မည်းနေ၍ မဖြစ်။ မိဘအလို မိဘသဘောလိုက်လျောရုံသာ ရှိပါ၏။ အဖေနှင့်အမေ စိတ်ချမ်းသာဖို့အတွက် မချစ်မနှစ်သက်သူ၏ ရင်ခွင်တွင်းသို့ သက်ဆင်းခဲ့ရပါသည်။ ရင်ထဲတွင်တော့ နင့်နေလျက်သား။
သူဋ္ဌေးသားနှင့် သူဋ္ဌေးသမီး ထိမ်းမြားပြီးစီးခြင်းဆိုသည့် ဝေါဟာရစကားက လောက၏ နိယာမတရားပဲ ထင်ပါသည်လေ။
-------------------------------------------------------------------------
          ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော။
အပိယေဟိ သမ္မယောဂေါ ဒုက္ခော။
ချစ်နှစ်သက်သူနှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏။ မချစ်မနှစ်သက်သူနှင့် အတူပေါင်းဖော်နေထိုင်ရခြင်းသည်လည်း ဆင်းရဲ၏ တဲ့။
ဗုဒ္ဓကိုယ်တော်တိုင် ဟောမိန့်တော်မူခဲ့တာပါ။
ကျွန်မအတွက်တော့ မချစ်မနှစ်သက်သူနှင့် အတူပေါင်းဖော်ရခြင်းက ပိုပြီးဆင်းရဲမည် ထင်ပါသည်။ အသွင်မတူ အိမ်သူမဖြစ်ဟူသော စကားရှိသော်လည်း ယခုတော့ ကျွန်မမှာ အသွင်လည်းမတူ အိမ်သူလည်း ဖြစ်လာရပါ၏။
စကတည်းက ယဉ်သလို ဆိုသကဲ့သို့ ၀ါဆိုလပြည့်နေ့ထူးနေ့မြတ်မှာ အလှူဒါနနှင့်တကွ အဋ္ဌင်္ဂဥပုသ်ကို အားထုတ်ဖြည့်စွမ်းကြိုးပမ်းရမည့်အစား မိစ္ဆာဒိဋ္ဌိယောက်ျားတစ်ယောက်နှင့် ရေခွက်ထဲလက်ဆုံချ၍ ထိမ်းမြားခဲ့ရသည်လေ။
ကိုနန္ဒသည် ကြွယ်ဝပြည့်စုံချမ်းသာသလောက် ဥပဓိရုပ်ကလည်းဖြောင့်ပြီး လူချောလူခန့် ရည်မွန်သူတစ်ဦး ဖြစ်တာကိုတော့ ၀န်ခံရပေမည်။ သာမန်မိန်းမတစ်ယောက်ကို စိတ်ဝင်စားအောင် သူ့ရုပ်ရည်က ဆွဲဆောင်နိုင်စွမ်းရှိပါ၏။ ကျွန်မအဖို့တော့ ၀တ္တရားအရ လင်သားဟု သံယောဇဉ်ထားရမှာကလွဲပြီး ဘာမှထူးထူးခြားခြား မခံစားမိတာအမှန်ပါပဲ။
သူ့ဘက်ကမူ လက်ထပ်မယားအဖြစ် ကျွန်မပေါ် ချစ်ခင်စုံမက်မြတ်နိုးမှု အထိုက်အလျောက် ရှိပါ၏။ ထိုချစ်ခင်စုံမက်မြတ်နိုးမှုကြောင့်ပင် သူ့မျက်ဝန်းအောက်မှာ ဘာမျှလှုပ်ရှား၍မရအောင် အရုပ်ကလေးတစ်ရုပ် ဖြစ်မှန်းမသိ ဖြစ်ခဲ့ရပါသည်။
မျက်စိအောက် အပျောက်မခံ ဆိုသောစကားမှာ တစ်ဖက်မှ အင်မတန်ချစ်ခင် နှစ်လိုကြောင်း အဓိပ္ပါယ်ပေါ်လွင်စေသော်လည်း ကျန်တစ်ဖက်ကမူ လှောင်ချိုင့်ထဲက ငှက်ကလေးတစ်ကောင် သို့မဟုတ် ရွှေကလပ်ပေါ်တင်ပြိး ဖန်အုပ်ဆောင်းဖြင့် အလုံပိတ်ထားသည့် ပန်းကလေးတစ်ပွင့်နှယ် ရှိချေသည်။
ကာမဂုဏ်ခံစားမှုနှိုက် မရောင့်ရဲနိုင်သူ၏ မေတ္တာသည် ကြည်လင်အေးမြသော စိမ်းစမ်းရေပမာ မဟုတ်။ ကိလေသာတဏှာရာဂတို့ဖြင့် ပွက်ပွက်ဆူနေသော မီးဖိုပေါ်မှ ရေနွေးပူသာလျှင် ဖြစ်ပါ၏။ သူ့အချစ်ကို တုံ့ပြန်ရန် ကြိုးစားခြင်းထက် ဗုဒ္ဓ၏ အဆုံးအမများသာ ကျွန်မရင်တွင်းမှာ နက်နက်ရှိုင်းရှိုင်း နေရာယူထားကြပါသည်။
ထိုတစ်နေ့ကို ကျွန်မ မေ့နိုင်တော့မည် မထင်ပါ။
သလွန်ညောင်စောင်းပေါ်မှာ သူနှင့်အတူ ယှဉ်တွဲထိုင်စေပြီး သေအရက်ကို ရွှေခွက်နှင့်ထည့်၍ ကျွန်မအား ကမ်းပေးလာပါသည်။
“ဥတ္တရာကိုယ်တိုင် တိုက်ရမယ်”
သေရည်ခွက်ကို ကျွန်မလက်နှင့် ကိုင်ပြီး သူ့ကို တိုက်ရမယ်တဲ့။ သေရည်ခွက်ကို ပေးမည့်အစား ဓားတစ်လက်ဖြင့် ကျွန်မလည်မျိုသွေးကို အရှင်လတ်လတ် ဖောက်ထုတ်ယူသွားတာပင် ခံလိုက်ချင်ပါသည်။ ယခုကဲ့သို့ ပဉ္စသီလကို  ခိုင်ခံ့စွာ စောင့်ထိန်းထားသူအတွက် အရက်ခွက်ကိုင်ရဖို့ကိုမူ…
 “ဟင့်အင်း… ကျွန်မ မလုပ်နိုင်ဘူး ကိုနန္ဒ”
 ခါးခါးသီးသီး ငြင်းပယ်လိုက်ပါ၏။ သူမျက်နှာပျက်သွားသော်လည်း ချက်ချင်း က္ကုနြေ္ဒပြန်ဆည်ကာ ပြုံးလိုက်ပါသည်။
 “မင်္ဂလာဦးညမှာ လင်သားတစ်ယောက်ဟာ သူ့ဇနီးရဲ့ ဂရုစိုက်ယုယမှုကို မခံယူထိုက်ဘူးလား ဥတ္တရာ”
ပြုံးချိုသောမျက်နှာနှင့် သိမ်မွေ့သောစကားကို ဆိုတတ်ပါလျက် စူးရှသောမျက်လုံးများက အမိန့်ပေးဟန် ပါနေသည်။
သူ့လက်ထဲမှာ သေရည်ခွက်…
ကျွန်မဆီ သူကမ်းထားဆဲ…
 “ယူလေ… ဥတ္တရာ၊ မင်းလက်နဲ့ကိုင်ပြီး ကိုယ့်ကိုတိုက်ရမယ်”
အခြေအနေက အနည်းငယ်တင်းမာသယောင်။ ကျွန်မကို အမိန့်ပေးစေခိုင်းသည့် အရှင်သခင်၏ ဟန်ပန်မျိုး ရုပ်လုံးပေါ်စပြုလာ၏။ ကျွန်မ၏ နှုတ်ခမ်းများ မသိမသာတင်းစေ့၍ သွားရပါသည်။
 “မိဘစကားနားထောင်ပြီး မောင်နန္ဒကို မျက်စိမှိတ်လိုက်တယ်ဆိုတာ အမေသိပါတယ်။ မချစ်မနှစ်သက်သူကို လက်ထပ်လိုက်ရတဲ့အတွက် သမီးဘယ်လောက်ခံစားရမယ်ဆိုတာလဲ အမေကိုယ်ချင်းစားနိုင်ပါတယ်။ အမေတို့ မိန်းမတွေဟာ အိမ်ထောင်ပြုလိုက်တဲ့အခါမှာ သူတိစ်ပါးရဲ့ အလိုဆန္ဒကို ပြည့်ဝစေဖို့ အဖြည့်ခံဘ၀၊ အနစ်နာခံဘ၀ သက်သက်ဖြစ်ခဲ့ရတာချည်းပါပဲ။ ယောက်ျားများဟာ လှေကားသုံးထစ်ဆင်းရင် လူပျိုပြန်ဖြစ်သတဲ့။ ကာမဂုဏ်လိုက်စားပြီး မယားများများယူပေမယ့်လဲ တင့်တယ်နေတာပဲ။ အမေတို့ မိန်းမသားတွေမှာသာ တစ်လင်မကောင်းလို့ တစ်လင်ပြောင်းရင်တောင် အမြင်မကောင်းချင်တော့ဘူး။ ဒါ့ကြောင့် သမီးကို အမေမှာချင်တာက မောင်နန္ဒအပေါ် တတ်နိုင်သမျှ အစစအရာရာ သည်းခံလိုက်လျောပါ။ မယားဝတ္တရား ကျေပွန်အောင်သာ ကြိုးစားပါ။ အမေ စိတ်ချပါရစေ”
ယောက္ခမအိမ်သို့ လိုက်ပါခါနီးတွင် အမေ တတွတ်တွတ်မှာလိုက်သော စကားများကို ပြန်လည်ကြားယောင်လာပါသည်။ အမေဆုံးမခဲ့သည်ကို လိုက်နာနိုင်သည့် ကိစ္စမျိုးလည်းမဟုတ်။ သုရာမေရယကံထိုက်မည်ကို သိလျက်ဖြင့် လိုက်လျောဖို့ဆိုတာ မည်သို့မျှ မဖြစ်နိုင်။ ကိုယ်က မိန်းမသားမို့ သူ့အိမ်ရောက်သည့်နေ့မှာပင် ပြဿနာတက်ရမည့် အဖြစ်ကိုလည်း မလိုလား။ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာအောင် မြွေမသေ တုတ်မကျိုး တစ်မျိုးမျိုးတော့ ကြံစည်ရပေလိမ့်မည်။
သူ့လက်ထဲမှ သေရည်ခွက်ကို ဖျတ်ခနဲဆွဲယူလိုက်သော ကျွန်မအား ပြုံးပြုံးကြီး စိုက်ကြည့်လာသည်။ အောင်နိုင်သူ၏ အပြုံးပေလား။ ကျွန်မ မစဉ်းစားချင်တော့။
သေရည်ခွက်ကို ငုံ့ကြည့်လျက်မှ ကျွန်မလက်တွေ တဆတ်ဆတ်တုန်လာ၏။ ရွှေခွက်ဟု မမြင်ဘဲ အကုသိုလ် အစိုင်အခဲဟုသာ ထင်သည်။ ဤခွက်နှင့်တကွ အရက်များကို ဥပါယ်တံမျဉ်ဖြင့် သွန်ပစ်လိုက်ဖို့ ကျွန်မဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါသည်။
သို့ရာတွင် တုန်နေသောလက်များသည် သူ၏ ကိုယ်ပေါ်သို့ သေရည်ဖိတ်ကျစေပါ၏။ စူးရှသောအနံ့က ကျွန်မနှခေါင်းထဲ တိုးဝှေ့ဝင်ရောက်လာသည်။
 “ဘယ်လိုလုပ်တာလဲ ဥတ္တရာ၊ မင်း ငါ့ကို ဘယ်လိုလုပ်လိုက်တာလဲ”
ည၏ တိတ်ဆိတ်မှုအောက်ဝယ် သူ့အသံသည် တစ်ခန်းလုံးဟိန်း၍ သွားပါသည်။
ဟန်ဆောင်မှုအောက်မှ အတ္တနှင့် ဒေါသသည် ဘွားခနဲ ပြေးထွက်လာ၏။ လျှပ်တစ်ပြက်ခံစားချက်ကို မထိန်းသိမ်းနိုင်မီ အဇ္ဈတ္တအတွင်းသဏ္ဍာန်၏ သရုပ်မှန်သည် လှစ်ခနဲပေါ်ပေါက်ရစမြဲသာတည်း။
 “ဥတ္တရာဟာ လူ့အခွင့်အရေးအားလုံး ဆုံးရှုံးနေတဲ့ သုမနသူဋ္ဌေးကြီးအိမ်က ကျွန်မဟုတ်ဘူး ကိုနန္ဒ။ မနက်ကမှ နှစ်ဖက်မိဘရှေ့မှာ လက်ထပ်ခဲ့တဲ့ ရှင့်ဇနီးဆိုတာ မမေ့လိုက်ပါနဲ့”
ပြောတော့မည် ကြံရွယ်ပြီးမှ စိတ်ကို ပြန်လည်ချုပ်တည်းလိုက်သည်။ သူတင်း၍ ကိုယ်ပြတ်လျှင်လည်း မကောင်းတတ်ပြန်။ အရှင်နှင့်တူသော ယောက်ျားဖြစ်လိမ့်မည်ဟု မဆွကပင် ကြိုမြင်ပြီးသား။ အလားတူ သူကလည်း ကျွန်နှင့်တူသော မယားကို ရတော့မည်ဟု မျှော်လင့်ထားမည်မှာ သေချာလှပါ၏။ မမြင်ချင်းမတူလျှင် ဘ၀ခရီးတစ်လျှောက် ရှေ့ဆက်လက်တွဲသွားဖို့ အခက်အခဲတွေ များစွာ ရင်ဆိုင်ရပေဦးမည်။
အိမ်ထောင်ရေးအေးချမ်းသာယာဖို့အတွက် အိမ်ရှင်မ၏ အဓိကတာဝန်ဖြစ်သည်ကို ကျွန်မနားလည်ပါသည်။ ဘာသာရေးကစပြီး အတွေးအမြင်ချင်း၊ ခံယူချက်ချင်း၊ သဘောထားချင်း အ၀ိုင်းနှင့် လေးထောင့်ပမာ ဖြစ်နေရပါသော အခြေအနေကို ပြေလည်အောင်ညှိယူဖို့ အရေးကြီးလာသည်။ သည်းခံခြင်းဖြင့် အောင်နိုင်မှုကို ရစေနိုင်ပါသည်။ မသိသူကို သိသူက ခွင့်လွှတ်ရမြဲဓမ္မတာ ဖြစ်ပါသည်။ ကျွန်မကပင် စတင်၍ မိန်းမတစ်ယောက်၏ အတ္တမာနကို ခွာချရပါတော့သည်။
သက်ပြင်းခပ်မျှဉ်းမျှဉ်းချပြီး သူ့အပါးမှ လေးတွဲ့စွာထလာကာ ပြတင်းပေါက်မှာ ရပ်သည်။ ညသည် နက်ရှိုင်းစွာပင် မည်းမှောင်လျက် လေပြင်းတွေ တိုက်နေသည်။
လပြည့်ညဖြစ်ပါလျက် ရွှန်းရွှန်းပပ မသာနိုင်။ မိုးများသာ အငြိုးတကြီးဖြင့် သဲသဲမဲမဲ ရွာနေသည်။
တင်းမာခြင်းလည်းမမည်၊ လျော့လွန်းသည်လည်း မဟုတ်ပါဘဲ ပုံမှန် အနေအထားဖြင့် ရက်အတော်ကြာ ဘာသိဘာသာနေခဲ့ပါသည်။
နှစ်ကိုယ်ကြည်ဖြူ ကလူကျီစယ် ပြုံးရယ်ရွှင်ပျခြင်း ကင်းမဲ့စွာ နှစ်ဦးသားကြားဝယ် ပကတိ တိတ်ဆိတ်ငြိမ်သက်စွာ နေ့တို့ကို ကျော်လွန်စေသည်။
ဤလိုဆိုတော့လည်း သူ မနေတတ်ပြန်။
“ကိုယ်မှားသွားတယ် ဥတ္တရာ။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို မင်းကို အနိုင်ကျင့်တဲ့ပုံစံမျိုး သက်ရောက်သွားတယ်”
သူ့အမှားကို ပြန်လည်ဝန်ခံစကား ပြောကြားလာပါသည်။ လက်ညှိုးညွှန်သမျှ လိုတရနိုင်သည့် သူဋ္ဌေးသားမို့ အတ္တလွန်ကဲနေသည်မှာ သဘာဝကျပါ၏။ ကိုယ့်ရှုထောင့်က မမြင်ဘဲ သူ့နေရက ၀င်ကြည့်ပေးခြင်းဖြင့် ခွင့်လွှတ်တတ်သည့်စိတ် မွေးမြူရပေသည်။
“ဇနီးတစ်ယောက်အနေနဲ့ ခင်ပွန်းသည် ဖြစ်ချင်တာတွေ ဆောင်ရွက်ပေးရမယ့် ၀တ္တရားကို ကျွန်မသဘောပေါက်ပါတယ်။ ဒါပေမယ့် အရက်တိုက်ခိုင်းတဲ့ကိစ္စမှာတော့ ဘယ်လိုမှ မဖြစ်နိုင်လို့ပါ။ ကျွန်မတို့ ဗုဒ္ဓဘာသာမှာ အရက်သောက်တာဟာ မကောင်းမှု အကုသိုလ်ကံပဲ”
 “ဘာ… ဘယ်လို”
အံ့သြတကြီး နားမလည်စွာ သူကျွန်မကို ကြည့်လာသည်။ ဤအချက်သည် ဘာသာရေးနှင့် ဆက်နွယ်နေသောကြောင့် သူ့အား စိတ်ရှည်လက်ရှည် ရှင်းပြချင်မိပါသည်။
 “ဘာဆိုင်လဲ… စိတ်ပျော်အောင် သောက်တာပဲ”
သူ့ဘာသာ ရေရွတ်သလို ဆိုပြန်သည်။
 “အရက်ဟာ မူးယစ်စေတယ် မဟုတ်လား။ မူးနေရင် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိဘူး။ မောဟဖုံးပြီး အကုသိုလ်အမှုတွေကို ပြုရဲလာတယ်။ မကောင်းမှုကို ကျူးလွန်ရအောင် အရက်က ပံ့ပိုးပေးတယ်။ သတ္တိမွေးပေးတယ်”
 “ဒါ မဖြစ်နိုင်ဘူး။ ကိုယ့်ဘာသာ အိမ်မှာ သောက်တာပဲ။ ဘယ်သူ့မှ မဟုတ်တာ မလုပ်ခဲ့ပါလား။ ပြီးတော့ မင်းသောက်တာလဲ မဟုတ်ဘူး။ ကိုယ်သောက်တာပဲ။ ဘာလို့ မင်းက မတိုက်နိုင်ရတာလဲ”
မကျေနပ်မှု အစွန်းအစလေးများ ပြူထွက်လာပြန်သည်။ လူတစ်ဦး၏ စရိုက်ကို သိလာလေ ခွင့်လွှတ်နိုင်စိတ် မွေးလာနိုင်လေ ဖြစ်စေရမယ်။ ဤတစ်ကြိမ်တွင်မူ မသိနားမလည်သော ကလေးသူငယ်လိုမြင်ပြီး ကရုဏာစိတ်ဖြင့် ယဲ့ယဲ့ကလေး ပြုံးမိရပါသည်။
 “လူသားတွေ အမှန်တကယ် ကျင့်သုံးရမယ့် ဗုဒ္ဓရဲ့ ဥပဒေ ငါးချက်ကို ကျွန်မတို့မိသားစုဟာ အသက်နဲ့လဲပြီး စောင့်ရှောက်ဆောက်တည်ခဲ့ကြလို့ပဲ”
 “ဗုဒ္ဓရဲ့ ဥပေဒငါးချက်ဆိုတာ ဘာလဲ”
 “သူတစ်ပါးအသက်ကို မသတ်ရဘူး။ သူတစ်ပါး ဥစ္စာကို မခိုးရဘူး။ သူတစ်ပါး အိမ်ရာကို မပြစ်မှား မကျူးလွန်ရဘူး။ လိမ်လည်တဲ့စကား မပြောရဘူး။ မူးယစ်စေတတ်တဲ့ သေရည်သေရက်ကို မသောက်ရဘူး။ အဲဒီငါးချက်ကို မိမိကိုယ်တိုင်လဲ မလုပ်ရ။ သူတစ်ပါးကိုလဲ လုပ်မခိုင်းရ။ လုပ်တာကိုလဲ အားမပေးရ။ ၀မ်းလဲမသာရလို့ ဗုဒ္ဓက တားမြစ်ထားပါတယ်။ ဗုဒ္ဓရဲ့ ဥပဒေကို မလိုက်နာသူဟာ အပါယ်ကျမှာပဲ”
 “မင်းတို့ဗုဒ္ဓက ဦးပြည်းရဟန်းတွေကို စည်းကမ်းသတ်မှတ်ရုံနဲ့ အားမရနိုင်ဘဲ လူတွေကိုလဲ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရနဲ့ လိုက်ချုပ်ချယ်နေတာပဲလား”
နဖူးကိုတွန့်ပြီး မျက်မှောင်ကြုတ်ကာ မကျေမနပ်ဆိုသည်။
 “ဒီလိုမပြောနဲ့ ကိုနန္ဒ၊ ဗုဒ္ဓက ချုပ်ချယ်နေတာ မဟုတ်ဘူး။ လူသားတွေကို ရင်ဝယ်သားလို သနားကရုဏာ ကြီးတော်မူလွန်းလို့ မကောင်းတာ မလုပ်ဖို့နဲ့ ကောင်းတာကိုသာ လုပ်ကြဖို့ အမြဲလမ်းညွှန်တိုက်တွန်းနေတာပါ”
သူဘာမျှ ပြန်မပြောဘဲ ဆိတ်ငြိမ်နေသည်။ အခြေအနေကို အကဲခတ်လျက် ကျွန်မပြောချင်နေသည့် စကားများကို စတင်လိုက်ပါသည်။
 “ကျွန်မတို့ မိသားစုဟာ ဗုဒ္ဓဘာသာဝင်တွေမှန်း ရှင်သိပါတယ်။ အယူဝါဒချင်းမတူဘဲနဲ့ ရှင်ကျွန်မကို ဘာလို့ လက်ထပ်ခဲ့တာလဲ…”
ကျွန်မ၏ အမေးစကားကြောင့် အသံထွက်အောင်ပင် သူရယ်မောလိုက်ပါသည်။ ကျွန်မကို စိုက်ကြည့်လာသော သူ့မျက်ဝန်းများက တောက်ပရွှန်းလက်နေသည်။
 “မင်းကို မြတ်နိုးလို့ပေါ့ ဥတ္တရာ”
ကျွန်မ ပြုံးယောင်ယောင်ပြုကာ ဒုတိယမေးခွန်းကို ထပ်၍ တစ်ဖန် မေးပြန်သည်။
 “ဒီလိုဆိုရင် ရှင်မြတ်နိုးလို့ ယူခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ စိတ်ချမ်းသာမှုကို ဖန်တီးမပေးသင့်ဘူးလား”
 “မင်း ဘာလိုချင်လို့လဲ။ အ၀တ်အစားလား၊ အဆင်တန်ဆာလား၊ အခြွေအရံလား၊ ပြောလေ မင်းလိုချင်တာထက် နှစ်ဆတက်ပြီး ပေးနိုင်တယ်”
ဤတစ်ကြိမ်မှာတော့ မထီမဲ့မြင်ပြုသလို ခပ်သောသောရယ်မောလိုက်သူက ကျွန်မပါ။ လောကမှာ ရုပ်ဝတ္ထုပစ္စည်းတွေသာ အလိုဆန္ဒပြည့်စေနိုင်သည်ဟု ထင်ကြသော ရုပ်ဝါဒသမားတွေက များပါသည်။ ရုပ်ဝတ္ထုပစ္စည်းဟူသည် လူတို့အတွက် ပဓာနလား သာမညလားဆိုသည့် အချက်လောက်ကိုပင် ကွဲကွဲပြားပြား အမှန်အမှား မခွဲခြားနိုင်ကြပါလား။ ရုပ်ပိုင်းဆိုင်ရာ တန်ဖိုးထက် ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ တန်ဖိုးကို ပိုမိုမြတ်နိုးတတ်လျှင် အဘယ်မျှကောင်းလိုက်ပါမည်နည်း။
 “ရှင်ပြောတာတွေ ကျွန်မ ဘာလုပ်မှာလဲ။ ကျွန်မလိုချင်တာက ငါဟာ ခင်ပွန်းသည်ပဲဆိုပြီး ဇနီးရဲ့ လွတ်လပ်ခွင့်ကို အမိန့်အာဏာသုံးပြီး မပိတ်ပင်ဖို့ပဲ…”
 “မင်းကို ဘာပိတ်ပင်လို့လဲ…”
အနည်းငယ်တည်သွားသောမျက်နှာဖြင့် ကျွန်မလက်ကို ဖျတ်ခနဲဆွဲယူကာ မေးမြန်းလာသည်။
“မလုပ်ချင်တာတွေကို အတင်းလုပ်ခိုင်းတာတို့၊ လုပ်ချင်တာတွေကို လုပ်ခွင့်မပေးတာတို့…”
သူဆုပ်ကိုင်ထားသော ကျွန်မလက်ကို နာကျင်လာစေသည်။ သူ၏ မကျေနပ်မှုအတွင်းအားသည် လက်ပေါ်နှိုက် ကျရောက်စေလေသည်။
 “အေးလေ… မင်း မလုပ်ချင်တာကို အတင်းမခိုင်းပါဘူး။ အမိန့်လဲ မပေးပါဘူး။ အာဏာလဲ မသုံးပါဘူးတဲ့။ ကျေနပ်ပြီလား။ မင်းလုပ်ချင်တာတွေက ဘာလဲ”
သူလိုက်လိုက်လျောလျော ရှိလာပြီဟု စိတ်ထဲမှ ၀မ်းမြောက်ဝမ်းသာ ရှိရသည်။ ကျွန်မလုပ်ချင်သည့်အမှုကို သူခွင့်ပြုနိုင်ဖို့၊ အင်း… စွန်းစားကြည့်ရသေးတာပေါ့လေ… ဟု ဘာသာကျိတ်လျက် ပင့်သက်ဖြာမိပါ၏။
 “ပြောလေ… မင်းဘာတွေ လုပ်ချင်နေသလဲ”
 “ဗုဒ္ဓတရားချီးမြှင့်တဲ့ နေရာတိုင်းကို သွားချင်တယ်။ ဗုဒ္ဓနဲ့ သာဝကတွေကို ပင့်ဖိတ်ပြီး အိမ်မှာ ဆွမ်းကပ်လှူချင်တယ်။ ပြီးတော့ တရားနာချင်တယ်”
ကျွန်မတောင်းဆိုချက်များကြောင့် သူမျက်နှာနီမြန်းသွားကာ ထိုင်ရာမှ ဆတ်ခနဲ ထရပ်လိုက်ပါသည်။
 “ဘယ်ဂုဏ်သရေရှိ အမျိုးကောင်းသမီးမှ လမ်းပေါ်ထင်ရာ လျှောက်သွားမနေကြဘူး ဥတ္တရာ။ မင်းလုပ်ချင်သလို လုပ်ဖို့ ကိုယ်မျက်ကွယ်မပြုနိုင်ဘူး။ ပြီးတော့ မင်းတောင်းဆိုချက်တွေအားလုံး ဗုဒ္ဓအတွက်ချည်းပါလား။ ကိုယ်မိန်းမယူတာ တခြားယောက်ျားတွေကို အလုပ်အကျွေးပြုဖို့ မဟုတ်ဘူး။ အချိန်တိုင်းမှာ မင်းဟာ ကိုယ့်အတွက်ပဲ ဖြစ်ရမယ်”
မိစ္ဆာဒိဋ္ဌိယောက်ျားတစ်ယောက်ကို လက်ထပ်မိသည့် ရလာဒ်ကား ဤမျှသာ ဖြစ်ချေသည်။ ရတနာသုံးပါးကို ကြည်ညိုမြတ်နိုးဆည်းကပ် ကိုးကွယ်ခွင့် ဆုံးရှုံးရတော့မည်လားဟူသော အတွေးဝင်လာမိသည့်ခဏ ကြီးစွာ တုန်လှုပ်သွားရပါသည်။
ညောင်စောင်းပေါ်ထိုင်နေလျက် မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ပြီး ဒူးပေါ်မှောက်ချလိုက်ပါသည်။ မွန်းကျပ်နေသည့်စိတ်များ အမှောင်ထဲမှာ စမ်းတ၀ါးဝါးဖြစ်နေသည်။ အခွင့်အရေးရဖို့အတွက် အသက်နှင့်ပင် လဲပစ်လိုက်ချင်သည်။
အိမ်ထောင်ပြုခြင်းသည် မိန်းမတစ်ယောက်၏ ကိုယ်ပိုင်လွတ်လပ်မှုနှင့် အခွင့်အရေးဆုံးရှုံးခြင်းမျှသာ ပါကလား။
--------------------------------------------------------------------------
“ကိုယ့်အဖြစ်ကတော့ ဒါပါပဲ သီရိမာ”
သူမသည် မျက်တောင်လေးမှေးစင်းပြီး စိတ်ဝင်တစားရှိနေရာမှ စကားအဆုံးတွင် ကျွန်မတူရူသို့ မျက်နှာမူလိုက်သည်။
အထုနှင့်အထည်နှင့် လေးလံတင်းကျပ်နေသော ရင်ထဲမှခံစားချက်များ အနည်းငယ် လျော့ပါးသလိုဖြစ်ရပြီး မျက်နှာချင်းဆိုင် မလှမ်းမကမ်းမှာ ထိုင်နေသည့် သီရိမာထံမှ ပျံ့လွင့်လာသော စံပယ်ဆီနံ့သင်းသင်းတို့ကြောင့် နှလုံးကြည်မွေ့ ချမ်းမြေ့သွားရပါသည်။
 “သီရိမာဆီလာရတဲ့ အကြောင်းကတော့ အဲဒီကိစ္စအတွက် အကူအညီတောင်းချင်လို့ပါပဲ”
သူမအကြည့်သည် ပိုမိုစူးရှ တောက်ပြောင်လာသည်ဟု ထင်မိသည်။
 “သီရိက ဘယ်လိုများ ကူညီရမှာပါလိမ့်”
ဆည်းလည်းသံလေးက သာယာချိုမြိန်လှသည်။ အသံသာယာသည်မျှသာ မဟုတ်သေး။ တစ်ခါကြည့်ရုံမျှဖြင့် ငေးမိချင်စရာ။ အသားအရေ၀ါဝင်းနုညက်လျက် လက်ပေါ်မှ မွေးညင်းလေးများပင် ရွှေရောင်ထနေသည်။ ပါးနှင့်လည်တိုင်ပေါ်မှ အကြောစိမ်းစိမ်းလေးများ ထင်နေပုံမှာ ထိရက်စရာပင် မရှိ။
သုံးရက်လ ခုံးမျက်စအောက်မှ နက်မှောင်သောမျက်ဝန်း၊ ကော့ညွတ်သော မျက်တောင်တို့ဖြင့် ဆွဲဆောင်အားကောင်းလှသည့် သူမ၏ ညှို့မျက်လုံးများသည် မျက်တောင်တစ်ကြိမ်ခတ်ပြရုံမျှ ပုရိသတို့ မူးမေ့နိုင်လောက်ပါ၏။
နှာတံသည် သူမ၏မျက်နှာပေါ်တွင် ဖြောင့်စင်းလှပစွာ နေရာယူထား၏။ ဆေးမကူရပါဘဲ ပကတိရဲနေသည့် သူမ၏နှုတ်ခမ်းလွှာ နှင်းဆီဖူးကလေးက ငုံထားချင်စရာ။ ပြုံးရယ်လိုက်သောအခါ ဖွေးခနဲလက်သွားတတ်သည့် သွားတန်းကလေးက ပုလဲလုံးကလေးများ စီထားသလိုပဲ။
ရှိုက်ဖိုကြီးငယ် အသွယ်သွယ်တို့ဖြင့် ကောင်းခြင်းငါးဖြာ ပြည့်စုံပါသော သူမအား အလှအပကို သိပ်မခံစားတ်သည့် ကျွန်မပင် မိန်းမသားချင်း ဖြစ်ပါလျက် ယစ်မူးမိသေးလျှင်…
 “ကိုယ့်တို့အိမ်ကိုလိုက်ပြီး ကိုယ့်ကိုယ်စား ဆယ့်ငါးရက်လောက် သူ့အလိုကျပြုစုပေးဖို့ပါ”
ရင့်သီးရိုင်းပျသော စကားမျိုး မသုံးမိအောင် အထူးဆင်ခြင်၍ ပြောရပါသည်။
ပြည့်တန်ဆာမဆိုသော်လည်း စားရမဲ့ ၀တ်ရမဲ့ဘ၀မို့ ဆင်းရဲလွန်းလို့ ရမိရရာ မကောင်းမှုကို ဇွတ်မှိတ်လုပ်နေသည့် မိန်းကလေးမျိုး မဟုတ်ချေ။
နေထိုင်ဝတ်စားမှုကအစ အိမ်ထောင်ပရိဘောဂ အခမ်းနားအဆုံး အားလုံးအထက်တန်းချည်း။ တိုင်းပြည်သာယာသည့် လက္ခဏာအဖြစ် ပြည့်ရှင်မင်းကိုယ်တိုင် ရွေးချယ်ခဲ့သော ရာဇဂြိုလ်၏ အလှမယ်။
သူမထံသွားလာဆက်ဆံနေသူတို့မှာ အညတရ အသေးအနုပ်များ မဟုတ်ကြ။ မင်းညီမင်းသား၊ မှူးမတ်များ၊ အောင်ပွဲရစစ်သူကြီးများ၊ တိုင်းတစ်ပါးတို့မှ ဧည့်သည်တော်များ၊ အနိမ့်ဆုံး သူဋ္ဌေးသူကြွယ်များအထိ ပါဝင်သည်။
ဤလို အဆင့်မြင့်ပြည့်တန်ဆာမကို အိမ်ခေါ်သုံးရမည့် အခြေအနေမို့ ကျွန်မဘက်က သူမအပေါ် အခွင့်အရေး ယူလွန်းရာကျနေမလားဟု စိုးရိမ်စိတ် ၀င်မိပြန်ပါသည်။
 “အငှားမယား လုပ်ပေးရမယ် ဆိုပါတော့… ဟုတ်လား”
ပုလဲလုံးလေးတွေ ဖွေးဖွေးလက်သွားသည်အထိ သူမ ခပ်ညင်းညင်းရယ်သည်။ လက်တစ်ဖက်က ကျန်လက်မောင်းကို အသာအယာ ပွတ်သပ်နေသည်။
 “ဒီလိုလဲ မဟုတ်ပါဘူးလေ”
အားနာလှစွာ ပျာပျာသလဲ ငြင်းဆိုလိုက်ရပါ၏။ သူမ၏ စကားက ကျွန်မလိုလားချက်နှင့် သဘောချင်း အတူတူဖြစ်သည်ကိုမူ ဘာသာပင် သိ၏။
 “ဘာထူးသလဲ ဒေါ်ဥတ္တရာ။ ဒီသဘောပဲ မဟုတ်လား။ ရှင်ဖြစ်စေချင်တဲ့ ပုံစံမျိုး သီရိတစ်ခါမှတော့ မလုပ်ဖူးဘူး။ အိမ်ကထွက်ပြီး တခြားမှာ ဆယ့်ငါးရက်တိတိတောင် နေရဖို့ဆိုတာ…”
သူမ၏စကားက ငြင်းပယ်လိုဟန်ငွေ့ငွေ့ ပါနေသည်လားဟု ရင်ပူသောကဖြင့် ထိတ်လန့်သွားမိပြန်သည်။ တံတွေး တစ်ချက်မျိုချလိုက်ပြီးမှ…
 “ကိုယ်ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ သီရိမာ။ သူ့ကို လက်ထပ်ခဲ့တာ နှစ်လခွဲရှိပါပြီ။ ဗုဒ္ဓနဲ့ သာဝကတွေကို လုံးဝဖူးမြင်ခွင့်မရဘဲ ထောင်ကျနေခဲ့တယ်။ အလှူလဲ မလုပ်ရ၊ တရားလဲ မနာရတော့ဘူး။ ခုဆိုရင် ၀ါတွင်းကုန်ဖို့ ဆယ့်ငါးရက်သာ ကျန်တော့တယ်လေ။ ကိုယ့်မှာ ကောင်းမှုကုသိုလ်ပြုခွင့်ရဖို့ သီရိကူညီမှ ဖြစ်တော့မှာ… မငြင်းလိုက်ပါနဲ့ကွယ်”
ပြုံးရယ်နေသော သူမ၏ နှုတ်ခမ်းနှစ်လွှာသည် ပြန်လည်စေ့သွားပြီး ကရုဏာမျက်ဝန်းများဖြင့် ကျွန်မထံ အကြည့်ရောက်လာသည်။
 “ကိုယ့်လင်သားကို တစ်ပါးမိန်းမနဲ့ ပျော်ပါးခွင့်ပြုနိုင်တဲ့ အမျိုးသမီးဆိုလို့ ဒေါ်ဥတ္တရာတစ်ယောက်သာ တွေ့ဖူးသေးတယ်။ အဲဒီလို သဘောထားကြီးနိုင်တဲ့ စိတ်ဓာတ်ကို သီရိလေးစားသွားပြီ။ ဒါနဲ့ နေပါဦး။ သီရိကိုချည်း လက်ခံဖို့ တိုက်တွန်းနေတာက ဒေါ်ဥတ္တရာရဲ့ အမျိုးသားကို ညှိပြီးပြီမို့လား”
 “ပြီးပါပြီ သီရိမာ။ သူသဘောတူ လက်ခံလို့သာ ခုလို ရဲရဲတင်းတင်း ခေါ်နိုင်တာပေါ့။ ကဲ… ဘာမှ မစဉ်းစားနေပါနဲ့ကွယ်။ ကိုယ်တို့ မိန်းမသားချင်း အကျဉ်းအကျပ်ထဲ ရောက်နေတာကို ကူညီတာလို့ သဘောထားပါ။ ဟောဒီမှာ တစ်သောင်းငါးထောင်၊ ကိုယ်ပေးတဲ့ဈေးနှုန်းမှန်ပါတယ်နော်။ အဲလို မေးမိတာကိုလဲ စိတ်မရှိပါနဲ့…”
ကျွန်မစားပွဲပေါ် တင်ပေးလိုက်သော ငွေထုပ်ကို သူမယောင်လို့ပင် မကြည့်ချေ။ ကျွန်မထံမှ အကြည့်ကိုလွှဲဖယ်၍ လေးလေးနက်နက် တွေးတွေးဆဆ ရှိနေပြန်သည်။ သူမ၏ နှုတ်ထွက်အဖြေကို ငံ့လင့်လျက် စိတ်လှုပ်ရှားနေမိပါသည်။
 “သီရိမာ ဘယ်တော့ လာရမှာလဲ”
ရင်ထဲမှ ဒိန်းခနဲမြည်ကာ ၀မ်းသာလုံးဆို့သွားပါ၏။ ကျွန်မအတွက် မျှော်လင့်ချက် အလင်းရောင်ခြည်တွေ ဖြာထွက်လာပြီလေ။
 “ခုလိုက်နိုင်ရင် ပိုကောင်းတာပေါ့ကွယ်”
 “အို… ချက်ချင်းကြီးတော့ လိုက်လို့ ဘယ်ဖြစ်ပါမလဲ။ ပြင်ရဆင်ရဦးမှာပေါ့။ မနက်ဖြန်ကျမှ သီရိရဲ့ ရထားနဲ့ ဘာသာလာခဲ့မယ်”
 “တကယ်လာမှာနော်…”
 စိတ်မချနိုင်လွန်းသောကြောင့် ကလေးဆန်သွားမှန်း ချက်ချင်းပင် ဘာသာရိပ်မိသည်။ ကျွန်မစကားကြောင့် မဲ့ပြုံးဖြင့် သူမ၏ နှုတ်ခမ်းအနည်းငယ် တွန့်သွား၏။
 “ပြည့်တန်ဆာအလုပ်ကိုလုပ်လို့ အထင်မသေးလိုက်ပါနဲ့။ မင်းမှာသစ္စာ၊ လူမှာကတိတဲ့။ သီရိမာ ကတိတစ်လုံးကို အင်မတန်တန်ဖိုးထားပါတယ်  ဒေါဥတ္တရာ။”
“အို… အထင်သေးလို့ မဟုတ်ရပါဘူးကွယ်။ ဗုဒ္ဓနဲ့ သာဝကရဟန်းတော်တွေကို ဆွမ်းကပ်ခွင့်ရချင်လွန်းလို့ ဆန္ဒစောပြီး ပြောမိတာပါ။ သီရိမာကို စိတ်အနှောင့်အယှက်ပေးမိရင် ခွင့်လွှတ်ပါ”
သူမစိတ်ဆိုးမှာစိုးပြီး ပျာပျာသလဲ တောင်းပန်ရပါသည်။ ပြီးတော့…
 “ခုလို ကူညီပေးဖို့ ကတိရတာ သိပ်ပြီး ကျေးဇူးတင်ပါတယ်ကွယ်”
ကျွန်မတို့နှစ်ဦး ပြိုင်တူမတ်တပ်ရပ်လိုက်ပါသည်။ ကျွန်မလှည့်ပြန်တော့မည်အပြုတွင်…
 “မလာမှာကို မပူနဲ့နော်… လာဖြစ်အောင် ဆက်ဆက်လာခဲ့မယ်။ သီရိကိုယ်တိုင်က ဒေါ်ဥတ္တရာရဲ့အလုပ်ကို စိတ်ဝင်စားမိလို့ပါ”
   သူမ၏ နောက်ဆုံးစကားသည် ကျွန်မအား များစွာအားတက်စေ၏။ အိမ်အပြန်ခရီးတွင် ကျွန်မတစ်ကိုယ်လုံး ပေါ့ပါးသွက်လက်နေသည်။
  ရထားပေါ်မှာ မျက်လုံးမှတ်ပြီး ထိုင်လျက်ပါလာစဉ် အာရုံထဲတွင် ဗုဒ္ဓကိုသာ တရေးရေးမြင်ယောင်နေပါ၏။
-----------------------------------------------------------------------
          “ဘယ်လိုလဲ သူတော်ကောင်းမကြီးရဲ့။ ခင်ဗျားရဲ့ယောက်ျားကို တခြားမိန်းမတစ်ယောက်လက်ထဲ ၀ကွက်အပ်ဖို့ အစီအစဉ်သွားလုပ်တာ အောင်မြင်ခဲ့ရဲ့လား”
အိမ်ပြန်ရောက်သည်နှင့် ကျွန်မအား ခပ်ထေ့ထ့စကားဆိုလာပါသည်။ ကျွန်မစိတ်မဆိုးပါ။ ဤအစီအစဉ်ကို လက်ခံသဘောတူလိုက်သည့် သူ့အားပင် ကျေးဇူးတင်မိရသေး၏။ သီရိမာကို တစ်နေ့တစ်ထောင်နှုန်းဖြင့် ဆယ့်ငါးရက်အတွက် အသပြာတစ်သောင်းငါးထောင် ပေးလိုက်ရသည်ကိုလည်း မနှမြောမိပါချေ။ ကိုနန္ဒအတွက် သီရိမာကိုခေါ်ဖို့ အကြံဥာဏ်ရော ငွေပါ ပို့ပေးလိုက်သည့်အဖေ့အား သတိရမိသည်။
အဖေအမေတို့ စီစဉ်သည့်အတိုင်း မိစ္ဆာဒိဋ္ဌိမသားစုအိမ်မှာ သွားနေရသည့် ကျွန်မ၏ အကျဉ်းအကျပ်အခက်အခဲများကို သိရသောအခါ ဘယ်လိုမှ စိတ်ကောင်းနိုင်ကြတော့မည်မဟုတ်။
အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးချက်မပိုင်လျှင် နောင်ပြင်နိုင်ခဲသည့်အမျိုး ဟူသောစကားကဲ့သို့ ကျွန်မအဖို့တော့ ပြင်၍မရနိုင်တော့ပြီ။ သွားမိသည့်လမ်းကို ဆက်လျှောက်ရုံသာ ရှိတော့၏။ စလယ်ဝင် ဖင်မမည်းခင်က ကွဲရသည့် အဖြစ်မျိုးကိုလည်း မလိုလားမိပါ။
 “ပြောပါဦး၊ ခင်ဗျားရဲ့ မဟာစီမံကိန်းကြီး အောင်မြင်ခဲ့ရဲ့လားဆိုတာ…”
 “အဆင်ပြေပါတယ် ကိုနန္ဒ”
 အပြင်မှ ပြန်လာသည့် အ၀တ်အစားများကို လဲလှယ်ပြီး စိတ်မောလူမောဖြင့် သလွန်ညောင်စောင်းမှာ ခဏလဲလျောင်းလိုက်ပါသည်။ ကျွန်မ၏နံဘေးတွင် သူလာထိုင်ပြီး
 “ဒါဖြင့် အပျော်မယားလေးနဲ့ ဆယ့်ငါးရက်လောက် နေရဦးမယ် ဆိုပါတော့…”
  ကျွန်မကို တမင်သက်သက် ကလိနေမှန်း သိသောကြောင့် ဘာမျှခွန်းတုံ့မပြန်ဘဲ ငြိမ်သက်တိတ်ဆိတ်စွာ နေမိပါသည်။
   “ဘယ်တော့ လာမှာတဲ့လဲ”
   “မနက်ဖြန်”
   “ဟုတ်လား… မင်းနဲ့ တစ်ပါတည်းခေါ်လာခဲ့တာ မဟုတ်ဘူး”
    ကျွန်မကို သူရွဲ့ပြောနေမှန်း သိနေသား။
သို့ပေမယ့် ရည်ရွယ်ချက်အောင်မြင်ရေးအတွက် အတတ်နိုင်ဆုံး သည်းခံဖို့ ဆုံးဖြတ်ခဲ့ပါ၏။ ကျွန်မတို့ နှစ်ဦးကြား တင်းမာမှုများ လျော့နိုင်သမျှ လျော့သွားအောင် သူ့အပေါ် မေတ္တာကောင်းစွာ ပွားပို့ခဲ့ပါသည်။ မေတ္တာဈာန်ကို ကျွန်မအများဆုံး ၀င်စားခဲ့သည်လေ။
 “အဖေ့ကို သွားပြောပြလိုက်ပါဦး”
  “ဒီလိုစကားမျိုး လူကြီးကို အသိပေးလို့ ကောင်းပါ့မလားဟင်”
 သူ့စကားကိုလိုက်နာဖို့ ကျွန်မ နောက်တွန်းနေမိသည်။ သီရိမာနှင့် စီစဉ်ခဲ့သည့်ကိစ္စမှာ ချွေးမအနေဖြင့် ယောက္ခမအားအသိပေးဖို့ မသင့်တော်တာလည်းအမှန်။ ကျွန်မအား အပြစ်တင်လာမှာလည်း စိုးရိမ်မိပါ၏။
 “ဘာလို့မကောင်းရမှာလဲ။ ဒီအိမ်မှာ သူအကြီးဆုံး မဟုတ်လား။ သူ့သားအတွက် ခင်ဗျားက မယားအစားရှာပေးတယ်ဆိုတဲ့အကြောင်း မပြောချင်လဲ ရှေ့မျက်နှာနောက်ထားပြီး ပြောရမှာပဲ။ ဘာလို့လဲဆိုတော့ သူ့အိမ်မှာ သူနဲ့ အယူဝါဒချင်းမတူတဲ့ ဦးပြည်းရဟန်းတွေကို ခင်ဗျားက ဆွမ်းကပ်ချင်နေတယ်မို့လား။ ကျုပ်ဆီက ပိုင်ဆိုင်သူရဲ့ ခွင့်ပြုချက်ရယူသလို ကျုပ်အဖေဆီကလဲ ပိုင်နက်ခွင့်ပြုချက် ယူရဦးမယ်လေ။ သဘောပေါက်ရဲ့လား”
  “ကဲ… ကဲ ပြောပါ့မယ် ကိုနန္ဒရယ်။ ခုတော့ ကျွန်မ နားပါရစေအုံးနော်…”
   တောင်းပန်သောစကား၊ တိုးလျှိုးသောအကြည့်ဖြင့် ဆိုသည်။ ထိုအခါ သူထရပ်လိုက်သည်။
  “နားချင်ရင် နားအုံးပေါ့”
  ဤမျှလောက် လိုက်လျောမှုလေးရထာသည်ပင် ကျေးဇူးတင်ဝမ်းမြောက်ရပါသည်။ ထွက်သွားသော သူ့ကျောပြင်ကို ငေးကြည့်လျက် သက်ပြင်းတစ်ချက် ချလိုက်မိပါ၏။ ခေါင်းအနောက်ခံပြီး ဘာကိုမှ မစဉ်းစားချင်တော့။
  မနက်ဖြန် သီရိမာလာလိမ့်မည် ဟူသော အသိတစ်ခုသာ ရင်ထဲမှာ ကျန်သည်။
 မှေးစင်းလာသော မျက်တောင်များအောက်မှ မျက်လုံးများ ဖြည်းညင်းစွာ မှိတ်လိုက်သည့်ခဏ အိပ်ပျော်ခြင်းသို့ ရောက်သွား၏။
တဒင်္ဂ၏ ငြိမ်သက်လွတ်မြောက်ခြင်းသို့…။
----------------------------------------------------------------------
သီရိမာ ကျွန်မတို့အိမ်သို့ ရောက်လာသည့်နေ့မှစ၍ ကိုနန္ဒ၏ အကျဉ်းသားအဖြစ်မှ ခေတ္တလွတ်မြောက်ခွင့်ရခဲ့သည်။ အနှောင့်အဖွဲ့ကြားမှာ ကျဉ်းကျပ်စွာနေခဲ့ရဖူးပြီမို့ လွတ်လပ်မှု၏အရသာကို ပိုမိုခံစားသိရှိရပါသည်။
ဗုဒ္ဓ၀ါဒအရ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ပွားများလျှင် တဏှာ၊ မာန၊ ဒိဋ္ဌိ လျော့နည်းလာမည်။ တဏှာ၊ မာန၊ ဒိဋ္ဌိ လျော့နည်းသည်နှင့်အမျှ ပိုင်ဆိုင်လိုမှု၊ သိမ်းပိုက်ထားလိုမှု စသော အလိုရမ္မက်များ နည်းပါးသွားမည်။ ထိုအခါ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားတွေ ပွားစည်လာပြီး လောကနှိုက် စစ်မှန်သောချမ်းသာခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို ရရှိလေသည်။ စစ်မှန်သော ချမ်းသာမှုကို ကုသိုလ်စိတ်ဖြင့်သာ ရနိုင်၏။ အကုသိုလ်စိတ်ဖြင့် ရရိုးထုံးစံမရှိ။
ဆယ့်ငါးရက်တိုင်တိုင် အလှူကြီးပေးလျက် ဗုဒ္ဓ၏ တရားတော်များကို နာကြားရသဖြင့် စိတ်ကြည်လင်ချမ်းမြေ့မှုကို ပြည့်ပြည့်၀၀ခံစားရပါ၏။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဟူသော အခြေခံ မေတ္တာစိတ်ကို ပိုမိုပွားများနိုင်လာသည်။ အထူးသဖြင့် မေတ္တာဈာန်ဝင်စားခြင်းဖြင့် ငြိမ်းအေးမှုအစဉ်ကို ရယူခဲ့ပါသည်။
 “သခင်မရဲ့ ကျေးဇူးကြောင့် ဗုဒ္ဓရဲ့တရားတော်ကို နာကြားရပြီး လမ်းကောင်းလမ်းမှန်ကို ရောက်ခဲ့ရတာပဲနော်”
 “ဟုတ်တယ်။ သခင်မကျေးဇူးကိုတော့ ဆပ်လို့ကုန်နိုင်မှာ မဟုတ်ဘူး”
 “သီရိမာဆိုတဲ့ ပြည့်တန်ဆာမလေ… ငါဖြင့် အကဲခတ်ကြည့်ရတာ သခင်လေးနဲ့ တတွဲတွဲလုပ်ပြီး သူ့ကိုယ်သူ သခင်မမှတ်နေပြီလား မသိဘူး။ သခင်ကလေးကိုလဲ ကြိုက်နေပုံရတယ်”
  “တိုးတိုးပြောစမ်းပါဟဲ့… သခင်မကြားသွားပြီး စိတ်မကောင်း ဖြစ်နေပါဦးမယ်”
  “ရွှတ်… ဟိုမှာ သခင်လေး အိမ်ပေါ်ထပ်က ပြတင်းပေါက်မှာ ရပ်နေတယ်”
 အစေခံများ၏ တီးတိုးစကားကို အတိုင်းသား ကြားနေရပါသည်။ သူတို့ပြောကြသည့်အတိုင်း အိမ်ပေါ်ပြတင်းပေါက်ကို ကြည့်မိလျက်သား ဖြစ်သွား၏။ သူ ကျွန်မအား သရော်သလို ပြုံးကြည့်နေသည်။ သူ့စိတ်ကူးနှင့်သူ ဘယ်လိုရှိရှိ ကျွန်မဘက်ကတော့ သူ့ကို အမှန်ပင် သနားမိပါသည်။
ကိလေသာ တဏှာတည်းဟူသော ကာမဂုဏ်အာရုံကို ခံစားပြီး လောကစည်းစိမ်ကို ချမ်းသာအစစ်ဟု မြင်ကာ တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှား ဖြစ်နေခဲ့ပေပြီ။ ဘ၀အတွက် တန်ဖိုးအရှိဆုံး ကောင်းမှုကုသိုလ်များ ကျွန်မပြုနေချိန်တွင် သူကမူ မိန်းမတစ်ယောက်ကို ရင်ခွင်မှာထားပြီးတော့ အမိုက်မှောင်ဖုံးနေခဲ့သည်။ တိတ္ထိကိုဆရာထား အယူမှားမှုကြောင့် ဗုဒ္ဓကိုယ်တော်တိုင် အိမ်ပေါ်သို့ ကြွရောက်တရားချီးမြှောက်ပါသော်လည်း သူ့အတွက်တော့ နီးလျက်ဖြင့် ဝေးနေရပြီလားဟု ကရုဏာကြီးစွာ သက်ရပါ၏။
ကိုနန္ဒအိမ်ထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားပြီး မရှေးမနှောင်းပင် သီရိမာ ပြတင်းပေါက်သို့ ရောက်လာပြန်သည်။ ကျွန်မထံ လှမ်းကြည့်သော သူမ၏မျက်နှာထားကား မလိုတမာ မနှစ်မြို့မှု များလှသည်ထင်၏။
သူမ၏အတွင်းသဏ္ဍာန်သည် သူမ၏မျက်နှာပေါ်မှာ ထင်ဟပ်နေချေသည်။ အစေခံများ စောစောကပြောနေကြသကဲ့သို့ ဆယ့်ငါးရက်တာကာလ သူမ၏ဘ၀ကို မေ့လျော့သွားပြီထင်ပါသည်။ ကိုနန္ဒနှင့်တကွ စည်းစိမ်ဥစ္စာတို့ကို ပိုင်ဆိုင်လိုခြင်း လောဘတဏှာသည် သူမ၏ရင်တွင်းသို့ ၀င်ရောက်ကာ ပြင်းထန်စွာ မွှေနှောက်နေပြီ ဖြစ်ပေသည်။
ဘယ်လိုပင်ရှိရှိ သူမ၏ကျေးဇူးကား ကြီးမားလှပါသည်။ သူမကို အကြောင်းပြုလျက် လွတ်လပ်မှု၊ ချမ်းသာမှုတို့ ကို ခံစားခွင့် ရခဲ့သည်။ ဗုဒ္ဓနှင့် သာဝကတို့အားလည်း ဖူးတွေ့ကာ တရားနာကြားရသည်။ ဆွမ်းခဲဖွယ်၊ ဘောဇဉ်၊ ချိုချဉ်ရသာစုံတို့ကိုလည်း အမယ်မယ်အလှယ်လှယ် ပေးလှူနိုင်ခဲ့ပါသည်။ ကျွန်မအပေါ် တင်ရှိနေသာ သူမ၏ကျေးဇူးများကား ပမာပြဖွယ်မရှိ။ စကြ၀ဠာသည်ပင် သေးငယ်လှပါသေး၏။ အထက်ဗြဟ္မာဘုံပင်လည်း နိမ့်လှပါသေး၏။ ကြီးကျယ်မြင့်မြတ်လှသော ကျေးဇူးများပါတည်း။
သူမ ပြတင်းပေါက်မှ ပျောက်သွားပြီး နောက်တစ်ကြိမ်ပြန်ပေါ်လာသောအခါ သူမ၏လက်ထဲနှိုက် အငွေ့တထောင်းထောင်းထနေသော ခွက်တစ်ခုပါလာသည်ကို ချက်ချင်းတွေ့လိုက်ရပါသည်။ အကုသိုလ်အမှုကို ပြုအံ့ဆဲဆဲရှိသူ၏မျက်နှာကဲ့သို့ အလှအပ ကွယ်ပျောက်လျက် ကြောက်မက်ဖွယ် အသွင်ဆောင်နေသည်။
သူမသည် တဏှာမာနဒိဋ္ဌိ ဖုံးလွှမ်းနှိပ်စက်သဖြင့် ကျွန်မအပေါ် အန္တရာယ်ပြုလာသည် ဖြစ်အံ့။ သူမ၏ ကျေးဇူးများကို နှလုံးသွင်းလျက် သည်းခံခွင့်လွှတ်ခြင်းဖြင့်သာလျှင် မေတ္တာဖြန့်ကြက်ရတော့မည်။
သီရိမာ ဘေးရန်ခပ်သိမ်း ငြိမ်းပါစေ။
သောကခပ်သိမ်း ငြိမ်းပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းရပါစေ။
မေတ္တာဘာဝနာပွားမိသည်နှင့် တစ်ပြိုင်နက် ၀သီဘော်အခါခါ ၀င်စားပြီးဖြစ်သောကြောင့် သုခဧကဂ္ဂတာနှင့် ပြည့်စုံသော မေတ္တာဈာန်နှိုက် တည်လေ၏။
အေးမြသောသီတာရေစင်သည် ကျွန်မဦးခေါင်းပေါ်သို့ သွန်းဖြန်းစီးကျလာသလို ခံစားရခိုက်…
“သခင်မ.. သခင်မ ဘာဖြစ်သွားသေးလဲ”
စူးစူးရှရှအော်သံကြောင့် ပတ်ဝန်းကျင်ကို သတိထားလိုက်မိသောအခါ အခြေအနေတွေ ရုတ်ရုတ်သဲသဲ။ အစေခံတစ်စု ရိုက်နှက်ဆွဲခေါ်လာသော သီရိမာ။ ကိုနန္ဒကလည်း ကျွန်မထံသို့ အပြေးအလွှား…
 “ဥတ္တရာ မင်းဘာဖြစ်သွားသေးလဲ…”
 “ကျွန်မ ဘာမှမဖြစ်ပါလား ကိုနန္ဒ။ မြင်တဲ့အတိုင်းပါပဲ”
  “မဟုတ်ဘူး သခင်မ၊ ဒီမိန်းမ သခင်မခေါင်းပေါ်ကို ထောပတ် ဆီပူနဲ့ လောင်းချတာ။ ယုတ်မာလွန်းလို့ ကျွန်မတို့ ၀ိုင်းရိုက်ပုတ်ထားတယ်။ ဒီလောက် စိတ်ကောင်းရှိတဲ့ တို့သခင်မကို လုပ်ရက်လိုက်တာ။ သတ်တောင် ပစ်ချင်တယ်”
  ကိုနန္ဒအမေး၊ ကျွန်မ၏အဖြေ၊ အစေခံ၏စကား ကျွတ်ကျွတ်ညံသွားပါ၏။ သူတို့စကားကြောင့် သီရိမာထံ အလျင်အမြန် ချဉ်းကပ်သွားပါသည်။
  “အို… မင်းတို့ ရက်စက်လိုက်ကြတာကွယ်။ သူ့ခမျာ တော်တော်နာသွားရှာမှာပေါ့။ သူ့ကို စိတ်မဆိုးကြပါနဲ့ သူဟာ သခင်မရဲ့ ကျေးဇူးရှင်ပါ။ သူ့ကျေးဇူးကြောင့် သခင်မတို့ ဗုဒ္ဓကို ဖူးရတွေ့ရ တရားနာကြရ လှူဒါန်းကြရတယ် မဟုတ်လား။ သူတစ်ပါးရဲ့ ကျေးဇူးဆိုရင် မုန်ညင်းစေ့လောက်လေး ရှိပေမယ့် မြင်းမိုရ်တောင်လို သဘောထားရတယ်ကွယ့်။ သွား… သွား… ဆေးသွားယူကြ၊ သီရိမာကို ဆေးထည့်ပေးရအောင်”
 သီရိမာကား မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကာ တရှုံ့ရှံ့ငိုနေသည်။
  “မငိုပါနဲ့ သီရိမာ။ အမှားဆိုတာ လူတိုင်းကျူးလွန်မိတတ်စမြဲပါ။ နောက်ထပ်မမှားအောင်သာ ရှေ့လျှောက်ကြိုးစားပြီး နေတတ်ဖို့၊ နေနိုင်ဖို့ အရေးကြီးပါတယ်။ အမှားတွေ ကျူးလွန်ပြီး အကုသိုလ်ကံဖြစ်အောင် ကြံဆောင်နေတာက လောဘတဏှာလေ။”
  သူမ၏ နဖူးပေါ်ဝဲကျနေသော ဆံယဉ်ဆံနုကလေးများကို တယုတယ ပွတ်သပ်သိမ်တင်ပေးလျက် ချော့မော့နှစ်သိမ့်ရပါသည်။ သူမ၏ ရှိုက်သံမှာ ပိုမိုကျယ်လောင်လာပါ၏။ မိန်းမသားနှစ်ဦးကြား ကိုနန္ဒ အနေခက်စွာ ထွက်ခွာသွားပြီမို့ တော်ပါသေး၏။
   “သီရိရဲ့ ယုတ်မာတဲ့စိတ်ထားနဲ့ ဆိုးသွမ်းတဲ့ အမူအကျင့်တွေကို ခွင့်လွှတ်နိုင်သေးရဲ့လား ဒေါ်ဥတ္တရာရယ်”
   ရှိုက်သံ ဗလုံးဗထွေးဖြင့် မေးလာသော သူမအား မေတ္တာပြည့်ဝစွာ ပြုံးပြလိုက်ပါသည်။
   “ခွင့်လွှတ်ပြီး မေတ္တာထားလို့သာ ကိုယ်ဘာမှ မဖြစ်တာပေါ့။ ခွင့်မလွှတ်နိုင်လို့ ဒေါသစိတ်တွေ ၀င်နေရင် ထောပတ်ဆီပူတွေ ကိုယ့်တစ်ကိုယ်လုံး လောင်ကျွမ်းကုန်ပြီပေါ့ သီရိမာ”
   အစေခံများ ယူလာပေးသည့် ဆေးဝါးတို့ဖြင့် သူမ၏ကိုယ်ပေါ်မှ ဒဏ်ရာဒဏ်ချက်တွေကို လိမ်းကျံပြုစုပေးပါသည်။ ကျွန်မ၏ ကြင်နာယုယမှုကို ခံယူရင်း သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်တွေ ဖိတ်ယိုစီးကျလာသည်ကို တွေ့ရ၏။ လောကကြီးဝယ် လူသားအချင်းချင်း မေတ္တာ ကရုဏာ မုဒိတာတွေ ပွားနိုင်ကြမည်ဆိုလျှင် အဘယ်မျှ ချမ်းမြေ့ငြိမ်းချမ်းလိုက်မည်နည်း။
   “ဒေါ်ဥတ္တရာက ခွင့်လွှတ်နိုင်ပေမယ့် သီရိပြုမိတဲ့ မကောင်းမှုကံတွေက ချမ်းသာခွင့်ပေးပါ့မလား။ သီရိ ဘယ်လိုလုပ်ရမလဲဟင်”
  ကြောက်စရာကောင်းခဲ့သောမျက်နှာသည် ယခုတော့ သနားစဖွယ် ဖြစ်နေပြန်၏။ လူသားတို့၏ အပြောင်းအလဲ မြန်ဆန်သော စိတ်ထားကို များစွား သံဝေဂ ဖြစ်မိပါ၏
   “စိုးရိမ်သောက မဖြစ်ပါနဲ့ သီရိမာ။ ကိုယ်တို့မှာ အားကိုးဖို့ရာ ဗုဒ္ဓရှိတယ်လေ။ မင်းရဲ့စိတ် ငြိမ်းအေးချမ်းသာမှုအတွက် ဗုဒ္ဓက တရားအမြိုက်ဆေး တိုက်ကျွေးပါလိမ့်မယ်။ ဗုဒ္ဓကတော့ ပြိုင်ဘက်မရှိတဲ့ အထူးကုသမားတော်ကြီးပါပဲ”
    “သောကတွေ တကယ်ငြိမ်းသွားမှာလား”
     “သြော်… ကွယ်… သုံးလောကရဲ့… ဆရာတစ်ဆူဖြစ်တော်မူတဲ့ ဗုဒ္ဓပါ”
    သူမသည် ကျွန်မ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် အထပ်ထပ် နမ်းရှုပ်၏။ သူမ၏ရင်ထဲဝယ် ကျွန်မအပေါ် မည်မျှခင်မင်နှစ်လို ကြည်ညိုလေးစားကြောင်း ထုတ်ဖော်ဂါရ၀ပြုခြင်းပင် ဖြစ်ပါ၏။ ကျွန်မအား မော့ကြည့်လာသော မျက်ရည်ပြည့်လွှမ်းနေသည့် သူမ၏မျက်လုံးများသည် မည်မျှအားကိုးတကြီး ရှိနေကြောင်း ကောင်းစွာ ရိပ်မိလိုက်ပါသည်။
   အမှားကိုသိရှိ နောင်တရပြီး သူအား မေတ္တာများစွာနှင့် ခွင့်လွှတ်ခြင်းဖြင့် လမ်းမှန်သို့ ပို့ပေးရလိမ့်မည်။ ရန်ငြိုးအာဃာတ စသော မကောင်းမှုကံများကို အဘယ့်ကြောင့် ကိုယ်နှင့်မကွာ သိမ်းဆည်းထားပါတော့အံ့နည်း။
   ချစ်ခြင်း၊ မုန်းခြင်း၊ သည်းခံခြင်း၊ ဒေါသထွက်ခြင်း၊ ခွင့်လွှတ်ခြင်း၊ အနိုင်လိုခြင်း စသည့်အလုံးစုံသော ဝေဒနာ သင်္ခါရတရားတို့သည် ဖြစ်ပြီးလျှင် ပျက်စီးခြင်းသဘောသို့သာ သက်ရောက်ကြကုန်၏
   ဖြစ်ပြီးလျှင် ပျက်စီးခြင်းသဘောသို့သာ သက်ရောက်ကြကုန်၏
-------------------------------------------------------------------------
 “ချစ်သမီး ဥတ္တရာ၊ သီရိမာက ထောပတ်ဆီပူနဲ့ လောင်းတဲ့အခါမှာ ချစ်သမီး ဘယ်လိုစိတ်ထားမျိုးထားခဲ့သလဲ”
  “ဘုန်းတော်ကြီးမြတ်လှပါတဲ့ မြတ်စွာဘုရား… သီရိမာ ကူညီနေလို့သာ ဗုဒ္ဓနဲ့ သာဝကတွေကို ဖူးမြင်လှူဒါန်းမျှတန်းဝေငှ တရားနာရပါတယ်။ သီရိမာရဲ့ ကျေးဇူးဟာ အင်မတန်မှကို ကြီးလှပါရဲ့လို့ နှလုံးသွင်းပြီး မေတ္တာဈာန်ဝင်စားနေခဲ့ပါတယ်ဘုရား”
   ကျွန်မ၏ လျှောက်ထားချက်ကို ဗုဒ္ဓမြတ်စွာဘုရားက သာဓု အကြိမ်ကြိမ်ခေါ်တော်မူပါသည်။ ကျွန်မအားလည်း အမျိုးသမီးတို့တွင် ဈာန်ဝင်စားသောအရာနှိုက် အသာဆုံးအမြတ်ဆုံး ဧတဒဂ်ဘွဲ့ကို ချီးမြှင့်ပေးသနားတော်မူပါသည်။
  သီရိမာကား ဗုဒ္ဓ၏ မေတ္တာတရားကြီးမားသော ကရုဏာတော်ဖြင့် အရိယမဂ် ပထမဆင့်သို့ ခိုဝင်ဆိုက်ရောက်ခွင့် ရခဲ့ပါသည်။
  အမျက်မာန်ကြီးသူကို အမျက်မထားခြင့်ဖြင့် အောင်နိုင်ရာ၏။ ယုတ်သောသူကို သူတော်အကျင့်ဖြင့် အောင်နိုင်ရာ၏။
  ဗုဒ္ဓဆုံးမညွှန်ကြားတော်မူသည့် ထိုတရားတော်သည် ကျွန်မ၏ဘ၀တစ်သက် မပျောက်မပျက် နှလုံးသားမှာ တည်နေရစ်ခဲ့ပါသည်။
            ဤကမ္ဘာလောက၀ယ် မေတ္တာလက်နက်သည်သာ အစွမ်းအထက်ဆုံး ဖြစ်ပါ၏။ သူတစ်ပါးအပေါ် ပြုအပ်သည့် ကောင်းသောကာယကံ၊ ၀စီကံ၊ မနောကံ မှန်သမျှ မေတ္တာအခြေခံ မရပါဘဲ အဘယ်မှာလျှင် ပြီးမြောက်နိုင်ပါအံ့နည်း။
“မလေးငြိမ်” ရေးသားသော “အဆင့်မြင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ” စာအုပ်မှ ဓမ္မမိတ်ဆွေများအတွက် ဓမ္မဒါနအဖြစ် ရိုက်ကူးမျှဝေပါတယ်။
ခိုင်ခိုင်
No comments:
Post a Comment