Thursday, September 19, 2013

" နတ်ပြည်သို့ ပြောင်းရွှေ့ သွားသော ရွာကလေး (၁) "


သုံးဆယ့်သုံးအိမ်စုရွာမှ မဃ

ရှေးအခါက မဂဓတိုင်းတွင် မစလ ခေါ်သော ရွာကလေးတစ်ရွာ ရှိခဲ့ဖူး၏။ အိမ်ခြေသုံးဆယ့်သုံးအိမ်မျှသာ ရှိသည်။ ထိုရွာ၌ မဃ ဆိုသူလည်း နေ၏။
ရွာသူရွာသားတို့ သည် ရပ်ရေးရွာရေး ကိစ္စရှိလျှင် ရွာလယ်ခေါင် လမ်းလေးခွ၌ စုဝေးတိုင်ပင်လေ့ရှိကြ၏။ တစ်နေ့ သောအခါ မဃ့ သည် လူအများစုဝေးမည်ရှိစဉ် မိမိရပ်နေသော နေရာ၌ အမှိုက်သရိုက် ခဲသလဲများကို ခြေဖျားကလေးနှင့် ဖယ်ယမ်းပြီး နေ၏။
သူရပ်နေသော နေရာတွင် ထိုင်မှမထိုင်ရသေး။ နောက်မှ ရောက်လာသူ တစ်ဦးက ပြောင်ရှင်းညီညာနေသော သူ့ နေရာကလေး၌ ထိုင်ရန် သူ့ အား တွန်းဖယ်ရှားပြီး လု၍ထိုင်၏။

မဃကား စိတ်မဆိုးဘဲ သည်းခံပြီး ဖယ်ပေးကာ အခြားတစ်နေရာ၌ ရပ်ပြီး ခြေထောက်ဖြင့် ဝှေ့ ယမ်းရှင်းလင်းနေစဉ် ထိုင်မှ မထိုင်ရသေးခင် အခြားတစ်ယောက်က သူ့ အား တွန်းဖယ်ပြီး နေရာလုထိုင်ပြန်၏။ ဤနည်းဖြင့် စိတ်မဆိုးအားဘဲ တစ်နေရာပြီး
တစ်နေရာ ရှင်းလင်းကာ နေရာယူရရှာ၏။ မဃ သည် စိတ်မဆိုးဘဲ ငါလုပ်တာ သူတို့ စိတ်ချမ်းသာသွားပြီဟု ဝမ်းမြောက်ကာ
အများချမ်းသာမှုကိုချည်းပြုရန် စိတ်ထက်သန်လာ၏။

အမှတ်မထင် ခြေထောက်ဖြင့် ခဲသလဲ အမှိုက်သရိုက်များကို ဖယ်ရှားရာမှ သူတစ်ဖက်သား ချမ်းသာစေလိုသော မေတ္တာအင်အားကြီးကို စတင်တွေ့ ရှိကာ
ထို ကိုယ်ချင်းစာစိတ်ကို အခြေခံ၍ မိမိသူတစ်ပါးချမ်းသာရေးအတွက် အခြားကျင့်ဝတ်များနှင့် ကောင်းမှုလုပ်ငန်းများကို တသီတတန်းကြီး တွေ့ မြင်လာ၏။ တွေ့ မြင်သည့်အတိုင်းလည်း ဇောက်ချလုပ်ရန်
ဆန္ဒဖြစ်ပေါ်လာလေသည်။

မိမိအတွက် သူတစ်ပါးဒုက္ခမရောက်စေရန် ဦးစွာ ငါးပါးသီလကို ကျင့်သုံးကာ နောက်တစ်ရက် ထိုနေရာသို့ သွား၍ လူသုံးဆယ်ကျော်
နေထိုင်လောက်ရုံ မြေနေရာ၌ ပေါက်တူးပေါက်ပြားများဖြင့် မြေဖို့ မြေညှိပြီးလျှင် သဲများပင် ခင်းပေးထားလိုက်သေးသည်။
လူများမှာ ချမ်းချမ်းသာသာနေရ၍ ဝမ်းသာနေကြ၏။

နောက်ရက် နောက်လများ၌ မဏ္ဍပ်ကလေးထိုးကာ သောက်ရေအိုးပင် တည်ထားပေးရာ လူအများ ပို၍ ဝမ်းသာကြ၏။ ရပ်ရေးရွာရေး
ဆွေးနွေးလာသူများသာမက ရွာထဲမှ အဘိုးအို အဘွားအိုနှင့် ကလေးများပင် အချိန်မရွေး လာရောက်စုဝေးကြရာ မဃ သည် ပို၍ပင်ဝမ်းသာကာ ဆောင်းအခါတွင် မီးလှုံရန် ထင်းများကိုပင်
တောထဲမှ သယ်ယူထမ်းပို့ ထားလေသည်။
မဃ၏ ကာယကံမေတ္တာသည် မွန်မြတ်လှပါပေ၏။

ကောင်းတာဆိုလျှင် လူတိုင်းကြိုက်သကိုး

ထို့ နောက် ယာယီမဏ္ဍပ်ကိုဖျက်ကာ အခိုင်အမာ ရွာလယ် ဇရပ် ဆောက်လှူလိုက်၏။ အိပ်ရန်ထိုင်ရန် ခုံများကိုပါ ပြုလုပ်ပေးရာ
မစလ တစ်ရွာလုံး ဝမ်းသာမဆုံးကြတော့ချေ။

"အင်း နေချင့်စဖွယ်လုပ်ထားရင် လူတိုင်းသဘောကျတယ်။ ကောင်းတာဆိုရင် မကြိုက်တဲ့လူရယ် မရှိပါကလား။ ငါလုပ်တာ ကောင်းတဲ့အလုပ်ပဲ၊ ရှေ့ ကိုတိုးလုပ်မှ တော်မယ်။ မြို့ ကိုသွားတုန်းက တွေ့ ခဲ့ရတဲ့ ရှင်ဘုရင်တွေ မှုးကြီးမတ်ကြီးတွေဟာလည်း သူတို့ ခုလို စည်းစိမ်ချမ်းသာမျိုးနဲ့ နေကြရတာ အကြောင်းမဲ့မဟုတ်တန်ဘူး။
ဒီလို ကောင်းမှုအလုပ်တွေ လုပ်ခဲ့ကြလို့ သာ နေမှာပဲ။ နောက်ပြီး လတို့ နေတို့ ဟာ လနတ်သား နေနတ်သားတွေလို့ ပြောကြတယ်။
အဲဒီ နတ်သားတွေဟာလည်း ဒီလို ကောင်းမှုတွေလုပ်ခဲ့ကြလို့ နေမှာပဲ။
တခြားအကြောင်းရှိမယ် မထင်ဘူး။"

မဃ သည် သူဥာဏ်မှီသမျှ ဆက်၍စဉ်းစားကာ အများချမ်းသာရေးကို ဦးတိုက်၍ ကောင်းမှုမှန်သမျှ တိုးပြီးလုပ်ရန် ဆန္ဒတွေ ဖြစ်ပေါ်လာ၏။
ထိုသို့ လုပ်လျှင် လူများလည်း ချမ်းသာသထက် ချမ်းသာ၍ မိမိလည်း နောက်ဘဝတွင် ချမ်းသာသည်ထက် ချမ်းသာမည်ဟုလည်း ယုံကြည်နေ၏။

ထို့ ကြောင့် ပထမဆုံး ရွာ့အပြင် လမ်းပန်းများကို ပြင်ဆင်ရန် နံနက်စောစောထ၍ ဆန်ပြုတ်သောက်ပြီးလျှင် တောင်း တူရွင်း ဓားစသည် ယူဆောင်ကာ လူသွားလမ်းများကို ပြင်ဆင်၏။ လမ်းပေါ်ဖြတ်ကျော်ကျနေသော သစ်ကိုင်းများ ခုတ်ပယ်ရှင်းလင်း၏။ ခရီးသွားများနားနေရန် လမ်းဆုံလမ်းခွ၌ တဲများထိုးပေးထား၏။ တစ်နိုင်လုပ်အား ကောင်းမှုများကို နေ့ စဉ်ြ့ပုလုပ်လေသည်။
တံတားခင်းသင့်သော နေရာ၌ တံတားခင်းခြင်း၊ ရေကန်တူးသင့်သော နေရာ၌ ရေကန်တူးခြငိး စသည်ဖြင့် ပရဟိတ လုပ်ငန်းများမှာ
တိုး၍တိုး၍သာ လာ၏။ ပြီးဆုံးသည်ဟူ၍လည်း မရှိချေ။
နေထွက်မှနေဝင် တောမှာပင် အချိန်ကုန်လေတော့သည်။

ကောင်းမှုကို မသိသောလူစုနှင့် နတ်ပြည်လမ်းဖောက်သူ

ထိုသို့ နေစဉ်နှင့်အမျှလုပ်နေသော မဃကိုမြင်၍ အခြားဘဝတူ ရွာသားအချို့ က "ကိုမာဃ ဘာလုပ်တာလဲ"ဟု မေးရာ ငါကောင်းမှုလုပ်တာပါ၊ နတ်ပြည်လမ်းဖောက်နေတာပါ ဟုသာ
ဖြေဆို၏။ ကောင်းမှုဆိုတာ ဘယ်လိုဟာလဲဟု မေးလျှင် သူသဘောပေါက်ထားသည့်အတိုင်း လူချင်းတူသော်လည်း အသက်ရှူကွဲဆိုသကဲ့သို့  ရှင်ဘုရင်များ မှူးမတ်ကြီးများကိုပင်
သက်သေထူကာ မင်းတို့ မြို့ တော်သွားတဲ့အခါ မမြင်ဘူးဘူးလား စသည်ဖြင့် ကောင်းမှု၏ အဓိပ္ပါယ်ကို ရှင်းပြ၏။

"အနို့  နတ်ပြည်လမ်းဖောက်တယ်ဆိုတာကရော "ဟု မေးပြန်လျှင် လနတ်သား နေနတ်သား အကြောင်း သက်သေထူကာ
သူသဘောပေါက်သည့် အတိုင်းသာ ရှင်းပြလေ့ရှိသည်။
သူ၏ အပြောနှင့်အလုပ်ကို လူအများစိတ်ဝင်စားလာကြရာ နေပါဦး ကိုမာဃ ပြောတဲ့ နတ်ပြည်လမ်းဖောက်တဲ့အလုပ်ဟာ ခင်ဗျားပဲ လုပ်လို့ ရသလား၊ ကျွန်တော်တို့ ရော လုပ်လို့ မရဘူးလား ဟု ဆက်လက် မေးမြန်း၍ ရနိုင်ကြောင်း ဖြေဆိုလျှင်
-ဒီလိုဆို နက်ဖြန် မနက် တောထဲသွားရင် ကျွန်တော့်ကိုလဲ အသံပြုပါဦးး ဟုဆိုကာ တစ်နေ့ တစ်ခြား လူဦရေတိုးလာကာ
စုစုပေါင်း သုံးဆယ့်သုံးယောက် ဖြစ်လာ၏။

(................ ဆက်ရန် .................. )

(ဓမ္မာစရိယ ဦးဋ္ဌေးလှိုင် ရေးသားသော
မေတ္တာဝါဒ မှ)

မေတ္တာဖြင့် စီကုံးပူဇော်သူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

No comments:

Post a Comment