Tuesday, June 28, 2016

အရေးကြီးတဲ့ ကိုယ်ကျင့်တရား


❀ ကိုယ်ကျင့်တရား ကောင်းဖို့ ဆိုတာ အင်မတန် လိုအပ်တယ်နော်။ ကိုယ်ကျင့်တရားကို လျှော့ပြီးတော့ မတွက်ရဘူး။ ကိုယ်ကျင့်တရားကောင်းမွန်ခြင်းသည် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်တယ်။ နောက်ဘဝ ဆက်တိုင်းမှာလည်း ကောင်းကျိုးချမ်းသာတွေ ရဖို့အတွက် အထောက်အကူပြု ဖြစ်တယ်၊ နှစ်ဖက်စလုံး အကျိုးရှိတယ်။

❀ ကိုယ်ကျင့်တရားဆိုတဲ့နေရာမှာ မလုပ်သင့်တာကို မလုပ်ဖို့၊ လုပ်သင့်တာကိုလုပ်ဖို့- ဒါ ကိုယ်ကျင့်တရားပဲ၊ `စာရိတ္တသီလနဲ့ ဝါရိတ္တသီလ´ လို့ နှစ်မျိုးရှိတယ်။

❀ `ဝါရိတ္တသီလ´ ဆိုတာ မလုပ်ရဘူးလို့ သတ်မှတ်ထားတာ၊ ဘာတွေတုန်းဆို ဥပမာမယ် သူက မီးနဲ့တူတယ်၊ `မီးကို မကိုင်ရဘူး´ လို့ အားလုံးသိကြတယ်။ ကိုင်ရင် ဘာဖြစ်တုန်းဆို - ကိုင်ရင် ပူမှာလောင်မှာပေါ့။ မလုပ်ရဘူးဆိုတာကို လုပ်ရင် ကိုယ့်မှာပဲ ထိခိုက်မှာလေ။

❀ လျှပ်စစ်မီးကြိုးကို သွားမကိုင်နဲ့၊ ကိုင်လို့ရှိရင် ဓာတ်လိုက်မယ်၊ ဒုက္ခရောက်မယ်၊ အဲဒါလိုပဲ ဝါရိတ္တသီလဆိုတာ `ဒါ မလုပ်ရဘူး´လို့ တားမြစ်ထားတဲ့ကိစ္စ၊ မလုပ်ရဘူးလို့ ဆိုတာ ပညတ်ချက်ကြီးတစ်ခုလို မဟုတ်ဘူးနော်၊ ဒါလုပ်ရင် တုန့်ပြန်မှုက ဒုက္ခဖြစ်မယ်လို့ ပြောတာ။

❀ ငါးပါးသီလဆိုတာ မြတ်စွာဘုရားက laid down လုပ်ထားတာ မဟုတ်ဘူး၊ ကျူးလွန်ရင် ဒီလိုအပြစ်တွေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားတာပဲဖြစ်တယ်၊ အခုခေတ် အန္တရာယ်ရှိတဲ့ နေရာမှာ Dangerous လို့ ရေးထားတယ်လေ၊ အန္တရာယ်လို့ ရေးထားတာကို မရှောင်ဘူးဆိုရင် ခံရမှာပဲလေ၊ ဝါရိတ္တသီလရဲ့ အဓိပ္ပါယ်က Dangerous လို့ သတိပေးပြောကြားတဲ့ အဓိပ္ပါယ်ပဲနော်။

❀ ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ သုရာမေရယဆိုတာ `ဒါတွေကို မလုပ်နဲ့၊ ဒါတွေဟာ Dangerous ပဲ၊ တုံ့ပြန်လာရင် ခံရမယ်´လို့ ဒီလိုပြောတာနော်။

❀ တစ်ချို့က `ငါးပါးသီလ ဘုရားမဟောပါဘူး´လို့ ဒီလိုပြောတဲ့လူလည်း ရှိတာပဲ။ `ငါးပါးသီလ မလုံလည်း တစ်ပါးလောက်လုံလည်း ရတယ်´တို့ ဘာတို့- ဘယ်ဟာမှ နားမယောင်လေနဲ့၊ ဒီဟာတွေက Dangerous တွေပဲနော်၊ မြတ်စွာဘုရားက Dangerous လို့ စာတန်းထိုးပေးထားတဲ့ သဘောပဲ၊ သဘာဝကိုက အဆိုးနဲ့ တုန့်ပြန်မှာနော်။

❀ စာရိတ္တသီလဆိုတာကျတော့ လုပ်သင့်လုပ်ထိုက်တာ၊ လောကမှာ လုပ်သင့်လုပ်ထိုက်တယ်ဆိုတာ မိဘတွေကို စောင့်ရှောက်ရမယ်၊ ဆွေမျိုးသားချင်းတွေကို စောင့်ရှောက်ရမယ်၊ မိတ်ဆွေသင်္ဂဟတွေကို စောင့်ရှောက်ရမယ်၊ လောကမှာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်တယ်ဆိုတာ စာရိတ္တသီလနော်။

❀ ဒါကြောင့် ဝါရိတ္တသီလ,လည်း ရှိရမယ်၊ စာရိတ္တသီလ,လည်း ရှိရမယ်။ အဲဒီလို ကိုယ့်ကိုယ်ကို ကိုယ်ကျင့်တရားကောင်းမွန်အောင် ကြိုးစားအားထုတ်ရမယ်ပေါ့။

ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်

❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊ တရားအသိဉာဏ် အလှူပေးခြင်းသက်သက်ဖြစ်ပါ၍ တရားဓမ္မကို လိုလားသော, တရားဓမ္မကို ဖြန့်ဝေလိုသော မည်သူမဆို လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။

No comments:

Post a Comment