မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိတော်မူစဉ်က သာဝတ္တိပြည်ကြီးတွင် အလွန်ချမ်းသာလှသော သူဋ္ဌေးမိသားစုတစ်စုရှိ၏။
ကုဋေပေါင်းများစွာ ကြွယ်ဝပါ၏။ သို့သော်လည်း ထိုသူဋ္ဌေးသူကြွယ်သည် အကောင်းဟူသမျှ မသုံးဆောင်ရပါ။
အစားအသောက်စားရတော့လည်း ကောင်းကောင်းမစားရ၊ မသောက်ရ၊ နေ့စဉ်နှင့်အမျှ ဆန်ကွဲထမင်းနှင့် ပုန်းရည်ဟင်းသာ စားသောက်၍နေရ၏။
အဝတ်အစားကျတော့လည်း ပိုးဖဲကတ္တီပါများ မဝတ်ဆင်ရ၊ အကြမ်းစား၊ အညံ့စားပိတ်စ၊ အဝတ်အထည်များကိုသာ ဝတ်ဆင်ရ၏။
ခေါင်းပေါင်းကျတော့လည်း မဲမဲညစ်ညစ် ဖြူဖြူစင်စင်မဟုတ်၊ ဆင်းရဲသားများပေါင်းသည့် ခေါင်းပေါင်းလက်ပင့်၊ ညံဖျင်းနေရပါသေး၏။
သူဋ္ဌေးစီးနင်းသွားလာနေသော မြင်းရထားမှာလည်း အစုတ်ဆုံးသာဖြစ်နေပါ၏။ သူဋ္ဌေးများ မြင်းလှည်းကောင်းများ မြောက်မြားစွာရှိပါ၏။
သို့သော် ထိုသူဋ္ဌေးသူကြွယ်သည် မြင်းရထားအစုတ်အညံ့ကိုသာ စီးနင်းနေရ၏။
ထိုသူဋ္ဌေးသူကြွယ် သေဆုံးသွားရသောအခါ ထိုသူဋ္ဌေးပိုင်၊ ရွှေငွေဥစ္စာပစ္စည်းများ အမွေခံမည်သူမရှိပါသဖြင့် မြင်းရထားအစီးပေါင်းများစွာနှင့် ထိုရွှေငွေဥစ္စာပစ္စည်းများကို မင်းဘဏ္ဍာအဖြစ် နန်းတော်ကြီးမှ သိမ်းပိုက်လိုက်ရ၏။
တစ်နေ့သောအခါ (ကောသလမင်းကြီးသည် ထိုကုဋေကြွယ်သူဋ္ဌေးသည် ဤ၍ ဤမျှ ချမ်းသာနေပါလျက် ကောင်းကောင်းမစားရ၊ ကောင်းကောင်းမဝတ်ရ၊ မြင်းရထားကောင်းကောင်းကို မစီးရပဲ၊ အညံ့စားများကိုသာ သုံးဆောင်နေရသည်မှာ ဘာကြောင့်ပါလဲ ဘုရားဟု) မြတ်စွာဘုရားရှင်အား လျှောက်ထားစုံစမ်း မေးမြန်းပါတော့၏။
ဗုဒ္ဓက ဖြေကြားပေးတော်မူ၏။ ထိုသူဋ္ဌေး၏အမည်သည် အပုတ္တက ဖြစ်၏၊ ဘဝတစ်ခုက သူဋ္ဌေးသူကြွယ်တစ်ဦး ဖြစ်ခဲ့၏။
တစ်နေ့သ၌ ထိုအပုတ္တက သူဋ္ဌေးကြီးသည် ဘုရင်နန်းတော်သို့သွား၏။ လမ်းခရီးတွင် တဂ္ဂရသိခီအမည်ရှိသော ရှင်ပစ္စေကဗုဒ္ဓတစ်ပါးနှင့် လမ်းမှာဆုံပါ၏။
သူဋ္ဌေးသည် ဘုရားငယ်ကို မြင်တွေ့ရသောအခါ အလွန်ကြည်ညိုသောသဒ္ဓါစိတ် ဖြစ်ပေါ်လာ၏။
ယင်းကြောင့် ရှင်ပစ္စေကဗုဒ္ဓအား သူ၏အိမ်သို့ ဆွမ်းခံကြွ၍ အလှူခံတော်မူပါဘုရား လျှောက်ထား၏။
သူ့အိမ်မှာ သူ့ဇနီးရှိပါ၏။ သူ့ဇနီးက လောင်းလှူပါမည်ဘုရား၊ တပည့်တော်ကတော့ ဘုရင်မင်းမြတ်က ခေါ်ထားသဖြင့် နန်းတော်သို့ သွားရပါမည်ဘုရားဟု လျှောက်ထားလေ၏။
သူဋ္ဌေးက နန်းတော်သို့ဝင်၍ ရှင်ပစ္စေကဗုဒ္ဓက သူဋ္ဌေးအိမ်သို့ ဆွမ်းအလှူခံကြွ၏။
ရှင်ပစ္စေကဗုဒ္ဓသည် ထိုသူဋ္ဌေးညွှန်ပြသည့်အတိုင်း သူဋ္ဌေးအိမ်သို့. အလှူခံကြွပါ၏။
သူဋ္ဌေးကတော်ကလည်း သူဋ္ဌေးကိုယ်တိုင် လွှတ်လိုက်ပါသဖြင့် ထိုရှင်ပစ္စေကဗုဒ္ဓကို အကောင်းစား ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို သပိတ်တစ်လုံးအပြည့် လှူဒါန်းလိုက်ပါ၏။
သူဋ္ဌေးကြီးသည် ဘုရင့်နန်းတော်ကြီးမှ ကိစ္စပြီးသောအခါ သူ၏ အိမ်သို့ပြန်လာခဲ့၏။
ထိုအခါ စောစောပိုင်းက သူတွေ့ကြုံခဲ့ရသော ရှင်ပစ္စေကဗုဒ္ဓနှင့် လမ်းမှာ ပြန်ဆုံပါ၏။
အရှင်ဘုရား တပည့်တော်တို့ အိမ်သို့ကြွတာ ဆွမ်းများလောင်းလှူလိုက်ရဲ့လားဟု မေးပြီး ရှင်ပစ္စေကဗုဒ္ဓ၏ သပိတ်ကို ဖွင့်ကြည့်ပါတော့၏။
သပိတ်ထဲတွင် ပြည့်လျှံနေသော ဆီဦးထောပတ်၊ အကောင်းစား ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို တွေ့လိုက်ရပါသဖြင့် သူ၏စိတ်ထဲမှာ တွန့်တိုနှမြောသော စိတ်လေး ချက်ချင်းဖြစ်သွား၏။
သူဋ္ဌေး၏နှုတ်ကလည်း ပြောလိုက်သေး၏။ သူဋ္ဌေးကတော်ကြီးသည် အတိုင်းအရှည်ကို မသိ၊ နားမလည်၊ အကောင်းစားဘောဇဉ်များကို ပြည့်လျှံသည်အထိ၊ လောင်းလှူလိုက်သည်။ ဒီအကောင်းစား ဆွမ်းတွေကို ဒီရဟန်းအား မလှူပဲ အိမ်က ကျွန်တွေကို ကျွေးလိုက်ရင် လုပ်ငန်းတွေ ပိုမိုတောင် လုပ်ကြဦးမယ်။ ဒီမိန်းမ ဘာမှ အသုံးမကျဘူး ... နားမလည်ဘူး။
ဤရဟန်းသည် ဤဆွမ်းကောင်းတွေကို စားပြီး အိပ်နေမည့်သူသာဖြစ်မှာပါပဲ။ လှူလိုက်သော ဆွမ်း၊ ဘောဇဉ်တွေ အလကားပဲဖြစ်ရပါပြီဟု ပြောဆိုလျှက် အပရစေတနာ ပျက်သွားရလေပြီ။
ထိုဘဝက ရှင်ပစ္စေကဗုဒ္ဓအား ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်များကို လောင်းလှူခဲ့ပါသဖြင့် ယခုဘဝမှာ ကုဠေကြွယ်သူဋ္ဌေး ဖြစ်ရပါ၏။
ထိုကုဠေကြွယ်သူဋ္ဌေးသည် လှူဒါန်းပြီးနောက် အပရစေတနာတွေ ပျက်ကွက်ခဲ့ရ၏။
မိမိလှူဖွယ်ပစ္စည်းများအပေါ်မှာ ပြန်လည်စွန်းငြိတွယ်တာမှု ဖြစ်နေ၏။
လှူပြီးသားပစ္စည်းများကို နှမြောနေမိ၏။ ဝန်တိုနေမိ၏။
ထိုစိတ်ဓာတ်သည် ယခုဘဝမှာ သူဋ္ဌေးသူကြွယ်တော့ ဖြစ်ပါ၏။
ထိုအပရစေတနာ ပျက်ကွက်သွားရပါသဖြင့် သူဋ္ဌေးသူကြွယ်ဖြစ်ရပါသော်လည်း ကောင်းကောင်းမစားရ၊ ကောင်းကောင်းမဝတ်ရ၊ မြင်းရထားကောင်းကောင်းကို မစီးရတဲ့ဘဝ ဖြစ်ခဲ့ရ၏။ မိမိပိုင်ပစ္စည်းများ တွယ်တာလွန်းသဖြင့် မလှူဒါန်းခဲ့ပါ။ နောက်ဆုံးတော့ နန်းတော်ကြီးမှ မင်းဘဏ္ဍာအဖြစ် သိမ်းပိုက်ခြင်းကို ခံသွားရပါတော့၏။
ယင်းကြောင့် အလှူရှင်များ ဤသူဋ္ဌေးကို နမူနာယူကြပါ။ မိမိလှူဒါန်းပြီး ပစ္စည်းဥစ္စာများအပေါ်မှာ မကပ်ငြိပါစေနှင့် အပရစေတနာ မပျက်ကွက်ပါစေနှင့်။
အရှင်သုဓမ္မသာရ
(ဇမ္ဗူဒိပ် ဂျာနယ်မှ)
www.facebook.com/bwar99
No comments:
Post a Comment