ခေတ်အခြေ တစ်ခါပြောင်းလေတော့
ကိုရင်လောင်း ရှားလှတယ်။
လူထွက်ဖို့ မဆွယ်နဲ့ကွယ်
နှမသယ် နေလေတော့။
သာသနာ ရှည်စေမှုကိုဖြင့်
ခွင့်ပြုပါတော့။
လိင်ပြန်လျှင် မောင်စီးဖို့
ဗြက်ကြီးကြီး ဖိနပ်ကျယ်။
မြို့တက်ကာ ဘုရားဖူးရောက်တော့
ဈေးလျှောက်လို့ဝယ်။
ဝါးခမောက် ခပ်ထယ်ထယ်
နံကျယ်တဲ့လုံကွင်း။
မယ့်မေတ္တာ ထားရှာမှုကိုဖြင့်
လေးစားမိခြင်း။
ထင်းစည်းကို မောင်မခုတ်တာမို့
ဆူးငုတ်တို့ မစူးတယ်။
ဆရာ့ထံ စာဝါတက်လို့
နေရက်တော့မယ်။
စိတ်ချပါ့ နှမသယ်
ကျောင်းတော်မယ် ပျော်ပါရဲ့။
မယ့်မေတ္တာ အသာသိမ်းလို့
စိမ်းစိမ်းနေခဲ့။
ကိုရင်မောင် လူမထွက်လေတော့
မယ့်အတွက် အခက်ပို။
လယ်ထွန်ဖို့ လူရယ်လို
အတွေးမပို ပါစေကြောင်း။
မိတ်သဟာ ဆွေညာအပေါင်းမှာဖြင့်
ထွန်ပေးလိမ့်ကောင်း။
နှမသယ်နွားနို့ညှစ်တော့
မောင့်အဖြစ်က မကူနိုင်။
သင့်တော်သူ အကူခိုင်းလို့ရယ်
ညှစ်ပါ့ပိုင်ပိုင်။
နွားနို့ခွက် မောင်မကိုင်
စာဝါကိုင်လို့ အရကြိုး။
သာသနာ နောင်မညှိုးအောင်
အားထုတ်ဖို့ငြိုး။
တောမီးကို မောင်မရှို့ပြီမို့
ပိုးမွှားတို့ မပါပြီ။
ကျောင်းတော်မှာ အမှိုက်လှဲလို့
နေမြဲတော့မည်။
ညချမ်းငယ်နေရီရီ
ကြေးစည်ငယ် အသာထု။
သတ္တဝါ ချမ်းသာမှုကိုဖြင့်
မျှမေတ္တာပြု။
စာဝါသိမ်းချိန် နေစောင်းတော့
ညောင်းသပ မညည်းချင်။
မြတ်ဘုန်းရှင် ဂုဏ်တော်ပွားလို့
အားထုတ်ဖို့ပြင်။
ကမ္မဋ္ဌာန်း စီးဖြန်းလျှင်
စိတ်ကြည်လင်ပေတာမို့။
နိဗ္ဗူပြေ အမြန်နီးရအောင်
စီးဖြန်းပျော်လို့။
ခေတ်အခြေ တစ်ခါပြောင်းလေတော့
ကိုရင်လောင်း ရှားလှတယ်။
လူထွက်ဖို့ မဆွယ်နဲ့ကွယ်
နှမသယ် နေလေတော့။
သာသနာ ရှည်စေမှုကိုဖြင့်
ခွင့်ပြုပါတော့။
(ဝန်ခံချက်။ ။ မိန်းကလေးနေရာက ဖွဲ့ဆိုထားသော "လူထွက်ပါတော့ ပျိုတို့မောင်" ကဗျာကလေးကို ကိုရင်နေရာမှ ပြန်လည်ခံစား ရေးဖွဲ့ပါသည်။)
မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)
25/06/2016
No comments:
Post a Comment