Sunday, September 8, 2013

ဝိပဿနာဉာဏ်စဉ် (၁၆) ပါး


၁။ နာမရူပပရိစ္ဆေဒဉာဏ် = နာမ်ရုပ်တို့ကို ပရမတ်သို့ ဆိုက်အောင် ပိုင်းပိုင်းခြားခြားသိသော ဉာဏ်,

၂။ ပစ္စယပရိဂ္ဂဟဉာဏ် = ကာလသုံးပါးလုံး၌ ရုပ်နာမ်တို့၏ အကြောင်းတရားတို့ကို သိမ်းဆည်းတတ်သော ဉာဏ် (ကာလသုံးပါးလုံး၌ ကြောင်းကျိုးဆက်နွှယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို တစ်နည်း အကြောင်းတရားနှင့် အကျိုးတရား
တို့ကို ပိုင်းခြားယူတတ်သော ထိုးထွင်းသိမြင်သော ဉာဏ်),

၃။ သမ္မသနဉာဏ် = အကြောင်းတရားနှင့်တကွသော ရုပ်နာမ်တို့၏ အနိစ္စ-ဒုက္ခ-အနတ္တ အခြင်းအရာတို့ကို ရှုပွားသုံးသပ်တတ်သော ဉာဏ်,

၎။ ဥဒယဗ္ဗယဉာဏ် = အ၀ိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ - စသောအကြောင်း သမုဒယ သစ္စာတရားများ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးဒုက္ခသစ္စာတရားများ ထင်ရှားဖြစ်ပုံ, အ၀ိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ-စသော အကြောင်းသမုဒယသစ္စာတရားများ ချုပ်ငြိမ်းခြင်းကြောင့် အကျိုးဒုက္ခသစ္စာတရားများ ချုပ်ငြိမ်းပုံတို့
ကို ထိုးထွင်းသိတတ်သော ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ်, အကြောင်းသမုဒယသစ္စာတရားများနှင့် အကျိုးဒုက္ခသစ္စာတရားတို့၏ ဖြစ်မှုပျက်မှု = အနိစ္စ-ဒုက္ခ-အနတ္တ အခြင်းအရာတို့ကို ခဏပစ္စုပ္ပန်သို့ ဆိုက်ရောက်အောင် ထိုးထွင်းသိသော ခဏတော ဥဒယဗ္ဗယဒဿနဉာဏ်,

၅။ ဘင်္ဂဉာဏ် = ယင်းဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရကြသည့် သင်္ခါရတရားတို့၏ အပျက်သက်သက်ကို အာရုံယူကာ ယင်းတို့၏ အနိစ္စ-ဒုက္ခ-အနတ္တ အခြင်းအရာတို့ကိုလည်းကောင်း, ယင်း သင်္ခါရတရားတို့၏ အနိစ္စ-ဒုက္ခ-အနတ္တ အခြင်းအရာတို့ကို ထိုးထွင်းသိနေသော ၀ိပဿနာဉာဏ်၏ (= ၀ိပဿနာဇောဝီထိ နာမ်
တရားစု၏) အပျက်သက်သက်ကို အာရုံယူကာ ယင်းတို့၏ အနိစ္စ-ဒုက္ခ-အနတ္တ အခြင်းအရာတို့ကိုလည်းကောင်း သိသော ဉာဏ်,

၆။ ဘယဉာဏ် = ယင်းသင်္ခါရတရားတို့၏ ကုန်ကုန်ပျက်ပျက် ပြိုပြိုချုပ်ချုပ်နေသည့် သဘာဝကို အာရုံယူကာ လက္ခဏာယာဉ် သုံးတန်သို့ တင်ကာဆက်လက် ရှုပွားသုံးသပ်လိုက်သောအခါ ယင်း သင်္ခါရတရားတို့၏ ကုန်ကုန်ပျက်ပျက် ပြိုပြိုချုပ်ချုပ်နေသည့် အနိစ္စ-ဒုက္ခ-အနတ္တ အခြင်းအရာတို့ကို ထိုးထွင်းသိမြင်နေသဖြင့်
ယင်းသင်္ခါရတရားတို့ကို ကြောက်မက်ဖွယ် ဘေးဆိုးကြီးများအဖြစ် သိမြင်သော ဉာဏ်,

၇။ အာဒီန၀ဉာဏ် = ယင်းသင်္ခါရတရားတို့ကို ကြောက်လန့်ဖွယ် ဘေးဆိုးကြီးများအဖြစ် ရှုမြင်ဖန်များလာသောအခါ ယင်းသင်္ခါရတရားတို့၏ အနိစ္စပြစ်ချက်ကြီးများ, ဒုက္ခပြစ်ချက်ကြီးများ, အနတ္တပြစ်ချက်ကြီးများ, မီးကျီးတွင်းနှင့် ပမာတူသည့် ပြစ်ချက်ကြီးများစသည့် ပြစ်ချက်အမျိုးမျိုးတို့ကိုသိမြင်သော ဉာဏ်,

၈။ နိဗ္ဗိဒါဉာဏ် = ယင်းသင်္ခါရတရားတို့၏ အပြစ်အာဒီန၀တို့ကို ရှုမြင်ဖန်များလာသောအခါ ယင်းသင်္ခါရတရားတို့အပေါ်၌ ငြီးငွေ့သော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော ဉာဏ်, (ဤဉာဏ်ကိုပင် သတ္တသညာသုတ္တန်စသည်တို့၌ သဗ္ဗလောကေ အနဘိရတသညာ = တစ်လောကလုံး၌ မပျော်မွေ့သော အခြင်းအရာအားဖြင့် ဖြစ်သော ဉာဏ်ဟုဟောကြားထားတော်မူသည်။)

၉။ မုဉ္စိတုကမျတာဉာဏ် = နိဗ္ဗိဒါဉာဏ်ဖြင့် သင်္ခါရတရားတို့အပေါ်၌ ငြီးငွေ့လာသောအခါ ထိုသင်္ခါရတရားတို့မှ လွတ်မြောက်လိုသော အခြင်းအရာအားဖြင့် ဖြစ်သော ဉာဏ်,

၁၀။ ပဋိသင်္ခါဉာဏ် = အလုံးစုံသော ဘုံဘ၀တို့၌ ပြိုပြိုပျက်ပျက်နေကြသည့် သင်္ခါရတရားတို့မှ လွတ်မြောက်လိုသဖြင့် ယင်း သင်္ခါရတရားတို့၏ ပြိုပြိုပျက်ပျက်နေသည့် သဘာဝကိုပင် အာရုံယူကာ လက္ခဏာယာဉ်သုံးတန်သို့ တင်ကာ ထပ်မံ၍ ၀ိပဿနာရှုနေသော ဉာဏ်, (ဘာဝနာလေးဆယ် ခေါ် တော
လေးဆယ် ရှုကွက်ကို တစ်ဖန်ထပ်၍ ရှုသောဉာဏ်)

၁၁။ သင်္ခါရုပေက္ခာဉာဏ် = ယင်းသင်္ခါရတရားတို့၏ အပျက်ကိုပင် အာရုံယူကာ လက္ခဏာယာဉ် အမျိုးမျိုးတင်ကာ ရှုဖန်များလာသောအခါ ယင်းသင်္ခါရတရားတို့အပေါ်၌ ကြောင့်ကြမှု တောင့်တမှု မရှိတော့ဘဲ စိတ်ကို အလယ်အလတ်သဘော၌ အညီအမျှ ထားနိုင်သော လျစ်လျူရှုနိုင်သောဉာဏ်,

၁၂။ အနုလောမဉာဏ် = ရှေးရှေး ၀ိပဿနာဉာဏ်နှင့် အရိယမဂ်ဉာဏ်တို့ကို လျော်အောင် ပြုလုပ်ပေးသော ဉာဏ်, (ဤအရာ၌ မဂ္ဂ၀ီထိ စိတ်အစဉ်ကိုသိသင့်ပေသည်။ သို့မှသာလျှင် ပို၍ တိတိကျကျ နားလည်သဘောပေါက်မည်ဖြစ်သည်။
သင်္ခါရုပေက္ခာဉာဏ်ဖြင့် သင်္ခါရတရားတို့ကို လက္ခဏာယာဉ် အမျိုးမျိုးတင်ကာ ရှုဖန်များလာသောအခါ အနိစ္စလကဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာ သုံးမျိုးတို့တွင် ပို၍ရှုကောင်းရာ လက္ခဏာယာဉ်တစ်ခုကို ဦးစားပေးရှုလိုက်သောအခါ
အရိယမဂ်ဉာဏ်သို့ ဆိုက်ရောက်လုလု အချိန်တွင် မဂ္ဂဝီထိစိတ်အစဉ်သည် ဤသို့ဖြစ်ပေါ်လာ၏ --- ဘ၀င်, မနောဒွါရာဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘု,
မဂ်, ဖိုလ်, ဖိုလ် ... ဟု ဖြစ်ပေါ်လာ၏။ ထိုတွင် အရိယမဂ်ဉာဏ်နှင့် ဆက်စပ်နေသော အထွတ်အထိပ်သို့ ရောက်သွားသော အနုလောမဉာဏ်သို့တိုင်အောင်သော ယင်းသင်္ခါရုပေက္ခာဉာဏ်ကိုပင် ၀ုဋ္ဌာနဂါမိနိ ၀ိပဿနာဟု ခေါ်ဆိုပေသည်။)

၁၃။ ဂေါတြဘုဉာဏ် = မဂ္ဂ၀ီထိစိတ်အစဉ်တွင် ပါဝင်သော ပုထုဇဉ်အနွယ်ကို ဖြတ်တောက်ကာ အရိယာအနွယ်သို့ ရောက်အောင် ဆက်သွယ်ပေးသောဉာဏ်, (ကာမာဝစရ မဟာကုသိုလ် ဉာဏသမ္ပယုတ် ၀ိပဿနာဇောစိတ်ဖြစ်သည်။ ဤဉာဏ်သည် လောကုတ္တရာနိရောဓသစ္စာဖြစ်သည့် အသင်္ခတနိဗ္ဗာန်ကို ပထမဦးဆုံး အာရုံပြုသော စိတ်ဖြစ်သည်။ သို့သော် ကိလေသာကို ပယ်
ရှားနိုင်သည့် စွမ်းအားမရှိခြင်းကြောင့် နိဗ္ဗာန်ကို အာရုံပြုနိုင်သော်လည်း အရိယမဂ်ဟူသော အမည်ကို မရရှိပေ။)

၁၄။ မဂ်ဉာဏ် = ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်လျက် အသင်္ခတဓာတ်နိဗ္ဗာန်ကို ထိုးထွင်းသိသော လောကုတ္တရာ မဂ်စိတ်နှင့် ယှဉ်သောဉာဏ် = လောကုတ္တရာသမ္မာဒိဋ္ဌိ,

၁၅။ ဖိုလ်ဉာဏ် = အရိယမဂ်က ပယ်ရှားထားပြီးသော ကိလေသာတို့ကို ငြိမ်းသထက် ငြိမ်းအောင် ထပ်ငြှိမ်းလျက် အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကိုပင် ဆက်လက်သိသော လောကုတ္တရာဖိုလ်စိတ်နှင့်ယှဉ်သော ဉာဏ်,

၁၆။ ပစ္စ၀က္ခဏာဉာဏ် = (၁) အရိယမဂ်ဖိုလ်တို့က ထိုးထွင်းသိထားသော နိဗ္ဗာန်ကိုပင် ဆင်ခြင်သောဉာဏ်,
(၂) မိမိရရှိထားပြီးသည့် အရိယမဂ်ကို ဆင်ခြင်သော ဉာဏ်,
(၃) မိမိရရှိထားပြီးသည့် အရိယဖိုလ်ကို ဆင်ခြင်သော ဉာဏ်,
(၄) မိမိရရှိထားပြီးသည့် အရိယမဂ်က ပယ်ရှားထားပြီးသည့် ကိလေသာတို့ကိုဆင်ခြင်သော ဉာဏ်,
(၅) မိမိရရှိထားပြီးသည့် အရိယမဂ်က မပယ်ရှားရသေးသည့် ကိလေသာတို့ကို ဆင်ခြင်သော ဉာဏ် ---
ဤသို့လျှင် ပစ္စ၀က္ခဏာဉာဏ် ငါးမျိုးရှိပေသည်။

(သတ္တသညာသုတ္တန်)
Sattasanna Sutta
ဖားအောက်တောရဆရာတော်

Shared from Buddhavasa Tiloka (FB)

No comments:

Post a Comment