Thursday, September 19, 2013

" နတ်ပြည်သို့ ပြောင်းရွှေ့ သွားသော ရွာကလေး (၂) "


မစလရွာ အခြေခံဥပဒေ

မိမိ သူတစ်ပါး အများချမ်းသာရေးကို ရလို ပေးလိုသူများ ဖြစ်လာကြကာ ငါးပါးသီလကိုလည်း အားလုံး လိုက်နာကျင့်သုံးကြကုန်၏။ နံနက် အိမ်မှထွက်၊ ညနေ နေ၀င်မှ အိမ်ပြန်၊ တစ်နေကုန် တောမှာနေ၍ လုပ်ငန်းများကို တစ်နေ့ ထက် တစ်နေ့  တိုးချဲ့ လုပ်ကိုင်ကြသည်။

ထိုမှတစ်ပါး ရွာလယ်ဇရပ်၌ အောက်ပါ စည်းမျဉ်းခုနစ်ချက်ကိုလည်း
ရေးဆွဲထားကာ အားလုံး ရာသက်ပန် လိုက်နာကြရန် မကြာခဏ သတိပေး ဆွေးနွေးကြသည်။

၁။ ရာသက်ပန် မိဘလုပ်ကျွေးရန်၊

၂။ လူကြီးများအား ရိုသေလေးစားရန်၊

၃။ တစ်ဦးနှင့်တစ်ဦး ချိုချိုသာသာ သိမ်သိမ်မွေ့ မွေ့ ပြောဆိုရန်၊

၎။ ကုန်း မတိုက်ရန်၊

၅။ တရားသဖြင့် အိမ်ထောင်ကို ဦးစီး၍ တတ်နိုင်သမျှ လှူဒါန်းပေးကမ်းရန်

၆။ လိမ်လည်မပြောရန်။

၇။ မည်သည့် အကြောင်းကြောင့်မျှ တစ်ဦးနှင့်တစ်ဦး စိတ်မဆိုးရ၊ အပြစ်မတင်ရ၊ အကယ်၍ ဒေါသထွက်မိ၊ အပြစ်တင်မိလျှင်လည်း ချက်ချင်း ဖြေဖျောက်ပစ်ကာ မေတ္တာပွားရန်တို့ ဖြစ်ကုန်၏။

ဤကား အိမ်ထောင်ဦးစီးတိုင်း ရာသက်ပန် လိုက်နာပါမည် ဟု ကတိဝန်ခံ၍ အဓိဋ္ဌာန်ပြုထားကြသော သီးခြား မစလရွာ အခြေခံဥပဒေ တည်း။

မစလရွာသားတို့ သည် မဃ ဆိုသူ ဦးဆောင်၍ တစ်ရွာလုံး
သူ့ အသက်မသတ်ရ၊ သူ့ ဥစ္စာ မခိုးရ စသော ကျင့်ဝတ်များကို ကျင့်၍
တစ်နေကုန် တောထဲထွက်ပြီး ကောင်းမှုလုပ်နေကြသဖြင့် မကျေမချမ်းဖြစ်ကာ နှောင့်ယှက်မည့်သူတစ်ဦး ပေါ်ပေါက်လာ၏။

ထိုသူကား မစလ စသော ရွာငယ်များကို အပိုင်စားရသူ ရွာစားကြီး ဖြစ်သည်။

အရက်ချက်ပြီး သောက်မယ်၊ ရောင်းမယ်၊ သားငါးလိုက်မယ်၊
ဒါမှမဟုတ် တခြားလုပ်ငန်းတစ်ခုခုကို လုပ်မယ်ဆိုရင် အရက်တစ်အိုးလျှင် မည်ရွေ့ မည်မျှ စသည်ဖြင့် အကောက်လဲရမယ်၊ ဒဏ်ရိုက်လို့ လည်း ရမယ်။ ခုတော့ အရက်မသောက်ရ၊ သူ့ အသက် မသတ်ရ ဆိုတော့ ငါ့မှာ ၀င်ငွေလျော့ကုန်ပြီ။

ရွာစားကြီးသည် မစလ ရွာသားများအပေါ် မကျေမချမ်းဖြစ်ကာ
ခေါ်ငင်သတိပေး၏။ လုပ်ငန်းများကို မေးလျှင် "ကောင်းမှုလုပ်သည်၊
နတ်ပြည်လမ်းဖောက်သည်"ဟုသာ ဖြေဆိုကြသဖြင့် မကျေနပ်ချေ။
အိမ်ရာထောင်သူများ ဤသို့  မလုပ်သင့်ကြောင်း တားမြစ်၏။
မရသည့်အဆုံး ရှင်ဘုရင်ထံ သွားရောက်၍ "တိုင်းပြည်ကို လုပ်ကြံမည့်သူများ ဖြစ်လေဟန် ဥာဏ်ဆင်၍ သံတော်ဦး တင်လေသည်။

ရွာလယ်ဇရပ်မှာ အဖမ်းခံရခြင်း

မဃ အမှူးရှိသော မစလရွာသားတို့ သည် တစ်နေကုန် တော၌
လုပ်ကိုင်ပြီးနောက် နေမ၀င့်တ၀င်အချိန် အိမ်သို့  ပြန်လာကြကာ
ရေမိုးချိုး စားသောက်ပြီးသည်နှင့် ရွာလယ်ဇရပ်၌ စုဝေးတိုင်ပင်နေကြ၏။

မစလ အခြေခံဥပဒေခေါ် ကတိက၀တ် စာတမ်းများကို ဆွေးနွေးကြ၏။
နက်ဖြန် တော၌ လုပ်ဆောင်ရမည့် ရေတွင်း၊ ရေကန်၊ တံတားခင်း၊
လမ်းပန်းဖောက်ခြင်း ကိစ္စများအတွက် ကြိုတင်တိုင်ပင်ညှိနှိုင်းကြသည်။
ထိုအခိုက် ကြိုတင်စီစဉ်ထားသော ရွာစားကြီး၏ ခြေထိုးမှုအရ မဂဓ ဘုရင့်တပ်များသည် မစလရွာ အ၀င်အထွက်လမ်းများ၌ ကင်းစောင့်ချကာ ရွာလယ်ဇရပ်ကို ၀ိုင်းဝန်းထားကြသည်။ စစ်တပ်နှင့်အတူပါလာသော ရွာစားကြီးက ---

"ဟေ့ .. မင်းတို့ မပြေးကြနှင့် ၊ ဒါ ဘုရင့်အမိန့် တော်ကွ" ဟုဆိုကာ
ဖမ်းဆီးကြ၏။ မစလရွာသားများလည်း အသာတကြည် လိုက်ပါသွားကြသည်။ မစလရွာသူ အိမ်ရှင်မ များမှာမူ စိတ်မဆင်းရဲကြသည့်အပြင် မိမိလင်ယောက်ျားများအပေါ် ရှေးကပင် မကျေနပ်ကြသဖြင့် -

"အဖမ်းခံရတာပဲ ကောင်းကောင်းပါအေ၊ သူတို့  တို့ ကို လှည့်စားနေတာကြလှပြီ၊ ကောင်းမှုလုပ်တယ်၊ ကောင်းမှုလုပ်တယ်ဆိုပြီး တစ်နေကုန် တောထဲမှာပဲနေ၊
အချန်ကုန်မှ ပြန်လာ၊ အိမ်အလုပ်တွေ ပျက်လိုက်တာ၊ ဘာစီးပွားမှလဲ
မတိုးတက်ပါဘူး" ဟုဆိုကာ မေးငေါ့ပြီး ကျန်ရစ်ခဲ့ကြ၏။

စစ်တပ်ကြီး ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဘုရင့်ထံ ပို့ ဆက်ကြရာ
ဘုရင်မှာ မည်သို့ မျှ မစစ်ဆေးတော့ဘဲ ရွာစားကြီး၏ တစ်ဘက် စကားကိုသာ ယုံစားလျက် မင်းရင်ပြင် (နန်းတော်ရင်ပြင်၌) ချည်တုတ်ဆွဲခေါ်ပြီး ဆင်ဖြင့် နင်းသတ်ရန် တစ်ချက်လွှတ် အမိန့် ချမှတ်လိုက်လေသည်။

ခေါင်းဆောင်လုပ်သူ မဃကမူ ဘ၀တူ မိတ်ဆွေများအား
"အားမငယ်ကြပါနှင့်ကွာ" ဟု ပြောဆိုရင်း လိုက်ပါလာ၏။

ရန်သူကို စိတ်မဆိုးရ

"မိတ်ဆွေတို့ ၊ မိတ်ဆွေတို့ အားလုံး ကျုပ်စကားကို နားထောင်ကြမလား" ဟုလည်း မဃက မေးလိုက်ရာ -

"ခင်ဗျားစကား နားထောင်ခဲ့ကြလို့  ယခု ကျုပ်တို့ တတွေ ဘေးတွေ့ ပြီ၊
ဒါပေမယ့် ယခုလည်း နားထောင်ပါ့မယ်၊ ပြောသာပြောပါ၊ ကျုပ်တို့ ကို
ဘာလုပ်စေချင်သလဲ"ဟု ဆို၍ -

"မိတ်ဆွေတို့ ၊ ဘ၀ခရီး သွားနေတဲ့သူတွေအတွက် ဒါ ဖြစ်ရိုးဖြစ်စဉ်ပါ၊
ဘာမှ အားငယ်စရာ မလိုပါဘူး၊ တစ်ခုတော့ ပြောချင်တယ်၊
မိတ်ဆွေတို့ အားလုံးဟာ သူတို့ ပြောတဲ့အတိုင်း လူဆိုး၊ သူခိုး၊
ပုန်ကန်မယ့်သူတွေလား"

"ဘယ်ကလာ.. ကျုပ်တို့ သူခိုးသူပုန် ဟုတ်ရမှာလဲဗျာ့"

"အေး ... ဒါ အမှန်တရားပဲ၊ ကျုပ်တို့  အားကိုးရမှာ ဒါပဲ ရှိတယ်၊
ဒီ အမှန်တရားကို ဘယ်သူမှ မတော်လှန်နိုင်ပါဘူး မိတ်ဆွေတို့ ရယ်၊
ငါသည် သူခိုးသူပုန် ဟုတ်ရိုးမှန်ရင် ဆင်ကြီး နင်းသတ်ပါစေ..။
မဟုတ်လျှင် မနင်းသတ်ပါစေနှင့်၊ မိတ်ဆွေတို့ အားလုံး
ကျုပ်က စပြီး ဒီသစ္စာပြုကြရမယ်"

'ကောင်းပါပြီ၊ ပြုပါမယ်"

(...............ဆက်ရန်.....................)

(ဓမ္မာစရိယဦးဋ္ဌေးလှိုင် ရေးသားသော
မေတ္တာဝါဒ မှ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

No comments:

Post a Comment