ပုံပြင်တစ်ပုဒ်မှာ ငါးတစ်ကောင်ဟာ ခုန်တဲ့အချိန်မှာ မတော်တဆ ကမ်းပေါ်ကိုခုန်တက်မိတယ်။ ငါးဟာ ရေထဲပြန်ရောက်ဖို့ ဘယ်လိုပဲကြိုးစားကြိုးစား မရခဲ့ဘူး။ ဒီလိုနဲ့နောက်ဆုံးမှာ အင်အားတွေကုန်ခမ်းပြီး ကြိုးစားခုန်ဖို့ ငါးလက်လွှတ်လိုက်တယ်။ ကမ်းပေါ်မှာပဲသေဆုံးသွားဖို့ သူစောင့်နေခဲ့တယ်။
အဲဒီအချိန်မှာ ငါးနံဘေးနား ပုရွက်ဆိတ်တစ်အုံရောက်လာပြီး ငါးသေနိုင်တယ်၊ သေကိုသေရမယ်လို့ ဝိုင်းဝေဖန်ကြတော့တယ်။ အဲဒီမှာ ပုရွက်ဆိတ်လေးတစ်ကောင်က "ငါးသေမယ်လို့ မပြောနိုင်သေးဘူး... သူ့ကို ရေထဲရောက်အောင် ငါတို့လုပ်နိုင်တယ်" လို့ဆိုတယ်။
ပုရွက်ဆိတ်လေးရဲ့ စကားကိုကြားတော့ ကျန်ပုရွက်ဆိတ်တွေက တအံ့တသြနဲ့ "ငါးကိုရေထဲ ဘယ်လိုပြန်ပို့မလဲ?"ဆိုတော့ပုရွက်ဆိတ်လေးက "ငါးကို ကျွန်တော်တို့ ဝိုင်းဆွဲဖို့မဟုတ်ဘူး။ ငါးကို ကျွန်တော်တို့ ဝိုင်းကိုက်ကြဖို့ပါ" လို့ ပြန်ပြောတယ်။
ပုရွက်ဆိတ်လေးပြောတာကို အားလုံးကအဓိပ္ပာယ်ရှိတယ်ဆိုပြီး ငါးပေါ်ကိုဝိုင်းတက် ကိုက်ကြတော့တယ်။ ပုရွက်ဆိတ်တွေ အားကုန်ကိုက်တော့ ငါးဟာ နာကျင်မှုဒဏ်ကို မခံမရပ်နိုင်ဖြစ်ပြီး ထထခုန်ပါတော့တယ်။ ခုန်ရင်းခုန်ရင်း ငါးဟာ ရေထဲကို ရောက်သွားတော့တယ်။
ခန္ဓာကိုယ်ပေါ်က နာကျင်မှုပဲဖြစ်ဖြစ်၊ စိတ်ထဲက နာကျင်မှုပဲဖြစ်ဖြစ် နာကျင်မှုတွေက သူ့အဓိပ္ပာယ်နဲ့သူ ရှိနေပါတယ်။ ခန္ဓာရဲ့နာကျင်မှုက ကျွန်တော်တို့ရဲ့ခန္ဓာကိုယ် ထိခိုက်နေပြီဆိုတဲ့အကြောင်း၊ ကျွန်တော်တို့ သတိပြုဖို့လိုအပ်ပြီဆိုတဲ့အကြောင်း သတိပေးတာဖြစ်တယ်။ စိတ်ရဲ့နာကျင်မှုကိုတော့ ဘယ်လိုအဓိပ္ပာယ်ကောက်ယူဖို့ ကျွန်တော်တို့သိနားလည်ရင် ကျွန်တော်တို့အတွက် ကြီးပြင်းရင့်ကျက်ဖို့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။
ခန္ဓာကိုယ်ရဲ့ နာကျင်မှု
××××××××××××
ခန္ဓာကိုယ်ထဲက အင်္ဂါအဖွဲ့အစည်းတစ်ခုစီတိုင်းဟာ ကျွန်တော်တို့ ခန္ဓာကိုယ်အသက်တစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် တာဝန်ကိုယ်စီရှိတယ်ဆိုတာကို ကျွန်တော်တို့သိထားပါတယ်။ ခန္ဓာကိုယ်ပေါ်က နာကျင်မှုဆိုတာကလည်း အင်္ဂါအဖွဲ့အစည်းတစ်ခုခုရဲ့ သတိပေးအချက်ပြဖြစ်တယ်။ ဒီလိုအချက်ပြက ခန္ဓာကိုယ်ကို ကျွန်တော်တို့ ဂရုစိုက်ဖို့လိုအပ်ပြီဖြစ်ကြောင်း၊ ကျန်းမာရေးအခြေအနေနဲ့ ကင်းကွာနေပြီဖြစ်ကြောင်း ဖော်ပြတာဖြစ်တယ်။
နေ့စဉ်ဘဝမှာ ကျွန်တော်တို့ဟာ နာကျင်မှုကို ကောင်းကောင်းဖယ်ထုတ်တတ်ကြတယ်။ နာကျင်လာပြီဆိုတာနဲ့ အနာပျောက်ဆေးတွေ စားတတ်ကြတယ်။ နာကျင်မှုကိုပျောက်အောင် လုပ်နိုင်တာကောင်းပါတယ်။ ခန္ဓာကိုယ်ထဲမှာ နာကျင်မှုရှိတာဟာလည်း အရေးပါတဲ့အချက်တစ်ခုဆိုတာ ကျွန်တော်တို့ မမေ့သင့်ဘူး။ ခန္ဓာကိုယ်ကို ဂရုစိုက်သင့်ပြီဖြစ်ကြောင်း ကျွန်တော်တို့ကို အသိပေးတဲ့အချက်ပြဖြစ်လို့ပါပဲ။
ဥပမာအားဖြင့် ပြောရရင် နှလုံးရောဂါမဖြစ်ခင် ရင်ဘတ်စူးအောင့်တာမျိုး... ဒီလို စူးအောင့်တာက ကျွန်တော်တို့မှာ ဘာရောဂါဖြစ်နိုင်ပြီဖြစ်ကြောင်း အသိပေးတာပဲဖြစ်တယ်။ အချိန်မီကုသဖို့၊ ဆေးဝါးမှီဝဲဖို့ အချက်ပြတာဖြစ်တယ်။ တကယ်လို့ ဒီလိုနာကျင်မှုအချက်ပြတာမရှိရင် ရောဂါဖြစ်နေမှန်း ကျွန်တော်တို့မသိနိုင်တော့ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတတ်ပါတယ်။
ဒါကြောင့် အင်္ဂါအဖွဲ့အစည်းတစ်ခုခုရဲ့နာကျင်မှုက ခန္ဓာကိုယ်ကို ပိုဂရုစိုက်သင့်ပြီ၊ ကျန်းမာရေးကို အလေးထားသင့်ပြီဆိုတဲ့ အကျိုးအမြတ်ကိုရတယ်။ ဒီလိုအင်္ဂါအစိတ်အပိုင်းရဲ့ နာကျင်မှုအချက်ပြကို တကိုယ်ကောင်းဆန်တယ်လို့ ပြောလို့ရသလို တကိုယ်ကောင်းမဆန်ဘူးလို့လည်း ပြောလို့ရပါတယ်။ တကိုယ်ကောင်းဆန်တယ်ဆိုတာက ဒီအင်္ဂါအစိတ်အပိုင်းတွေဟာ သူတို့ရဲ့ကျန်းမာရေးအတွက်၊ အနာတရမဖြစ်ဖို့အတွက် အချက်ပြတာဖြစ်တယ်။ တကိုယ်ကောင်းမဆန်ဘူးဆိုတာက သူတို့ဟာ သူတို့ရဲ့တန်ဖိုးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို တာဝန်ထမ်းဆောင်နေတာ၊ ပေးဆပ်နေတာဖြစ်တယ်။
ဒီအင်္ဂါအစိတ်အပိုင်းတွေက သူတို့တာဝန်ကို သူတို့ထမ်းဆောင်နေတယ်။ အချက်ပြတာဟာလည်း သူတို့ရဲ့တာဝန်အရဖြစ်တယ်။ ဒီလိုအချက်ပြကို မှန်ကန်တဲ့တုန့်ပြန်မှုနဲ့ ခန္ဓာကိုယ်ကို အလေးထားသင့်ပြီဖြစ်ကြောင်း အသိပေးတာဖြစ်တယ်။
စိတ်ရဲ့နာကျင်မှု
××××××××
အခက်အခဲ၊ ဆင်းရဲဒုက္ခ ဒါမှမဟုတ် အသဲကွဲတာနဲ့ ရင်ဆိုင်ကြုံတွေ့တဲ့အခါ ကျွန်တော်တို့ရဲ့စိတ်မှာ နာကျင်တဲ့ဝေဒနာကို ခံစားရတယ်။ ဒီလိုနာကျင်မှုက သင်ခန်းစာတစ်မျိုး၊ ဒီလိုနာကျင်မှုကို ကျွန်တော်တို့ ဘယ်လို သဘောထားမယ်ဆိုတဲ့အပေါ်မူတည်ပြီး ကိုယ့်ကိုယ်ကိုအောင်နိုင်ဖို့ ကျွန်တော်တို့ကို အခွင့်အရေးပေးပါလိမ့်မယ်။ နာကျင်မှု အမျိုးမျိုးရှိတယ်။ ဥပမာ......
နစ်နာတဲ့နာကျင်မှု----- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ အထင်လွှဲတဲ့အခါ
ထိခိုက်တဲ့နာကျင်မှု----- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ စွန့်ပစ်သွားတဲ့အခါ
လိမ်ညာခံရတဲ့နာကျင်မှု----- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ လိမ်ညာသွားတဲ့အခါ
သစ္စာဖောက်ခံရတဲ့နာကျင်မှု --- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ သစ္စာဖောက်သွားတဲ့အခါ
ဒီလိုနာကျင်မှုတွေက တစ်ခါတလေမှာ စကားလုံးနဲ့ဖော်ပြလို့မရသလို ထုတ်ဖော်ပြသလိုလဲ မရနိုင်ဘူး။ နာကျင်တဲ့အခါ ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်တယ်၊ ကြေကွဲတယ်၊ ထိခိုက်တယ်၊ အော်ဟစ်ဆဲဆို ပေါက်ကွဲချင်စိတ်ဖြစ်တယ်။ စိတ်တိုနာကျင်လွန်းလို့ ခန္ဓာကိုယ်တောင် တုန်လှုပ်နိုင်တယ်။ သွေးတိုးနိုင်တယ်။
ဒါပေမဲ့ ဒီလိုနာကျင်မှုကလည်း သူ့အဓိပ္ပာယ်နဲ့ သူရှိနေခဲ့တယ်။ အဲဒီအဓိပ္ပာယ်ကို ကျွန်တော်တို့ ဖတ်သိနားလည်နိုင်ရင်၊ အပြုသဘောနဲ့ ရင်ဆိုင်ဖြေရှင်းဖို့သင်ယူတတ်ခဲ့ရင် အချစ်ရဲ့ တကယ့်အနက်အဓိပ္ပာယ်ကိုသိဖို့ ဒီနာကျင်မှုတွေက ကျွန်တော်တို့ကို သိနားလည်စေပါလိမ့်မယ်။ အချစ်မှာ တကယ်နာကျင်ခဲ့ဖူးသူကမှ အချစ်ရဲ့တန်ဖိုး၊ အချစ်ကို ပိုတန်ဖိုးထား နားလည်မှာဖြစ်တယ်။
တစ်ခါဆုံးရှုံးရင် တစ်ခါကြီးပြင်းသတဲ့။ တကယ်လို့ သင့်ကိုယ်သင် ပိုရင့်ကျက်ချင်ရင် တစ်ခါလောက်တော့ အသဲကွဲကြည့်ပါ။ ရင့်ကျက်တဲ့လမ်းဆီ သင်ရောက်သွားပါလိမ့်မယ်။ ဘဝထဲက အခက်အခဲ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ကြုံတွေ့ပြီးမှ လူဟာ ပိုကြံ့ကြံ့ခံ သန်မာလာတာဖြစ်တယ်။ သေဆုံးတာကို တွေ့ကြုံဖူးသူတစ်ယောက်က လက်လွှတ်ဖို့ကို ပိုသိနားလည်လာတာဖြစ်တယ်။
ဒါကြောင့် ခန္ဓာကိုယ်ပေါ်က နာကျင်မှုပဲဖြစ်ဖြစ်၊ စိတ်ထဲက နာကျင်မှုပဲဖြစ်ဖြစ် သူ့အဓိပ္ပာယ်နဲ့သူရှိပါတယ်။ ဒီနာကျင်မှုတွေကို လက်ခံနိုင်တဲ့စိတ်နဲ့ သေသေချာချာသိနားလည်နိုင်မှ ကျွန်တော်တို့ကို အပြုဆောင်တဲ့အရာတွေ ပိုပေးလာနိုင်မှာဖြစ်တယ်။ နာကျင်မှုထဲကနေ ကြီးပြင်းရင့်ကျက်ဖို့ ပိုသင်ယူနိုင်မှာဖြစ်ပါတယ်။
မူရင်း-- http://www.rs66.com/a/1/87/tengtongdeyiyi_78731_3.html
နိုင်းနိုင်းစနေ (Friday, December 09, 2011)
No comments:
Post a Comment