Tuesday, June 28, 2016

ဗက ဗြဟ္မာကြီးအား အောင်တော်မူခြင်း


ဗက ဗြဟ္မာသည် ပထမဈာန်ဘုံ၌ နေသော မဟာဗြဟ္မာကြီး ဖြစ်၏။ သူ၏ တန်ခိုး အာဏာသည် လောကဓာတ် စကြ၀ဠာပေါင်း တစ်ထောင် အတွင်း၌ ပျံ့နှံ့၏။ ကျော်စောသတင်း ကြီး၍ အချွေအရံလည်း များပြား၏။ သူသည် ဗြဟ္မာဘုံ၌ အနေကြာ လာခဲ့သဖြင့် အတိတ်ဖြစ်စဉ်များကို မေ့ပျောက်ပြီး ဤကိုယ်ခန္ဓာနှင့် ဗြဟ္မာ လောကသည် မပြိုမကွဲ အစဉ်မြဲ၏ / ထာဝရခိုင်ခံ့ တည်တံ့၏ စသည်ဖြင့် သဿသမိစ္ဆာအယူကို စွဲယူလေသည်။

မြတ်စွာဘုရားသည် ဥက္ကဋ္ဌမြို့ / သုဘဂတောအုပ် / အင်ကြင်းပင်ရင်း၌ သီတင်းသုံး နေတော်မူစဉ် ဗက ဗြဟ္မာ၏ မိစ္ဆာဒိဋ္ဌိ စိတ်အကြံကို သိတော်မူ၍ ဗက ဗြဟ္မာကြီးကို ဆုံးမကယ်ချွတ်ရန် ဗြဟ္မာပြည်သို့ ကြွတော်မူသည်။ မြတ်စွာဘုရားကို မြင်လျှင် ဗကဗြဟ္မာကြီးက နှုတ်ခွန်းဆက်စကားကို ပြောဆိုပြီးနောက် -
" ဤ ခန္ဓာကိုယ်နှင့် ဗြဟ္မာ လောကသည် မပြိုမကွဲ အစဉ်မြဲ၏ / ထာဝရခိုင်ခံ့တည်တံ့၏ " စသည်ဖြင့် သူ၏ သဿသမိစ္ဆာဒိဋ္ဌိ အယူကို ပြောဆိုသည်။ ထက်ရပ် ၀န်းကျင်မှ ရောက်လာကြသော ဗြဟ္မာပရိသတ်ရှေ့မှာ မြတ်စွာဘုရားက -
" အချင်းတို့…..ဗကဗြဟ္မာသည် မိုက်မဲလှ၏။ ဗကဗြဟ္မာသည် မမြဲသောတရားကို မြဲ၏ ဟုဆို၏။ မခိုင်ခံ့ မတည်တံ့ / ပြီးပြည်စုံခြင်းမှရှိ / မရွေ့လျောတတ် ဟု ဆိုလေသည်။ ( ပထမဈာန် ) ဗြဟ္မာဘုံလောက၌ ပဋိသန္ဓေ နေသူ / အိုသူ / သေသူ / ရွေ့လျားသူ / တဖန်ရောက် လာသူများ ရှိနေပါလျက် မရှိဟုလည်း ဆို၏။ ဤ ပထမဈန်လောက မှတပါး ဒုတိယဈာန် / တတိယဈာန် / စတုတ္ထဈာန် ဗြဟ္မာ ဘုံလောကများ / မဂ်ဖိုလ်နှင့် နိဗ္ဗာန်ဟူသော သာလွန် မြင့်မြတ်သော ထွက်မြောက်ရာများ ရှိပါလျက် မရှိဟုလည်း ဆို၏ " စသည်ဖြင့် ဗကဗြဟ္မာကြီး၏ မိစ္ဆာဒိဌိအယူမှားကို သုံးသပ်ဝေဖန်၍ ဟောပြတော်မူလေသည်။

ထိုအခါ ဗကဗြဟ္မာက သူသည် အမှန်ကိုသာ ယူဆပြောဆိုခြင်း ဖြစ်ကြောင်း မြတ်စွာဘုရား၏ မိန့်ဆိုချက်ကို ငြင်းပယ်လေသည်။ ထို့ပြင် " ရဟန်းကြီး……ဤလောက၌ သင့်ထက်ရှေးကျသော သမဏ ဗြာဟ္မဏ တို့သည် ဤခန္ဓာကိုယ်နှင့် ဗြဟ္မာလောကမှ တပါးအခြားလွတ်မြောက်ရာ ရှိ မရှိကို သိကြ၏။ သင်သည် အခြားလွတ် မြောက်ရာကို တွေ့လိမ့်မည်မဟုတ် " ဟု ပြောဆိုပြန် လေသည်။

မြတ်စွာဘုရားက -
" ဗြဟ္မာ…ဤ ပထမဈာန်ဘုံလောက မှတပါးသော ဘုံဘ၀ လောကများရှိသေးသည်သာ။ သင်သည် အာဘဿရ ဗြဟ္မာ့ ဘုံဘ၀မှ စုတေခဲ့၍ ဤ ပထမဈာန်ဘုံဘ၀သို့ ရောက်လာရသူဖြစ်၏။ သင်သည် ဤ ဘုံဘ၀၌ အနေကြာခဲ့၍ သတိမေ့နေခြင်း ဖြစ်သည်။ ထိုအာဘဿရဘုံဘ၀ကို သင်က မသိမမြင်တော့ သော်လည်း ငါဘုရား သိမြင်၏ " ဟု ထုတ်ဖော် ဟောပြတော်မူ လေသည်။

ထိုမျှမက ဗကဗြဟ္မာ၏ ရှေးဘ၀က ကျင့်ခဲ့သော တရားများ / ဝေဟပ္ဖိုလ်ဘုံ / သုဘကိဏှဘုံ / အာဘ ဿရ ဘုံများ၌ ဗကဗြဟ္မာဖြစ်ခဲ့ ပုံများ၊ ရှေးလူဘ၀တွင် ဗကဗြဟ္မာလောင်း ရသေ့ကြီး ပြုလုပ်ခဲ့သော ကုသိုလ် ကံများကိုပါ အကျယ်တ၀င့် ဟောပြတော်မူလေရာ ဗကဗြဟ္မာကြီးသည် အတိတ် ဘ၀ဖြစ်စဉ် များကို ထင်မြင်မှတ်မိ သတိရလာလေ၏။
ထို့ပြင် မြတ်စွာဘုရားက ပထ၀ီဓာတ် စသော သဘောတရား အားလုံးတို့၏ အနိစ္စ / ဒုက္ခ / အနတ္တ ဖြစ်ပုံနှင့် နိဗ္ဗာန်သဘောကို ဆက်လက်ဟောပြတော်မူရာ -
ဗကဗြဟ္မာကြီးသည် မိမိ၏ သဿသမိစ္ဆာဒိဋ္ဌိ အယူဝါဒကို စွဲမြဲစွာ ဆုပ်ကိုင် မထားနိုင်တော့ချေ။ သို့ရာတွင် မိမိ၏ အရှုံးကို ဖုံးကွယ်လို၍ တန်ခိုးချင်း ပြိုင်ရန် ပြောဆိုသည်။

“ ရဟန်းကြီး…..သင်၏ အရှေ့မှောက်၌ ယခုပင် ကျွန်ုပ်ကွယ်လိုက်မည်၊ တွေ့အောင်ရှာလော့ " ဟု ဗကဗြဟ္မာကြီးက ပြောဆိုလျှင် မြတ်စွာဘုရားက “ သင်စွမ်းနိုင်လျှင် ကွယ်လိုက်လော့ " ဟု မိန့်ဆို၍ ဗကဗြဟ္မာကြီး၏ ကိုယ်ကို ကွယ်ဖျောက်၍ မရအောင် တန်ခိုးဖြင့် တားတော်မူလိုက်သည်။
ဗကဗြဟ္မာကြီးသည် မည်သို့မျှ ကိုယ်ကို ကွယ်ပျောက်အောင် မပြုလုပ်နိုင်ချေ။ ဗကဗြဟ္မာကြီးသည် ကိုယ်ကို အမှောင်ထုဖြင့် ဖုံးလွှမ်းလိုသဖြင့် အမှောင်ထုကြီးကို ဖန်ဆင်းပြန်လေသည်။ မြတ်စွာဘုရားက အမိုက် မှောင်ထု ကိုလည်း တန်ခိုးဖြင့် ပယ်ဖျက်ပစ် တော်မူ၏။ ဗကဗြဟ္မာကြီးသည် မြတ်စွာဘုရားရှင် ရှေ့မှာ ကိုယ်ကို ကွယ်ပျောက်အောင် မစွမ်းဆောင်နိုင်သဖြင့် ဘုံဗိမာန်နှင့် ပဒေသာပင်အတွင်းသို့ ၀င်၍ ပုန်းအောင်းနေ၏။ သို့ရာတွင် သူ့ကို ဗြဟ္မာပရိသတ်က မြင်နေကြရ၏။ မကြံသာသည့် အဆုံး ဆောင့်ကြောင့် ကုပ်ကုပ် ကလေးထိုင်နေသော ဗကဗြဟ္မာကို မြင်နေကြရသော ဗြဟ္မာ ပရိသတ်များအဖို့ ရယ်ရွှင်ဖွယ်ဖြစ်နေတော့၏။
ဗြဟ္မာများက ပြောင်လှောင်သဖြင့် ဗကဗြဟ္မာကြီး မျက်နှာ မသာမယာ ရှိလေ၏ ။
" ဗြဟ္မာ…….သင် မပုန်းကွယ်နိုင်လျှင် ငါဘုရားပုန်းကွယ်ပြမည် " ဟု မြတ်စွာဘုရားက မိန့်တော်မူပြီး ဗြဟ္မာ ပရိသတ်၏ ရှေ့မှောက်မှာ ခန္ဓာကိုယ်တော်ကို ကွယ်ပျောက်စေတော်မူ လေသည်။

မြတ်စွာဘုရားကို မည်သူမျှ မမြင်ကြရတော့ချေ။ မြတ်စွာဘုရားက ထိုသို့ ကွယ်ပျောက်နေလျက် ကပင် တရားဓမ္မကို ဟောပြတော်မူလေ၏။
“ အို ဗြဟ္မာအပေါင်းတို့ ငါဘုရားသည် ကာမ ရူပ အရူပ ဘုံဘ၀တို့၌ ပဋိသန္ဓေ နေကြသူတို့၏ အို / နာ / သေဘေးကို သိမြင်တော်မူ၏၊ နိဗ္ဗာန်ကို ရှာဖွေရင်း လမ်းမှားနေကြသော သတ္တ၀ါတို့၏ ထိုထို ဘုံဘ၀တို့၌ မရပ်မနား ဖြစ်ပွားကြရခြင်း / ဆင်းရဲဒုက္ခ၌ စွဲလမ်းနေခြင်းကိုလည်း မြင်တော်မူ၏။ ထို့ကြောင့် ငါဘုရားသည် မြဲ၏ ဟု အထင် မမှားတော့ပြီ။ ထိုထိုဘ၀တို့၌ စွဲလမ်းတတ်သော တဏှာကိုလည်း မဂ်လေးပါးဖြင့် ပယ်ဖြတ်ပြီးဖြစ်၍ စွဲလမ်း တပ်မက်မှု ကင်းကွာခဲ့ချေပြီ "

ဗြဟ္မာပရိသတ်သည် မြတ်စွာဘုရား၏ ရုပ်ဆင်းတော်ကို မမြင်ရဘဲ သာယာချိုမြိန်သော အသံတော်ကိုသာ ကြားနေကြရလေ၏။ မြတ်စွာဘုရား ဟောကြားသော တရားတော်ကို နာယူရသဖြင့် ဗြဟ္မာအများ တရားသိမြင် ကျွတ်တမ်း ၀င်ကြလေသည်။
ဗကဗြဟ္မာကြီးလည်း မြတ်စွာဘုရား၏ ဂုဏ်တော်များကို ချီးမွမ်းပြောဆိုပြီး မိစ္ဆာအယူကို စွန့်လေတော့သည်။

Credit to: ဓမ္မ စာပေများ

No comments:

Post a Comment