Tuesday, October 15, 2013

ဗုဒ္ဓလေးမျိုး



လောကမှာ ဗုဒ္ဓဆိုတာဟာ ဘုရားမှာသာရှိသလား၊ ဒီလိုတော့လဲ မဟုတ်ဘူး၊ နာမည်ဆိုတာကတော့ သူမှည့် ကိုယ်မှည့်ဆိုရင် ရှိကြတာပဲ၊ အဲ-သို့သော် တကယ့် ဗုဒ္ဓအမည်က ဘုန်းကြီးတို့ ဘုရားမှာသာရှိတယ်။ ဗုဒ္ဓလေးမျိုးတဲ့။

(၁) သုတဗုဒ္ဓ၊ (၂) အနုဗုဒ္ဓ၊ (၃) ပစ္စေကဗုဒ္ဓ၊ (၄) သမ္မာသမ္ဗုဒ္ဓ။

သုတဗုဒ္ဓ
˚ ˚ ˚ ˚ ˚ ˚
သုတဗုဒ္ဓဆိုတာ ဘုန်းကြီးတို့ သာသာနာတော်မှာ ကျမ်းဂန်စာပေတွေ သင်ကြားပို့ချပြီးတော့ စာပေဗဟုသုတ ရှိကြတဲ့ ဘုရားဟော တရားတော်တွေ အများအပြား မှတ်မိသိရှိ ရထားပြီးတော့ ထိုတရားတော်တွေကိုအားလုံး ရှင်လူအများသိအောင်
သင်ကြားဖော်ထုတ်ပေးနေတဲ့ ပုဂ္ဂိုလ်တွေ၊ ရဟန်းတော်တွေကို သုတဗုဒ္ဓ၊ အဲဒီသုတဗုဒ္ဓကို ဘုရားရှင်ကိုယ်တော်မြတ်က အင်မတန်ကျေးဇူးများလို့ မိမိအရာမှာ ထားပြီးတော့ ချီးမြှောက်စားတာချည်းပဲ၊ ဒါကြောင့်မို့လို့ သုတဗုဒ္ဓဆိုတာဟာလဲ အဲ-သူ
ကလဲ သာမညမဟုတ်ဘူး ဘုရားရှင် ကိုယ်တော်မြတ်က မိမိအရာမှာ ထားပြီး မြှောက်စားချီးကြူးခဲ့တဲ့ ဘုရားတစ်ဆူ၊ အဲဒါက သာဝကတွေနဲ့ဆိုင်တဲ့ ဘုရားတပည့်တွေ။

အနုဗုဒ္ဓ
˚ ˚ ˚ ˚ ˚
အနုဗုဒ္ဓဆိုတာက ဘုရားရှင်ကိုယ်တော်မြတ် သိတော်မူတဲ့ သစ္စာလေးပါးတရားကို ဘုရားရှင်ကိုယ်တော်မြတ် နည်းပေးသောအားဖြင့် သိမြင်ဖောက်ထွင်း၊ သိမြင်နားလည်လို့ မဂ်ဆိုက် ဖိုလ်ဆိုက် ဆိုက်ကြတဲ့ အရိယာသာဝကတွေ၊ အရိယာသာ
ဝကတွေကို အနုဗုဒ္ဓ၊ ဘုရားရှင်ကိုယ်တော်မြတ်သိသလို လိုက်သိကြတဲ့ အနုဗုဒ္ဓ။

ပစ္စေကဗုဒ္ဓ
˚ ˚ ˚ ˚ ˚ ˚ ˚
ပစ္စေကဗုဒ္ဓဆိုတာကတော့ ဘုရားရှင်ကိုယ်တော်မြတ်များ မပွင့်သေးသောအခါ သာသနာပမှာဆရာမရှိ၊ ရှေးက မိမိတို့ပြုခဲ့တဲ့ ပါရမီကြောင့် သစ္စာလေးပါးကို ကိုယ်တိုင် ထိုးထွင်းသိကြတဲ့ ဘုရားငယ်လို့ခေါ်ကြတဲ့ ပစ္စေကဗုဒ္ဓပဲ၊ ဘုရားငယ်တွေ။

ပစ္စေကဗုဒ္ဓါဆိုတာလဲ အမှန်အားဖြင့် သစ္စာလေးပါးတရားကို ကိုယ်တိုင်သိကြတာပဲ၊ ဆရာမရှိဘဲ ကိုယ်တိုင်သိကြတာပဲ။ သို့သော်လဲပဲ သူများကို ဟောဖော်ပြသခြင်းငှာ မတတ်နိုင်ဘူး၊ ဘာကြောင့်တုံး ဝေါဟာရပရိယာယ် ကြွယ်ဖို့၊ ဝေါဟာရတွေ
ထူးထူးခြားခြား နားလည်ဖို့ဆိုတာ သာဝကတို့ရဲ့အရာ မဟုတ်ဘူး၊ ဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့ အရာ။

သမ္မာသမ္ဗုဒ္ဓ
˚ ˚ ˚ ˚ ˚ ˚ ˚ ˚
စိတ်ထဲမှာ မိမိတို့ဉာဏ်ထဲမှာသိနေတဲ့ သစ္စာလေးပါးတို့၊ ပဋိစသမုပ္ပါဒ်တို့၊ သစ္စာလေးပါးတို့၊ ပဋ္ဌာန်းတို့ဆိုတာ အဲဒီတရားတွေကို ဒီလိုအမည် အမျိုးမျိုးတပ်ပြီးတော့၊ အမည်အမျိုးမျိုးထွင်ပြီးတော့ အဲဟောဖို့ဆိုတာက သာမန်ပုဂ္ဂိုလ်တွေ အရာမဟုတ်ဘူး၊ တကယ့် အတုမရှိ၊ အဲ-သဗ္ဗညုတဉာဏ်တော်ကြီးရှိတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ အရာသာ။

ဒါကြောင့် အဲသလိုဟောနိုင်ဖို့ရာ ပစ္စေကဗုဒ္ဓါတို့မှာ မတတ်နိုင်ဘူး၊ ဘုရားရှင်ကိုယ်တော်မြတ်သာ တတ်နိုင်တယ်၊ သဗ္ဗညုတ ဉာဏ်တော်ကြီးရှိလို့ အားလုံးတရားတွေကို အမည်အမျိုးမျိုး တပ်ပြီးတော့၊ အဓိပ္ပါယ်အမျိုးမျိုးဖွင့်ပြီးတော့၊ နည်းအမျိုးမျိုး
ခြယ်လှယ်ပြီးတော့ ဒီနည်းနဲ့မသိ ဟိုနည်းနဲ့၊ ဟိုနည်းနဲ့မသိ နောက်တစ်နည်း နည်းပေါင်းများစွာ၊ အဲထွင်ပြီးတော့ ဟောကြားပြသတော်မူတယ်၊ အဲဒါကြောင့်မို့လို့ သူမတူအောင် ထူးခြားတဲ့ သဗ္ဗညုတဉာဏ်တော်ရှင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို
သမ္မာသမ္ဗုဒ္ဓလို့ ခေါ်တယ်။


သပြေကန်ဆရာတော်
(တရားတော်ပေါင်းချုပ်)
Buddhavasa Tiloka

No comments:

Post a Comment