Tuesday, October 15, 2013

အသိဉာဏ်နည်းပါးသူထက် ကြီးမားသူက ပို၍သိသည်။



မှန်ပါသည် အသိဉာဏ်ပညာရှိလျှင် ရှိသလောက် ဘုရားရှင်၏ ဂုဏ်တော်များကို သိရှိပြီးလျှင် ကိုးစားယုံကြည်ကြပါသည်။

ပုထုဇဉ်လူသား အပေါင်း၏ မြတ်စွာဘုရားဂုဏ်တော်များကို သိခြင်း, ယုံကြည်ခြင်းထက် သောတာပန်တစ်ယောက်၏ သိခြင်း, ယုံကြည်ခြင်းက သာလွန်ပါသည်။

သောတာပန် အရာ, အထောင်တို့၏ မြတ်စွာဘုရားဂုဏ်တော်များကို သိခြင်း, ယုံကြည်ခြင်းထက် သကဒါဂါမ်တစ်ယောက်၏ သိခြင်း, ယုံကြည်ခြင်းကသာလွန်ပါသည်။

သကဒါဂါမ် ရာပေါင်းများစွာ, ထောင်ပေါင်းများစွာတို့၏ သိခြင်း, ယုံကြည်ခြင်းထက် အနာဂါမ်တစ်ယောက်၏ သိခြင်း, ယုံကြည်ခြင်းက ပိုလွန်ပါသည်။

အနာဂါမ် ရာပေါင်းများစွာ, ထောင်ပေါင်းများစွာတို့၏ သိခြင်း, ယုံကြည်ခြင်းထက် ရဟန္တာတစ်းပါး၏သိခြင်း, ယုံကြည်ခြင်းက သာလွန်ပါသည်။

ပကတိသာဝက ရဟန္တာအရှင်မြတ်တို့၏ မြတ်စွာဘုရား ဂုဏ်တော်များကို သိခြင်း, ယုံကြည်ခြင်းထက် အသီတိ မဟာသာဝကတို့၏ သိခြင်း, ယုံကြည်ခြင်းကသာလွန်ပြန်ပါသည်။

အသီတိမဟာသာဝကတို့တွင်လည်း အရှင်မဟာကဿပ၊ အရှင်အနုရုဒ္ဓါ၊ အရှင်မဟာကပစ္စည်း၊ အရှင်မဟာကောဋ္ဌိကတို့၏ သိခြင်း, ယုံကြည်ခြင်းက အခြားသော မဟာသာဝကတို့၏ သိခြင်း, ယုံကြည်ခြင်းထက် ပိုလွန်တော်မူကြပြန်ပါသည်။

ထိုမဟာသာဝကကြီး ၄-ပါးတို့၏ သိခြင်း, ယုံကြည်ခြင်းတို့ထက် အဂ္ဂသာဝက ၂-ပါး၏ သိခြင်း, ယုံကြည်ခြင်းက သာလွန်ပါသည်။

အဂ္ဂသာဝက ၂-ပါးတို့တွင်လည်း အရှင်သာရိပုတ္တရာမထေရ်၏ သိခြင်း, ယုံကြည်ခြင်းက အရှင်မောဂ္ဂလာန်မထေရ်၏ သိခြင်း, ယုံကြည်ခြင်းထက် သာလွန်ပါသည်။

အရှင်သာရိပုတ္တရာမထေရ်၏ သိခြင်း, ယုံကြည်ခြင်းထက် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါး၏ မြတ်စွာဘုရားဂုဏ်တော်တို့ကို သိခြင်း, ယုံကြည်ခြင်းကသာလွန်ပါသည်။

စကြာဝဠာကမ္ဘာလောက၊ာတ်ကြီးအပြည့် သင်္ကန်းစွန်းချင်း ထိစပ်၍ ထိုင်တော်မူနေကြသော ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့၏ ဘုရားရှင်ဂုဏ်တော်တို့ကို သိတော်မူခြင်း, ယုံကြည်တော်မူခြင်းတို့ထက် သဗ္ဗုညုဘုရားရှင်၏ သိတော်မူခြင်း, ယုံကြည်တော်မူခြင်းက ပိုလွန်ပါသည်။

အဘယ်ကြောင့်ဆိုသော်-

ထိန မိဒ္ဓ-စသည့် ဆန့်ကျင်ဘက် နီဝရဏတရားတို့မှ ကင်းစင်လေလေ အသိဉာဏ် အားကောင်းလေလေဖြစ်ပြီး သဒ္ဓါသည်လည်း သန့်စင်ထက်မြက် ကြည်လင်ဝင်းလက်၍ နေသောကြောင့် အသိဉာဏ် နည်းသူတို့ထက် အသိဉာဏ် ကြွယ်ဝသူတို့က ပိုမို၍ ကြည်လင်ကြခြင်း ဖြစ်ပါသည်။

ယဿ ယဿ ဟိ ပညာ မဟတီ၊ ဉာဏံ ဝိသဒံ၊ သော သော ဗုဒ္ဓဂုဏေ မဟန္တတော သဒ္ဒဟတိ။
(ပါထိကဝဂ္ဂ၊ သမ္ပသာဒနီယသုတ်၊ အဋ္ဌကထာ-၅၉)

ဟိ သစ္စံ၊ မှန်၏။ ယဿ ယဿ၊ အကြင် အကြင်ပုဂ္ဂိုလ်၏။ ပညာ၊ အသိဉာဏ်ပညာသည်။ မဟတီ၊ ကြီးမားသည်။ ဟောတိ၊ ဖြစ်၏။ ဉာဏံ၊ ဉာဏ်သည်။ ဝိသဒံ၊ သန့်ရှင်းကြည်လင်သည်။ ဟောတိ၊ ဖြစ်၏။ သော သော၊ ထိုထို အသိဉာဏ်ပညာ ကြီးမားသော ပုဂ္ဂိုလ်သည်။ ဗုဒ္ဓဂုဏေ၊ မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို။
မဟန္တတော၊ အသိဉာဏ်နည်းပါးသောသူတို့၏ ယုံကြည်ခြင်းထက် သာလွန်များပြားစွာ။ သဒ္ဒဟတိ၊ ယုံကြည်၏။


ဆရာကြီးဦးဇေတဝန်
(ဗုဒ္ဓ၏ဂုဏ်တော်များ)
Buddhavasa Tiloka

No comments:

Post a Comment