Tuesday, June 28, 2016

ရဟန်းတော်နှင့် အမျိုးသမီးဆက်ဆံရေး ဖွင့်ဆိုချက်


“ မြတ်စွာဘုရား ……အမျိုးသမီးများနှင့် ပတ်သက်လို့ တပည့်တော်များ ဘယ်လို ကျင့်သုံးနေထိုင်ရမှာလဲဘုရား ”
“ အာနန္ဒာ မတွေ့မမြင်ရအောင် နေ ”
“ တွေ့မြင်ခဲ့ရင်ကော ဘုရား ”
“ စကားမပြောပဲ နေ ”
“ မလွှဲသာလို့ စကားပြောရပြီဆိုရင်ကောဘုရား ”
“ အာနန္ဒာ အမိအရွယ်ကို အမိ ၊ အမ ညီမအရွယ်ကို အမ ညီမ ၊ သမီးအရွယ်ကို သမီးလို့ သတိလေးထားပြီး ပြောပါ ”

ဤစကားရပ်များသည် ရဟန်းတော်နှင့် အမျိုးသမီးဆက်ဆံရေးအတွက် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်ခါနီး ရှင်အာနန္ဒာမေးလျှောက်၍ မြတ်စွာဘုရားဖြေကြားတော်မူခဲ့သော ညွှန်ကြားချက်များ ဖြစ်သည် ၊ ဤစကားရပ်များကို သရုပ်ခွဲကြည့်ပါက ရဟန်းတော်များ အမျိုးသမီးများနှင့်ဆက်ဆံသောအခါ ထားရှိရမည့်စည်းသုံးရပ်ကို အလွယ်တကူ တွေ့မြင်နိုင်သည်။

#ပထမစည်း

ရဟန်းတော်နှင့် အမျိုးသမီးဆက်ဆံရေးကဏ္ဍတွင် မြတ်စွာဘုရားက ပထမစည်းအားဖြင့် “ မတွေ့မမြင်ရအောင် နေ ” ဟု ယတိပြတ် မိန့်ကြားတော်မူသည် ၊ ယင်းသို့ ဦးစွာ (ရက်ရက်စက်စက်) ယတိပြတ်မိန့်ကြားတော်မူခြင်းမှာ အကြောင်းမဲ့တော့ မဟုတ် ၊ ရဟန်းတရား ကျင့်ကြံအားထုတ်နေသူအဖို့ ဆန့်ကျင်ဘက်လိင် ဖြစ်သော အမျိုးသမီးကို မြင်တွေ့ရပါက-
၁။ လောဘော-ချစ်ခင်တပ်မက်ခြင်းဟု ဆိုအပ်သော ကာမရာဂနှင့်
၂။ စိတ္တစလနာ-ရင်ခုန်ခြင်းဟုဆိုအပ်သော စိတ်လုပ်ရှား ခြောက်ချားခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် ဖြစ်သည်၊ ယင်းအကြောင်းနှစ်ရပ်သည် ရဟန်းတရားအတွက် အန္တရာယ် ဖြစ်သည် ၊ ဆန့်ကျင်ဘက်လိင်တို့ တစ်ဦးအပေါ်တစ်ဦး ချစ်ခင် တပ်မက်စိတ်သည် မြင် တွေ့ခြင်းမှ အစပြုသည် ။

#ဒုတိယစည်း

ရဟန်းတော်များသည် လမ်းစဉ်အားဖြင့် ကိစ္စများမြောင် လူတို့ဘောင်ကို ရှောင်ခွါ၍ သံသရာဘေးမှ လွတ်မြောက်အောင် အားထုတ်နေသူများ ဖြစ်သော်လည်း လောကလူသားများပင် ဖြစ်သည် ၊ ဘဝရပ်တည်ရေးအားဖြင့်လည်း လောကလူသားများကို အမှီသဟဲ ပြုကြရသည် ၊ ထို့ကြောင့် လောကလူသားများနှင့် လုံးလုံးမဆက်ဆံပဲ ကင်းကင်းရှင်းရှင်း နေ၍ မရ ၊ အမျိုးသမီးများကို မတွေ့မမြင်ရအောင် ရှောင်တိမ်း၍ မရ ၊ ယင်းအတွက် မြတ်စွာဘုရားက ဒုတိယစည်းအားဖြင့် အမျိုးသမီးများကို တွေ့မြင်လာရသော် “ စကားမပြောပဲ နေ ” ထပ်ဆင့် ညွှန်ကြားတော်မူသည် ။

စကားပြောမိပါက-
၁။ ဝိဿာသော-ခင်မင် ရင်းနှီးခြင်း
၂။ သြတာရော-ခင်မင် ရင်းနှီးခြင်းမှ အစပြု၍ ယင်းအမျိုးသမီးပေါ် စိတ်ရောက်ခြင်း၊ သတိရခြင်း
၃။ သီလဗျသနံ-စိတ်ရောက်ခြင်း၊ သတိရခြင်းများမှ အစပြု၍ အဆင့်ဆင့်အားဖြင့် အကျင့်သီလပျက်စီးခြင်းအထိ ရောက်နိုင်သောကြောင့် ဖြစ်သည် ။

မည်သည့်နယ်ပယ်မှာဆိုဆို တစ်ဦးနှင့်တစ်ဦး ခင်မင် ရင်းနှီးမှုရဖို့အတွက် စကားပြောရသည် ၊ အွန်လိုင်းလောကမှာဆိုလျှင် တစ်ဖက်က ဟိုင်းလျှင် ကိုယ့်ဘက်ကလည်း ပြန်ဟိုင်း ၊ ကိုယ်က မင်္ဂလာပါဆိုလျှင် တစ်ဖက်ကလည်း မင်္ဂလာပါပြန်လုပ် ၊ ယင်းမှ အစပြု၍ “ ဘယ်မှာ နေတာလဲ ၊ ဘာလုပ်နေလဲ ၊ အသက် ဘယ်လောက်လဲ” စသည်ဖြင့် တစ်ယောက်အကြောင်း တစ်ယောက် အပြန်အလှန်မေးမြန်းရင်း ခင်မင် ရင်းနှီးခြင်းအဆင့်သို့ ရောက်ရသည် ၊ တစ်ဖက်က ဘယ်လောက်ဟိုင်းနေ ဟိုင်းနေ ၊ ကိုယ့်ဘက်က ပြန်မဟိုင်းပါက သေချာပါသည် ၊ ဘယ်လိုမှ ခင်မင် ရင်းနှီးခွင့် ရမည်မဟုတ် ၊ အခန့်မသင့်လျှင် ကိုယ့်ကို blockပင် လုပ်သွားနိုင်သည် ၊ အမျိုးသမီးများနှင့် ဆက်ဆံရာတွင် မြတ်စွာဘုရား၏ ဒုတိယညွှန်ကြားချက်ကို သဝေမတိမ်း လိုက်နာမည်ဆိုပါက ဤ “ ဟိုင်း ” ဆိုသည့် စကားလုံး တစ်လုံးသည်ပင် ရဟန်းတော်များအတွက် သတိထားဖွယ် ဖြစ်သည် ။

သာသနာတော်အတွင်းရှိ ရဟန်းတော်များ အားလုံးကို မဆိုလိုပါ ၊ မိမိကတော့ ယခု မြတ်စွာဘုရား ညွှန်ကြားချက်နှစ်ခုနှင့်ပင် အမြဲလိုလို ဖီလာကန့်လန့် ဖြစ်နေလေ့ရှိသည် ၊ ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင် အမျိုးသမီးများနှင့် မတွေ့မမြင် ရအောင် မနေ ၊ တစ်ခါတစ်ခါ အကြောင်းမယ်မယ်ရရ မရှိပဲ ကြုံလာတိုင်း ပျင်းပျင်းရှိတိုင်း အမျိုးသမီးများနှင့် စကားမရှိ စကားရှာ ပြောမိနေတတ်သည် ၊ ယခုလို သင်္ကန်းဝတ်အသွင်အပြင်နှင့် ရှိနေတာပင် တော်လှပြီဟု ကိုယ့်ဘာသာ ပြန်နှစ်သိမ့်ရသည် ။

#တတိယစည်း

ရဟန်းတော်များသည် ဘဝရပ်တည်ရေးအတွက် လောကလူသားများကို အမှီသဟဲပြုနေရသူများပီပီ တစ်ချို့နေရာများ၌ အမျိုးသမီးများနှင့် စကားမပြောပဲ နေ၍ မရပြန် ၊ ဥပမာအားဖြင့် အမျိုးသမီးတစ်ဦးဦးက ဒီနေ့ ဘာနေ့လဲဟု မေးမည်၊ သီလ တောင်းမည် ၊ တရားနာလိုပါကြောင်း လျှောက်ထားမည် ၊ ဘာသာရေး ပြဿ နာများ မေးမည် ၊ တစ်ခုခု လှူဒါန်းမှု ပြုမည်ဆိုပါက မလွှဲမသွေ ပြန်လှန် ပြောဆိုရတော့မည် ဖြစ်သည် ၊ ဤကိစ္စများ၌ ပြန်လှန်ပြောဆိုမှု မပြုပါက “ ဒီကိုယ်တော်ကြီးဟာ စားတော့ စားတတ်ပြီး စကားတော့ မပြောတတ်ဘူး ၊ အ,အကြီးပဲ ၊ အထိုင်းကြီးပဲ ” စသည်ဖြင့် ကဲ့ရဲ့နိုင်သောကြောင့် မြတ်စွာဘုရားက “ မလွှဲသာလို့ စကားပြောရပြီဆိုရင် အမိအရွယ်ကို အမိ ၊ အမ ညီမအရွယ်ကို အမညီမ ၊ သမီးအရွယ်ကို သမီးဟု သတိထားပြီး ပြောပါ ” ဟု ညွှန်ကြားတော်မူခြင်း ဖြစ်သည်။

ဤတတိယညွှန်ကြားချက်နှင့် ပတ်သက်၍ အဖွင့်အဋ္ဌကထာတွင် အကျိုးအပြစ်ဥပဒေသကို အင်္ဂါရပ်အနေဖြင့် ထုတ်ပြရလောက်အောင် ထူးခြားစွာ ဖွင့်ဆိုထားခြင်း မရှိ ၊ သို့ရာတွင် သတိပြုဖွယ် စကားရပ်တစ်ခုကိုတော့ အနည်းငယ်ဆိုထားကြောင်း တွေ့ရှိရသည် ၊ ယင်းမှာ “ အမိအရွယ်ကို အမိ ၊ အမအရွယ်ကို အမဟု စိတ်ထားရန် လွယ်ကူသော်လည်း ညီမအရွယ်ကို ညီမ ၊ သမီးအရွယ်ကို သမီးဟု စိတ်ထားရန် မလွယ်ကူနိုင် ” ဟူသော စကားရပ် ဖြစ်သည် ၊ အလွန်စေ့စပ်သော စကားရပ်လည်း ဖြစ်သည် ၊ ယောက်ျားအများစုသည် လိင်အားဖြင့် ကိုယ့်ထက် အသက်ကြီးသော အမိအရွယ် အမအရွယ်တို့အပေါ်၌ စိတ်ဝင်စားမှု နည်းတတ်သည် ၊ ကိုယ့်ထက်ငယ်သော ညီမအရွယ် သမီးအရွယ်တို့အပေါ်၌သာ စိတ်ဝင်စားမှု များတတ်သည်။

ယင်းအတွက် သီးသန့်ညွှန်ကြားချက်မှာ ရဟန်းတော်များအနေဖြင့် “ ကိုယ့်ထက်ငယ်သော ညီမအရွယ် သမီးအရွယ်များနှင့် မလွှဲသာမရှောင်သာ ပြောဆိုဆက်ဆံရသောခါ ချစ်စရာကောင်းသည့် ကောင်မလေး၊ ညီမလေး၊ သမီးလေးဟု အာရုံမပြုပဲ ဆံပင်,မွှေးညှင်း,အသား,အသွေး,ချွေး,တံတွေး,နှပ် စသည်ဖြင့် ကိုယ်ခန္ဓာအစု၌ဖြစ်သော သတိ(ကာယဂတာသတိ)ကို အာရုံပြုရမည် ” ဟူ၍ ဖြစ်သည်။

ရဟန်းတော်တစ်ပါးအတွက် အမျိုးသမီးများနှင့် ဆက်ဆံရာ၌ အကျိုးနှင့်အပြစ်သည် မြတ်စွာဘုရား ညွှန်ကြားချက်များကို အမှန်တကယ် နှလုံးသွင်း လိုက်နာကျင့်ကြံမှု ရှိမရှိအပေါ်မှာ မူတည်သည်။ ငြင်းမရသော အခြေအနေတစ်ရပ်မှာ မြတ်စွာဘုရား တရားတော်တို့သည် သိရုံဖြင့် မပြီး၊ သိရုံဖြင့် အကျိုးကျေးဇူး မဖြစ်ထွန်း။ သိသည့်အတိုင်း ကျင့်မှ၊ ဝိဇ္ဇာနှင့် စရဏတွဲဖက်မိမှ အကျိုးကျေးဇူးဖြစ်ထွန်းသည်။ မိမိအတွက်တော့ ဝိဇ္ဇာအဆင့်လောက်နှင့်ပင် တဝဲလည်လည် ဖြစ်နေမိဦးမည် ထင်သည်။
--
အညွှန်း. . . သုတ်မဟာဝါအဋ္ဌကထာ၊ မဟာပရိနိဗ္ဗာနသုတ်၊ အာနန္ဒပုစ္ဆာကထာအဖွင့်

#စာသင်သားလေးများ၏ ဘဝပုံရိပ်များ

No comments:

Post a Comment