Wednesday, September 11, 2013

ပရမတ္ထတရားကို စိစစ်နည်း

  သဘာဝတရားတို့၏အခြေခံဖြစ်သော ပရမတ္တတရားတို့သည် သဘောမျှသာဖြစ်ကြပြီး သက်တမ်းအလွန့်
အလွန် တိုတောင်းကြသည့်အတွက် ၄င်းတို့ကို လက်ဆုပ်လက်ကိုင်ပြ၍ မရပါ။
    ဤပရမတ္တတရားတို့ အမှန်တရယ်ရှိကြောင်းကို စိစစ်ပြနိုင်သော နည်းလေးမျိုှးရှိ၏။ ၄င်းတို့မှာ လက္ခဏ၊
ရသ၊ ပစ္စုပဋ္ဌာန်နှင့် ပဒဋ္ဌာန်တို့ဖြစ်ကြ၏။

        (၁) လက္ခဏ
    ဤပါဠိသဒ္ဒါကို  မြန်မာတို့က လက္ခဏာဟု ဝေါဟာရပြုထားကြ၏။ အဓိပ္ပာယ် အမှတ်အသား ဖြစ်၏။
    ပရမတ္တတရားတစ်ခုစီတွင် လက္ခဏာနှစ်မျိုးစီရှိ၏။ သာမညလက္ခဏာနှင့် သဘာဝလက္ခဏာတို့ဖြစ်ကြ၏။
    (က) သာမညလက္ခဏာသည် ပရမတ္တတရား အများနှင့် သက်ဆိုင်သော လက္ခဏာဖြစ်သည်။ စိတ်နှင့်စေ
တသိတ်တည်းဟူသော နာမ်တရားသည်လည်းကောင်း၊ ရုပ်တရားသည်လည်းကောင်း ဖြစ်ပြီးသည်နှင့် မကြာမီပျက်စီး
ကြရသဖြင့် မမြဲခြင်းဟူသော အနိစ္စလက္ခဏာရှိကြ၏။ ပရမတ္တတရားတို့သည် အကြောင်းပြည့်စုံညီညွတ်လျှင်ဖြစ်ပေါ်
လာသည်ကို မဖြစ်ပေါ်ပါနှင့်ဟု၊ မည်သူမျှတား၍မရ။ အကြောင်းမပြည့်စုံဘဲနှင့်ဖြစ်လာ
ပါစေဟူ၍လည်း မည်သည့်ဖန်တီးရှင်ကမျှ ဖန်တီးယူ၍မရ။ ဖြစ်ပေါ်လာပြီးနောက် မပျက်ဆီးပါစေနှင့်ဟုလည်း မည်သည့်တန်ခိုးရှင်ကမျှ တားဆီး၍မရ။ ဤသို့ အစိုးမရခြင်းဟူသည့် အနတ္တလက္ခဏာသည်လည်း ရုပ်နာမ်အားလုံးတို့၏ အမှတ်အသားတစ်ခုဖြစ်၏။
    ရုပ်နာမ်တို့သည် မမြဲခြင်းနှင့် အစိုးမရခြင်းဟူသည့် သဘောများကို ဆောင်ထားသည့် အတွက် ကျေနပ်
စရာမရှိခြင်း(၀ါ) ဆင်းရဲခြင်းဟူသည့် ဒုက္ခလက္ခဏာတို့လည်း ဆောင်ကြ၏။
    သို့အတွက် အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့သည် ရုပ်နာမ်တရားအားလုံးနှင့် သက်ဆိုင်သော သာမညလက္ခဏာ
များ ဖြစ်ကြ၏။
    ထို့အပြင် ရုပ်တရားအားလုံးသည် ဖောက်ပြန်ခြင်း(ရုပ္ပန)လက္ခဏာရှိကြ၏။ စိတ်နှင့် စေတသိတ်တည်းဟူ
သော နာမ်တရားအားလုံးတို့သည် အာရုံသို့ ညွှတ်ကိုင်းခြင်း(နမန)လက္ခဏာရှိကြ၏. ရုပ္ပနနှင့်နမနတို့သည်လည်း
သာမညလက္ခဏာများဖြစ်ကြ၏။

(ခ)သဘာဝလက္ခဏာသည် အများနှင့်မဆိုင်ဘဲ ကိုယ်ပိုင်အမှတ်အသားဖြစ်၏။ ဥပမာ အာရုံကိုသိခြင်း
သည် စိတ်၏ ကိုယ်ပိုင်လက္ခဏာဖြစ်၏။ အာရုံကို တွေ့ထိခြင်းသည် ဖဿ၏ သီးခြားလက္ခဏာဖြစ်၏။ ခက်မာမှု
သဘောသည် ပထ၀ီဓာတ်၏ ကိုယ်ပိုင်အမှတ်အသားဖြစ်၏။ ဤသီးခြားလက္ခဏာများကို သဘာဝလက္ခဏာများဟု
ခေါ်သည်။

        (၂)ရသ
    ရသသည် ကိစ္စရသနှင့် သမ္ပတ္တိရသဟူ၍ နှစ်မျိုးကွဲပြား၏။
    (က)ကိစ္စရသသည် ပရမတ်တရားတို့၏ ကိုယ်ပိုင်ပြုမူဆောင်ရွက်ရသော လုပ်ငန်း(ကိစ္စ)ဖြစ်၏။ ဥပမာ မောဟသည် အာရုံ၏သဘောမှန်ကို ဖုံးကွယ်ထားခြင်းကိစ္စရှိ၏။ ဒေါသသည် မိမိဖြစ်ရာပုဂ္ဂိုလ်နှင့် ဟဒယ၀တ္တုရုပ်တို့
ကို လောင်ကျွမ်းစေခြင်း ကိစ္စရှိ၏။

(ခ)သမ္ပတ္တိရသသည် အကြောင်းစုံညီသဖြင့် ဖြစ်ပေါ်လာခြင်း(၀ါ)ပြည့်စုံခြင်းကို ခေါ်၏။ ဥပမာ မောဟ
သည် အာရုံကိုထိုးထွင်း၍ မသိခြင်း သမ္ပတ္တိရသရှိ၏။ ဒေါသကြောင့် ခြေတုန်လက်တုန်၊ အသံတုန်ခြင်းနှင့် မျက်နှာကြမ်း
တမ်းလာခြင်းတို့သည် ဒေါသစေတသိတ်၏ သမ္ပတ္တိရသဖြစ်၏။

        (၃)ပစ္စုပဋ္ဌာန်
    ကိစ္စရသကြောင့် ဖြစ်ပေါ်လာရသည့် အကျိုးတရား(၀ါ) ဥာဏ်တွင် ထင်မြင်လာသော သဘောခြင်းရာကို
ပစ္စုပဋ္ဌာန်ဟု ခေါ်၏။
    ဥပမာအာရုံ၏သဘောမှန်ကိုမသိ၍ ကောင်းမွန်ဖြောင့်မှန်စွာ မကျင့်နိုင်ခြင်းသည် မောဟ၏ ပစ္စုပဋ္ဌာန်ဖြစ်
၏။ မောဟကို အမှောင်တရားဟုလည်း ထင်မြင်ကြ၏။ ဒေါသသည် မိမိနှင့် သူတစ်ပါးတို့ကို ဖျက်ဆီးတတ်သည့်တရား
ဟု စူးစိုက်လေ့လာသူ၏ ဥာဏ်တွင် ရှေးရှုထင်လာ၏။

        (၄)ပဒဋ္ဌာန်
    အနီးကပ်ဆုံး အကြောင်းတရားကို ပဒဋ္ဌာန်ဟု ခေါ်၏။ အကျိုးတရားတစ်ခု ဖြစ်ပေါ်လာရာတွင် အကြောင်း
တစ်ခုသာရှိသည်မဟုတ်။ ဆင့်ကဲဆင့်ကဲ အထောက်အကူပြုနေကြသည့်အကြောင်း အမြောက်အမြားရှိ၏။
    ဥပမာ ဒေါသကိုဖြစ်ပေါ်စေသော အကြောင်းများတွင် (၁) အနိဋ္ဌာရုံနှင့် တွေ့ဆုံခြင်းနှင့် (၂) နှလုံးသွင်းမှု
မမှန်ကန်ခြင်း (အယောနိသော မနသိကာရ)တို့သည် အရေးကြီးသော အကြောင်းနှစ်ရပ်ဖြစ်ကြ၏။ ဤနှစ်ရပ်တွင်
အနိဋ္ဌာရုံနှင့် ကြုံတွေ့နေစေကာမူ နှလုံးသွင်းကောင်းသော  ပညာရှိသည် ဒေါသမဖြစ်ချေ။ ထို့ကြောင့် နှလုံးသွင်း
မကောင်းခြင်း (အယောနိသော မနသိကာရ)သည်သာ ဒေါသ၏ နီးကပ်သော အကြောင်း ပဒဋ္ဌာန်ဖြစ်၏။
    ဤသို့ နည်းလေးမျိုးတို့ဖြင့် ပရမတ္တတရားများကို စိစစ်နိုင်လျှင် သဘောတရား ထင်ရှားလာပြီး အယူလွဲမှား
မှုမှ ကင်းစင်ခြင်းတည်းဟူသည့် ဒိဋ္ဌိဝိသုဒ္ဓိဖြစ်၏။

(ဒေါက်တာမင်းတင်မွန်ရေးသားသော  တက္ကသိုလ်အဘိဓမ္မာ စာအုပ်မှ)

No comments:

Post a Comment