ထိုသူကြွယ်မသည် ပါဝေယျက၏ ဒါယိကာမဖြစ်၏။
ပါဝေယျကသည် အာဇီဝက တက္ကတွန်းဖြစ်၏။
သူကြွယ်မသည် ပါဝေယျကကို သားအရင်းလို ချစ်၏။
အမှန်အားဖြင့် ထိုသူကြွယ်မသည် ထိုဘ၀၌ပင်
သစ္စာလေးပါးကို ထိုးထွင်း၍သိပြီး သောတာပန်
ဖြစ်လောက်အောင် ပါရမီရင့်သူ ဖြစ်၏။ သို့ ပါလျက်
သူကြွယ်မသည် အာဇီဝကများကို ကိုးကွယ်လျက်ရှိ၏။
အထူးသဖြင့် ပါဝေယျကကို ကိုးကွယ်လျက်ရှိ၏။
သူကြွယ်မသည် ပါဝေယျကကို သားလိုလည်း ချစ်၏။
ကိုးကွယ်စရာ ပုဂ္ဂိုလ်တစ်ဦး အနေဖြင့်လည်း ကိုးကွယ်၏။
သူကြွယ်မသည် ပါေ၀ယ်ကထံ၌ တရားဓမၼကို နာၾကား၏။
ပါေ၀ယ်ကတို ့၏ အာဇီဝကဂိုဏ်း၏ အဆုံးအမအတိုင်းလည်း
လိုက်နာကျင့်သုံး၏။
သို့ ရာတွင် သူကြွယ်မသည်
အာဇီဝကတို့ ၏ အဆုံးအမဖြစ်သော အာဇီဝကတို့ ၏
သာသနာ၌ မဂ္ဂင်ရှစ်ပါးကို အရိပ်အယောင်မျှပင် မတွေ့ ။
မဂ္ဂင်ရှစ်ပါး၏ အရိပ်အယောင်ကို မတွေ့ သော်လည်း
သူကြွယ်မသည် အာဇီဝကများကို ကိုးကွယ်မြဲ ကိုးကွယ်၏။
ပါဝေယျကကိုလည်း ထောက်ပံ့မြဲထောက်ပံ့၏။
သံယောဇဉ်ဆိုသည်က ခက်၏။ တွယ်တာမိလျှင်
ဖြတ်ရက်၏။ အမှန်အားဖြင့် သံယောဇဉ်ဟူသည်
မဂ်ဥာဏ်ဖြင့်သာ ဖြတ်နိုင်သော ကြိုးဖြစ်၏။
သာမာန်လောကီ ကုသိုလ်ဥာဏ်များဖြင့် ပြတ်ပါသော်လည်း
တင်း၍ခံတတ်၏။ ဤသည်ကိုပင် မာရ်နတ်၏ တပ်၌
ကျဆုံးခြင်း ဟူ၍ဆိုရ၏။ ယခုလည်း သူကြွယ်မသည်
ပါဝေယကအပေါ် သားလိုတွယ်တာမိသော သံယောဇဉ်ကြောင့်
မာရ်နတ်၏ တပ်မ၌ ကျဆုံးရခြင်း ဖြစ်၏။
ထိုစဉ်က သာဝတ္ထိပြည်သူပြည်သားများသည် မြတ်စွာဘုရား၏
ကျောင်းတော်သို့  သွားတရားနာလေ့ရှိကြ၏။ သူကြွယ်မသည်
မြတ်စွာဘုရား၏ ကျောင်းတော်သို့ သွား၍ တစ်ခါမျှ တရား
နာယူခြင်း မရှိ။ ထို့ ကြောင့် မြတ်စွာဘုရား၏ ဒါနကထာကိုလည်း
နာကြားဖူးခြင်း မရှိ။ သီလကထာကိုလည်း နာကြားဖူးခြင်း မရှိ။
ဒါနကထာနှင့် သီလကထာတို့ သည် နတ်ပြည်သို့ ရောက်ကြောင်း
လမ်းစဉ်နှင့် ပက်သက်သော တရားဒေသနာများ ဖြစ်ကြ၏။
နိဗ္ဗာန်သို့ ရောက်ကြောင်း လမ်းစဉ်နှင့် ပက်သက်သော
မဂ္ဂကထာကို ကြားနာဖို့ ကား ဝေးလေ၏။
သူကြွယ်မကြီး၏ အိမ်နီးနားချင်းတို့ သည်
ဇေတ၀န်ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရား၏
တရားဒေသနာတော်များကို နာကြားကြ၏။ နတ်ပြည်
စည်းစိမ်ကိုလိုလျှင် လိုက်နာကျင့်သုံးရမည့် ဒါနနှင့်
သီလတို့ ကို သူတို့ သည် သိလာကြ၏။ ကာမဂုဏ်တို့ မှ
လွန်မြောက်ပြီး ကာမဂုဏ်ချမ်းသာတို့ ထက် ပိုသော
နိဗ္ဗာန်ချမ်းသာကို ရလိုပါလျှင် လိုက်နာကျင့်သုံးရမည့်
မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကိုလည်း သူတို့ သည်
သိလာကြ၏။ အိမ်နီးနားချင်းကောင်းများအနေဖြင့်
သူတို့ သိလာကြသော တရားဓမ္မများကို သူကြွယ်မအား
ပြောကြားသောအခါ သူကြွယ်မသည် များစွာစိတ်ဝင်စား၏။
သူကြွယ်မ၏ ပါရမီတို့ သည် သူ့ အဆင့်အလျောက် ရင့်လေပြီ။
ထို့ ကြောင့် သူကြွယ်မသည် မြတ်စွာဘုရား၏ ကျောင်းတော်သို့ 
သွား၍ မြတ်စွာဘုရား၏ တရားဒေသနာတော်များကို
များစွာ နာကြားချင်လာ၏။ သူပြောလူပြော ကြားရရုံနှင့်ပင်
မြတ်စွာဘုရား၏ တရားတော်သည် များစွာအံ့ဖွယ်ရှိပါ၏။
တစ်ခါမျှ မကြားဖူးသော နိဗ္ဗာန်ချမ်းသာကိုလည်း ကြားရ၏။
အမှန်အားဖြင့် သူကြွယ်မသည် မိမိ၏ ရင့်သောပါရမီဥာဏ်ဖြင့်
မြတ်စွာဘုရား၏ တရားတော် အတိမ်အနက်ကို ခန့် မှန်းနိုင်၏။
ထို့ ကြောင့် သူကြွယ်မသည် မြတ်စွာဘုရား၏ ကျောင်းတော်သို့ 
သွား၍ မြတ်စွာဘုရား၏ တရားဒေသနာတော်ကို နာကြားလိုခြင်း
ဖြစ်၏။ ပါရမီများက နှိုးဆော်လာသောအခါ ဤသို့ ပင် ဖြစ်ရ၏။
ထို့ ကြောင့် သူကြွယ်မသည် ဇေတ၀န်ကျောင်းတော်သို့  သွား၍
တရားနာရန် ဆုံးဖြတ်လိုက်၏။
ဆုံးဖြတ်ပြီးနောက် ပါဝေယျကအား ပြောကြား၏။
အမှန်အားဖြင့် ပါဝေယျကသည် သူကြွယ်မ၏
ဆိုးတိုင်ပင် ကောင်းတိုင်ပင် ဖြစ်၏။ ထို့ ကြောင့်
သူကြွယ်မက ပါဝေယျကအား ထုတ်ဖော်ပြောပြခြင်းဖြစ်၏။
ထိုအခါ ပါဝေယျကသည် များစွာတုန်လှုပ်သွား၏။
သူ့ အတွက် ဒါယိကာမတစ်ယောက် ဆုံးရှုံးသွားမှာ များစွာစိုးရိမ်၏။
ထို့ ကြောင့် ပါဝေယျကသည် သူကြွယ်မအား ဇေတ၀န်
ကျောင်းတော်သို့ သွားရောက်၍ တရားမနာရန် ပြောကြား၏။
ယခင်ကဆိုလျှင် ပါဝေယျက သဘောမတူသော လုပ်ငန်း
ဟူသမျှကို သူကြွယ်မသည် မလုပ်ဘဲ နေမြဲဖြစ်၏။
ယခုအခါ၌မူ ပါရီမီကံ၏ နှိုးဆော်မှုကြောင့် သူကြွယ်မသည်
ဇေတ၀န်ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရား၏
တရားတော်ကို နာယူရန် အလွန်စိတ်သန်လျက်ရှိ၏။
ထို့ ကြောင့် ဒုတိယအကြိမ် သူကြွယ်မသည် ပါဝေယျကအား
ပြောပြန်၏။ ပါဝေယျကလည်း ဒုတိယအကြိမ် တားမြစ်ပြန်၏။
သူကြွယ်မက တတိယအကြိမ် ပါဝေယျကအား ပြောပြန်၏။
ပါဝေယျကလည်း တတိယအကြိမ် တားမြတ်ပြန်၏။
ထိုအခါ သူကြွယ်မသည် တစ်မျိုးကြံ၏။ ပါေ၀ယ်ကကို
တောင်းပန်နေလျှင်တော့ ပါဝေယျကက တာ့းမြစ်နေသဖြင့်
မြတ်စွာဘုရား၏ တရားဒေသနာတော်ကို နာယူဖြစ်မည် မဟုတ်။
မြတ်စွာဘုရားကို အိမ်သို့ ဆွမ်းစားပင့်ပြီး တရားနာမှပဲ
ဖြစ်ပေတော့မည်။ ဤသို့ သူကြွယ်မက ကြံ၏။
ကြံသည့်အတိုင်းပင် မိမိ၏ သားအား ဇေတ၀န်ကျောင်းတော်သို့ 
သွား၍ မြတ်စွာဘုရားအား ဆွမ်းစားပင့်လွှတ်လိုက်၏။
သားလည်း မြတ်စွာဘုရားကို ဆွမ်းစားပင့်ရန် သွား၏။
သို့ ရာတွင် သူကြွယ်မ၏ သားသည် ဇေတ၀န်ကျောင်းတော်သို့ 
တိုက်ရိုက်မသွားဘဲ အာဇီဝကကျောင်းတိုက်သို့ သွား၍
ပါဝေယျကကို တွေ့ ၏။
ပါဝေယျက ကအကျိုးအကြောင်း
မေးမြန်းသောအခါ မိမိ၏ မိခင်က မြတ်စွာဘုရားကို
ဆွမ်းစားပင့်ခိုင်းလိုက်သဖြင့် ဇေတ၀န်ကျောင်းတော်သို့ 
သွား၍ မြတ်စွာဘုရားကို ဆွမ်းစားပင့်ရန် သွားမည်ဖြစ်ကြောင်း
သူကြွယ်မ၏သားက ပါဝေယျကအား ပြော၏။ ထိုအခါ
ပါဝေယျကသည် မြတ်စွာဘုရားကို သွားရောက်မပင့်ရန်
ပြော၏။ သူကြွယ်မ၏ သားကလည်း မိခင်၏ အမိန့် ကို
လွန်ဆန်ရန် မဖြစ်နိုင်ကြောင်း ပြောလျှင် မိခင်၏ အမိန့် ကို
လိုက်နာသည့်အနေဖြင့် "မည်သည့်အိမ် ၊မည်သည့်လမ်းက"ဟု
နေရပ်ကို မပြောဘဲ မြတ်စွာဘုရားအား ဆွမ်းစားကြွတော်မူရန်သာ
လျှောက်ထားပြီး ပြန်လာခဲ့ဟူ၍ မှာကြားလိုက်၏။
သူကြွယ်မ၏ သားသည်လည်း ပါဝေယျက
အကြံပေးသည့်အတိုင်းပင် ဇေတ၀န်ကျောင်းတော်သို့ သွား၍
နေရပ်လိပ်စာ မပြောဘဲ မြတ်စွာဘုရားကို ဆွမ်းစားပင့်လေ၏။
ဝတ်ကျေဝတ်ကုန် သဘောဖြစ်၏။
ထို့ နောက် သူကြွယ်မ၏သားသည် ပါဝေယျက သီတင်းသုံးရာ
အာဇီဝကကျောင်းတိုက်သို့ သွားပြီး ပါဝေယျကအား
အကျိုးအကြောင်း ပြောပြလေ၏။ ပါဝေယျကကိုလည်း
မနက်ဖြန် ဆွမ်းစားကြွရန်ပင့်၏။ ပါဝေယျကနှင့်
သူကြွယ်မသားတို့ က နေရပ်လိပ်စာကို မလျှောက်ထားခဲ့သဖြင့်
မြတ်စွာဘုရားသည် သူကြွယ်မ၏အိမ်သို့  ကြွနိုင်မည်
မဟုတ်သောကြောင့် သူတို့ နှစ်ယောက်က အစားကောင်းများကို
စားရတော့မည်ဟု ကျိတ်၍ ၀မ်းသာနေကြ၏။
ပါဝေယျကနှင့် သူကြွယ်မသား နှစ်ယောက်တို့ သည်
သဗ္ဗညုတဥာဏ်တော်ရှင် မြတ်စွာဘုရား၏ စွမ်းအင်ကို
မသိကြ။ အမှန်အားဖြင့် မြတ်စွာဘုရားသည် သူကြွယ်၏
အိမ်သို့ သွားရာလမ်းကို မဆိုထားနှင့် ၊ ဗြဟ္မာ့ပြည်သို့ 
သွားရာလမ်းကိုလည်း သိ၏။ နတ်ပြည်သို့ သွားရာလမ်းကိုလည်း
သိ၏။ ထိုထို နေရာဒေသ အားလုံးသို့  သွားရာလမ်း အားလုံးကို
မြတ်စွာဘုရားသည် သိတော်မူ၏။
ပါဝေယျကသည် ထိုနေ့ စောစောကပင်လျှင် သူကြွယ်မ၏
အိမ်သို့ လာ၏။ မိမိအတွက် ခင်းထားသော နေရာ၌နေ၏။
ပါဝေယျကအတွက် နေရာကို နောက်ဘက်တိုက်ခန်း၌ ခင်းထား၏။
မြတ်စွာဘုရားသည်လည်း နံနက်စောစောကပင်လျှင်
သပိတ်သင်္ကန်းကို ယူတော်မူ၍ သူကြွယ်မအိမ်သို့ 
ကြွတော်မုပြီးလျှင် မြတ်စွာဘုရားအတွက် ခင်းထားအပ်သော
နေရာ၌ နေတော်မူ၏။ သူကြွယ်မသည် မြတ်စွာဘုရားအား
မွန်မြတ်သော ဘောဇဉ်တို့ ဖြင့် လုပ်ကျွေး၏။ ဆွမ်းစားတော်
မူပြီးနောက် မြတ်စွာဘုရားသည် ဆွမ်းအနုမောဒနာတရားကို
ဟောကြားတော်မူ၏။ သူကြွယ်မသည်လည်း "သာဓု သာဓု"
ဟူ၍ ကောင်းချီးပေးလျက် တရားတော်ကို နာကြား၏။
သူကြွယ်မ၏ သာဓုခေါ်သံကို ကြားသောအခါ ပါဝေယျကသည်
များစွာ တုန်လှုပ်၏။ တည်တံ့၍နေခြင်းငှာ မစွမ်းနိုင်သည်ဖြစ်၏။
ဤဒါယိကာမကြီးသည် မိမိအား ယခင်ကလို ကြည်ညိုသဒ္ဓါ
ရှိတော့မည် မဟုတ်။ ကြည်ညိုသဒ္ဓါ မရှိတော့လျှင်
မိမိအား လှူဒါန်းတော့မည် မဟုတ်။ ပါဝေယျကသည်
ဤသို့ ယူဆပြီး ဆွမ်းပင်မစားတော့ဘဲ မိမိနေရာ
တိုက်ခန်းမှ ထွက်ပြီးလျှင် -
'ဟယ် သူယုတ်မ၊ ရှင်ကြီးဂေါတမအား ဤသို့ သော
ပူဇော်သက္ကာယကို ပြု၏။ သင်သည် ပျက်လေတော့"
ဟူ၍ သူကြွယ်မအား လည်းကောင်း၊ မြတ်စွာဘုရား
အားလည်းကောင်း ဆဲရေး၍ မိမိ၏ အာဇီဝကကျောင်းတိုက်သို့ 
ပြန်သွားလေ၏။
သူကြွယ်မသည် မြတ်စွာဘုရားအား များစွာ အားနာ၏။
မိမိ၏ အဖြစ်ကိုလည်း ရှက်၏။ ထို့ ကြောင့် သူကြွယ်မသည်
မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်၌
ကောင်းစွာ မနာကြားနိုင်ဘဲ ရှိလေ၏။ သမာဓိကို
ဆောက်တည်၍ မရနိုင်ဘဲ ရှိလေ၏။ မြတ်စွာဘုရားသည်
သူကြွယ်မ၏ စိတ်အခြေအနေကို သိတော်မူ၏။
အမှန်အားဖြင့် သူကြွယ်မသည် မြတ်စွာဘုရားထံမှ
ဒါနကို နာကြားရသော်လည်း ဒါနမှန်းမသိ။
သီလကို နာကြားရသော်လည်း သီလမှန်းမသိ။
မဂ္ဂင်ရှစ်ပါး ၀ိပဿနာကို နာကြားရသော်လည်း
မဂ္ဂင်ရှစ်ပါး ၀ိပဿနာမှန်း မသိ။ စိတ်သည်
ပျံ့ လွင့်နေလေ၏။ ထိုအခါ မြတ်စွာဘုရားက
သူကြွယ်မအား တရားတော်၌ လေးလေးနက်နက်
တည်တည်ငြိမ်ငြိမ် နာယူနိုင်စေရန် ဂါထာဖြင့်
အောက်ပါအတိုင်း ဟောကြားတော်မူ၏။
"- အခြားသူများ၏ အပြစ်များကို မကြည့်ရာ။
အခြားသူများ၏ ထိုထို ကောင်းမှု မကောင်းမှု
ပြုမပြုကိုလည်း မကြည့်ရာ။
- မိမိ၏ ကောင်းမှု ပြုသည် မပြုသည်ကိုသာ
ကြည့်ရာ၏။"
ဤဒေသနာတော်ကို ကြားရသောအခါ
သူကြွယ်မသည် စိတ်၏ တည်ငြိမ်မှု သမာဓိကို ရ၏။
သမာဓိကို ရလျှင် အမှန်အတိုင်း သိစွမ်းနိုင်သော
ယထာဘူတဥာဏ်ကို ရ၏။ ယထာဘူတဥာဏ်ကို
ရသောအခါ ခန္ဓာတို့ ၏ ဖြစ်ပျက်ကို မြင်သော
ဝိပဿနာဥာဏ်ကို ရ၏။ ထို့ နောက် ဖြစ်ပျက်တို့ ၏
ကုန်ဆုံးရာ နိဗ္ဗာန်ကို မြင်သော မဂ်ဥာဏ်ကို ရ၏။
သူကြွယ်မရသော မဂ်ဥာဏ်ကား
သောတာပတ္တိမဂ်ဥာဏ် ဖြစ်၏။ ထို့ ကြောင့်
သူကြွယ်မသည် သောတာပန် ဖြစ်သွားလေ၏။
ဂါထာ၏ ဆိုလိုရင်း အဓိပ္ပါယ်အကျဉ်းမှာ
ဤသို့ ဖြစ်၏။ မည်သူပင်ဖြစ်စေ လုပ်ငန်းတစ်ခုခုကို
လုပ်ရာ၌ ဤဂါထာပါ သွန်သင်ချက်အတိုင်း လုပ်ရ၏။
ထိုသို့ လုပ်ပါက လောကီအကျိုးများသာမက
အရိယာသစ္စာကို သိခြင်းတိုင်အောင် လောကုတုတ္တရာ
အကျိုးများကိုပါ ရ၏။
ပတ်ဝန်းကျင်တွင် ကောင်းမှုကို လုပ်သူများလည်းရှိ၏။
မကောင်းမှုကို လုပ်သူများလည်း ရှိ၏။
သဗ္ဗေသတ္တာ ကမ္မဿကာ ဆိုသည့်အတိုင်း သူတို့ 
လုပ်သောကံက သူတို့ အတွက် ဖြစ်၏။
မိမိအတွက် ဖြစ်စေလိုလျှင် ပတ်ဝန်းကျင်၏
ဆွဲဆောင်မှုကို သည်းခံရ၏။ ကောင်းသော
လုပ်ငန်းဖြင့် ဆွဲဆောင်လျှင်လည်း သည်းခံရ၏။
မကောင်းသော လုပ်ငန်းဖြင့် ဆွဲဆောင်လျှင်လည်း
သည်းခံရ၏။ ကောင်းသော လုပ်ငန်းဖြင့်
ဆွဲဆောင်ခြင်းဟူသည်မှာ မိမိကို မြှောက်ခြင်းဖြစ်၏။
မကောင်းသော လုပ်ငန်းဖြင့် ဆွဲဆောင်ခြင်းဟူသည်မှာ
မိမိကို ခြောက်ခြင်း ဖြစ်၏။ ထို့ ကြောင့်
မြှောက်ခြင်း၌လည်း အလေးထားရမည်မဟုတ်။
ခြောက်ခြင်း၌လည်း အလေးထားရမည်မဟုတ်။
ဤသို့ အလေးမထားခြင်းသည်ပင် သည်းခံခြင်း `
ခန္တီပါရမီသဘော သက်ရောက်၏။
ပတ်ဝန်းကျင်၏ ဆွဲဆောင်မှုများကို အလေးမထားဘဲ
မိမိ၏ ရည်မှန်းချက်များကို မျက်ခြည်ပြတ်မခံခြင်းသည်
ဥပေက္ခာပါရမီသဘော သက်ရောက်၏။
ယင်းကိုပင် လျစ်လျူရှုခြင်းဟူ၍ ဆိုရ၏။
အကျဉ်းအားဖြင့် ဆွဲဆောင်မှုများကို တွန်းလှန်နိုင်ခြင်းသည်
သည်းခံခြင်း ခန္တီ၏သဘောဖြစ်၏။ မိမိ၏ ရည်မှန်းချက်အတိုင်း
ဆက်လက်ဆောင်ရွက်နိုင်ရန် စိတ်ကိုထားခြင်းသည်
ဥပေက္ခာ၏ သဘောဖြစ်၏။ အမှန်အားဖြင့်
သူ့ အလုပ်ကို သူလုပ်၍ ကိုယ့်အလုပ်ကို ကိုယ်လုပ်ရမည်
ဖြစ်၏။ ကိုယ့်အလုပ်ကို ကိုယ်က မလုပ်ဘဲ
သူ့ အလုပ်၌ စိတ်ရောက်နေရမည်မဟုတ်။
ထို့ ကြောင့် သူ့ အလုပ်၌ စိတ်မရောက်အောင်
အားထုတ်ခြင်းသည် ခန္တီ၏ သဘောဖြစ်၏။
ကိုယ့်အလုပ်၌သာ ကိုယ်က စိတ်ရောက်အောင်
အားထုတ်ခြင်းသည် ဥပေက္ခာ၏ သဘောဖြစ်၏။
သို့ ဖြစ်လေရာ လုပ်ငန်းဟူသမျှ၌ ဤသဘောနှစ်မျိုးကို
အခြေခံအားဖြင့် လိုအပ်၏။ ဤသဘောနှစ်မျိုးကို
အခြေခံပြီးမှ ဆိုင်ရာဆိုင်ရာ အလုပ်များကို လုပ်ရမည်
ဖြစ်၏။ ဆိုင်ရာဆိုင်ရာ အလုပ်များဟူသည်မှာ
ဒါန သီလ ဘာဝနာဟူသော ကောင်းမှုများ ဖြစ်၏။
အခြေခံသဘောအားဖြင့် ဒါနဟူသည်မှာ
ပံ့ပိုးခြင်း ဖြစ်၏။ သီလဟူသည်မှာ စိတ်ယုတ်မာများ
ဝင်မလာနိုင်အောင် တားဆီးခြင်း ဖြစ်၏။
ဘာဝနာဟူသည်မှာ ဖြူစင်သော စိတ်ကို
မွေးမြူခြင်း ဖြစ်၏ ထို့ ကြောင့် စီးပွားရေး၊
ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး စသော
ရေးရာ အဖြာဖြာတို့ ကို ဆောင်ရွက်ရာ၌
ဒါနသဘောကိုလည်း ပါဝင်အောင် ဆောင်ရွက်ရ၏။
သီလသဘောကိုလည်း ပါဝင်အောင် ဆောင်ရွက်ရ၏။
ဘာဝနာသဘောကိုလည်း ပါဝင်အောင် ဆောင်ရွက်ရ၏။
ထိုသို့ ဆောင်ရွက်ရာတွင် အရေးကြီးသော
ခံယူချက်တစ်မျိုးကို ထားရှိရန် လိုအပ်၏။
ထိုခံယူချက်မှာ မည်သည့်လုပ်ငန်းကို လုပ်လုပ်၊
ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာနှင့်
ထင်ပေါ်ကျော်ကြားမှုများကို မမျှော်မှန်းဘဲ
၏လွတ်လပ်စင်ကြယ်သော စိတ်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်၏။
ယင်းကို နိက္ခမ္မပါရမီဟူ၍ ဆိုရ၏။ အမှန်အားဖြင့်
လောကအတွက် အလုပ်လုပ်ရာတွင် ဘာကိုမျှ
မျှော်ကိုးခြင်းမရှိဘဲ စေတနာမှန် သန့် သန့် ဖြင့်
လုပ်ကိုင်ဆောင်ရွက်ခြင်းသည် နေက္ခမ္မပါရမီအကျင့်ကို
ကျင့်ရာရောက်ပါ၏။ ထို့ ကြောင့် မိမိတို့ ၏
ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများကို လုပ်ရာ၌
သည်းခံခြင်း ခန္တီ၊ သူ့ အလုပ်၌ စိတ်မရောက်စေဘဲ
မိမိ၏ အလုပ်၌သာ စိတ်ရောက်ခြင်း ဥပေက္ခာ၊
အကျိုးကို မမျှော်ကိုးဘဲ စေတနာသန့် သန့် ကို
ထားခြင်း နေက္ခမ္မတို့ ကို အခြေခံပြီးမှ ဆောင်ရွက်အပ်ပါ၏။
(ဆရာကြီး ဦးရွှေအောင် ရေးသားသော
ဓမၼပဒ-ပါေ၀ယ်က အာဇီ၀က ၀တၳဳ မွ)
မေတ္တာဖြင့် စီကုံးပူဇော်သူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)
No comments:
Post a Comment