Tuesday, June 21, 2016

ရဟန်းသည် မရှိတာကို ဂုဏ်ယူတတ်ရမည်။



ကျိုက္ကဆံဘုရား အနောက်ဘက်မုခ်မှာ ကြုံရတဲ့ အဖြစ်အပျက်ကလေးပါ
မိမိက ဘုရားသို့အတတ်.. ထိုသူများက ဘုရားပေါ်မှ အဆင်း..

လူတစ်သိုက်..
ယောကျာ်း၊ မိန်းမ လေးငါးယောက်လောက်ရှိမယ်.
ယောဂီဝတ်စုံတွေနဲ့..
လက်ထဲမှာ ပုတီးကိုယ်စီ..

ခပ်ငယ်ငယ် အတွဲတစ်တွဲ..
ယဉ်ကျေးစွာ ဝတ်ဆင်ထားကြတယ်..
လက်ထဲမှာထီးကိုယ်စီ..

လူကြီးတစ်ဦးပေါ့..
အဝတ်အစားတွေက အပေါစားခပ်ဆန်ဆန်ပေမဲ့ သန့်သန့်ပြန့်ပြန့်လေးပါ..
လက်ထဲမှာ အထုပ်တစ်ထုပ်ဆွဲလို့..

*** ဖြစ်ပုံ ***
လူကြီး က လူတစ်သိုက်နားကို ကပ်သွားတယ်.. စကားတစ်ချို့ပြောတယ်.. လူတစ်သိုက်က ခေါင်းရမ်းသူရမ်း၊ လက်ခါသူခါ၊ မသိချင်ယောင်ဆောင်သူဆောင်၊ အဖတ်မတန်သလို နှာခေါင်းရှုတ်သူရှုတ်..
နောက်တစ်ခါ လူကြီးက အတွဲ နားကို ချဉ်းကပ်တယ်.. စာကားတချို့ပြောတယ်.. ကောင်လေးက ကောင်မလေးကို ကြည့်တယ်.. ကောင်မလေးက ပိုက်ဆံအိတ်ထဲက တစ်စုံတရာထုတ်ပြီး လူကြီးလက်ထဲ ထည့်လိုက်တယ်..
ဒီအချိန်မှာ လူတစ်သိုက်က မိမိနားက ဖြတ်သွားကြလို့ သူတို့ပြောသွားတာတွေကို ပြတ်ပြတ်သားသား ကြားမိလိုက်တယ်.. သူတို့ ပုံကြည့်ရတာ ပုတီးလာစိပ်ကြဟန် ရှိပေမဲ့ ကိုယ့်နားက ဖြတ်သွားတော့ ပြောသွားတာက ဘယ်နံပါတ်ကောင်းတယ်.. မနေ့ကတော့ ဘယ်နံပါတ်ကို အာရုံရတာ.. ဘယ်သူကတော့ ဘယ်လိုအတိတ်နိမိတ်တွေမြင်တာ.. စသည်ဖြင့်.. ပြောဆိုရင်း အနောက်ဘက်မုခ်က ဘီလူးနှစ်ကောင်ကို လက်အုပ်ချီကန်တော့ ကြတယ်.. မိမိကိုတော့ ကျောပေးရင်းနဲ့ပေါ့..
သူတို့ကို ရှောင်ကွင်းပြီး ဘုရားပေါ် ဆက်အတတ်.. လူကြီးက မိမိအနား ကပ်လာတယ်.. မျက်နှာကို သေသေချာချာ ကြည့်ပြီး စကားတချို့ ပြောတယ်.. ‘အရှင်ဘုရား တပည့်တော် ထမင်းစားချင်လို့ပါဘုရား ဝတ္ထုငွေလေး စွန့်ကျဲပါဘုရား..’ တဲ့
ခေါင်းထဲမှာ စဉ်းစားစရာတွေ တန်းစီသွားတယ်..
ခုနက လူတစ်သိုက် ဒီလူကြီးကို ဘာလို့ နှာခေါင်းရှုတ်တာလဲ ဆိုတာ သဘောပေါက်သွားတယ်.. သူတောင်းစားကြီးလို့ ထင်သွားတာကိုး.. ဒါပေမဲ့ ဒီလူကြီးကို ကြည့်ရတာ သူတောင်းစားပုံ လုံးဝ မပေါက်ဘူး.. ဘုရားမှာ သူလိုကိုယ်လို ပုတီးလာစိပ်တဲ့ ပုံပဲ.. ဘာပဲပြောပြော အလှူဆိုတာ အလှူခံပုဂ္ဂိုလ် ရှိမှ လှူလို့ရတာ.. အခုလို အလှူခံပုဂ္ဂိုလ်က အလှူခံနေမှတော့ အလှူမဖြစ်မြောက်ရင် ငါ့လောက် မိုက်တဲ့သူ ရှိမှာ မဟုတ်တော့ဘူး.. လှူမယ် လို့ ဆုံးဖြတ်လိုက်တယ်..
ဟုတ်ပြီ လှူမယ် ဆိုတော့ ဘယ်လောက် လှူမလဲ.. မိမိမှာ ပါတဲ့ ဝတ္ထုငွေကို ပြန်တွက်လိုက်တော့ ဒီလ အတွက် တစ်လ လုံးသုံးဖို့ တစ်ထောင်တန် လေးရွက်နဲ့ အကြွေ အချို့ပဲ ရှိတော့တယ်.. ဒီတော့ကာ အကြွေ ကိုလှူမလား.. သူက ပြောတာက ထမင်းစားချင်လို့ ဆိုတော့ အကြွေလှူရင် မလောက်လို့ နောက်ထပ် လူတွေဆီ ထပ်တောင်းနေရဦးမယ်.. အခုပဲ လက်ထဲမှာ နှစ်ရာတန်ကလေး ကိုင်ထားတယ်.. ခုန အတွဲက လှူလိုက်တာလေးပေါ့.. မလောက်လို့ မိမိထံ လာထပ်တောင်းရတာ.. ဆိုတော့.. မိမိ လကုန်တဲ့အထိ သုံးဖို့ ယခုတောင် မလောက်တာ.. သူ့ကို လောက်အောင် ပေးလိုက်ရင်..
သြော် လောဘ တဏှာ ပါလား.. ငါရဟန်းပဲ.. ဆွမ်းခံစားလို့ ရတာပဲ.. လကုန်အထိ မလောက်ရင် မသုံးယုံပေါ့.. မသုံးရလို့ ရဟန်းက ဘာဖြစ်သွားမှာလဲ.. ရှင်ပုဏ္ဏရဲ့ ဆုံးမစကားလေး ပြန်ကြားယောင်မိတယ်.. ‘ရဟန်းသည် မရှိဘူး ဆိုတာကို ဂုဏ်ယူတတ်ရမယ်’ ကဲ.. ဒီငွေကလေးကို တပ်မက်နေဦးမှာလား.. သြော် အခုကိုပဲ စွဲလန်းမှုကြောင့် ပူလောင်ရပါပကော.. တော်ထား.. တော်ထား.. အစွဲအလန်းတွေ ဒီမှာတင်ရပ်..
ငွေ တစ်ထောင်တန်တစ်ရွက် ထုတ်လို့ လူကြီးကို စွန့်လိုက်လေသည်..

**တွေးပုံ**
လူကြီးရဲ့ ကျေးဇူးတင်တဲ့ အကြည့်တွေကို လွှဲဖယ်ခဲ့ပြီး စဉ်းစားခန်းကလေးနဲ့ လှမ်းလျှောက်လာခဲ့တယ်..
လူတစ်သိုက်ဟာ ဘုရားပေါ်ကို ပုတီး လာစိပ်တယ်.. ကုသိုလ် လိုချင်လို့မှ မဟုတ်ပဲ..
သေချာတာပေါ့.. သူတို့လိုချင်တာ ထင်ရှားကျော်ကြားမှုနဲ့ စည်းစိမ်ချမ်းသာ.. ဒါပေမဲ့ စည်းစိမ်ချမ်းသာကို တကယ်တမ်းလည်း ရအောင် မယူတတ်ကြဘူး..
ဘာဖြစ်လို့လဲ ဆိုတော့ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်က ‘ဒါနသော ဘောဂဝါ’ ချမ်းသာခြင်း၏ အကြောင်းရင်းသည် ပေးကမ်းလှူဒါန်းခြင်း လို့ ဟောကြားထားသော်လည်း.. အလှူခံပုဂ္ဂိုလ်ကို မျက်နှာလွှဲခဲ့ကြတယ်.. ပေးကမ်း လှူဒါန်းမှု မပြုပဲ ပုတီးစိပ်ယုံနဲ့ ချမ်းသာချင်ကြတယ်.. နံပါတ်တွေနဲ့ ကစားကြတယ်.. ဘုရားပေါ်မှာ ပုတီးလာစိပ်သော်လည်း ဘုရားစကားကို ပြစ်ပယ်ကြတယ်.. ဘုရားကို မမြင် ဂြိုလ်ခွင်ရုပ်လောက်ပဲ မြင်တယ်.. ပရိတ်ပဋ္ဌာန်းဂါထာတွေ ရွတ်ဆိုပေမဲ့ ကံ၊ ကံ၏ အကျိုး လောက်ကို ဉာဏ်မယှဉ်ပဲ တရားတော်ကို ပြစ်ပယ်ထားကြတယ်.. မိမိလို ရဟန်းတစ်ပါးကို ကျောပေးပြီး ဘီလူးနှစ်ကောင်ကို ကန်တော့တယ်.. သူတို့ဟာ ဗုဒ္ဓဘာသာတွေမှ ဟုတ်ရဲ့လား..
တော်ပါပြီ ဆက်မတွေးတော့ပါဘူး ဆိုပြီး အတွေးစ ကို ရပ်လိုက်ရတယ်..
ဘာပဲ ပြောပြော ရှက်လို့ပဲ လှူလှူ.. သနားလို့ပဲ လှူလှူ .. မိမိအဖော် အထင်ကြီးပါစေ လို့ပဲ လှူလှူ.. သမီးရည်းစား အတွဲကလေးကတော့ တစ်ချိန်မှာ ယခု အလှူရဲ့ ကုသိုလ်အကျိုးကို မလွဲမသွေ ခံစားရဦးမှာပဲ..
မိမိသည်ကော.. ယခု အလှူရဲ့ အကျိုး .. နောင်အခါ ခံစားရမှာလား..
နောင်အခါတင် ဘယ်ဟုတ်ပါ့မလဲ.. ခုန တင်ကို ပူလောင်နေတဲ့ စိတ်တွေ ငြိမ်းချမ်းသွားရတယ် .. မလှူခင်က ဒီပိုက်ဆံနဲ့ လကုန်အောင် ဘယ်လိုသုံးမလဲ.. ဖုန်းဖိုးလည်း မဖြည့်ရသေးဘူး.. စသည်ဖြင့် တွေးပူ နေရတာ.. လှူဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်က စပြီး အဲ့သည် အပူတွေ ပျောက်သွားတာ.. တရားတော်ရဲ့ အေးချမ်းမှုက အကာလိကော တကယ် အကျိုးပေးပါကလား.. ငွေ တစ်ထောင် ဆွဲထုတ်နေချိန်မှာ အလှူငွေက နည်းများ နည်းနေလား ဆိုပြီး ကျန်တဲ့ပိုက်ဆံတွေကို မျက်စောင်းထိုးမိသေးတယ်.. ဒီလောက်ဆိုရင် သူ စားလို့ လောက်ပါတယ်လေ.. ဆိုတဲ့ အတွေးကြောင့်သာပေါ့.. ငွေတစ်ထောင်ကို လူကြီးရဲ့ လက်ထဲ ထည့်လိုက်ရတဲ့အချိန်မှာ တစ်ခုခု လေးပင်သလို ခံစားလိုက်ရသေးတယ်.. ဘာလဲ ဆိုတော့.. ငါ ဒီလိုလှူလိုက်တဲ့အတွက် ငါသည် တချိန်မှာ ဒီအကျိုးကို ပြန်လည် ခံစားရဦးမယ်.. အနီးစပ်ဆုံးတွေးကြည့်တော့ ပိုက်ဆံလှူ လို့ ပိုက်ဆံ ပြန်ရမယ်ပေါ့.. ခက်တယ်.. ပိုက်ဆံဆိုတာ ရဟန်းနဲ့ အပ်စပ်တာ မဟုတ်ဘူး .. ယခုတောင် ပညာသင်ဖို့အတွက် အာပတ်သင့်ခံပြီး ကိုင်နေရတာ.. ပညာသင်ကာလ ပြီးဆုံးပြီးတော့မှ ဒီအကျိုး လာပေးနေရင်တော့ ဒုက္ခပါပဲ.. အေးပေါ့လေ.. ပယ်စရာ ရှိလာရင်လည်း ပယ်ရမှာပဲပေါ့.. ဆိုပြီး တွေးမိတယ်..
ဟိုးငယ်ငယ်က အဲ့လို အလှူပြုပြီးရင် အင်မတန်ပျော်တာ.. အခုနောက်ပိုင်း ကျတော့ ဒီအကျိုးတွေ ပြန်ရမှာကို ကြောက်ကြောက်လာတယ်.. စိတ်ထဲမှာ တုန့်ခနဲ ဖြစ်ဖြစ်သွားတယ်.. စိတ်ထဲမှာ တည် ခနဲ တုန့်ခနဲ ဖြစ်ဖြစ်သွားတယ်.. ပြီးတော့မှ .. ကဲ.. ရတာ မရတာ နောက်ထား.. အလှူခံပုဂ္ဂိုလ် အဆင်ပြေသွားရင် တော်ပါပြီ.. ငါလည်း.. လောဘကို စွန့်နိုင်လို့ ကျေနပ်ပါတယ်.. ဆိုပြီး အတွေးကို အဆုံးသပ်.. အာရုံခံထဲက မြတ်စွာဘုရား ရုပ်ပွားတော်ရှေ့မှာ ထိုင်ပြီး.. သြော် .. တယ်လည်း ကျေးဇူးကြီးတဲ့ မြတ်စွာဘုရားပါလား.. ဘုရားဟောလို့သာ ဒီအသိတွေ သိရတာ..ဒီလိုသိလို့ ဒီလို ကျင့်နိုင်တာ..ဒီလို ကျင့်လို့ ဒီလို လုပ်နိုင်တာ .. တကယ်ကိုပဲ မိမိသူတစ်ပါး အကျိုး ရှိတဲ့ အသိပညာ၊ အကျင့်လမ်းစဉ်တွေပါလား.. ဆိုပြီး..

‘ဗုဒ္ဓေါမေသရဏံ အညံနတ္ထိ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ’ ..
အရှင်ဝါယမ(မူဆယ်)

No comments:

Post a Comment