Tuesday, October 15, 2013

ရောဂါပျောက်သပ လက်တွေ့ပြ


ဝိပဿနာတရား အားထုတ်သဖြင့် ရောဂါမျိုးစုံ ပျောက်ကင်းပုံကို တော်ကူးဆရာတော်သည် ကိုယ်တိုင်ပင် နမူနာပြခဲ့သည်။ နောက်ဆုံး လေဖြတ်ခံရပြီး ရောဂါဖိစီးနေသဖြင့် တရားမဟောနိုင်၊ မပြောပြနိုင်သည့်အခါမှာပင် လေးလံလှသည့် မိမိ ခန္ဓာကိုယ်ကို ဝိုင်းဝန်းထူမပေးစေပြီးနောက် လက်တွေ့တရားရှုပြ တော်မူခဲ့သည်။

မဟာစည်ရိပ်သာတွင်ရှိစဉ် နံနက်အာရုံဆွမ်းမဘုန်းမီ ကုတင်ပေါ်မှ လိမ့်ကျခဲ့၏။ ထို့ကြောင့် နေ့ဆွမ်းစားပြီး ပြန်လာချိန်တွင် ခြေထောက် ထော့နင်းထော့နင်း ဖြစ်နေ၍ ဆွမ်းကျွေးတဲ့ဒကာက အကဲခတ်မိလို့ မေးလျှောက်တော့ ဘုန်းကြီးခြေထောက် အကြီးအကျယ်ရောင်နေတာ မြင်တွေ့သွားတော့ “အရှင်ဘုရား အရိုးကျိုးသွားသလား မသိဘူး။ အရိုးကုဆေးရုံကို တပည့်တော် ပို့ပေးပါရစေဘုရား” ဟု လျှောက်ရာ ဆရာတော်က “ဒကာကြီး မပို့ပါနှင့် ဘုန်းကြီးတရားဆေးနဲ့ ကုပါ့မယ်”ဟု ပြောရာ ဒကာက“အရှင်ဘုရား ဆေးရုံမကြွချင်ရင် နှိပ်တတ်တဲ့ အှနှိပ်သည်တစ်ဦး တပည့်တော်ခေါ်ပေးပါ့မယ်ဘုရား၊ တစ်ခါနှိပ်ရင် ကျပ်သုံးလေးဆယ်ပေးရသတဲ့” ဟု လျှောက်ရာ ဆရာတော်က “မခေါ်ပါနဲ့”လို့ ပြောလိုက်တယ်။ ထို့နောက် မဟာစည်ရိပ်သာမှာရှိတဲ့ ဆရာဝန်မတစ်ဦးက ခြေထောက်ကို
ဆေးလိမ်းပေးသည်။ ဒါပေမယ့် မသက်သာပါဘူး။ ဆရာဝန်မ လုပ်စရာရှိတာကို လုပ်ပြီးတဲ့အခါ ဆရာတော်က “သွားကြတော့” လို့ ပြောလိုက်ပြီး တည်းခိုတဲ့ အခန်းတံခါးကို ပိတ်လိုက်၍ ဆရာတော် မတ်တပ်ရပ်တဲ့ ဣရိယာပုဒ်နှင့် တရားရှုမှတ်နေသည်။

နေ့လည်ကနေ ညနေစောင်းအထိ (၆)နာရီကြာအောင် တရားရှုမှတ်တဲ့အခါ ဝေဒနာအကြီးအကျယ် (၃)ကြိမ်ပေါ်သည်။ ပထမက ခြေထောက်ခေါက်တဲ့နေရာမှာ
ခြေထောက် ပြတ်သွားမတတ်အောင် ဝေဒနာအကြီးအကျယ် ပေါ်လာသည်။ ဝေဒနာပေါ်လေ ဘုန်းကြီးကြိုက်လေပဲ။ ဒီဝေဒနာကို ကျော်လွန်နိုင်အောင် ဘုန်းကြီး ရှုမှတ်နိုင်လျှင် ရောဂါ သက်သာသွားမယ်ဆိုတာ ဘုန်းကြီးသိတယ်။ ဘုန်းကြီး အတွေ့အကြုံက ပြောပြနေတယ်လေ။ ဒါကြောင့် ဘုန်းကြီးမလှုပ်ဘူး။ ဣရိယာပုဒ်မပြောင်းပဲ တင်းတင်းရင်းရင်းနဲ့ ရှုမှတ်နေတယ်။ ဝေဒနာက ခြေထောက်ပြတ်ထွက်မတတ် နာလွန်းလို့ ကိုယ်ပါ သိမ့်သိမ့်တုန်နေတယ်။ ဘယ်လိုနာနာ ဘယ်လောက်နာနာ ဘုန်းကြီးအမှတ်မလျော့ဘူး။ လျော့လိုက်ရင် ဘုန်းကြီးဈေးပျက်သွားမှာ
ပေါ့။ သေလည်းပြီးရောဟု ဘုန်းကြီးစိတ်ကို တင်းထားကာ ပူနေတဲ့နေရာမှာ “ပူတယ်၊ ပူတယ်” နာတဲ့နေရာမှာ “နာတယ်၊ နာတယ်”လို့ ဝေဒနာမှာ စိတ်စူးစိုက်ပြီး တစ်နာရီပြီးတစ်နာရီ တရားကို မတော်ပဲရှုမှတ်နေသည်။ ထို့နောက် ပူတာဟာ တဖြေးဖြေးအေးလာပြီး နာတာလည်း တစ်စစ သက်သာလာတယ်။ သို့သော် နည်းနည်း ကျန်သေးသည်။ အဲဒီနည်းနည်းကျန်နေတာက တရားခေါ်နေတာပါ။
ဝေဒနာအကုန်ကင်းစင် အေးငြိမ်းသွားအောင် မှတ်ရမယ်။

ဒုတိယအကြိမ်၌ ပေါင်ရင်းမှာ အကြီးအကျယ် နာလာပြန်သည်။ ပေါင်ပြတ်ထွက်မတတ်အောင် ရှုမှတ်ပြီးတော့ တတိယအကြိမ်မှာ ရင်ဘတ်အောင့်လာပြန်တယ်။ တစ်ကိုယ်လုံးလည်း အနာထုံလာတယ်။ ထိုသို့ သုံးကြိမ်၊ သုံးနေရာ အကြီးအကျယ် ဝေဒနာပေါ်ပြီးနောက် ဝေဒနာပျောက်သွားအောင် စိတ်ကိုစူးစိုက် တင်းတင်းရင်းရင်းနှင့် ရှုမှတ်လိုက်တယ်။ သေးသေးမွှားမွှား နာတာလည်းမရှိတော့ဘူး။
တစ်ကိုယ်လုံး အေးငြိမ်းပြီး ချမ်းသာနေတယ်။ ဘုန်းကြီးမတော်ပဲ နောက်ထပ်(၉)နာရီကြာ အာရုဏ်တက်တဲ့အထိ ဘုန်းကြီး ဆက်မှတ်နေတယ်။ မိုးလင်းတော့ ဒီအနာသက်သာသွားပြီးဖြစ်လို့ ဘုန်းကြီး လမ်းကောင်းကောင်းလျှောက်လို့ရပြီ။
ဘုန်းကြီး မဟာစည်ဆရာတော်ထံသွားပြီး အကြောင်းအကျိုး လျှောက်ပြတယ်။ (၁၅)နာရီလောက် ဣရိယာပုဒ်မပြင်ပဲ ရှုမှတ်လိုက်တာ ရောဂါသက်သာ ပျောက်ကင်းသွားပြီးလို့ လျှောက်ရာ မဟာစည်ဆရာတော်ဘုရားကြီးက သာဓု(၃)ကြိမ် ခေါ်တော်မူသည်။


တော်ကူးဆရာတော်ဘုရားကြီး
Buddhavasa Tiloka

No comments:

Post a Comment