အနောက်နိုင်ငံသားတွေ အမြဲပြောတယ်။
"ဒီမိုကရေစီအရည်အချင်းဆိုတာ ကျောင်းဘောလုံးပြိုင်ပွဲကနေလေ့ကျင့်ပေးလိုက်တာ"တဲ့။ ဒီလိုလေ့ကျင့်ပေးလိုက်တဲ့ ဒီမိုကရေစီအရည်အချင်းရဲ့ နံပါတ်တစ်အချက်က အရှုံးကိုဝန်ခံတဲ့အရည်အချင်းဖြစ်တယ်။ --- ရှုံးရဲတယ်၊ လှလှပပရှုံးဝံ့တယ်။
အမေရိကန်ရွေးကောက်ပွဲနှစ်တွေမှာ နိုင်ငံရေးသမားတို့ရဲ့ လူထုဟောပြောပွဲတွေကို ကြည့်ဖန်များရင် သူတို့ရဲ့စည်းကမ်းဥပဒေကို ဖော်ထုတ်တတ်လာတယ်။ ကိုယ့်ပါတီ၊ ကိုယ့်ပါတီဝင်ရဲ့ မူဝါဒသဘောထားတွေက ပြည်သူ့အပေါ်အကျိုးရှိစေမယ်ဆိုတာမျိုးကို ဆိုလိုတာမဟုတ်ဘူး.. တစ်ဘက်ပါတီရဲ့မူဝါဒက တိုင်းပြည်ကိုနစ်နာ၊ ပြည်သူကိုနစ်နာစေတယ်ဆိုတာတွေ ဖြစ်တယ်။ ဒါတွေက ကြားဖန်များရင် စိတ်ကုန်ဖို့ကောင်းလာတယ်။ ဒါပေမယ့် ဟောပြောပွဲတစ်ခုကိုတော့ အခွင့်ရရင်ရသလို ကျွန်တော်နားထောင်ဖြစ်၊ ကြည့်ဖြစ်တယ်။ အဲဒီဟောပြောပွဲက ရွေးကောက်ပွဲပြီးတဲ့နောက်တစ်ရက်မှာ ရွေးကောက်ပွဲရှုံးနိမ့်သွားသူရဲ့ အရှုံးကိုဝန်ခံတဲ့ဟောပြောပွဲဖြစ်တယ်။
ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ... ရှေ့တစ်ရက်ကပဲ ဒီသမ္မတအဖြစ်အရွေးခံမယ့်လူဟာ လူစုလူဝေးရှေ့မှာ စကားတွေ လေးလေးနက်နက် ပြတ်ပြတ်သားသားပြောလို့။ တစ်ဘက်လူထက် ကိုယ်ဘယ်လောက် တော်ကြောင်း၊ တတ်ကြောင်းတွေ။ အခုတော့ ပြည်သူပေးတဲ့မဲအရေအတွက်နဲ့ အဆုံးအဖြတ်ပေးတော့ စည်းမျဉ်းအတိုင်း ဒီရွေးကောက်ပွဲရှုံးသူဟာ ပြည်သူလူထုရှေ့မှာပဲ ရှုံးကြောင်းဝန်ခံရတယ်။ ဒီမျက်နှာ ဘယ်နားထားမလဲ၊ ဒီအရှုံးဝန်ခံတဲ့ဟောပြောပွဲကို ဘယ်လိုပြောရမလဲ။
အရှုံးကိုဝန်ခံတဲ့ဟောပြောပွဲက ဗီဒီယိုကင်မရာရှေ့မှာပြောရတယ်။ များသောအားဖြင့် စစချင်းတစ်ခွန်းမှာပြောတာက "ကျွန်တော်ခုနားကပဲ အရွေးခံရသူဆီ ဖုန်းဆက်ပြီး သူသမ္မတရွေးခံရတာကို ဝမ်းမြောက်ကြောင်း ဂါဝရပြုလိုက်ပါပြီ"။ စည်းမျဉ်းစည်းကမ်းအတိုင်း ရွေးကောက်ပွဲရှုံးသူက သူ့ကိုအားပေးထောက်ခံတဲ့ ပြည်သူလူထုတွေထံ "အခု... ကျွန်တော်တို့ရဲ့ပြိုင်ဘက်ပါတီက သမ္မတအဖြစ် ရွေးချယ်ခံလိုက်ရပါပြီ။ သူဟာ အမေရိကန်နိုင်ငံသားတို့ရဲ့ သမ္မတပါ၊ ကျွန်တော့်ရဲ့သမ္မတ၊ ခင်ဗျားတို့ရဲ့သမ္မတပါ"လို့ အယူခံဝင်ပါတယ်။
အရှုံးဝန်ခံဟောပြောပွဲက စည်းလုံးမှုရဲ့ဟောပြောပွဲဖြစ်တယ်။ ရှုံးနိမ့်သူရဲ့ တစ်နှစ်နီးပါးကာလအတွင်း လှုပ်ရှားလှုံ့ဆော်ခဲ့တဲ့ နောက်ဆုံးအကြိမ် ဟောပြောပွဲဖြစ်တယ်။ ပြိုင်ပွဲက အနိုင်အရှုံးရလဒ်ကို သိနေပြီ... ရှုံးတဲ့သူက ဒီနောက်ဆုံးအရှုံးဝန်ခံပွဲကို ကောင်းကောင်းသရုပ်ဆောင်ရပါတယ်။ အရှုံးကိုဝန်ခံတဲ့အရည်အချင်းဟာ နိုင်ငံရေးသမားအတွက် အရေးပါတဲ့အရာမို့ပါ။
ဒီမိုကရေစီနိုင်ငံရေးကို "မျှတတဲ့ကစားပွဲ"လို့ အမြဲတင်စားပါတယ်။ အိုလံပစ်အားကစားပြိုင်ပွဲအတိုင်း တန်းတူတဲ့စည်းမျဉ်းစည်းကမ်းအောက်မှာ ပြိုင်ပွဲဝင်ကြပါတယ်။ အနောက်နိုင်ငံသားတွေက "ဒီမိုကရေစီအရည်အချင်းဆိုတာ ကျောင်းဘောလုံးပြိုင်ပွဲကနေလေ့ကျင့်ပေးလိုက်တာ"လို့ အမြဲပြောတယ်။ ဒီလိုလေ့ကျင့်ပေးလိုက်တဲ့ ဒီမိုကရေစီအရည်အချင်းရဲ့ နံပါတ်တစ်အချက်က အရှုံးကိုဝန်ခံတဲ့အရည်အချင်းဖြစ်တယ်။ --- ရှုံးရဲတယ်၊ လှလှပပရှုံးဝံ့တယ်။
ဒါကြောင့် ရွေးကောက်ပွဲရှုံးသူရဲ့ အရှုံးဝန်ခံဟောပြောပွဲက အရေးပါပါတယ်။ စကားကို လှလှပပပြောသလား မပြောဘူးလား... ဒါဟာ စိတ်ပန်းလူပန်း သူအစွမ်းကုန်ကြိုးစားခဲ့တဲ့ ရွေးကောက်ပွဲမှာ သူ့အတွက် အကောင်းဆုံး အဆုံးသတ်ပုဒ်မတစ်ခုအဖြစ် သက်ရောက်သွားမှာဖြစ်တယ်။ ရွေးကောက်ပွဲမှာပါဝင်တဲ့ ပြည်သူလူထုအနေနဲ့က ဒီပွဲဟာ အရွေးမခံရသူမှာ ကျဉ်းမြောင်းတဲ့စိတ်၊ သဘောထားသေးသိမ်တဲ့စိတ်ရှိ မရှိ စမ်းသပ်တာပဲဖြစ်တယ်။ အရွေးမခံရသူမှာ ဒီမိုကရေစီနိုင်ငံရေးသမားတို့ ရှိအပ်တဲ့အရည်အချင်းရှိ မရှိ ဆန်းစစ်တာပဲဖြစ်တယ်။
အမေရိကန်သမ္မတအဖြစ် ဝင်ရောက်ရွေးချယ်မယ့်သူတွေဟာ ဒီသဘောထားကို နားလည်ထားကြတယ်။ ဒါကြောင့် ကံမကောင်းအကြောင်းမလှလို့ အရှုံးဝန်ခံတဲ့အရည်အချင်းကိုထုတ်ဖော်ပြသရတဲ့အခါ မျှော်လင့်ချက်မဲ့တဲ့အနေအထားကို ရောက်သွားသည့်တိုင် ရှိသမျှအင်အားနဲ့ စင်ပေါ်မှာ နောက်ဆုံးသရုပ်ကို အကောင်းဆုံးဆောင်သွားတတ်ပါတယ်။ ဒါဟာ ရွေးကောက်ပွဲပြီးတိုင်း အရှုံးဝန်ခံဟောပြောပွဲတွေ ကြားနားထိုက်တဲ့အကြောင်းရင်းပဲ ဖြစ်ပါတယ်။
မူရင်းရေးသားသူ -- Lín dá
မူရင်းလင့် -- http://qmch6946.blog.163.com/blog/static/10564958020130673328764/
နိုင်းနိုင်းစနေ(26, Sept, 2013)
No comments:
Post a Comment