Tuesday, June 28, 2016

** ရဟန်းသံဃာများ လျော့နည်းလာမှုအပေါ် သုံးသပ်အကြံပြုချက် **


ဖားအောက်တောရရောက်တုန်း ဖားအောက်တောရဆရာတော်ကြီးကို ဝင်ရောက်ဖူးမျှော်ကန်တော့ တော့ ဆရာတော်ကြီးက ပရိယတ္တိစာသင်တိုက်တွေရဲ့အခြေအနေကို တကူးတက မေးပါတယ်။ မိမိတို့ကလဲ စာသင်တိုက်တွေရဲ့အခြေအနေတွေကို မြင်သိသမျှ လျှောက်ထားဖြစ်ပါတယ်။ ဆရာတော်ကြီး မေးလို့ မိမိတို့ဖြေဆိုရတာ အများဆုံးက သာသနာမှာ ရဟန်းသံဃာများ သိသိသာသာ လျော့နည်းလာတဲ့ ကိစ္စပါ။

သံဃာ ထောင်ချီရှိတဲ့ မန္တလေး မစိုးရိမ်တိုက်သစ်လို၊ အမရပူရ မဟာဂန္ဓာရုံလို ကျောင်းတိုက်ကြီးတွေမှာ ဒီကိစ္စဟာ သိပ်မသိသာ မထင်ရှားပေမယ့် သံဃာ တစ်ရာစွန်းစွန်းနဲ့ ပုံမှန်လည်ပတ်နေတဲ့ အလယ်အလတ်စာသင်တိုက်တွေမှာတော့ ဒီကိစ္စဟာ အလွန်သိသာ ထင်ရှားနေပါပြီ။ လွန်ခဲ့တဲ့ (၁) နှစ်ခန့်က မိမိတို့ကျောင်းတိုက်မှာ နှစ်စဉ်ပုံမှန်ရှိတဲ့သံဃာထက် ၂၅% လျော့နည်းသွားတယ်လို့ မိမိပြောခဲ့ဖူးတယ်။ အနာဂတ်သာသနာအတွက် တုန်လုပ်ဖွယ် အခြေအနေတစ်ရပ်က မနှစ်က ၂၅%လျော့နည်းမှုဟာ ယခုနှစ်မှာတော့ ၅၀%ဖြစ်လာပါတယ်။ ဒီအခြေအနေဟာ မိမိတို့ကျောင်းတိုက်တစ်ခုတင်လားဆိုတော့ မဟုတ်ပါဘူး။ တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းတိုက်တိုင်းလိုလိုဟာလဲ မိမိတို့ကျောင်းတိုက်နည်းတူပါပဲ။ ဒီလို သံဃာလျော့နည်းလာခြင်းရဲ့ စိန်ခေါ်မှုကို ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။

တစ်နိုင်ငံလုံးမှာ ရှိတဲ့ ရဟန်းသံဃာတို့ရဲ့အရင်းအမြစ်ဟာ ကျေးလက်ပဲ ဖြစ်ပါတယ်။ ဇာတိကျေးလက်ကို မကြာခဏ မိမိရောက်တတ်သလို တစ်ခြား တစ်ခြားသော ကျေးလက်ရပ်ရွာများကိုလည်း အကြောင်းအမျိုးမျိုးနဲ့ ရောက်လေ့ရှိပါတယ်။ ရောက်တိုင်း သတိပြုမိတာက ယခင်က ကျောင်းသားကိုရင်များနဲ့ စီစီညံညံရှိခဲ့တဲ့ ရွာဦးကျောင်းတွေဟာ ယနေ့မှာတော့ ကျောင်းထိုင်ဘုန်းကြီးနဲ့ ကပ္ပိယ တစ်ယောက် နှစ်ယောက်သာရှိပြီး တိတ်ဆိတ်ခြောက်သွေ့နေခြင်းပါပဲ။ ရဟန်းသံဃာတို့ရဲ့ အရင်းအမြစ်ကျေးလက် ရွာဦးကျောင်းတွေမှာ ခုလို ဖြစ်နေမှာတော့ မြို့ပေါ်စာသင်တိုက်တွေမှာ ရဟန်းသံဃာများ လျော့နည်းသွားခြင်းဟာ အဆန်းတော့ မဟုတ်တော့ပါဘူး။

ဒီလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရဟန်းသံဃာများ သိသိသာသာ လျော့နည်းလာတာဟာ လူငယ်အများစုပြောနေသလို စာမေးပွဲကြောင့် မဟုတ်သလို ပစ္စည်းလေးပါးချို့တဲ့ဆင်းရဲလို့လဲ မဟုတ်ပါဘူး။ စာမေးပွဲနဲ့ စပ်ပြီး ရှင်းရှင်းလေးပြောရရင် ယခင်ခေတ်တွေကလဲ ဒီစာနဲ့ ဒီစာမေးပွဲဖြစ်သလို ယနေ့ခေတ်မှာလဲ ဒီစာနဲ့ ဒီစာမေးပွဲပါပဲ။ ယခင်ခေတ်တွေနဲ့စာရင် ယနေ့ခေတ်မှာက ရွေးချယ်စရာ ပိုတောင် များနေပါသေးတယ်။ ပစ္စည်းလေးပါးကလည်း ယခင်ခေတ်တွေနဲ့စာရင် ယနေ့ခေတ်မှာက အပုံကြီး ပြည့်စုံပါတယ်။

သံဃာလျော့နည်းလာခြင်းရဲ့ အဓိကအချက်က ခေတ်ကြီး တိုးတက်လာခြင်းနဲ့အတူ ပုထုဇဉ်တို့ သည်းခြေကြိုက်ဖြစ်တဲ့ လောကီအာရုံ ကာမဂုဏ်တွေ အဆမတန် အားကောင်းလာပြီး နေရာတိုင်းမှာ တင်းကြမ်းဖြစ်လာလို့ပါပဲ။ ဒီအခြေအနေကို မိမိတို့ ငြင်းလို့မရပါဘူး။ ဒီအခြေအနေကို ကာကွယ်ဖို့ ရဟန်းသံဃာတို့ရဲ့ စည်းကမ်း၊ ကျောင်းတိုက်ကိုယ်စီရဲ့ စည်းမျဉ်းတွေကို လျော့ချပြီး အလိုလိုက်အကြိုက်ဆောင်လို့လဲ လုံးဝ မဖြစ်ပါဘူး။ ဒါဟာ နည်းမှန်းလမ်းမှန်မဟုတ်သလို ရှိသင့်ရှိထိုက်တဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို လျော့ချခြင်းဟာ အနာနဲ့ဆေး တစ်ခြားစီဖြစ်ပြီး အလုံးစုံပျက်သုဉ်းရေး လမ်းကြောင်းကိုပဲ မလွှဲမသွေ ရောက်သွားဖို့ ရှိပါတယ်။

မိမိကတော့ စာမေးပွဲစနစ်တွေ ပြင်ဖို့၊ စည်းမျဉ်းစည်းကမ်းတွေ လျော့ချဖို့ထက် အချက် (၃) ချက်ကိုဘဲ မြင်ပါတယ်။ ပထမဆုံးနဲ့ အရေးအကြီးဆုံးအချက်က ဥပဇ္ဈာယ်ဆရာပါ။ ဥပဇ္ဈာယ်ဆိုတာ သာသနာတော်မှာတော့ မိဘပါ။ ခု ဖြစ်နေပုံက ဥပဇ္ဈာယ်ဆရာဆိုတာ သာသနာတော်မှာ မိဘဆိုပေမယ့် များသောအားဖြင့် နာမည်ခံလောက်ပါပဲ။ လက်တွေ့ကျင့်သုံးမှုမှာတော့ မိဘက သားသမီးအပေါ် တာဝန်ခံ တာဝန်ယူတဲ့သဘောမျိုး မရှိပါဘူး။ ခုလို ရှင်ရဟန်းတွေ တဖြုတ်ဖြုတ် ကြွေနေတဲ့ အခြေအနေမှာ ဥပဇ္ဈာယ်ဆရာများရဲ့အခန်းကဏ္ဍဟာ အလွန်အရေးကြီးလာပြီလို့ ယူဆပါတယ်။ ဥပဇ္ဈာယ်ဆရာတိုင်းသည် ကိုယ့်ထံ ဥပဇ္ဈာယ်ယူထားတဲ့ တပည့်ရှင်ရဟန်းတိုင်းအပေါ် လူ့ဘောင်လောက က မိဘများနည်းတူ၊ ကိုယ့်ရင်မှ မွေးဖွားသော ရင်သွေးနှင့်မခြား ကောင်းကောင်းဆိုးဆိုး မေတ္တာ ကရုဏာအပြည့်နဲ့ အလုံးစုံ တာဝန်ယူကြရပါလိမ့်မယ်။

လူထွက်ပြီး ယခု ကလေးအဖေကြီးတောင် ဖြစ်နေပြီဖြစ်တဲ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က အဘိဓမ္မာဆိုင်ရာ ကထိကဆရာတော်တစ်ပါးက "တပည့်တော် သားသမီး ရှိလာလို့ အဲဒီသားသမီးက သာသနာ့အမွေ ခံယူမယ်ဆိုပါစို့၊ မိဘတစ်ယောက်အနေနဲ့ ပြန်လှည့်ကြည့်စရာမလိုအောင်၊ တစ်ဘဝလုံး စိတ်ချလက်ချ အပ်ထားရလောက်အောင် တာဝန်ခံနိုင်တဲ့ ကျောင်းတိုက်မျိုး မတွေ့ဖူးသေးဘူး" လို့ တစ်ခါက မိမိကို ပြောဖူးတယ်။ ဗုဒ္ဓဘာသာဝင်မိဘတိုင်းရဲ့ရင်ထဲမှာလဲ ဒီလိုအတွေးမျိုး ရှိနေကြပါတယ်။ ရှိနေကြလို့လဲ သားသမီးတစ်ယောက် သင်္ကန်းဝတ်မယ်ဆိုတာနဲ့ " တောမရောက် တောင်မရောက်ဖြစ်နေပါ့မယ်၊ သေချာစဉ်းစားပါဦး" ဆိုပြီး နုနုလေးနဲ့ တားဆီးတဲ့အသံတွေ မကြာခဏ ကြားနေရတာပါ။ မိမိတို့ဟာ ဗုဒ္ဓဘာသာဝင် မိဘများရဲ့စိုးရိမ်စိတ်ကို ပြောင်းပစ်နိုင်ရပါ့မယ်။ ပြောင်းပစ်နိုင်မှလဲ ကာမဂုဏ်တွေရဲ့ ဆွဲဆောင်မှုဒဏ် မခံနိုင်ဘဲ လူထွက်နေကြတဲ့ ရဟန်းသံဃာတွေရဲ့နေရာမှာ သူတော်ကောင်းဓာတ်ခံပါတဲ့ သာသနာ့မျိုးဆက်သစ်တွေနဲ့ အစားထိုးနိုင်ပါလိမ့်မယ်။ ဒီလို ပြောင်းပစ်ဖို့ သာသနာတော်ရဲ့မိဘဆိုတဲ့ ဥပဇ္ဈာယ်ဆရာတော်များက အခရာကျပါတယ်။

ဒုတိယအချက်က သာသနာတွင်း ရောက်လာတဲ့ ရှင်ရဟန်းတိုင်းကို လက်ရှိဘဝအခြေအနေထက် ပိုမိုတောက်ပြောင်အောင် လုပ်ပေးနိုင်ရပါ့မယ်။ သံသရာကောင်းဖို့အပြင် မျက်မြင်ဖြစ်တဲ့ ပစ္စုပ္ပန်ဘဝကိုပါ အများအားကျ အတုယူဖွယ်ဖြစ်အောင် ဖန်တီးပြုပြင်ပေးနိုင်ရပါ့မယ်။ ပထမအချက်နဲ့ ဒုတိယအချက်ရဲ့ လိုရင်းအချုပ်ကတော့ သာသနာတော်ရဲ့ မိဘများဖြစ်တဲ့ ဥပဇ္ဈာယ်ဆရာတိုင်းဟာ ဆရာ့ကျင့်ဝတ်အပြင် ကိုယ်အာမခံ သွတ်သွင်းပေးတဲ့ တပည့်ရှင်ရဟန်းများအပေါ် လူ့လောကီမိဘများနဲ့နည်းတူ မိဘကျင့်ဝတ်ကိုပါ တွဲဖက် ကျင့်သုံးဖို့ပါ။

တတိယအချက်ကတော့ လက်ရှိမြန်မာပြည်သာသနာတော်မှာ အလုပ် လုပ်နေကြတဲ့ ဦးဆောင်ဆရာတော်များ အားလုံးနဲ့ ဆိုင်ပါတယ်။ ရှင်ရဟန်းတော်တော်များများဟာ သာသနာတွင်း ရောက်ပြီဆိုတာနဲ့ ပရိယတ္တိစာပေ သင်ကြားကြတယ်။ စာမေးပွဲတွေ ဖြေကြတယ်။ ဘွဲ့တွေ ရကြတယ်။ ပရိယတ္တိစာပေ သင်ကြားတာဟာ ဘုရားဟောတွေကို သိဖို့၊ သိပြီးရင် ကျင့်ဖို့ဆိုပေမယ့် သိတဲ့အတိုင်း သဝေမတိမ်းကျင့်ဖို့က အလှမ်းဝေးလွန်းပါတယ်။ လက်ရှိသာသနာတော်ရဲ့ ရှင်ရဟန်းအများစု အခြေအနေက အသိနဲ့အကျင့်ကြားမှာ တဝဲလည်လည်ပဲ ဖြစ်နေတယ်။

စကားလုံးအဖြောင့်အတိုင်း ပြောရရင် ကျောထောက်နောက်ခံအသင့်ရှိတဲ့ ရှင်ရဟန်းအနည်းငယ်မှတစ်ပါး ငယ်ဖြူဖြစ်ပြီး အရည်အချင်းလဲ ရှိတဲ့ ရှင်ရဟန်းအများစုဟာ စာမေးပွဲတွေ ပြီးပြီဆိုတာနဲ့ အလုပ်လက်မဲ့တွေ ဖြစ်သွားတော့တာပဲ။ တစ်ချို့ဆို ဒီအခြေအနေကို ငြီးငွေ့ပြီး လူထွက်ဖို့ဘဲ စိတ်ရောက်ကုန်ပါတယ်။ တကယ်လဲ ထွက်နေကြပါတယ်။ ဒါဟာ သာသနာတော်အတွက် ကြီးမားတဲ့ လုပ်အား လေလွင့်ဆုံးရှုံးမှုပါ။ နောက်နောင် ဒီလို လေလွင့်ဆုံးရှုံးမှု မဖြစ်ရအောင် သာသနာတော်ရဲ့ ဦးသျှောင် ဆရာတော်များအနေနဲ့ ပရိယတ္တိအရည်အချင်းရှိပြီး ကျောထောက်နောက်ခံမရှိတဲ့ ရှင်ရဟန်းများကို စာမေးပွဲနဲ့အတူ သာသနာတော်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းနဲ့တာဝန်ပါ ပေးနိုင်ဖို့ စဉ်းစားစီမံသင့်ပြီလို့ တိုက်တွန်းလျှောက်ထားအပ်ပါတယ်။ အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျှက်ပါ။
--
လေးစားစွာဖြင့် - Ashin Athaka
18.6.2016

No comments:

Post a Comment