Wednesday, September 18, 2013

“အသက်ကြီးလေ စိတ်ထားကြီးလေ ဖြစ်စေချင်”



ကိုယ့်သဘောထားတွေ၊ စိတ်ထားတွေ၊ အမြင်တွေ၊ မျှော်လင့်ချင်တွေကို ပြင်တယ်ဆိုတာ လွယ်တော့မလွယ်ဘူး။ စိတ်က စွဲနေမိတာကို တော်တော်နဲ့ မလွှတ်နိုင်ဘူး။ ဒါပေမယ့် ကိုယ့်စိတ်ကို ကိုယ်ကြည့်တတ်ရင်၊ ရေရှည်ကြည့်ပြီး စမ်းစမ်းသွားမယ်ဆိုရင် ကြာလေ သဘောထားမှန်လေ ဖြစ်လာမယ်။ ကြာလေ စိတ်ချမ်းသာလေ ဖြစ်လာမယ်။ ဖြတ်လမ်းမရှိဘူး။ လမ်းရိုးလမ်းဟောင်းပဲ ရှိတယ်။

အသက်ကြီးလာလေလေ သဘောထားတွေ မှန်လာလေလေ၊ ကြီးလာလေလေ၊ စိတ်ချမ်းသာလေလေ ဖြစ်စေချင်ပါတယ်။ စိတ်ကိုကြည့်တတ်မှ ကိုယ့်သဘောထားအမှန်တွေကို မြင်နိုင်မှ ပြင်နိုင်တယ်။ စိတ်ဆင်းရဲမှုဟာ သဘောထားမှားနေလို့၊ အသိအမြင်မှားနေလို့၊ မျှော်လင့်ချက်တွေ မှားနေလို့ ဖြစ်ရတာ။ သတိနဲ့နေတတ်သွားရင် အသိအမြင်တွေ မှန်လာပြီးတော့ စိတ်ချမ်းသာမယ်။ စိတ်ကျန်းမာရေးကောင်းမယ်။ စိတ်ရောဂါလည်း သက်သာမယ်။ ပျောက်မယ်။ စိတ်ရောဂါဆိုတာ စိတ်ကြောင့်ဖြစ်တာ။ အဲဒါသက်သာအောင်ဆိုရင် စိတ်နဲ့ပဲ ပြုပြင်မှရတယ်။

ဘာနဲ့ဥပမာပေးရမလဲဆိုတော့ ရေကြောင့်ဖြစ်တဲ့ရွံ ပေရင် ဘာနဲ့ပြောင်အောင် ဆေးရမလဲ။ ရေနဲ့ပဲ ပြောင်အောင်ဆေးရမယ်။ သဘောထားမှန်ပြီး၊ အသိအမြင်မှန်ပြီး၊ စိတ်ချမ်းသာတဲ့သူတွေ၊ စိတ်ကျန်းမာတဲ့သူတွေ၊ စိတ်ဓါတ်ခိုင်မာတဲ့သူတွေ၊ အားကိုးမှန်တဲ့သူတွေ၊ စိတ်နှလုံးရွှင်လန်းတဲ့သူတွေ ဖြစ်ကြပါစေ..။

(ဆရာတော်ဦးဇောတိက)
(“စိတ်နှလုံးရွှင်လန်းစေဖို့” စာအုပ်မှ)

No comments:

Post a Comment