ဤဘဒ္ဒကမ္ဘာမှ သင်္ချာရေတွက်
ကမ္ဘာတစ်သိန်းအထက် အစပြုခဲ့ပါ၏။
ထိုစဉ်က လောက၌ ပဒုမုတ္တရ မြတ်စွာဘုရားသည်
ပွင့်တော်မူလျက် ရှိ၏။ လောက၏ အကျိုးစီးပွားကို
ဆောင်တော်မူဆဲဖြစ်၏။ ထိုအခါက ၀ိသာခါ
အလောင်းအလျာ ဥပါသိကာမသည် ကြီးစွာသော
ကောင်းမှုကို ပြု၏။ ကြီးစွာသော ကောင်းမှုဟူသည်မှာ
မြတ်စွာဘုရားနှင့်တကွ သံဃာတော် တစ်သိန်းတို့ ကို
ခုနစ်ရက်တိုင်တိုင် ဆွမ်းလုပ်ကျွေးခြင်း ဖြစ်၏။
အဆုံးနေ့ ၌ သင်္ကန်းများကို လှူဒါန်းခြင်းဖြစ်၏။
ထို့ နောက် အလှူဒါနပြုသော ဥပါသိကာမတို့ တွင်
အသာဆုံး ဧတဒဂ်ဆုကို ပန်၏။ ထိုဆုကို ရဖို့ အတွက်
ဝိသာခါအလောင်းအလျာသည် ကမ္ဘာတစ်သိန်းတိုင်တိုင်
ဖြည့်ကျင့်ရ၏။ ၀ိသာခါအတွက် အလှူဒါနပြုရာ၌
ဧတဒဂ်ရဖို့ အတွက် ဖြတ်လမ်းဟူ၍ မရှိ၊ လမ်းဟောင်းသာ
ရှိ၏။ လမ်းဟောင်းဟူသည်မှာလည်း ဧတဒဂ်ဆုရဖို့ အတွက်
ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီများကို ဖြည့်ကျင့်ခြင်း ဖြစ်၏။
ထိုသို့ ဖြည့်ကျင့်ရာတွင် အခြားစည်းစိမ်များကို တောင့်တခြင်း
မရှိဘဲ ဒါနပြုရာတွင် ဧတဒဂ်ရဖို့ တစ်ခုတည်းကိုသာ
တောင့်တခဲ့ရ၏။ တောင့်တရုံနှင့် မပြီးသေးဘဲ ကမ္ဘာတစ်သိန်း
တိုင်အောင် ပံ့ပိုးရင်း အချိန်ကို စောင့်ခဲ့ရ၏။ ထိုက်တန်သော
အကျိုးကိုလိုချင်လျှင် ထိုက်တန်သော အချိန်ကို စောင့်ရသည်မှာ
ဓမ္မတာဖြစ်၏။
ဝိသာခါအလောင်းအလျာသည် ထိုဧတဒဂ်ဆုကို
ရဖို့ အတွက် အချိန်ကာလလိုသေးသဖြင့် လူ့ ပြည်၌လည်း
ကျင်လည်ခဲ့ရ၏။ နတ်ပြည်၌လည်း ကျင်လည်ခဲ့ရ၏။
ထိုသို့ ကျင်လည်ခဲ့ရာတွင် ကဿပမြတ်စွာဘုရားရှင်လက်ထက်
ကိကီမင်းကြီး၏ သမီးတော်ဘ၀သည် ထင်ရှား၏။
ဝိသာခါ အလောင်းအလျာသည် ကိကီမင်းကြီး၏
အထွေးဆုံး သမီးတော်ဖြစ်ခဲ့၏။ ထိုစဉ်က သူမ၏ အမည်သည်
သံဃဒါသီ ဟူ၍ဖြစ်၏။ အမည်နှင့်လိုက်လျောအောင်ပင်
ဝိသာခါ အလောင်းအလျာသည် သံဃာတော်အရှင်မြတ်များ၏
ဝေယျာဝစ္စကို အားစိုက်ခွန်စိုက် ဆောင်ရွက်ခဲ့၏။
ကဿပမြတ်စွာဘုရားရှင်၏ ထံတော်၌လည်း အလှူဒါန
ပြုကြသော ဥပါသိကာမတို့ တွင် အသာဆုံး ဧတဒဂ်ဆုကိုပင်
ပန်ခဲ့၏။ ထိုစဉ်က ၀ိသာခါအလောင်းအလျာသည်
အချိန်မကျသေးသဖြင့် ဧတဒဂ်ဆုကို မရရှိခဲ့ချေ။
အချိန်ဟူသည်မှာလည်း တိုတောင်းလှသည် မဟုတ်။
ကမ္ဘာတစ်သိန်းတိုင်အောင်ပင် ဖြစ်၏။
ယခုတော့ အချိန်သည် စေ့ရောက်ပြီ။ ကမ္ဘာတစ်သိန်းကာလသည်
ပြည့်လေပြီ။ ပွင့်ချိန်တန်သောအခါ ပွင့်၍ သီးချိန်တန်မှ သီးကြ
သည်မှာလည်း ဓမ္မတာပင်ဖြစ်၏။ အမှန်အားဖြင့် လောကတွင်
ကြုံကြိုက်ခြင်းဟူ၍ မရှိ။ အကြောင်းတရားတို့ ၏ ပြည့်စုံခြင်းသာ
ရှိ၏။ အကြောင်းတရားတို့ ၏ ပြည့်စုံခြင်းကို အပြည့်အစုံ
မခွဲခြားနိုင်သောအခါ ကြုံကြိုက်ခြင်းဟူ၍ ဆိုကြ၏။
ဝိသာခါကျောင်းအစ်မကြီးသည် ကမ္ဘာတစ်သိန်းအထက်က
အစပြုခဲ့သော မိမိ၏ ကောင်းမှုမျိုးစေ့သည် ယခုတော့
အပင်ပေါက်၍ အသီးကိုသီးပေပြီ။ ၀ိသာခါသည်
ကမ္ဘာတစ်သိန်းအထက်က ပဒုမုတ္တရ မြတ်စွာဘုရားထံတော်၌
စိုက်ပျိုးခဲ့သော မိမိ၏ ကောင်းမှုမျိုးစေ့သည်
ယခုဂေါတမမြတ်စွာဘုရား၏ လက်ထက်တော်တွင် အသီးသီးပေပြီ။
မျိုးစေ့ကို စိုက်ပျိုးခြင်းနှင့် မျိုးစေ့မှ အသီးသီးခြင်းတို့ ကား
နှစ်ပေါင်းကမ္ဘာတစ်သိန်းကြာ၏။ မျိုးစေ့၏ ဓမ္မတာပင်ဖြစ်၏။
မျိုးစေ့၏ အသီးအနေဖြင့် ၀ိသာခါသည် ဆုရှစ်ပါးကို
လည်းကောင်း၊ ဧတဒဂ်ကိုလည်းကောင်း ရမည်ဖြစ်၏။
ဆုရှစ်ပါး ဟူသည်မှာ -
၁။ သံဃာအား အသက်ထက်ဆုံး မိုးရေခံ သင်္ကန်းကို လှူဒါန်းခွင့်ရခြင်း။
၂။ အာဂန္တုက ဧည့်သည်ရဟန်းတို့ အား ဆွမ်းလှူဒါန်းခွင့်ရခြင်း။
၃။ ခရီးသွား ရဟန်းတို့ အား ဆွမ်းလှူဒါန်းခွင့်ရခြင်း။
၎။ ဂိလာနရဟန်းတို့ အား ဆွမ်းလှူဒါန်းခွင့်ရခြင်း။
၅။ သူနာပြုရဟန်းတို့ အား ဆွမ်းလှူဒါန်းခွင့်ရခြင်း။
၆။ ဂိလာနရဟန်းတို့ အား ဆေးဝါးလှူဒါန်းခွင့်ရခြင်း။
၇။ အမြဲတမ်း ယာဂုလှူဒါန်းခွင့် ရခြင်း။
၈။ ဘိက္ခုနီသံဃာအား ရေသနုပ်သင်္ကန်းကို လှူဒါန်းခွင့်ရခြင်း။
တို့ ဖြစ်ကြ၏။
သာသနာတော်၌ အရှင်ကောင်းတို့ အား လှူဒါန်းခွင့်ရခြင်းသည်
နှယ်နှယ်ရရ ဘုန်းကံမဟုတ်။ ယင်းသို့ လှူဒါန်းခွင့်ရခြင်းကို
ကျမ်းဂန်များ၌ သာသနာပြုခွင့်ရခြင်းဟူ၍ ဆိုပါ၏။
အမှန်အားဖြင့် ဘုန်းကံနှင့်ပြည့်စုံသူများသာ သာသနာပြုခွင့်
ရကြ၏။ သာသနာပြုခြင်းနှင့် ပက်သက်၍ ရတနာသုံးပါးအား
ပစ္စည်းလေးပါး လှူဒါန်းခြင်းကို အပြင်ပုံသဏ္ဍာန်အနေဖြင့်
တွေ့ ရမည်ဖြစ်သော်လည်း အတွင်းသရုပ်အနေဖြင့်မူ
တဏှာ လောဘ သတ်ခြင်းကို တွေ့ ရမည်ဖြစ်၏။
အမှန်အားဖြင့် လောက၌ တကယ်တမ်းချမ်းသာအောင်
အားထုတ်ခြင်းဟူသည်မှာ မိမိတို့ ၏ သန္တာန်၌ ကိန်းနေသော
တဏှာ လောဘကို သေအောင် သတ်ခြင်းသာ ဖြစ်၏။
မြတ်စွာဘုရားသည် အနေကဇာတိ သံသာရံ ဥဒါန်းဂါထာတော်ဖြင့်
လောဘကိုနိုင်လျှင် လောကကို နိုင်ပြီးဖြစ်ကြောင်း ဟောကြား
တော်မူထား၏။ ထို့ ကြောင့် လောဘကို သတ်ခြင်းသည်သာ
တကယ်တမ်း သာသနာပြုခြင်းဖြစ်၏။ ပစ္စည်းလေးပါး
လှူဒါန်း၍ လူ့ စည်းစိမ်၊ နတ်စည်းစိမ်၊ ဗြဟ္မာစည်းစိမ်ကို
ရည်မျှော်ခြင်းသည် အနှစ်သာရအားဖြင့် သာသနာပြုခြင်းမဟုတ်။
ဝါဏိဇ္ဇ၀ါဒအရ ကုန်သွယ်ခြင်းသာ ဖြစ်၏။ ထို့ ကြောင့်
အလှူဒါန်နပြုရာ၌ ကုန်သွယ်ခြင်းသဘော မသက်ရောက်
ရလေအောင် အလှူဒါန၏ အတွင်းသရုပ်ကို မြင်အောင်ကြည့်ရ၏။
အလှူဒါန၏ အပြင်ပုံသဏ္ဍာန်နှင့် အတွင်းသရုပ်ကိုလည်းကောင်း
ယင်တို့ ၏ အဆက်အစပ်ကိုလည်းကောင်း မြင်အောင်ကြည့်နိုင်မှ
အဖြေမှန်ကို သိနိုင်မည်ဖြစ်၏။
ဝိသာခါကျောင်းအစ်မသည် တကယ်ပင် သာသနာပြုခဲ့သူဖြစ်၏။
ထို့ ကြောင့်လည်း ၀ိသာခါသည် ဂေါတမမြတ်စွာဘုရား
သာသနာတော်၌ ပစ္စည်းလေးပါး လှူဒါန်းသူ ဥပါသိကာမ
တို့ တွင် အသာဆုံး ဧတဒဂ်ကို ရမည့်သူဖြစ်၏။
ထို့ ကြောင့် သာသနာပြုခြင်းနှင့် ပက်သက်၍ ၀ိသာခါ
ကျောင်းအစ်မကြီး၏ လုပ်ထုံးလုပ်နည်းကို နားလည်အောင်
အားထုတ်အပ်၏။ ထိုသို့ အားထုတ်ရာတွင် ဒါန၏
အပြင်ပုံသဏ္ဍာန်ကိုလည်းကောင်း ၊ဒါန၏ အတွင်းသရုပ်ကို
လည်းကောင်း၊ အပြင်ပုံသဏ္ဍာန်နှင့် အတွင်းသရုပ်တို့ ၏
အဆက်အစပ်ကိုလည်းကောင်း မြင်အောင်ကြည့်ပြီး
သာသနာပြုခြင်း၏ အနက်အဓိပ္ပာယ်ကို နားလည်အောင်
ကြိုးပမ်းအပ်ပါ၏။
ဝိသာခါကျောင်းအစ်မသည် လွန်လေပြီးသော
ကမ္ဘာတစ်သိန်းထက်က ပဒုမုတ္တရ မြတ်စွာဘုရား
ထံတော်၌ မိမိစိုက်ပျိုးခဲ့သော ကောင်းမှုမျိုးစေ့မှ
ယခုအသီးသီးလာသည်ကို မြင်တွေ့ ရသဖြင့်
ဥဒါန်းကျူးရင့်ခြင်းသာ ဖြစ်၏။ စိတ်ဖောက်ပြန်
သောအားဖြင့် သီချင်းကို သီဆိုခြင်းမဟုတ်ဟူ၍
မြတ်စွာဘုရားသည် ရဟန်းတော်များအား
အောက်ပါအတိုင်း တရားဒေသနာတော်ကို ဂါထာဖြင့်
ဟောကြားတော်မူ၏။
- ပန်းသည်သည် ပန်းပုံမှ များစွာသော ပန်းကုံးတို့ ကို
သီကုံးဘိသကဲ့သို့ ၊
- သတ္တ၀ါတို့ သည် ဘ၀ပန်းရုံမှ များစွာသော ကုသိုလ်
ပန်းကုံးတို့ ကို ပြုအပ်ပါ၏။
ပန်းဥယျာဉ်ရှိ ပန်းရုံ၌ ကောင်းသော ပန်းများလည်း
ပွင့်နိုင်၏။ မကောင်းသော ပန်းများလည်း ပွင့်နိုင်၏။
သို့ ရာတွင် ပန်းသည်များကမူ မကောင်းသောပန်းများကို
ပယ်ရှား၍ ကောင်းသောပန်းများကို ရွေးချယ်၍
သီကုံးကြ၏။ ထို့ ကြောင့် ပန်းသည်များသည် မိမိတို့ ၏
ပန်းဥယျာဉ်ရှိ ပန်းရုံများ၌ မကောင်းသော ပန်းများ
မပွင့်နိုင်အောင် ၊ ကောင်းသော ပန်းများ ပွင့်သည်ထက်
ပွင့်နိုင်အောင် ကြိုးပမ်းကြ၏။ သို့ မှသာ ပန်းသည်များသည်
မိမိတို့ ၏ ပန်းဥယျာဉ်ရှိ ပန်းရုံများမှ လှပသော
ပန်းများကို သီးကုံးနိုင်မည်ဖြစ်၏။ ပန်းကုံးများ လှပါမှ
ပန်းကုံးများ၏ တန်ဖိုးသည် မြင့်မားမည်ဖြစ်၏။
ထို့ အတူပင် လောကသည် ပန်းဥယျာဉ်ဖြစ်၍ ဘ၀သည်
ပန်းရုံဖြစ်၏။ လောကတည်းဟူသော ပန်းဥယျာဉ်ရှိ
ဘ၀တည်းဟူသော ပန်းရုံမှ အကုသိုလ်ပန်းများလည်း
ပွင့်နိုင်၏။ ကုသိုလ်ပန်းများလည်း ပွင့်နိုင်၏။
သတ္တ၀ါတို့ သည် မိမိတို့ ၏ ဘ၀တည်းဟူသော
ပန်းရုံမှ အကုသိုလ်ပန်းများ မပွင့်ရလေအောင်
ကုသိုလ်ပန်းများသာ ပွင့်ရလေအောင် ကြိုးပမ်းအပ်၏။
အကုသိုလ်ပန်းများကိုလည်း သီကုံး၍ရ၏။
ကုသိုလ်ပန်းများကိုလည်း သီကုံး၍ရ၏။
အကုသိုလ်ပန်းများကို သီကုံးသောအခါ
သမုဒယသစ္စာပန်းကုံးကို ရ၏။
ကုသိုလ်ပန်းများကို သီကုံးသောအခါ
မဂ္ဂသစ္စာ ပန်းကုံးကို ရ၏။
လောကတည်းဟူသော ပန်းဥယျာဉ်ကို သမုဒယသစ္စာ
ပန်းကုံးများဖြင့် တန်ဆာဆင်သောအခါ
လောကတည်းဟူသော ပန်းဥယျာဉ်သည်
ဒုက္ခသစ္စာသဘောကို ဆောင်ကာ အမြဲတမ်း
မငြိမ်းမချမ်း ရှိပေလိမ့်မည်။ လောကတည်းဟူသော
ပန်းဥယျာဉ်ကို မဂ္ဂသစ္စာပန်းကုံးများဖြင့်
တန်ဆာဆင်သောအခါ လောကတည်းဟူသော
ပန်းဥယျာဉ်သည် နိရောဓသစ္စာ သဘောကိုဆောင်ကာ
အမြဲတမ်း ငြိမ်းချမ်းခြင်း ရှိပေလိမ့်မည်။
ဝိသာခါကျောင်းအစ်မကြီးသည် ပဒုမုတ္တရမြတ်စွာဘုရား
လက်ထက်တော်မှစ၍ ဂေါတမမြတ်စွာဘုရား
လက်ထက်တော်တိုင်အောင် ကမ္ဘာတစ်သိန်းတို့ 
ကာလပတ်လုံး လောကတည်းဟူသော ပန်းဥယျာဉ်ရှိ
ဘ၀တည်းဟူသော ပန်းရုံမှ အကုသိုလ်ပန်းများ
မပွင့်ရလေအောင် ကုသိုလ်ပန်းများ ပွင့်သထက်
ပွင့်ရအောင် ကြိုးပမ်းပြီး ကုသိုလ်ပန်းများကို
သီကုံးထားသော မဂ္ဂသစ္စာပန်းကုံးများဖြင့်
တန်ဆာဆင်လိုက်ရာ ၊ သူမအတွက် လောကတည်းဟူသော
ပန်းဥယျာဉ်သည် မငြိမ်းချမ်းသော ဒုက္ခသစ္စာအဆင့်မှ
ငြိမ်းချမ်းသော နိရောဓသစ္စာ အဆင့်သို့ ရောက်သွားခဲ့လေပြီ။
အကျဉ်းအားဖြင့် ဆိုရလျှင် လောကသည် ပန်းဥယျာဉ်ဖြစ်၏။
ဘ၀သည် ပန်းရုံဖြစ်၏။ ဘ၀ပန်းရုံမှ အကုသိုလ်ပန်းများ
မပွင့်ဘဲ ကုသိုလ်ပန်းများသာ ပွင့်အောင် ကြိုးပမ်းရ၏။
အကုသိုလ်ပန်းများ ပွင့်လျှင် ဘ၀သည် ဒုက္ခဖြစ်၏။
ကုသိုလ်ပန်းများ ပွင့်လျှင် ဘ၀သည် ဒုက္ခနိရောဓ ဖြစ်၏။
ဒုက္ခနိရောဓဟူသည် သိန္တိသုခပင် ဖြစ်၏။
(ဆရာကြီး ဦးရွှေအောင် ရေးသားသော
ဓမ္မပဒ-၀ိသာခါဝတ္ထု မှ)
မေတ္တာဖြင့် စီကုံးပူဇော်သူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)
No comments:
Post a Comment