Thursday, September 19, 2013

" နတ်ပြည်သို့ ပြောင်းရွှေ့ သွားသော ရွာကလေး (၃) နိဂုံး "


"နောက်ပြီး အရေးကြီးဆုံးက ကျုပ်တို့ တတွေ ရွာမှာနေတုန်းက နေ့ ရှိသမျှ လိုက်နာကျင့်သုံးခဲ့ကြတဲ့ ကိုယ်ကျင့်တရားတွေ၊ လုပ်ခဲ့တဲ့ ကောင်းမှုတွေကိုပြန်ပြီး စဉ်းစားကြဖို့ လိုပါတယ်၊ ဒါ ကိုယ်လုပ်ခဲ့တဲ့
ကောင်းမှုကို အသစ်ထပ်ပြုတာပါပဲ"

"နောက်တစ်ခုက ကျုပ်တို့ တတွေ ကတိက၀တ် စာတမ်းမှာ
ရာသက်ပန် မည့သူ့ အပေါ်ကိုမျှ အပြစ်မတင် စိတ်မဆိုးပါဘူး၊
မတော်တဆ စိတ်ဆိုးမိသွားလျှင်လဲ ချက်ချင်း ဖြေဖျောက်ပါ့မယ်"
ဆိုတဲ့ ကျင့်ဝတ်ကို ဒီကနေ့ တိုးပြီး လိုက်နာကြဖို့ လိုပါတယ်။

ဒီတော့ မိတ်ဆွေတို့  ....
၁။ ကျုပ်တို့ ကို အကောက်ကြံတဲ့ ရွာစားကြီးအပေါ်ကိုရော၊
၂။ မဂဓပြည့်ရှင် ဘုရင်မင်းမြတ်ကြီးအပေါ်ကိုရော၊
၃။ နင်းသတ်မယ့် ဆင်ရိုင်းကြီးအပေါ်ကိုပါ
မိမိကိုယ်နှင့် တစ်ထပ်တည်း စိတ်ထားပြီး မေတ္တာကိုသာ
စူးစူးစိုက်စိုက် ပွားကြပါ"။

ဆင်ဖြင့် နင်းသတ်ခြင်း

မဃက ဘ၀တူများအား သတိပေးနေစဉ်မှာပင် မစလ ရွာသားများ
အားလုံးကို ချုပ်နှောင်ဆွဲခေါ်ပြီးလျှင် နန်းရင်ပြင် အလယ်၌
ဝမ်းလျားမှောက် တန်းစီခိုင်းထား၏။ ဆင်ဦးစီးများသည်
ဆင်ရိုင်းကြီးများအား နင်းသတ်ရန် ညာသံပေး၍ မောင်းနှင်၏။

ဆင်ရိုင်းကြီးမှာ တစ်လှမ်းနှစ်လှမ်း သွားရုံမျှ သွားပြီးလျှင်
ရှေ့ သို့ မတိုးဘဲ အော်မြည်နေ၏။ လှံများ မှိန်းများဖြင့် ထိုးနှက်
မောင်းနှင်ကြသော်လည်း မရ၊ ရင်ကွဲမတတ် အော်မြည်လျက်
ထွက်ပြေးလေ၏။ ရွာစားကြီးနှင့်တကွ လူအများ အံ့အားသင့်နေကြလေသည်။

ထိုအကြောင်း မဂဓ ဘုရင်ကြီးအား သွားရောက် သံတော်ဦးတင်ကြရာ အခြား ဆင်ရိုင်းကြီး တစ်ကောင်ဖြင့် လဲလှယ်၍ နင်းသတ်ရန် အမိန့် ချလိုက်ပြန်၏။ အခြား ဆင်ရိုင်းကြီး တစ်ကောင်ဖြင့် နင်းသတ် ခိုင်းပြန်ရာတွင်လည်း မရချေ။ ဆင်တင်းကုပ်တွင် ရှိသမျှ ဆင်များကို တစ်ကောင်ပြီးတစ်ကောင် ဆွဲထုတ် နင်းသတ်စေရာ တစ်ကောင်မှ မနင်းဝံ့ဘဲ ရှိကြလေ၏။

"လူတွေ သည်အတိုင်း မြင်နေရလို့  မနင်းဝံ့ဘဲနေတာ ဖြစ်လိမ့်မယ်" အထင်ဖြင့် မစလရွာသားများကို ဖျာယိုင်ဖုံးအုပ်၍ နောက်တစ်ချီ
နင်းသတ်ခိုင်းပြန်ရာ မည်သည့်ဆင်မျှ မနင်းဝံ့ဘဲ အော်မြည်ထွက်ပြေး၍ချည်းသာ သွားကြလေသည်။

မဂဓဘုရင်ကြီးသည် မည်သို့ မျှ ဆင်ဖြင့် နင်းသတ်၍ မရသောအခါ
အကြံရခက်နေ၏။ ဆေးမြစ်ဆေးကောင်း အဆောင်ကောင်း ရှိမရှိ
တစ်ယောက်စီ စစ်ဆေးခိုင်းရာ မည်သည့် အဆောင်မျှ မတွေ့ ။
တစ်စုံတစ်ခုသော အတတ်ပညာကြောင့်များလား ထင်ကာ
မေးမြန်းစစ်ဆေးရာ ခေါင်းဆောင် မဃက "ဟုတ်ကဲ့ ကျုပ်တို့ မှာ
မန္တာန်ရှိပါတယ်"ဟု ဆိုသဖြင့် ဘုရင့်ထံ ခေါ်ဆောင်သွားကြသည်။
ဘုရင်က တတ်သိသော မန္တန်ကို ပြောစေခိုင်းရာ - မဃက

"ကျွန်တော်မျိုးတို့  တတ်ထားတဲ့ မန္တန်က တခြားမဟုတ်ပါ၊
သူ့ အသက်ကို မသတ်ပါ၊ သူ့ ဥစ္စာကို မခိုးပါ၊ သူ့အိမ်ရာကို မကျူးလွန်ပါ၊ လိမ်လည် မပြောပါ၊ သေရည်သေရက်
မသောက်စားပါ၊ မေတ္တာပွားပါတယ်၊ တတ်နိုင်သမျှ လှူဒါန်းပေးကမ်းပြီး ကောင်းမှုလုပ်ပါတယ်၊ နတ်ပြည် လမ်းဖောက်ပါတယ်"

ဤသို့  စသည့်ဖြင့် မစလ ဥပဒေများ၊ အများချမ်းသာကောင်းစားရေး အတွက် လုပ်ဆောင်ချက်များအားလုံးကို ဖော်ပြကာ ....
"ဒါဟာ ကျွန်တော်မျိုးတို့ ရဲ့  မန္တန်ပါပဲ၊ ပရိတ်ပါပဲ၊ကြီးပွားရေးလုပ်ငန်းလဲ ဖြစ်ပါတယ်။" ဟု သံတော်ဦးတင်လိုက်၏။

ရွာလုံးကျွတ် နတ်ပြည်ပြောင်း၍ ရွာတည်ခြင်း

သစ္စာပြုကာ မေတ္တာဘာဝနာပွားများပုံများကိုပါ ကြားသိရသဖြင့် မဂဓဘုရင်ကြီးသည် -

"အမောင်တို့  ၊ အဟိတ်တိရစ္ဆာန်ဖြစ်တဲ့ ဆင်ကတောင်
မောင်တို့ ရဲ့  ကျေးဇူးဂုဏ်ကို သိပေတယ်၊ ငါကိုယ်တော်မြတ်ဟာ
လူပင်ဖြစ်လျက် မသိခဲ့ဘူး၊ မောင်တို့ ခွင့်လွှတ်ကြပါ" ဟုဆိုကာ
ကုန်းတိုက်(ခြေထိုး)သူ ရွာစားကြီးမိသားစုကို ရွာစားအရာမှချ၍
မစလ ရွာသားများအား အခိုင်းအစေအဖြစ်ပေးကာ မစလရွာကိုလည်း
လွတ်လပ်စွာ အုပ်ချုပ်နေထိုင်ကြရန် ဆုတော်ငွေများနှင့် ဆင်ကိုပါ
ဆုချလိုက်သဖြင့် ဆင်စီး၍ ၀မ်းသာစွာ ပြန်ကြလေ၏။

ဆင်ကို တစ်လှည့်စီ စီး၍ ပြန်လာကြစဉ် လမ်းခရီး၌ -
"မိတ်ဆွေတို့  နောက်ဘ၀အတွက် ရည်ရွယ်ပြီး ငါတို့ လုပ်ခဲ့တဲ့ ကောင်းမှုဟာ ရေထဲက ထိုးထွက်လာတဲ့ ကြာပန်းလို ငါတို့ မှာ အခုလက်ငင်း ခံစားနေကြရပါပကောလား။ မိတ်ဆွေတို့ ၊ ဒီကရှေ့ ကောင်းမှုကို တိုးပြီးလုပ်မှ တော်မယ်" ဟု ပြောဆိုကြကာ ရှေးကထက်ပို၍ ကြီးကျယ်သော တည်းခို ဇရပ်ကြီးများ စသည်တို့ ကို ပြုလုပ်ကြလေသည်။

မစလ ရွာလယ်ဇရပ်ကလေးမှာ သီးခြား မစလ လွှတ်တော်တစ်ခု ဖြစ်လာလေသည်။

မဃ အမှူးရှိသော မစလရွာသားများ သေလွန်ကြသောအခါ
မစလ ရွာကလေး ရွာလုံးကျွတ် နတ်ပြည်သို့ ရွှေ့ ပြောင်းသွားကြ၏။ "တာဝတိံသာ"ဟု ယခုခေါ်ကြသည်။
မဃကား ယခုအခါ သိကြားမင်းကြီး ဖြစ်သတည်း။

(ဓမ္မာစရိယဦးဋ္ဌေးလှိုင်ရေးသားသော မေတ္တာဝါဒ မှ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

No comments:

Post a Comment