ကိုယ်ကျင့်တရားနှင့် ပတ်သက်လာလျှင်
စာတွေ့ထက်
ကိုယ်တွေ့သင်ခန်းစာများသာ
အစွဲမြဲဆုံးဖြစ်သည်။
[မတ်တွိန်း]
အဲသည်တုန်းက သူ့အသက် ၁၁ နှစ်။ နယူးဟမ့်ရှိုင်းယားပြည်နယ်ရှိ ရေကန်ကြီးတစ်ကန်အလယ်က ကျွန်းတစ်ကျွန်း
ပေါ်မှာ သူတို့မိသားစုပိုင် အိမ်ငယ်လေးတစ်လုံးရှိသည်။ သူက အခွင့်သာတိုင်း အဲသည်ကို သွားကာ လှေဆိပ်တံတားမှာ
ငါးမျှားလေ့ရှိသည်။
ငါးမျှားရာမှာ ဥပဒေစည်းကမ်း ရှိသည်။ ဥချသည့် ရာသီမှာ မမျှားရ။
အဲသည်နေ့ ညနေစောင်း သူတို့သားအဖ ငါးမျှားကြတော့ ဘက်(စ) ငါးကြီးတွေ မျှားခွင့်ပြုသည့်အချိန်မရောက်သေး။
ထို့ကြောင့် ငါးစင်စပ်တို့ ငါးပြေမတို့မိအောင်သာတီကောင်အစာတပ်ပြီး သူတို့မျှားကြသည်။ သို့သော် အဲသည်လိုမျှားရင်း
အတော်ကြာတော့ သူကငါးမျှားချိတ်မှာ ငွေရောင် ငါးစာအတုလေးတစ်ခု တပ်ကာ ခပ်ဝေးဝေးထိ ပစ်ပြီးငါးကြီးမျှားပုံကိုစမ်း
သပ်လေ့ကျင့်ကြည့်မိသည်။ နေ၀င်စမှာ ရေထဲ ငါးစာကျတော့ရောင်စုံလှိုင်းဂယက်ကလေးတွေ ဖြာသွားသည်။
တဖြည်းဖြည်း နေ၀င်ပြီး လထွက်လာသည်။ လှိုင်းကလေးတွေက အနီ အ၀ါ ရောင်စုံမှ ဖိတ်ဖိတ်လက်သောငွေရောင်
သို့ ပြောင်းလာသည်။
တစ်ကြိမ်မှာတော့ ငါးမျှားတံက ဆတ်ခနဲ ကွေးသွားသည်။ နည်းနည်းမဟုတ်၊ အများကြီး ကွေးသွားသည်။ အတော်
ကြီးတဲ့ငါးပဲဟု သူသိလိုက်သည်။ ငါးကို သူ လျှော့လိုက်တင်းလိုက် ကစားပေးရင်း တဖြည်းဖြည်းဆွဲနေတာကို သူ့ဖခင် ကျေ
နပ်အားရစွာ အကဲခတ်ကြည့်နေသည်။
ငါးအတော်မောသွားပြီ၊ သိပ်မရုန်းနိုင် မကန်နိုင်တော့ဘူး ဆိုသည့်အချိန်လောက်ကျမှ သူသတိကြီးစွာထားပြီး ဆွဲတင်
သည်။ ငါးက သူတွေ့ရဖူးသမျှထဲတွင်အကြီးဆုံးငါး။ သို့သော် ဘက်(စ) ငါးဖြစ်နေသည်။
ကောင်လေး သားအဖ အလွန်လှသည့် ငါးကြီးကိုကြည့်မ၀နိုင်ဖြစ်နေသည်။ ငါးပါးဟက်တွေ ပွလိုက် ရှုံ့လိုက် လုပ်နေ
တာ လရောင်မှာမြင်နေရသည်။ အဲသည်နောက် ဖခင်က မီးခြစ်ခြစ်ကာ နာရီကို ကြည့်သည်။ ညသန်းခေါင်ကျော်လျှင် ဘက်(စ)
ငါးတွေ မျှားခွင့်ပြုသည့်ရာသီစပြီ။ သို့သော် လောလောဆယ် ည ၁၀ နာရီပဲ ရှိသေးသည်။ ခွင့်ပြုချိန်ရောက်ရန် ၂ နာရီတိတိ လို
သေးသည်။
အဖေက ငါးကိုတစ်လှည့် သားကိုတစ်လှည့်ကြည့်သည်။ ပြီးလျှင်၊ “သားရေ ပြန်လွှတ်ပေးရလိမ့်မယ်ကွာ” ဟုဆိုသည်။
“အဖေ” သားက ဆိုသည်။
“တခြား ငါးတွေရှိပါသေးတယ်ကွာ” အဖေကပြောသည်။
“ဒီလောက်အကောင်ကြီး ဘယ်ရမလဲ” ဆိုပြီးအနီးဝန်းကျင်ကို သူကြည့်သည်။ လရောင်ကြောင့် ပတ်ဝန်းကျင်ကို သူမြင်
နေရသည်။ အနီးအနားမှာ ငါးမျှားသမားမရှိ။ ငါးဖမ်းလှေ မရှိ။ သူ့ဖခင်ကို တစ်ကြိမ်ပြန်မော့ကြည့်သည်။
သူတို့ကို ဘယ်သူမှလည်း မမြင်၊ သည်ငါးကို သူဘယ်အချိန်မှာ ဖမ်းမိသည်ဆိုတာလည်း တခြားဘယ်သူမှ မသိနိုင်တာ
အမှန်ပင်။ သို့သော် သူ့အဖေ၏ ပြတ်သားသောလေသံကို သူ သိသည်။ သည်ကိစ္စ ဘယ်လိုမှတောင်းပန်ဆွေးနွေး၍ ရမည်မ
ဟုတ်တော့။ ငါးပါးစပ်မှာငြိနေသည့်ချိတ်ကို ဖြည်းဖြည်းချင်း သူဖြုတ်သည်။ ပြီးလျှင် နက်မှောင်သော ရေထုထဲ အသာပြန်၍
လွှတ်ပေးလိုက်သည်။ ငါးကြီးက ရေထဲ ပွက်သွားအောင် လှုပ်ခတ်ပြီး ရုတ်ခြည်းပင် ပျောက်ကွယ်သွားသည်။ ကောင်လေးစိတ်
ထဲတွင်မူ သည်လောက်ကြီးတဲ့ ငါးကြီးမျိုးနောင်တစ်သက်လုံး ငါဖမ်းမိပါဦးမလားဟူ၍ ခံစားလိုက်မိလေသည်။
ဤသည်က လွန်ခဲ့သော ၃၄ နှစ်က ဖြစ်သည်။ သည်ကနေ့မူ အဲသည်ကောင်လေးသည် နယူးယောက်မြို့တော်၌ အောင်
မြင်ထင်ရှားသော ဗိသုကာတစ်ယောက်ဖြစ်၍နေလေပြီ။ ရေကန်အလယ် ကျွန်းကလေးပေါ်မှသူ့ဖခင်၏ အိမ်ငယ်လေးက ရှိမြဲရှိ
နေဆဲ။ သူက သားနှင့်သမီးများကို ခေါ်ကာ ဟိုးယခင် သူမျှားခဲ့သော လှေဆိပ်တံတားမှာ အတူတကွ ငါးသွားမျှားတတ်သည်။
ဟိုတုန်းက သူတွေးခဲ့မိသည့်အတိုင်းပင် အဲသလောက်ကြီးသည့် ငါးမျိုး သူတစ်ခါမျှမဖမ်းမိတော့။ သို့သော် နောက်ပိုင်း သူ့
ဘ၀သက်တမ်းတစ်လျှောက်မှာသည်လိုငါးတွေ သူ အကြိမ်ကြိမ်အဖန်ဖန် မြင်ခဲ့တွေ့ခဲ့ရသည်။ ငါးတွေ။ ဖမ်းလိုက်လျှင် သေချာ
ပေါက်မိမည့်ငါးတွေ။ သို့သော် သည်ငါးတွေ ကြည့်မိတိုင်း ကိုယ်ကျင့်တရားပြဿနာက အမြဲပေါ်လာသည်။ ဖမ်းခွင့် ရှိသလား
မရှိဘူးလား၊ မှန်သလား မှားသလား ဟူသည့်မေးခွန်းများ၊
သို့သော် သူ ၁၁ နှစ်အရွယ်မှာပင် သူ့ဖခင်က လက်တွေ့ သွန်သင်သဖြင့် သူကောင်းစွာသဘောပေါက်ခဲ့ပြီးပြီ။ ကိုယ်ကျင့်
တရားဆိုသည်မှာ ရှုပ်ရှုပ်ထွေးထွေးမဟုတ်။ မှားသလား မှန်သလား သင့်သလား မသင့်ဘူးလား ခွဲခြားသည့် ကိစ္စသည်ဘာမှ
မခဲယဉ်း။ ခဲယဉ်းသည်က မှန်သည့်အတိုင်း သင့်သည့်အတိုင်း တကယ် လက်တွေ့ ကျင့်သုံးလုပ်ကိုင်ဖို့ဖြစ်သည်။
ဘယ်သူမှ မမြင်သည့်အချိန်မှာ ကျွန်တော်တို့ မဟုတ်တာလုပ်သလား မလုပ်ဘူးလား၊ ဘယ်သူမှမသိဘူးဆိုပြီးလစ်သည့်
အချိန် လုပ်ငန်းကိစ္စမှာ ခိုသလား မခိုဘူးလား၊ သူတစ်ပါးအပေါ်မှာ မတရားအမြတ်ထုတ်သလား မထုတ်ဘူးလား။ ကျွန်တော်တို့
မှာ ကိုယ်ကျင့်သီလ ပြည့်ဝ မပြည့်ဝဟူသည် အဲသည် ကျွန်တော်တို့အပြုအမူတွေပေါ်မှာ မူတည်နေမည်။
ငယ်ငယ်တုန်းက မမိသင့်ဘဲ မိလာသည့် ငါးကြီးကြီးကို ပြန်လွှတ်တတ်အောင် သွန်သင်ပဲ့ပြင်ခြင်းခံရသော ကလေးသည်
မှန်သောအကျင့်၊ သင့်သောအရာကိုပြုကျင့်တတ်သောအလေ့အထများစွဲမြဲကိန်းအောင်းကာကြီးပြင်းလာသောအခါ၌ ကိုယ်ကျင့်
တရားကောင်းသူအဖြစ် လူအများကြားတွင် တင့်တယ်မည်၊ အောင်မြင်မည်။ တဒင်္ဂစိတ်အလိုကို မလိုက်ဘဲ မှန်ရာကိုဆုံးဖြတ်လုပ်
ကိုင်ဖြစ်ခဲ့သော ထိုအမှုသည်လည်း နောင်တစ်သက်တာ၌ မိတ်ဆွေအပေါင်းအသင်းများ သားသမီး မြေးမြစ်များအား အခွင့်ကြုံ
တိုင်း ၀မ်းမြောက်ဂုဏ်ယူစွာ ပြန်ပြောင်းပြောဆိုစရာ ကိုယ်တွေ့ ဘ၀ဇာတ်လမ်း ပုံပြင်တစ်ပုဒ်အဖြစ် စွဲထင်ကျန်ရစ်နေပေမည်။
[ မူရင်း။ ။ James P. Lenfestey ၏ Catch of a Lifetime ]
ဆရာဖေမြင့် နှလုံးသားအာဟာရ တတိယတွဲ
Shared from forverfriends.ning.com
No comments:
Post a Comment