Wednesday, September 18, 2013

“တစ်ဖက်သတ်”



မျက်နှာချင်းဆိုင်ဖြစ်နေလို့ ကြည့်မိတာကို
ဒါငါ့ကြည့်နေတာပဲလို့ တစ်ဖက်သတ် တွေးရင် မှားသွားမှာပေါ့။

မတော်တဆ တိုက်ဆိုင်တာကို
ဒါငါ့ပြောတာပဲလို့ တစ်ဖက်သတ် ဆုံးဖြတ်ရင် မှားသွားမှာပေါ့။

ကိုယ့်အဖေမှာ နှုတ်ခမ်းမွှေးရှိနေလို့
နှုတ်ခမ်းမွှေးမြင်တိုင်း ကိုယ့်အဖေထင်နေရင် မှားသွားမှာပေါ့။

လိုရင်းမရောက်တဲ့ အကျအနကောက်တာတွေဟာ တစ်ဖက်သတ်ပဲ။
တစ်ဖက်သတ်ဆိုတဲ့အတိုင်း ကိုယ့်အတွေးနဲ့ တစ်ဖက်ကို သတ်လိုက်တာ။
တစ်ဖက်သတ်ထားရင် ကိုယ်အမှန်သိချိန်မှာ နောင်တနဲ့ ကိုယ့်ကိုကိုယ်ပြန်သတ်တာခံရတယ်။

***အကြောင်းအရင်းကို သေသေချာချာ တိတိကျကျ မသိရသေးဘဲနဲ့
အရင်ဆုံး မဆုံးဖြတ် မသတ်မှတ်လိုက်နဲ့အုံး။
အကြောင်းအရာတစ်ခုခုကို မြင်ရကြားရတွေ့ရလို့ ဆုံးဖြတ်တော့မယ်ဆိုရင်
ငါ တစ်ဖက်သတ်စိတ်နဲ့ ကြည့်တာလား၊ အဆိုးမြင်စိတ်နဲ့ တွေးနေတာလား? ဆိုတာ ကိုယ့်ကိုကိုယ် ပြန်ပြန်မေးမေးပေးဖို့ သိပ်လိုပါတယ်။***

တစ်ဖက်သတ်ဆုံးဖြတ်တတ်တာဟာ ကိုယ့်ကိုဦးစွာပင်ပန်းစေတယ်။
တစ်ဖက်သတ်သဘောထားဟာ နှစ်ဖက်စလုံးကို ထိခိုက်စေတယ်။

နှလုံးသားအာဟာရ
၂၉.၈.၂၀၁၃
၉:၄၄ am

No comments:

Post a Comment