Sunday, October 20, 2013

အပြစ်ပြသူ ဆရာဟူလော့

သေချာတွေးကြည့်ရင် လောကမှာ ပြည့်စုံတဲ့ သူဆိုတာ တစ်ယောက်မှ မရှိသလို၊ အပြစ်မလုပ်ဖူး၊ မမှားဖူးတဲ့ သူဆိုတာလည်း မရှိပါဘူး။ ဒါပေမယ့် အပြစ်ကို မမြင်သူတွေ၊ အပြစ်ကို အပြစ်လို့ သိအောင်ညွန်ပြပေးမယ့်သူ မရှိသူတွေကတော့ အများကြီး ရှိပါတယ်။ ပြီးတော့ အပြစ်ကို ညွန်ပြသူတွေ ရှိပေမယ့် အဲဒီအပြစ်ကို ၀န်ခံပြီး နောင်မဖြစ်အောင် ပြုပြင်နိုင်တဲ့ သူတွေလည်း ထင်သလောက် မရှိကြပြန်ပါဘူး။ ပိုဆိုးတာက အပြစ်ကို ပြောဆိုဆုံးမပေးဖို့ ဖိတ်ကြားပြောဆိုနိုင်တဲ့သတ္တိ မရှိသူတွေ၊ အပြစ်ကို ပြသပြောဆိုရင်လာရင် ကျေကျေနပ်နပ်နဲ့ ကျေးဇူးတင်စွာ လက်ခံနိုင်တဲ့သတ္တိ မရှိသူတွေ များနေတာပဲ ဖြစ်ပါတယ်။

အပြစ်ကို ပြောပြလာရင် ကျေးဇူးတင်စွာ လက်ခံပြီး နောင်မဖြစ်အောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်၊ ပြုပြင်မယ်ဆိုတဲ့ ခံယူချက် မရှိလို့ကတော့ လောကကြီးမှာ သတ္တ၀ါတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ ချမ်းချမ်းသာသာ နေထိုင်နိုင်ကြမှာ မဟုတ်ပါဘူး။ အပြစ်ပြသူကလည်း အပြစ်ချဖို့ ကြိုးစားနေ၊ အပြစ်အပြခံရသူကလည်း အပြစ်ကို မခံယူဘဲ ပြန်လှန်အပြစ်ပုံချဖို့ ကြိုးစားနေလို့ကတော့ ဘုရားရှင်ညွန်ပြတဲ့ ချမ်းချမ်းသာသာ နေထိုင်နိုင်ရေးနဲ့ အဝေးကြီးဝေးနေကြဦးမှာ ဖြစ်ပါတယ်။

ဒီလို မချမ်းသာမှုတွေ ရှိနေတဲ့အတွက်ကြောင့် ချမ်းသာမှုကို အလိုရှိတဲ့ ဘုရားရှင်က သူ့သားတော် ရဟန်းတော်များကို အချင်းချင်း အပြန်အလှန် အပြစ်ရှိက ဆုံးမပြောဆိုကြဖို့ ဖိတ်ကြားတဲ့ အကျင့်ဖြစ်တဲ့ ပ၀ါရဏာပြုခြင်း အလေ့အကျင့်ကို ပြုလုပ်ကာ ငြိမ်းချမ်းစွာ သီတင်းသုံး နေထိုင်ကြဖို့ မိန့်မှာတော်မူခြင်း ဖြစ်ပါတယ်။


(ပဝါရဏာပြုပြီးအပြန်ခရီးရဲ့ အတွေးမှတ်ချက်)

[မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)]

No comments:

Post a Comment