Friday, September 27, 2013

အသင်္ချေ ဘယ်လောက်ကြာလဲ


အရှင်ဒေါက်တာနန္ဒမာလာဘိဝံသရဲ့ တရားတော်မှာတော့ အသင်္ချေ ဆိုတာ အတိအကျ ဘယ်လောက်ဆိုတာ မတိုင်းတာနိုင်လို့ အသင်္ချေလို့ဆိုခြင်းဖြစ်တယ်လို့ မိန့်ဆိုထားပါတယ်။

ဒါကို အချို့ ဆရာတော်များက အသင်္ချေ ဆိုတဲ့ အရေအတွက်ဟာ ၁ရဲ့ နောက်မှာ သုည အလုံးရေပေါင်း ၁၄၀ ရှိတယ်လို့ ဟောကြားခဲ့တယ်။
ဒါကလည်း အသင်္ချေ တစ်ခုနဲ့ တစ်ခုနဲ့ မတူပါဘူး ပျမ်းမျှ တွက်ထားတဲ့ သဘောလေးပါပဲ။ တချို့ အသင်္ချေက သုည အလုံးရေပေါင်း ၁၄၀ ထက် နည်းရင်နည်းမယ်၊
ဒီထက် များတာလည်းရှိတယ်။ ဒါကြောင့် အသင်္ချေ ဆိုတာ မရေမတွက်နိုင်လောက်အောင်များပြားတဲ့ အရေအတွက်လို့ မှတ်ယူလို့ရပါတယ်။
ဒါက ဘာကို မရေမတွက်နိုင်တာလဲဆိုတော့ ကမ္ဘာကြီး တစ်ခု ဖြစ်ပြီးပျက်သွားတဲ့ အကြိမ် အရေအတွက်ကို ပြောတာပါ။
ပဒုမုတ္တရ ဘုရားရှင် နှင့် ဂေါတမ ဘုရားရှင်ရဲ့ ကြားမှာတော့ ကမ္ဘာပေါင်း တစ်သိန်းလို့ ရေတွက်လို့ ရခဲ့လို့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းဆိုသာဖြစ်လာတာ။

အသင်္ချေ ဘယ်လောက်ကြာလည်းဆိုတာ ထားလိုက်ပါဦး - တစ်ကမ္ဘာ ဘယ်လောက်ကြာလည်းဆိုတာကို စာပေလာ အရပြောရရင် တစ်ယူဇနာရှိသော ဂိုဒေါင်အတွင်းမှာ
မုန်ညင်းစေ့ကလေးများကို အပြည့်သွင်းပြီး အနှစ်တစ်ရာကြာမှ တစ်စေ့ တစ်စေ့ယူပြီး ပစ်ပါတဲ့။ အဲဒီ မုန်ညင်းစေ့သာ ကုန်သွားဖွယ်ရှိမယ်။ တစ်ကမ္ဘာဆိုတဲ့ အချိန်အခါက မကုန်တတ်သေးဘူးတဲ့။

ဒါက ကမ္ဘာတစ်ခု ရပ်တည်နေတဲ့ အချိန်ကိုပဲပြောသေးတယ်၊
ပျက်သွားတဲ့ကာလ ပျက်ပြီး ကမ္ဘာတစ်ခုအဖြစ် ပြန်ရပ်တည်ဖို့ အချိန်ကာလတွေ မပါသေးပါဘူး။
ဒီလို ဂေါတမ မြတ်စွာဘုရားပါရမီ ဖြည့်ကျင့်ခဲ့တဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းမှာ သမ္မာသမ္ဗုဒ္ဓ ခေါ် သဗ္ဗညုမြတ်စွာဘုရား နှစ်ကျိပ်ခုနှစ် (၂၇) ဆူ သာပွင့် ထွန်းတော်မူခဲ့တယ်။
ဒါကြောင့် ဘုရားမပွင့်တဲ့ ကမ္ဘာပေါင်းလည်း မရေမတွက်နိုင်အောင်ပါပဲ။

လေးသင်္ချေ ကို ဘယ်လိုတွက်မလဲ

၁ ။ ဒီပင်္ကရာဘုရားရှင် နှင့် ကောဏ္ဍည ဘုရားရှင်နှစ်ဆူတို့၏ ကြားကာလ - တစ်သင်္ချေ ။
၂ ။ ကောဏ္ဍည ဘုရားရှင်နှင့် မင်္ဂလ ဘုရားရှင်နှစ်ဆူ တို့၏ ကြားကာလ - တစ်သင်္ချေ ။
၃ ။ သောဘိတ ဘုရားရှင်နှင့် အနောမဒဿီ ဘုရားရှင်နှစ်ဆူ တို့၏ ကြားကာလ တစ်သင်္ချေ ။
၎ ။ နာရဒ ဘုရားရှင် နှင့် ပဒုမုတ္တရ ဘုရားရှင် နှစ်ဆူတို့၏ ကြားကာလ - တစ်သင်္ချေ ။
၅ ။ ပဒုမုတ္တရ ဘုရားရှင်ပွင့်တော်မူပြီးနောက် ကမ္ဘာပေါင်း တစ်သိန်း ။

ဒီတော့ မေးနေကြ မေးခွန်းဖြစ်တဲ့ အသင်္ချေဘယ်လောက်ကြာလည်းဆိုတဲ့ အဖြေက ကမ္ဘာပေါင်း မရေမတွက်နိုင်အောင် ဖြစ်ပြီးပျက်သွားတဲ့ အကြိမ်အရေအတွက်ကို ဆိုလိုကြောင်း ပြောရင်းနှင့် အဆုံးတတ်လိုက်ပါတယ်။

( မေတ္တာဖြင့် D-eXistence 27 Sep 2013 )

Shared from World of Wisdom (FB)

No comments:

Post a Comment