Wednesday, October 2, 2013

မိန်းမသားအဖြစ် ဘ၀တူသူ ညီမငယ်များသို့ပေးစာ (၆)



ကလေးစိတ်မကုန်သေးဟုဆိုသော ညီမငယ်များသို့....

ကလေးစိတ်ဆိုတာ ကောင်းသလားဆိုးသလားဆိုရင် အကြမ်းဖျင်းအားဖြင့် ကလေးတို့ရဲ့ ဖြူစင်ပွင့်လင်း ကာ ဟန်မဆောင်တတ်သော စိတ်တစ်ခုတည်းကို သတိထားမိကြပြီး ကောင်းသည်ဟုထင်တတ် ဆိုတတ်ကြသည်။ ကလေးစိတ်ဆိုသည်မှာ အကောင်းမှန်းအဆိုးမှန်းမသိခြင်း၊ တာဝန်ယူမှုဆိုသည်ကို မသိခြင်း၊ သဘောထား ကြီးမြတ်မှုဧ။် အရေးပါအသုံးဝင်မှုကိုမသိခြင်း နှင့် အခြေအနေ၊ အချိန်အခါကို နားမလည်ခြင်း၊ မိမိရဲ့ စိတ်ထားနဲ့ သူတပါးစိတ်ထားတို့ကို နားလည်တတ်မှုအစရှိသော လူပီသမှု တို့တွင်မရှိမဖြစ် လိုအပ်သော စိတ်ထားတို့မရှိခြင်းသည် ကလေးစိတ်ဧ။် အားနည်းချက်ဖြစ်လေသည်။ ပြီးတော့ ကလေးစိတ်ဆိုသည့် အတိုင်း ကလေးထံမှာသာရှိသင့်ပြီး အရွယ်ရောက်သည်အထိ ကလေး စိတ်မကုန်သေး ဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုမရှိသော စိတ်ရောဂါတမျိုးဖြစ်သည်ကို သတိထား မိသင့်သည်။ အချို့မိန်းကလေးများ လင်ယူသားမွေးနိုင်သောအရွယ် အသက်၂၀ကျော်၊ ၂၅နှစ်ထဲရောက် နေသည်အထိ ၁၂နှစ်၁၃နှစ်အရွယ် အပျိုဖြန်းကလေးသဖွယ် ဟန်ဆောင်ကာ အမူပိုနေသည်မှာ လွန်စွာ ကြည့်ရရုပ်ဆိုး လေသည်။ ကိုယ့်အသက်နဲ့ကိုယ် ရင့်ကျက်သင့်သလောက် မရင့်ကျက်ခြင်းကို ရှက်ရ မည့်အစား တလွဲဆံပင်ကောင်းကာ ဂုဏ်ယူသူကယူ၊ အမှားအမှန် မခွဲခြားတတ်သူတို့က အဟုတ်ထင် နေသည်မှာ သည်လို လူကမွေးသောကလေးကို အမျိုးတော်ဖို့ အတော်ပင်စဉ်းစားရပေမည်။ မိမိဧ။် အသက်အရွယ်နဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ရှိသင့်သော စိတ်ဓာတ်ရင့်ကျက်မှုမရှိဘဲ အမှန်တကယ် ကလေးစိတ်မကုန်ခြင်းသည် စိတ်ရောဂါကြောင့်ဖြစ်ကာ ကလေးစိတ်ကုန်ပါလျက် ကလေးစိတ်မကုန် သယောင် ဟန်ဆောင်ခြင်းသည်ကား မာယာများပြီး ကောက်ကျစ်တာ ဖြစ်သောကြောင့် မည်သည့် အချက်ကမှ ချီးမွမ်းစရာမရှိပါချေ။ ချစ်စရာကောင်းခြင်းအစစ်သည် အသက်နဲ့ မဆိုင်သလို အလှနဲ့လည်းမဆိုင်ပါချေ။ ထို့အတူ အလှသည်လည်း အသက်နဲ့မဆိုင်ပါချေ။ ငယ်ရွယ်ခြင်း သည် လန်းဆန်းပျိုမျစ်သောအလှဖြစ်သော်လည်း ကြီးရင့်ခြင်းသည် အတွေ့အကြုံများခြင်း၊ ဉာဏ်ကြီးခြင်း၊ တည်ငြိမ်ရင့်ကျက်ခြင်း၊ အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်ခြင်း တို့ကိုပြဆိုသော အေးချမ်းသောအလှ ဖြစ်လေသည်။ ၀င်္ကဘာလိုရှုပ်ပွေသော လောကအလယ်တွင် လမ်းမှန်ကို လျှောက်နိုင်လောက်သော အရည်အချင်းရှိသူအဖြစ် မိမိကိုယ်ကို လေ့ကျင့်ပြုစု ပျိုးထောင်ရမည့်အစား၊ အသက်အရွယ်အလိုက် ထိုက် သင့်သော တာဝန်ကိုယူရမည့်အစား တာဝန်မယူလိုသောစိတ်ဖြင့် ရေသာခိုအချောင်လိုက်ခြင်း မိုးကြိုးကို ကလေးစိတ်မကုန်ဟူသော ထန်းရွက်ဖြင့်ကာဖို့ကြိုးစားခြင်းသည်ကား အလွန်အရုပ်ဆိုးလှ ချေသည်။ အချို့မိန်းမကြီးများ ကိုယ့်အသက်နဲ့မလိုက်ဖက်စွာ လျှပ်ပေါ်လော်လီသော အ၀တ်အစားတို့ ကိုဝတ်လျက် ဆံပင်တိုတိုညှပ်ပြီး မျက်နှာပေးအမူအရာ များနေသည်ကိုမြင်ရလျှင် စာရှုသူများ မည်သို့ ခံစားရပါသနည်း။ ထို့နည်းတူ မိမိက ၂၀ကျော်အစိတ်ပိုင်းရောက်နေချိန်တွင် ၁၂နှစ်၁၃နှစ်သမီးလို ကျင့်ကြံနေသည်ကို ဘေးလူက မည်သို့ထင်မြင်ပါမည်နည်း။ အမုန်းခံပြီး မပြောရင်သာနေမည်။ စိတ်တွင်းကတော့ ထင်ချင်သလိုကို ထင်လိုက်မှာသေချာပါသည်။

လူတိုင်းတွင်မရင့်ကျက်မှု အနည်းနှင့်အများရှိကြသည်။ လူတို့မည်သည် အချိန်တိုအတွင်း ရင့်ကျက်ကြ သည် မဟုတ်ပါချေ။ ကျန်းမာရေးရှုထောင့်အရ ကိုယ်ခန္ဓာဖွံ့ဖြိုး ကြီးထွားသကဲ့သို့ စိတ်ပိုင်းဆိုင်ရာမှာ လည်း တစ်ရက်ပြီးတစ်ရက်ဖွံ့ဖြိုးလာရသည်။ ကိုယ်ကျန်းမာမှုလိုအပ်သလို စိတ်ကျန်းမာမှုလည်း လိုအပ် လေသည်။ စိတ်ထားရင့်ကျက်မှုဟူသည် ကွဲပြားသည့်သဘောထား အမြင်များကို လက်ခံနိုင်ပြီး အကြမ်း ဖက်မှုများ၊ ဖျက်ဆီးခြိမ်းခြောက်မှုများနှင့် ပြသနာများ မဖြစ်ပေါ်စေဘဲ အချင်းချင်းပြေလည်အောင် ညှိနှိုင်းဖြေရှင်း နိုင်စွမ်းရှိခြင်းကို ဆိုလိုပါသည်။ ရင့်ကျက်ပြည့်ဝသူသည် စိတ်ရှည်သည်းခံတတ်သူ၊ ရေရှည်အကျိုးစီးပွားများ အတွက် လတ်တလောပျော်ရွှင်မှုများကို စွန့်လွှတ်နိုင်စွမ်းရှိသူ၊ တကိုယ်ကောင်း မဆန်ဘဲ အခြားသူများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးတတ်သူ ဖြစ်လေသည်။ ရင့်ကျက်ပြည့်ဝသူသည် လုပ်ဆောင်နေသည့် လုပ်ငန်းတစ်ရပ်ကို အတိုက်အခံများ၊ စိတ်အားငယ်ဖွယ်ရာ အခြေအနေ များကြားမှ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ၀ီရိယများဖြင့် မဖြစ်မနေ ဆုံးခန်းတိုင် ဖော်ဆောင်နိုင်စွမ်း ရှိခြင်းဖြစ်လေသည်။

ရင့်ကျက်ပြည့်ဝသူဧ။် အစွမ်းများကို လူသာမန်တို့ လိုက်မမီနိုင်။ ကိုယ့်ကိုယ်ကို နှိမ့်ချနိုင်စွမ်း၊ အမှားကို ၀န်ခံရဲမှု၊ မှားခဲ့သမျှဝန်ချတောင်းပန်ရဲမှု၊ အမှားကိုတာဝန်ယူရဲမှု၊ အမှန်ကိုပြန်ပြင်နိုင်မှု၊ ပြန်ပြင်ရဲမှု တို့သည် ရင့်ကျက်ပြည့်ဝသူတို့ဧ။် အရည်အချင်းများသာဖြစ်လေသည်။ရင့်ကျက်ပြည့်ဝသူများသည် ယင်းတို့ဘက်က မှန်ကန်ကြောင်း အထောက်အထား ခိုင်လုံသည့် အခြေအနေတွင် သူတဖက်သားကို နိုင်ထက်စီးနင်း တင်စီး ပြောဆိုမှုမျိုးကိုလဲ မပြုလုပ်ပေ။ ရင့်ကျက်ပြည့်ဝသူသည် စိတ်မပျော်မရွှင် မနှစ်မြို့သော၊ စိတ်ပျက်အားငယ် သော အခြေအနေများကို ခါးသီးသောစိတ်ခံစားမှုကင်းရှင်းစွာဖြင့် ရဲရဲဝံ့ဝံ့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင် ဖြေရှင်းနိုင်စွမ်းရှိသူဖြစ်လေသည်။ ရင့်ကျက်ပြည့်ဝသူသည် ကိုယ်ကျင့် သိက္ခာသမာဓိ တရားခိုင်မြဲခြင်းကြောင့် ယုံကြည်အားထားခံရခြင်းနှင့် မိမိပြောစကားအတိုင်းတည်ခြင်း စသောအကျိုးကျေးဇူးများကို ခံစားရပေသည်။ ထို့ပြင် ရင့်ကျက်သူတို့သည် မိမိတို့မပြောင်းလဲနိုင်သော အခြေအနေများကို ကြည်ဖြူစွာလက်ခံလျက် ယင်းတို့စိတ်ကို အေးချမ်းစွာထားရှိ နေထိုင်နိုင်ကြသည်။

ကလေးစိတ်ဟုဆိုလိုက်သည်နှင့် ရင့်ကျက်ပြည့်ဝမှု မရှိခြင်းဟု ဆိုလိုရာရောက်ပြီး ရင့်ကျက်ပြည့်ဝမှုမရှိခြင်း ရဲ့ဆိုးကျိုးများကိုလည်း ဖော်ပြပါဦးမည်။ မရင့်ကျက်မပြည့်သူများသည် ယင်းတို့ဧ။် မသပ်ရပ်မှုများနှင့် မအောင်မြင်များအတွက် ဆင်ခြေဆင်လက်ပေးတတ်ကြသည်။ လက်ကြောတင်းအောင် ဘာတစ်ခုမှ တာဝန်ယူလုပ်ဆောင်ခြင်း မရှိသည့်အတွက် ဖြစ်ပေါ်လာသော မအောင်မြင်မှုများကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းနည်းတတ်ကြပြီး မ၀ံ့မရဲလည်းရှိတတ်ကြသည်။ ထိုအကြောင်းကြောင့်လဲ ကြပ်တည်း သောအခြေအနေတို့ကို ကြုံတွေ့လာလျှင် အလွယ်တကူအရှုံးပေးတတ်ကြသည်။ ကလေးစိတ်မကုန်သူ တို့ဧ။် ဘ၀တသက်တာတွင် ချိုးဖျက်ခဲ့သည့်ကတိများ၊ မပြီးမြောက်သည့်လုပ်ငန်းများ၊ အများညီသော ကြောင့် ဤကိုကျွဲဟု ဖတ်ခဲ့ကြတတ်သော စည်းလုံးမှုအင်အားချိနဲ့သော မိတ်ဆွေများဖြင့်သာ ပြည့်စုံနေ လေ့ရှိလေသည်။

သည်လောက်ဆိုလျှင် ကလေးအရွယ်ကျော်ပါလျက် ကလေးစိတ်ကို ဆက်လက်ဂုဏ်ယူနေသောသူနှင့် ကလေးအရွယ်ကိုရော ကလေးစိတ်ကိုပါ လွန်မြောက်ပြီး ရင့်ကျက်ပြည့်ဝနေသူတို့ဧ။် စိတ်အလှတရား များကို နှိုင်းယှဉ်ကာခွဲခြားသိမြင်ပြီး ညီမငယ်များ မည်သို့စိတ်ထားရမည်ကို ကွဲကွဲပြားပြားသိသာစေပြီဟု ယူဆမိပါသည်။ အသက်၂၀ကျော်၂၅နှစ်ပိုင်းသည် ညီမငယ်များအဖို့ တအိုးတအိမ်ထူထောင်ကာ ကိုယ်တိုင် မောင်တထမ်းမယ်တစ်ရွက်ဖြင့် မိသားစုတစ်စုကို ဦးဆောင်ဦးရွက်ပြုလျက် လူ့လောက အလယ်တွင်လူကြီးအဖြစ် တာဝန်ယူနိုင်ရမည့်အရွယ်ဖြစ်ပါသည်။ ထို့ကြောင့် ထိုသို့သော တာဝန်ကို ယူနိုင်လောက်အောင် အရည်အချင်းပြည့်ဝလျက်ရှိသော အသိတရား၊ အကျင့်တရားတို့ ရင့်ကျက်ပြည့်ဝနေသော အလှတရားများဖြင့် ပြည့်စုံနေသူများအဖြစ် ညီမငယ်များကိုဝင့်ကြွားနေစေချင်သော စေတနာ ဖြင့် သည်ဆောင်းပါးကို ရေးသားလိုက်ရခြင်း ဖြစ်ပါသည် ညီမတို့။


KhunMyaHlaing

No comments:

Post a Comment