Sunday, June 19, 2016

ငွေကို မလို... ဆွမ်းကို လို၏


တစ်ခုသော..ညနေခင်း..မိုးရေစက်တို့က..မဖွဲတဖွဲ....လမ်းပေါ်မှာ
ထီးရောင်စုံ..ကာလာဖြန့်နေချိန် အရှင်တို့. နှစ်ပါးသားကတော့ မိုးရေစက်တွေကို ထီးဗလာဖြင့် အန်တုရင်း
စာသင်သားတို့ရဲ့ ရာသီအစ ကန့်လန့်ကာဖွင့်ကြရပြီပေါ့.....။

မနှစ်က စာသင်ရာသီ တစ်ခုလုံးနီးပါးမှာ ဆွမ်းကိစ္စအတွက် ထမင်းဆိုင်ကို လခပေးပြီး ဖြေရှင်းခဲ့တယ်။ ဒီနှစ်တော့ တောရွာက အညာသား ကားလမ်းလည်း ကူးတတ်ပြီ။ မီးပွိုင့်လည်း ကြည့်တတ်ပြီကတစ်ကြောင်း
စာသင်သားဆိုတာလေ ဆွမ်းခံစားရမယ်ဆိုတဲ့ **မဟာအသိကြီးက.**. ဇွတ်တိုးဝင်လာတာတာက တစ်ကြောင်း၊ ရာသီဥတုရဲ့ မညီမျှတဲ့ ဖြေရှင်းချက်တွေကို အလူးအလဲ ခံနေရရှာတဲ့ ဆွေးမျိုးရင်းချာတွေရဲ့
ဘဝကို စာနာနားလည် တတ်တာကလည်း တစ်ကြောင်း၊

အခြားသောအရှင်မြတ်များက သင်္ကန်းကို သပ္ပါယ်စွာရုံပြီး ကိုယ်စီ ကိုယ်စီ သပိတ်ပိုက် ဆွမ်းခံကြွနေချိန်မှာ ကိုယ်က ချိုင့်ဆွဲပြီး ထမင်းဆိုင်
ပြေးရတဲ့ဘဝကို ရှက်လာတာကလည်း တစ်ကြောင်း၊ ဗလောင်းဗလဲ ပြောင်းလဲနေတဲ့ ကုန်ဈေးနှုန်းကလည်းတစ်ကြောင်း အစရှိပါလေသော ထိုထိုအကြောင်းများကြောင့်
အရှင်တို့နှစ်ပါး ဆွမ်းခံအိမ် အဖိတ်သွားကြလေတော့၏။

ပထမဦးဆုံး အိမ်ခန်းတံခါးကို ခေါက်လိုက်၏။

မကြာခင် ဒကာမကြီး ထွက်လာတော့

`ဒကာမကြီး ဦးဇင်းတို့က စာသင်သားတွေပါ ဆွမ်းခံအိမ် ဖိတ်ချင်လို့ပါ နေ့စဉ်ဆွမ်းခံကြွလို့ရမလားဗျာ` ဆိုတော့

သူပြောသည့်စကားက.

``တပည့်တော်တို့က..ဧည့်သည်တွေ..´´..တဲ့

ပထမအိမ်မှာပင် အခြေမလှပြီ။ ရှိစေတော့၊ ရှိစေတော့။ အသာယာ ခေါင်းငိုက်လို့ နောက်တစ်ခန်းခေါက်တော့

``အားနာပါတယ်ဘုရား..´´တဲ့

တံခါး.အမြန်ပိတ် သွားလေ၏။ ဇွဲမလျှောပါဘူး။ နောက်တစ်ခန်းပေါ့။

``..လူကြီး.မရှိလို့ပါ..ဘုရား..´´တဲ့ သေချာကြည့်လိုက်တော့ ဝေဒနာ က ငြိလေပြီ။ (လူကြီးမဟုတ်သော ထိုဒကာကား အသက် လေးဆယ်အရွယ်ခန့်ရှိနေပါပြီ)

ဝေဒနာတစ်တဝက်နဲ့ တစ်ခါအထက်တက်လို့ တံခါးခေါက် မကြာခင်ရောက်လာပြီး ပြောလိုက်တဲ့ စကားက

``လူကြီးတွေပဲနေကြတာမို့ ဆွမ်းဟင်း မချက်နိုင်၍ ကန်တော့ပါဘုရား´´တဲ့

(ဪလူကြီး မရှိ၍ ဆွမ်းမလောင်းနိုင်သူနဲ့ လူကြီးတွေပဲနေလို့ ဆွမ်းမလောင်းနိုင်သူ များကို ကြည့်ပြီးမျက်ဝန်းမှာ မိုးအုံ့လာ၏)

အုံ့နေတဲ့ မိုးကို မရွာစေဘဲ စိတ်ကို ထိန်းလို့ တံခါးတစ်ခု အရောက် တံခါးမခေါက်ရဲတော့.နှစ်ပါးသား သူခေါက် ကိုယ်ခေါက်နဲ့ လုရပြီ
သို့သော်လည်း ဘဝပေးအခြေနေအရ အားတင်းစွာ ခေါက်ရင်း ပြောလာမည့် စကားသံတွေကို ကြိတ်မှိတ်နားဆင်နေရတယ်...

ထုံးစံအတိုင်း ထူးမခြားနားပါ။ တမင်တကာများ ဇာတ်တိုက်ထားကြလေသလား။ တံခါးပေါင်းများစွာ ခေါက်ပေမယ့်
မည်သည့်တံခါးမှ ညင်သာစွာ ပွင့်မလာကြ။

ထို့နောက်တံခါးများရှေ့ ရပ်ရမှာ ကြောက်လာ၏။ အပြင်ရာသီဥတုက အေးနေပေမယ့် အရှင်တို့နှစ်ပါးကတော့ မျက်နှာမှာ ချွေးသီးသီးကျနေပါပြီ..။

မမြင်ရတဲ့ နှလုံးသားကချွေးတွေ ဘယ်လောက်များကျနေမလဲ။
ဪ...ဘဝ ဘဝ..လိုချင်လွန်းလို့ ရယူခဲ့တဲ့..ဘဝ။ ဒီလို အချိန်များမှာဆိုရင်
ဘယ်မှာလဲ..ပျော်ရွှင်မှု..
ဘယ်မှာလဲ.ငြိမ်းချမ်းမှု
ဘယ်မှာလဲ..တည်ငြိမ်မှု.....
ရဟန်းတစ်ပါး၏..ဂုဏ်သိက္ခာသည်
တံခါးဝ..တို့ရှေ့၌ ဝမ်းလျားမှောက်နေရသည့်အလား....

ခြေလက်အင်္ဂါ အစုံရှိပါလျှက် တံခါးဝတို့ရှေ့မျက်နှာ.ညှိုးငယ်စွာ ရပ်နေရသည့်အဖြစ်က ရဟန်းဘဝကို..အားငယ်လာစေတယ်။

သို့သော်..ငါသည်.စာသင်သားရဟန်း.. စာသင်သားရဟန်းဆိုတာ..ဆွမ်း ခံကို ခံရမည်ဆိုတဲ့ အသိစိတ် ခပ်သည်းသည်း ကြိုးမျှင်လေးကို မပြတ်အောင် ဂရုစိုက်ရင်း တံခါးတို့ကို ဆက်လက်ခေါက်နေပါတယ်။ ထိုသို့ ခေါက်စဉ်မှာ
အချို့သော..ဒကာ/မတို့၏..အားနာသော မျက်ဝန်းနဲ့အတူ

``တပည့်တော့တို့က ဝန်ထမ်းတွေမို့ အရှင်ဘုရားတို့.ကြွမယ့်အချိန် အိမ်မှာမရှိနိုင်လို့ပါဘုရား....မနက်အစောတန်းဆွမ်းပဲ လောင်းနိုင်ပါတယ် ဘုရား´´ဆိုတဲ့

စကားသံများကြားရပြန်တော့လည်း ဝမ်းနည်းခြင်းဝေဒနာတစ်မျိုး ထပ်တိုးရပြန်တာပေါ့။ အခန်းပေါင်းများစွာကို ဆက်လက်
တံခါးခေါက်ဆဲ။ အခန်းပေါင်းများစွာကလည်း ညင်သာစွာ တစ်မျိုး၊ ခါးသီးစွား.တစ်မျိုးနဲ့ ငြင်းဆန်နေဆဲ

တစ်ခုသောတံခါးကို ခေါက်စဉ်ဖုန်းပြောနေသော ဒကာမကြီးက
``ခွေးရှိလို့ ဘုရား....... ´´တဲ့
(ဪ...ခွေးတစ်ကောင်သည်လည်း ဆွမ်းမလောင်းနိုင်ခြင်း၏ အဖြေတစ်ခုလေလား)

အားမလျှော့ပါဘူး... စ.ခဲ့မိတာမို့ ခရီးဆုံးတိုင် ဆက်လျှောက်ရမှာပေါ့
ဘဲအုပ်တစ်ရာ၊ နှစ်ရာ ကြားမှာတောင် ဗေဒါပျံ ပန်းပန်.နိုင်သေးတာပဲလေ
တံခါးပေါင်းများစွားကို ဆက်ခေါက်နေဆဲမို့ လက်လေးခမျာ အသားမာတောင် တက်နေပြီထင်။

ရှေ့မျက်နှာနောက်ထားလို့ တံခါးတစ်ခု အခေါက်မှာ ဒကာမတစ်ဦး ရောက်လာပြီး လျှောက်တင်တာက

အရှင်ဘုရား တပည့်တော်မက ရုံးဝန်ထမ်းမို့ စနေ၊ တနင်္ဂနွေပဲ..ဆွမ်းလောင်းနိုင်မှာပါ..ဘုရား ဒါကြောင့်မို့..အားတော့..နာပါတယ်..ဘုရား´´တဲ့

``ရပါတယ်..ဒကာမကြီး..ဆက်သွားလိုက်ပါအုံးမယ်.´´.လို့ပြောပြီး
လှည့်အထွက်မှာ
``အရှင်ဘုရားတို့.ခဏ..ပါဘုရားဝတ္ထုငွေလေး လှူပါရစေဘုရား´´တဲ့

သူ့ရဲ့အားနာလို့ပဲ လှူလှူ၊ အားပါလို့ပဲလှူလှူ ထိုအလှူ စကားသည် ဝမ်းနည်းစိတ်နဲ့အတူ ဒေါသတို့ အလိပ်လိပ်တက်လာ၏။ သို့သော်ထိုဒေါသကို.နှုတ်ဖျားထိမရောက်စေပဲ လည်ချောင်းဝတွင် တားဆီးလိုက်ပြီး။ မချိသော အပြုံးနှင့် လှပသော စကားလုံးကို
သုံးရလေတော့၏။

``ဒကာမကြီး ဦးဇင်းတို့က စာသင်သားတွေပါ။ နေ့စဉ်ဆွမ်းကိစ္စအတွက် မို့ လာဖိတ်ရတာပါ ဝတ္ထုငွေ အတွက်မဟုတ်ပါဘူး ဒကာမကြီး အလှူကို
ဦးဇင်းတို့ အားနာစွာပဲ..ငြင်းပယ်ပါရစေ..´´

ထိုသို့..ငြင်းပယ်ပြီး..တံခါး..များကို.ဆက်လက်ခေါက်ဖို့ ခြေလှမ်း စ.ရပါတော့တယ်.......

ထိုစဉ်..ငယ်ငယ်က..ဖတ်ခဲ့ဖူးတဲ့ဆရာချစ်စံဝင်းရဲ့(မြန်မာလူငယ် တစ်ယောက်အကြောင်း..စာအုပ်ဟုထင်)စာအုပ်မှ စာတစ်ကြောင်းက အသိစိတ်ထဲ တိုးဝင်လာ၏။ မြန်မာနိုင်ငံမှ စတော်ဘယ်ရီသီး များ
ဂျပန်နိုင်ငံသို့.တင်ပို့ရာမှာ နမူနာအဖြစ် ခြင်းအလှလေးနဲ့ တင်ပို့ ပေး၏။ နှစ်ကြိမ်ပို့ပြီးနောက်မှာ ဂျပန်နိုင်ငံမှ စာပြန်လာ၏..

``အဆွေတော်....အဆွေတော်၏..စတော်ဘယ်ရီသီးများကာ..ဂျပန်နိုင်ငံတွင် ဈေးကွက်မဝင်နိုင်ပါ။ သို့သော်.ကျွန်ုပ်တို့ ဂျပန်လူမျိုးများက စတော်ဘယ်ရီ မလိုပေးမယ့် စတော်ဘယ်ရီ ထည့်တဲ့ ခြင်းကို တော့ လိုချင်ပါတယ်.´´...တဲ့
စတော်ဘယ်ရီ.မလို ခြင်းကို လို၏...ပေါ့..

အခုလည်း.......အရှင်က...ထိုဒကာမကြီးအား..ဆရာချစ်စံဝင်းရဲ့ ဂျပန် ပြန်စာလို့ ပြောလိုက်ချင်တာက.......

ကလျာဏနွယ်ဝင် သူတော်စင်ဒကာမကြီး

အရှင်တို့ကလေ ....အရှင်တို့က ငွေကို မလို ဆွမ်းကို လို၏ လို့

~~~~~~~~~
စာသင်သား အရှင်မြတ်များ အားလုံး
ဆိုင်ရာ စာပေများကို
အောင်မြင်စွာ သင်ကြား ဖြေဆိုနိုင်ကြပါစေ..

ရွှေမြေနီ အရှင်ကုမာရ
(ပေါက်..ရိပ်သာ)

........................................................................................

ဆွမ်းကိစ္စနဲ့ ပတ်သက်လို့ ရေးထားတဲ့ စာတိုပေစလေးတွေလည်းရှိပါတယ်။ ဒီလို ဆွမ်းကိစ္စကို ရေးကြတဲ့အခါ သူတို့ မစားရလို့ ပြောနေတာ။ တကယ်သံဃာအစစ်တွေဆိုရင် စားဖို့ကိစ္စကို ပြောမနေဘူး စသည်ဖြင့် ဝေဖန်ကြတာလည်း တွေ့မြင်ဖူးပါတယ်။ နောက်ပြီး ဘယ်သူကမှ သံဃာစစ်တယ်။ ဘယ်သူကမှ သာသနာတော်ကို တကယ်ထမ်းပိုးနေတာ စသည်ဖြင့်သည့် ဝေဖန်ပိုင်းခြားနေတာ တွေ့မြင်ရတော့ အင်မတန်မှကို ၀မ်းနည်းမိပါတယ်။ ဗုဒ္ဓဘာသာကို ယုံကြည်ကြသူတိုင်းသာ ဘာသာရေးနဲ့အညီ ပြုမှုဆောင်ရွက်ကြမယ်ဆိုရင် သာသနာတော် အဓွန့်ရှည်ရေးဟာ ရင်လေးဖွယ်မရှိပါဘူး။...

မြင်နိုင်ကြပါစေ။

ခင်နှင်းကြည်သာ
28-05-2016

No comments:

Post a Comment