Tuesday, June 28, 2016

မိဘ၀တ္တရားကျေပွန်တဲ့ ပျော်ရွှင်အေးချမ်းသော မိသားစု


အင်္ဂလန်က ဒကာမကြီး တစ်ယောက် ရိပ်သာမှာ တရားထိုင်တယ်။ သူရေးသားတဲ့ စာအုပ်တစ်အုပ် ဖတ်ရတယ်။ သူ့မှာ သမီးလေး နှစ်ယောက်ရှိတယ်။ သူ နေ့တိုင်း တရားထိုင်တယ်။ တရားထိုင်တဲ့ အခါ ဖယောင်းတိုင်လေးထွန်းပြီး ထိုင်လေ့ရှိတယ်။ ကျောင်းပိတ်ရက် သမီးနှစ်ယောက် အိမ်ရှိနေတုန်းမှာ သူက ဘုရားစင်ရှေ့မှာ တရားထိုင်တယ်။ သမီးနှစ်ယောက်က သူ့အမေကို မတွေ့လို့ လိုက်ရှာတော့ ဘုရားစင်ရှေ့မှာ ထိုင်နေတာ တွေ့ရတယ်။ ညီအစ်မ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တိုးတိုးလေး မေးတယ်။ " ဟေ့ အမေ ဘာလုပ်နေတာတုန်း " နောက်တစ်ယောက်က " မသိဘူး အိပ်နေတာလား မသိဘူး " လို့ ပြောတယ်။ တစ်ယောက်က ပြောတယ် ။ " အိပ်နေတာ မဟုတ်ဘူး " တဲ့ " မျက်စိ ကလည်း မှိတ် ထားတယ်။ " ထိုင်လျှက်ကြီး အိပ်ပျော်နေတာ ဖြစ်မှာ " တဲ့။ အဲဒီလို တစ်ယောက်တစ်လဲ မဟုတ်ဘူး ဟုတ်တယ် ပြောပြီး ပြန်ဆင်းသွားတယ်။

ဒါကို တရားထိုင်နေတဲ့ အမေက အကုန်လုံး ကြားတယ်။ ငါဘာလုပ်နေတယ် ဆိုတာ ပြောလိုက်ရရင် ကောင်းမလားလို့ တွေးမိသေးတယ်။ ဒါပေမယ့် မပြောဖြစ်ဘူး။ ဒါနဲ့ ဖယောင်းတိုင် ကုန်လို့ တရားထိုင်လို့ ပြီးသွားတဲ့ အခါ သမီးတွေနဲ့ တွေ့တော့ " အမေ ဘာလုပ်နေတာလဲ " လို့ မေးတယ်။ "ခုနက အမေ တရားထိုင်နေတာပါ " လို့ ပြောတယ်။ ကလေးတွေက " တရားထိုင်တယ် ဆိုတာ ဘာလုပ်တာလဲ " တဲ့။ "တရားထိုင်တယ်ဆိုတာ အသက်ရှူနေတာကို သိပြီးတော့ တစ်ခြား ဘာမှမတွေးပဲနဲ့ စိတ်ချမ်းသာအောင် နေတာပါ "လို့ ပြောလိုက်တယ်။ရိုးရိုးလေး ပြောလိုက်တာ။ဒီထက် ပိုပြောရင်လည်း ကလေးတွေ နားလည်မှာ မဟုတ်တော့ဘူး။

ဒီလိုနဲ့ ရက်အတော်ကြာတော့ " သမီးတို့ရော တရားထိုင်လို့ ရမလား " လို့ မေးလာတယ်။ မိဘ လုပ်နေတာကို ကလေးတွေက စိတ်ဝင်စားတယ်။ အမေ လုပ်သလို လိုက်လုပ်ကြည့်ချင်တယ်။ ဒါ့ကြောင့် ကလေးတွေကို ကောင်းတာ လုပ်စေချင်ရင် ကိုယ်ကိုယ်တိုင်က ကောင်းတာတွေ ရှေ့က လုပ်ပြပါ။ ကလေးတွေရဲ့ သဘာဝက အတုခိုးချင်တယ်။ အဲဒီတော့ သူ့အမေက " သမီးတို့ တရားထိုင်ချင်ရင်လည်း ထိုင်လို့ရပါတယ် " လို့ ပြောလိုက်တယ်။

တရားထိုင်ချိန်ရောက်တော့ ကလေးနှစ်ယောက်ကို ခေါ်ပြီး ထိုင်ဖို့ နေရာလေးတွေပေးပြီး " သမီးတို့ ထိုင်နိုင်သလောက်ထိုင် I ထချင်တဲ့ အချိန်ထ I ကိစ္စမရှိဘူး ။ ဘယ်လောက်အထိ ထိုင်ရမယ်လို့ အတင်းအကျပ် မပြောဘူး။ အမေကတော့ ထိုင်ချင်သလောက် ဆက်ထိုင်မယ် ။တရားထိုင်တဲ့အခါ အသက်ရှူတာလေးကို သိနေI တိုးပြီး ဝင်လာတာကိုလည်း သတိလေးနဲ့ သိနေ I တိုးပြီး ထွက်သွားတာကိုလည်း သတိလေးနဲ့ သိနေနော်" လို့ ပြောပြလိုက်တယ်။ ပြီးတော့ အတူတူ တရားထိုင်ကြတယ်။ ဒီလိုနဲ့ ကလေးတွေဟာ ကြုံတိုင်း ကြုံတိုင်း အမေနဲ့ အတူတူ တရားထိုင်တဲ့ အလေ့အကျင့်ကို ရလာကြတယ်။

ဒါဟာ အင်မတန် လုပ်သင့်တဲ့ ကိစ္စနော်။ သားသမီးကို တကယ် ချစ်တဲ့မိဘဆိုရင် ဒီလိုမျိုး လုပ်ကို လုပ်သင့်တယ်။ ဒါမှ သားသမီးကို ချစ်ရာ ရောက်တယ်။ တယ်လီဗေးရှင်းတွေ I ဗီဒီယိုတွေ ဝယ်ပေးထားရုံနဲ့ မလုံလောက်သေးဘူး။ လောကီ ပညာတွေ သင်ပေးရုံလောက်နဲ့ မလုံလောက်သေးဘူး။ အပျော်အပါးတွေ ခံစားနိုင်အောင် အမျိုးမျိုး လုပ်ထားပေးရုံနဲ့ မပြည့်စုံပါဘူး။ အမှန်ကတော့ အဲဒီ အပျော်အပါးဘက်ကို တစ်ဖက်သတ်ပါသွားရင် စိတ်ငြိမ်းချမ်းမှု မရပဲနဲ့ ကြာလေ ကြာလေ ဒုက္ခတွေများလေ ဖြစ်သွားလိမ့်မယ်။

အပျော်အပါး လုံးဝ ကင်းတယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ လောကီမှာ အပျော်အပါးကို ထိန်းထိန်းသိမ်းသိမ်း ခံစားတတ်အောင် သင်ပေးပြီး နောက်တစ်ဖက်ကလည်း တရားနဲ့ ပတ်သက်တဲ့ အသိအမြင်လေးတွေ ရင့်ကျက်လာအောင် လုပ်တတ်ဖို့ သင်ပေးဦးမှ ဖြစ်မယ်။ဒါမှ မိဘ ဝတ္တရားလည်း ကျေမယ်။ မိဘ မေတ္တာကလည်း ပိုပြီးတော့ လေးနက် ပီပြင်လာမယ်။

သူတို့ မိသားစုကို အကဲခတ်ကြည့်တော့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှု ပွင့်လင်းမှု နားလည်မှု ရှိတာ တွေ့ရတယ်။ ရိုးရိုးသားသား ဆက်ဆံတာ တွေ့ရတယ်။ တစ်ယောက်အတင်းကို တစ်ယောက်က ကွယ်ရာမှာ မပြောကြဘူး။ ဂုဏ်တုဂုဏ်ပြိုင်လည်း မလုပ်ကြဘူး။ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ရှိကြတယ်။ အဲဒါတွေ တွေ့ရတော့ ဒါမှ တကယ့်မိဘမေတ္တာ ပေါ်လွင်တာပါ့လား။ ဒီလို လုပ်နိုင်မှ မိဘဝတ္တရား ကျေတယ်လို့ ဆိုနိုင်တယ်လို့ တွေးမိတယ်။ များသောအားဖြင့် အမျိုးမျိုး အဖုံဖုံ ကိစ္စတွေကို သင်ပေးကြပေမယ့် တရားနဲ့ ပတ်သက်တဲ့ စိတ်ငြိမ်းချမ်းမှု ရအောင်တော့ သင်မပေးနိုင်ကြဘူး။

ဆရာတော် ဦးဇောတိက ( မဟာမြိုင် တောရ )
" အပျော်ဆုံး လူ " " သတိဆိုတဲ့ နေအိမ် " စာအုပ်မှ
credit : ဘဝ page

No comments:

Post a Comment