Friday, September 6, 2013

"အသင်္ချေ ရေတွက်ပုံ"



ကမ္ဘာကြီး တည်၍ ပျက်စီးသည့်တိုင်အောင်သော အခါကို
တစ်ကပ် တစ်ကမ္ဘာ ဟု ခေါ်၏။ အလျား အနံ
တစ်ယူဇနာရှိသော ဂိုဒေါင်တိုက်ကြီးအတွင်း၌
မုန်ညင်းစေ့များကို သွင်းပြီးလျှင်
အနှစ်တစ်ရာကြာမှ တစ်စေ့ကျ ယူပစ်ရာ
ထိုမုန်ညင်းစေ့များ ကုန်သွားသော်လည်း
တစ်ကမ္ဘာမကုန်သေးဟု ဘုရားရှင် မိန့် တော်မူသည်။
(နိဒါန၀ဂ္ဂ-အနမတဂ္ဂသံယုတ်)
ထိုမျှကြာသော ကမ္ဘာပေါင်း မည်မျှရှိပြီဟု
ရေတွက်၍ မရလောက်အောင် များမြောင်သော ကမ္ဘာကို
အသင်္ချေဟု ဆိုသည်။ ထိုသို့ ရေတွက်၍ မရသောကြောင့်
ဘုရားတစ်ဆူနှင့် တစ်ဆူအကြား၌ တစ်အသင်္ချေဟု
မှတ်ထားရသော လေးကြိမ်ကို လေးအသင်္ချေ ဟု ဆိုရသည်။

ထို လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းသည်
ဘုရားတစ်ဆူတစ်ဆူ၏ ပါရမီဖြည့်ရာ အမြန်ဆုံး
အချိန်အခါတည်း။ အချို့ ဘုရားရှင်များမှာ
ပါရမီဖြည့်ဖို့ ရာ ရှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊
တစ်ဆယ့်ခြောက်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကြာသည်။

ဘုရားရှင်၏ ကောင်းမှုပါရမီတော်များသည်
"ဤ၍ ဤမျှ ရှိ၏ "ဟု ဂဏန်းချလျက် နှိုင်းဆရေတွက်၍
မရလောက်အောင် များမြောင်လှပေ၏။
ကမ္ဘာလောက၌ ရှိသမျှ သတ္တ၀ါအပေါင်း၏ ကောင်းမှု
ပါရမီတွေကို စုပေါင်း၍ အဆတစ်ရာ မြှောက်ပြီးလျှင်
တစ်ဆူသော ဘုရားရှင်၏ ပါရမီကုသိုလ်နှင့်
နှိုင်းယှဉ်သည် ရှိသော် ဘုရားရှင်တစ်ဆူ၏
ကုသိုလ်ကောင်းမှုတော်ကပင် သာလွန်ဖွယ်ရှိသည်ဟု
ကျမ်းဂန်များ၌ ဆို၏။ ထိုမျှလောက် များပြားသော
ပါရမီတော်တို့ ကို ထိုလေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ကာလပတ်လုံး စုဆောင်းတော်မူခဲ့သောကြောင့်
"ဤ၍ ဤမျှ - မည်၍ မည်မျှ ရှိသည်" ဟု
ပါရမီတော်များကို ရေတွက်၍ မရနိုင်တော့ပြီ။

(မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

No comments:

Post a Comment