Monday, September 30, 2013

စုန်လမ်းနှင့် ဆန်လမ်း



အဲဒီလမ်း(၂)လမ်းမှာ များသောအားဖြင့် လူသားတွေဟာ စုန်လမ်းကို အလိုက်များ ကြတယ်။ ဆန်လမ်းကို သိပ်ပြီးတော့မလိုက်ဘူး။

စုန်လမ်းဆိုတာ အကုသိုလ်လမ်း၊ ဆန်လမ်းဆိုတာ ကုသိုလ်လမ်း၊ ရေစုန်ဟာ သိပ်သက်သာတာ။ ဘာမှလှော်ခတ်စရာမလိုဘူး။ အသာလေးလှေပေါ် ထိုင်လိုက်သွားရင် ပါသွားတာပဲ။ ဒါပေမယ့်လို့ စုန်လမ်းရဲ့ နောက်ဆုံးပန်းတိုင်က သမုဒ္ဒရာထဲ ရောက်ပြီးတော့ လှိုင်းတွေ၊ ဝဲတွေရိုက်ပြီးတော့ ရေနစ်ပြီးသေရတယ်။

ရေဆန်ကျတော့ ကူးခတ်ရတာလည်း ပင်ပန်းတယ်။ လှေကိုလည်း လျှာထွက်မတတ်လှော်ရတယ်။ သိပ်ပင်ပန်းပါတယ်။ ဒါပေမယ့်လို့ ဆန်လမ်းရဲ့နောက်ဆုံးပန်းတိုင်က-

ရေသည် မြင့်ရာကနေ နိမ့်ရာကိုစီးဆင်းတဲ့ အတွက်ကြောင့် ဆန်လမ်းရဲ့အဆုံးကျတော့ ရေတွေစတင်စီးဆင်းရာ တောင်ထိပ်ကမ်းပါးပေါ် ရောက်သွားတယ်။ ရေတံခွန်အပေါ်ဆုံး ရောက်သွားတာပေါ့။

အဲဒီကျတော့ သာယာလှပတဲ့ရှုခင်းတွေကို တောင်ပေါ်ကနေ ကြည့်ခွင့်ရမယ်။ ဒါက ဥပမာပေးလိုက်တာပေါ့။

စုန်လမ်းဆိုတာ အကုသိုလ်လမ်းကိုပြောတာ။ အင်မတန်မှလွယ်ကူတယ်။ ဆိုကြပါစို့-

အရက်သောက်ဖို့ ဘာမှမခဲယဉ်းဘူး။ အရက်သမားတွေပေါလိုက်တာ။ အရက်သောက်ဖို့ သင်တန်းတက်စရာမလိုဘူး။ ဖဲရိုက်ဖို့၊ နှစ်လုံး သုံးလုံးကစားဖို့၊ လောင်းကစားလုပ်ဖို့ ဘာမှပင်ပန်းစရာမလိုဘူး။ တအားပေါတာ။ ချဲသမားတွေ အများကြီးပဲ။ ဒါ စုန်လမ်းကို ပြောပြနေတာ လွယ်ကူပုံ။

အပါယ်ကျမယ့်လမ်းတွေ ဘယ်လောက်လွယ်သလဲ အပျော်အပါး မိန်းမတွေလိုက်စားဖို့ ဘာမှသင်တန်း တက်စရာမလိုဘူး။ လွယ်လွယ်လေးပဲ အကုသိုလ်အလုပ်တွေက အပါယ်ကျမယ်လေ။ ဒါ စုန်လမ်းခေါ်တယ်။

ကုသိုလ်လမ်းက ဆန်လမ်းပဲ။ ဒါနပြုကြတယ်။ သီလဆောက်တည်ကြတယ်။ ဘာဝနာပွားကြတယ်။ အဲဒါဆန်လမ်း၊ လူတိုင်း မလုပ်နိုင်ဘူး။ ခဲယဉ်းတယ်။

အဲဒိဆန်လမ်းရဲ့ နောက်ဆုံးပန်းတိုင်က လူချမ်းသာလည်းရမယ်။ နတ်ချမ်းသာလည်းရမယ်။ မိမိက ဆုတောင်းတတ်ပြီးတော့ ဝိပဿနာတရားတွေ နာကြားရှုပွားမယ်ဆိုရင် နိဗ္ဗာန်ချမ်းသာထိပို့ပေးမယ်။ အဲဒါဆန်လမ်းပဲ။

တခြားပုဂ္ဂိုလ်များ မဆိုထားနဲ့။ လင်မယားပင် ဖြစ်စေကာမူ လမ်းသွားတာခြင်းမတူရင် ကုသိုလ်လမ်းနဲ့ အကုသိုလ်လမ်း လျှောက်လှမ်းပုံခြင်းမတူရင်ရောက်တဲ့ဘုံဌာနချင်းလည်း တူမှာမဟုတ်ပါဘူး။

အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ)
Buddhavasa Tiloka

No comments:

Post a Comment