သာမန်လူတစ်ယောက်၏ အလွန်ရိုးစင်းသောဘဝ၏ နေထိုင်ပုံ နည်းလမ်းမှာဖြစ်စေ၊ ကြီးကျယ်မြင့်မြတ်သူတို့၏ အများအကျိုး သယ်ပိုးရာမှာဖြစ်စေ၊ သူတော်ကောင်း ကျင့်စဉ်မှာဖြစ်စေ... ‘မေတ္တာ’သည် စေတစ်လုံးပိုင်၊ အရာရာကို အောင်နိုင်ပြီးမြောက် ခရီးရောက်စေပါတယ်။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မာ့ဝိဟာရ တရားလေးပါးမှာလည်း မေတ္တာသည် ရှေ့ဆုံးက ဦးစွန်းနေရာမှာ ရှိပါတယ်။ ကောင်းကင်ကြီးမှာ နယ်နိမိတ်ပိုင်းခြားမှုမရှိသလိုဘဲ မေတ္တာမှာလည်း အပိုင်းအခြား တစ်စုံတစ်ရာမရှိပါ။ အတိုင်းအဆ ပမာဏ ကန့်သတ်၍မရသောကြောင့် မေတ္တာထားခြင်း၊ မေတ္တာပွား
ခြင်း ၊မေတ္တာပို့ခြင်းတို့ကို‘သင်္ချာလွန်ကုသိုလ်’လို့ ဆိုလိုပါတယ်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက‘ဒါနလို ကုသိုလ်မျိုးကမှ အပိုင်းအခြား အကန့်အသတ် ရှိပါသေးတယ်ဗျာ၊ ဘယ်ရွေ့ဘယ်မျှလှူမယ်၊ လူဘယ်လောက်ဖိတ်မယ်၊ ငါလှူတယ်၊ ဘာလှူမယ်၊ ဘယ်ဆရာတော်ကို လှူတယ်ဆိုတဲ့ အကန့်အသတ်တွေ၊ မျှော်ခေါ်တွက်ချက်မှုတွေ၊ ငါစွဲတွေ တင်းကြမ်းပြည့်နေတာ၊ မေတ္တာကတော့ စကတည်းက သဗ္ဗေသတ္တာနဲ့စတာ၊ သတ္တဝါအကုန်လုံးအပေါ် အညီအမျှ လွှမ်းခြုံထားတာ၊ အပိုင်းအခြား အကန့်အသတ်မရှိဘူး၊ နယ်ကုန်ပယ်ကုန်ပဲ’ လို့ညွှန်ပြခဲ့ဖူးလေရာ မေတ္တာ၏ အာနိသင်ကို ပိုပြီးဝင်စား၊ ပိုပြီးယုံကြည် အားကိုးလာမိပါတော့တယ်။
မေတ္တာဆိုတာ စပြီးပို့လွှတ်စဉ်မှာကတည်းက မိမိရဲ့ ရာဂ၊ ဒေါသ စတဲ့ စိတ်ဆိုး၊ စိတ်ပုပ်တွေကို ချေဖျက်ထွင်းဖောက်ပြီးတော့မှ ကမ္ဘာလောကထဲမှာ လေထုလို ပျံ့နှံ့လွှမ်းမိုးသွားတော့တာ၊ မိမိရဲ့မေတ္တာဟာ သာမန်မဟုတ်ဘဲ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ ဓမ္မဓာတ်အားနဲ့ ထုံလွှမ်းထားတဲ့‘ဓမ္မမေတ္တာ’ဆိုလျှင်ကား အကျိုးပြု
နိုင်စွမ်းအား ခန့်မှန်း၍မရစကောင်းပြီ။ ကမ္ဘာစစ်မီးကြီးတွေ ငြိမ်းစေခဲ့တာ၊ လေမုန်တိုင်းစတဲ့ သဘာဝဘေးရန်တွေ ကာဆီးပေးတာ... စသည်ဖြင့်...။
လူတစ်ဦးချင်းမှာလည်း ဖြစ်ဆဲ ဖြစ်အံ့ ဘေးအန္တရာယ်တွေက လွတ်မြောက်သွားတာ၊ ဖြစ်ဆဲ ဖြစ်အံ့ အကျိုးစီးပွားတွေ တိုးပွားလာတာ ကာယကံရှင် ကိုယ်တိုင်ပင် မခန့်မှန်းနိုင်ပြီ။ ဒါကြောင့် ‘မေတ္တာ သတ္တော အနန္တရော’၊ မေတ္တာစွမ်းအား သက်ရောက်ရာ အရပ်သည် အဆုံးအပိုင်းအခြားမရှိတဲ့။ မေတ္တာရဲ့ အာနိသင် စကြာဝဠာ အလွန်အထိ ပျံ့နှံ့လွှမ်းခြုံပေးနိုင်တာ ယုံမှားစရာမရှိပါ။
မဟာဗောဓိမြိုင်ဆရာတော်
No comments:
Post a Comment