ဗုဒ္ဓမြတ်စွာဘုရားရှင်သည် လွန်ခဲ့သော ၂၅၇၅- ခုနှစ်၊ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့တွင် ဗောဓိမဏ္ဍိုင်၌ ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်တော်၊ ဒိဗ္ဗစက္ခုဉာဏ်တော်၊ အာသ၀က္ခယ ဉာဏ်တော်ကြီးများကို ရတော်မူခဲ့၏။ ဗုဒ္ဓရတနာပေါ် ထွန်းရာကား ထိုနေ့ ထိုည ထိုအချိန်မှစတင်ခဲ့သည်။ ထိုဗုဒ္ဓကိုယ်တော်မြတ်ကြီးအား လောကဝေါဟာရ ရတနာဟူသည့်စကားနှင့် နှိုင်းယှဉ်တွဲစပ် ဂုဏ်ဒြပ်နှင့်ညီ အောင် သုံးနှုန်းတင်စားခဲ့သူမှာ ရာဇဂြိုဟ်ပြည့်ရှင် ဗိမိ္ဗသာရမင်းကြီး ဖြစ်၏။
ဗိမိ္ဗသာရမင်းကြီးသည် ဘုရင်ဧကရာဇ် များစွာတို့ အနက် ဗုဒ္ဓမြတ်စွာဘုရားရှင်ကို အကြည်ညိုဆုံးသော ဘုရင်တစ်ပါးဟုဆိုရမည်ဖြစ်၏။
အလောင်းတော်သိဒ္ဓတ္ထမင်းသားအဖြစ်မှ အနော်မာ မြစ်ကမ်းသောင်ခုံတွင် ရဟန်းပြုပြီးသည့်နောက် တရား ကျင့်တော်မူရန် ဥရုဝေလတောသို့ ကြွတော်မူသည့်အခါ ရာဇဂြိုဟ်ပြည်ကိုဖြတ်လာခဲ့ရသည်။ ထိုအခါ ဗိမိ္ဗသာရ မင်းကြီးက အလောင်းတော်ရဟန်းကိုတွေ့မြင်ပြီး ကြည်ညိုလွန်းသဖြင့် သူပိုင်သည့် မဂဓတိုင်းနိုင်ငံကို တစ်ဝက်ခွဲယူ၍ ဘုရင်တစ်ဆူလုပ်ရန်အကြောင်း တောင်းပန်လျှောက်ထားလေသည်။ ဘုရားအလောင်း တော်က လက်ခံတော်မမူဘဲ ဘုရားအဖြစ်သို့ရောက် အောင် ကျင့်ကြံတော်မူမည်ဟုဆိုသောအခါ ဗိမိသာရ မင်းကြီးက ဗုဒ္ဓစင်စစ် ဘုရားဖြစ်တော်မူသည့်အခါ တပည့်တော်ထံ ဦးစွာပထမ ကြွလာချီးမြှောက်တော်မူပါ မည့်အကြောင်း တောင်းပန်လျှောက်ထားလေသည်။ ထို့ကြောင့် ဘုရားအလောင်းတော်ကို တောထွက်တော် မူစဉ်ကတည်းက ဦးစွာပထမ သဒ္ဓါကြည်ညိုခဲ့သူမှာ ဗိမိ္ဗသာရမင်းကြီး ဖြစ်၏။
ထိုအကြောင်းကို စွဲမြဲစွာမှတ်ထားမှသာလျှင် ဗိမိ္ဗသာရမင်းကြီး၏ ကြည်ညိုရင်းစွဲ သဒ္ဓါပသန္နကို သိမည်ဖြစ်၏။ ထိုသို့သိသောအခါ ဗုဒ္ဓမြတ်စွာကို အတုမရှိသော အမြတ်ဆုံးရတနာဟု ချီးမွမ်းကြည်ညို သည့်အကြောင်းကို သဘောပေါက်မည်ဖြစ်လေသည်။
ဗိမိ္ဗသာရမင်းကြီးတွင် မင်းပျိုမင်းလွင်ဘ၀ကတည်း က အလွန်ချစ်ကြည်ရင်းနှီးခဲ့ရသည့် တက္ကသီလာပြည့် ရှင် ဘုရင်ပုက္ကုသာတိမင်း ဆိုသည့် ဧကရာဇ်တစ်ပါးရှိ သည်။ ထိုမင်းနှစ်ပါးတို့သည် အခါအခွင့်သင့်တိုင်း မာကြောင်းသာကြောင်းသတင်းများနှင့်တကွ အဖိုးထိုက် အဖိုးတန်လက်ဆောင်ပဏ္ဏာများ အလဲအလှယ် ဆက်သ လေ့ ရှိကြသည်။ တစ်ဦး၏နိုင်ငံ၌ အဖိုးအတန်ဆုံးသော၊ အမွန်မြတ်ဆုံးသော၊ သ၀ိညာဏက ရတနာ၊ အ၀ိညာဏကရတနာ အထူးအဆန်းများ ပေါ်ပေါက် တွေ့ရှိခဲ့လျှင် တစ်ဦးကိုတစ်ဦး သတင်းပေးအကြောင်း ကြားရန် ကတိက၀တ်ပြုထားကြလေသည်။
သ၀ိညာဏကရတနာဟူသည် သက်ရှိရတနာဖြစ် ၏။ ဆင်ကောင်း၊ မြင်းကောင်းရတနာ၊ သမီးကညာ ရတနာမျိုးကိုဆို၏၊ အ၀ိညာဏကရတနာသည် သက်မဲ့ ရတနာဖြစ်၏။ စိန်၊ ကျောက်၊ ပတ္တမြား၊ န၀ရတ်ကိုးပါး နှင့်တကွ လူ့အသုံးအဆောင်ပစ္စည်းမျိုးကို ဆို၏။
တစ်နေ့တွင် ပုက္ကုသာတိမင်းကြီးထံမှ သံကြီး တမန်ကြီးများက ထူးထူးဆန်းဆန်း တခမ်းတနား လက်ဆောင်ပဏ္ဏာများဆက်သရန် ရောက်လာကြလေ သည်။ ထိုလက်ဆောင်ပဏ္ဏာများမှာ ရွှေသေတ္တာရှစ်လုံး ဖြစ်ပြီး ထိုရွှေသေတ္တာများကိုမင်းကြီး၏ဆွေတော်မျိုးတော် များနှင့်တကွ မှူးမတ်ဗိုလ်ပုံ တိုင်းသူပြည်သားများ၏ အလယ် မင်းရင်ပြင်၌ဖွင့်ကြည့်တော်မူရမည့်အကြောင်း လည်း အမှာတော်ရှိလိုက်လေသည်။ထို့ကြောင့် ဗိမိ္ဗသာရ မင်းကြီးကလည်း ထိုလက်ဆောင်ပစ္စည်းများသည် အလွန် မွန်မြတ်သည့်ပစ္စည်းများ ဖြစ်လိမ့်မည်ဆိုသည်ကို သိတော်မူသည့်အတွက် အကြည်တော်ပုက္ကုသာတိမင်း ကြီး အမှာတော်ရှိလိုက်သည့်အတိုင်း မင်းခမ်းမင်းနားနှင့် မင်းရင်ပြင်၌ ရွှေသေတ္တာများကို ဖွင့်တော်မူလိုက် လေသည်။
ထိုသို့ ရွှေသေတ္တာတစ်လုံးစီကိုဖွင့်လိုက်သည့်အခါ အတွင်းမှ စန္ဒကူးသေတ္တာတစ်လုံးစီ ပေါ်ထွက်လာလေ သည်။ အလွန်မွှေးပျံ့သင်းကြိုင်သည့် စန္ဒကူးရနံ့များ သည် မင်းရင်ပြင်တစ်ခုလုံး သင်းလှိုင်သွားလေသည်။ထိုစန္ဒကူးသေတ္တာများကိုဖွင့်လိုက်သည့်အခါတွင် အဆင်း ငါးပါးရှိသော ကမ္ဗလာရှစ်ထည်ကိုတွေ့လိုက်ရလေ၏။ ထိုကမ္ဗလာထည်များသည် နူးညံ့ပျော့အိလျက် ထိရက် စရာ၊ ကိုင်ရက်စရာ မရှိအောင်ပင် ရှိနေသည့်အတွက် မင်း၊ ပရိသတ်၊ မှူးမတ်ဗိုလ်ပုံအားလုံးတို့သည် ရင်သပ် ရှုမော အံ့သြမဆုံး ဖြစ်သွားကြလေသည်။ ကမ္ဗလာ တစ်ထည်စီ၏ တန်ဖိုးကလည်း အဖိုးတစ်သိန်းမက ထိုက်တန်နေပေလိမ့်မည်။
ဗိမိ္ဗသာရမင်းကြီးသည် ထိုလက်ဆောင်များကို အလွန်နှစ်သက်အားရမိလေသည်။ တက္ကသီလပြည်၏ အမွန်မြတ်ဆုံးရတနာဖြစ်လိမ့်မည်ဟုလည်း စိတ်ချ ယုံကြည်တော်မူလိုက်၏။ ဗိမိ္ဗသာရမင်းကြီးကိုယ်တိုင်က လည်း ကျေးဇူးတင်ဝမ်းမြောက်စွာနှင့် လက်ဆောင် တုံ့ပြန်ရန် လိုအပ်လာလေသည်။ ထိုအချိန်အခါသည် ဗိမိ္ဗသာရမင်းကြီးကိုယ်တိုင် မြတ်စွာဘုရားကို ဖူးမြော်ခွင့်၊ တရားတော်ကြားနာခွင့် ရပြီးသည့်အတွက် သောတာပန် အရိယာဖြစ်နေသည့်အချိန်ဖြစ်၏။ ထိုအခါ မင်းကြီးသည် မိမိထံမှ ပြန်လည်ပေးဆောင်ရမည့် အမွန်မြတ်ဆုံးသော ရတနာကို စဉ်းစားကြံဆတော်မူလေတော့၏။
လောက၌ နှစ်သက်ဖွယ်ရတနာမည်သည်မှာ -
၁။ သ၀ိညာဏက - သက်ရှိရတနာ၊
၂။ အ၀ိညာဏက - သက်မဲ့ရတနာဟူ၍ နှစ်မျိုးဖြစ်သည်။
ထိုနှစ်မျိုးတွင် သက်မဲ့ဖြစ်သည့် ရွှေ၊ ငွေ အစရှိသော အ၀ိညာဏကရတနာသည် သက်ရှိရတနာ၏ အဆင်တန်ဆာ စသည်အားဖြင့် အသုံးအဆောင်သာ ဖြစ်ရ၏။ သို့ရကား သ၀ိညာဏကရတနာ၊အ၀ိညာဏ ကရတနာ နှစ်မျိုးတို့တွင် သ၀ိညာဏကရတနာသည် သာလျှင် ချီးမွမ်းအပ် မြတ်လှပေ၏။
သ၀ိညာဏကသက်ရှိရတနာသည်လည်း -
၁။ တိရစ္ဆာန်ရတနာ၊
၂။ လူရတနာ ဟူ၍နှစ်မျိုးရှိပြန်ရာ ဆင်ရတနာ၊ မြင်းရတနာ အစရှိသော တိရစ္ဆာန်ရတနာသည် လူတို့၏ သုံးဆောင်ရန်သာလျှင် ဖြစ်ရှိလာ၏။ သို့ရကား ဤ တိရစ္ဆာန်ရတနာ၊ လူရတနာ နှစ်မျိုးတို့တွင်လည်း လူ ရတနာသည်သာလျှင် ချီးမွမ်းအပ် မြတ်လှပေ၏။
တစ်ဖန် လူရတနာသည်လည်း -
၁။ မိန်းမရတနာ
၂။ ယောက်ျားရတနာဟူ၍ နှစ်မျိုးရှိပြန်ရာ စကြ၀တေး မင်း၏ မိဖုရားရတနာပင်ဖြစ်လင့်ကစား မိန်းမရတနာ သည် ယောက်ျား၏အသုံးအဆောင်သာလျှင်ဖြစ်ချေ၏။ သို့ရကား ဤမိန်းမရတနာ၊ ယောက်ျားရတနာနှစ်မျိုး တို့တွင်လည်း ယောက်ျားရတနာသည်သာလျှင် ချီးမွမ်း အပ် မြတ်လှပေ၏။
တစ်ဖန် ယောက်ျားရတနာသည်လည်း -
၁။ အာဂါရိယရတနာ = အိမ်ရာအစီးအပွား၌ အားထုတ်ယှဉ်သူ၊ လူဝတ်ကြောင်ရတနာ။
၂။ အနာဂါရိယရတနာ = အိမ်ရာအစီးအပွား၌ အားမထုတ်မယှဉ်သူ၊ ရဟန်းသာမဏေရတနာ ဟူ၍ နှစ်မျိုးရှိပြန်ရာ အာဂါရိယရတနာတို့တွင် စကြ၀တေး မင်းပင် ဖြစ်လင့်ကစား ယနေ့ရှင်ပြုသစ်စ သာမဏေ ငယ်ကိုတည်ခြင်းငါးမျိုးဖြင့် ပူဇော်ရလေသည်။ သို့ရကား ဤအာဂါရိယရတနာ၊ အသေက္ခရတနာ အနာဂါရိယ ရတနာ နှစ်မျိုးတို့တွင်လည်း အနာဂါရိယရတနာသည် သာလျှင် ချီးမွမ်းအပ် မြတ်လှပေ၏။
တစ်ဖန် အနာဂါရိယရတနာသည်လည်း -
၁။ သေက္ခရတနာ = သိက္ခာသုံးပါးကျင့်နေဆဲ(ကျင့်၍မပြီးသေး)ဖြစ်သည့် ပုထုဇဉ်နှင့်အောက်အရိယာ ပုဂ်္ဂိုလ်ရတနာ၊
၂။ အသေက္ခရတနာ = ရဟန္တာရတနာ ဟူ၍ နှစ်မျိုး ရှိပြန်ရာ သေက္ခရတနာပေါင်း တစ်သိန်းပင် ဖြစ် လင့်ကစား အသေက္ခရတနာ ရဟန္တာတစ်ပါးကို ဂုဏ် ကျေးဇူးကြီးမြတ်သောအရာ၌ လိုက်၍မမီနိုင်ချေ။ သို့ရ ကား ဤသေက္ခရတနာ၊အသေက္ခရတနာ နှစ်မျိုးတွင် လည်း အသေက္ခရတနာ(ရဟန္တာ)သည်သာလျှင် ချီးမွမ်းအပ်မြတ်လှပေ၏။
တစ်ဖန် အသေက္ခရတနာသည်လည်း -
၁။ ဗုဒ္ဓရတနာ
၂။ သာဝကရတနာ ဟူ၍ နှစ်မျိုးရှိပြန်ရာ သာဝကရဟန္တာပေါင်းတစ်သိန်းပင် ဖြစ်လင့်ကစား ဗုဒ္ဓရတနာ ဘုရားတစ်ဆူကို ဂုဏ်ကျေးဇူးကြီးမြတ်သော အရာ၌ လိုက်၍မမီချေ။ သို့ရကား ဤဗုဒ္ဓရတနာ၊ သာဝကရတနာ နှစ်မျိုးတို့တွင် ဗုဒ္ဓရတနာသည်သာလျှင် ချီးမွမ်းအပ် မြတ်လှပေ၏။
တစ်ဖန် ဗုဒ္ဓရတနာသည်လည်း -
၁။ ပစ္စေကဗုဒ္ဓရတနာ = သီးခြားပွင့်တော်မူသော ဘုရားငယ်၊ ဘုရား ပစ္စေကဗုဒ္ဓါအရှင်မြတ် ရတနာ။
၂။ သဗ္ဗညုဗုဒ္ဓရတနာ = သဗ္ဗညုတဉာဏ်ရှင် သမ္မာသမ္ဗုဒ္ဓ ဘုရားရတနာဟူ၍ နှစ်မျိုးရှိပြန်ရာ ပစ္စေက ဗုဒ္ဓါအရှင် တစ်သိန်းပင် ဖြစ်လင့်ကစား သဗ္ဗညုဘုရား တစ်ဆူကို ဂုဏ်ကျေးဇူးကြီးမြတ်သောအရာ၌ တစ်စိတ် တစ်ဒေသပင် လိုက်၍မမီနိုင်ချေ။ သို့ရကား ဤပစ္စေက ဗုဒ္ဓရတနာ၊ သဗ္ဗညုဗုဒ္ဓရတနာ နှစ်မျိုးတို့တွင် သဗ္ဗညု ဗုဒ္ဓရတနာသည်သာလျှင် ချီးမွမ်းအပ်မြတ်လှပေ၏။
နတ်ဗြဟ္မာနှင့်တကွ သတ္တလောကကြီး တစ်ခုလုံး၌ သဗ္ဗညုမြတ်စွာ ဗုဒ္ဓရတနာနှင့်တူသော ရတနာမည်သည် မရှိချေ။ သို့ရကားဤအတုမရှိသဗ္ဗညုဗုဒ္ဓရတနာကိုသာ လျှင် ငါ့အကြည်တော်ပုက္ကုသာတိမင်းထံ ပို့သပေအံ့။
ထိုသို့ ကြံဆတွေးတောပြီးသော် ဗိမိ္ဗသာရမင်းကြီး သည် အမွန်မြတ်ဆုံးရတနာ သတင်းကို ပုက္ကုသာတိမင်း ထံ ပို့ဆောင်ရန် စီစဉ်လေတော့၏။
ပထမဦးစွာ ဇမ္ဗူရာဇ်ရွှေစင်အစစ်ကို အလျား လေးတောင်၊ အနံတစ်ထွာ၊ ရွှေပေလွှာခတ်စေသည်။ ထို့နောက် ဗိမိ္ဗသာရမင်းကြီးသည် မိမိကိုယ်ကို သန့်ရှင်း စင်ကြယ်စေရန် ရေမိုးသန့်စင်စေပြီး အဋ္ဌင်္ဂသီလဥပုသ် ဆောက်တည်လေ၏။ တစ်ထပ်တည်းသော နံနက်စာ ကို မျှတအောင်သုံးဆောင်ပြီး ဘုံခုနစ်ဆင့် ရှိသည့် ပြာသာဒ်ထက်သို့ မင်းကြီးတစ်ပါးတည်း တက်ရောက် သွားလေသည်။ပြာသာဒ်နန်းဆောင်ထက်၌ ရွှေပေလွှာ ကို ဖြန့်ခင်းပြီး ဟင်္သာပြဒါးဆေးနှင့် မဟာဗုဒ္ဓ၀င်အတို ချုပ်ကို ရေးသားတော်မူလေ၏။
မြတ်စွာဘုရားအလောင်းတော် နတ်သားသည် တုသိတာနတ်ပြည်မှစုတေ၍ ကပိ္ပလ၀တ်ပြည် မယ်တော် မဟာမာယာ၏ ၀မ်းကြာတိုက်၌ သန္ဓေတည်ပုံ၊ လုမ္ဗနီ ဥယျာဉ်၌ဖွားမြင်တော်မူပုံ၊ သက်တော်နှစ်ဆယ့်ကိုးနှစ် တွင် တောထွက်တော်မူပုံ၊ ဥရုဝေလတော၌ ကျင့်နိုင်ခဲ သမျှသော ဒုက္ကရစရိယာကို ခြောက်နှစ်တိုင်တိုင်ကျင့် တော်မူပုံ၊ ထို့နောက် သမ္မာသမ္ဗုဒ္ဓသဗ္ဗညုဘုရားရှင်ဖြစ် တော်မူပုံ၊ မိဂဒါဝုန်တော၌ ပဉ္စ၀ဂီ်္ဂငါးဦး အမှူးရှိသော နတ်ဗြဟ္မာတို့အား ဓမ္မစကြာတရားဟောတော်မူသဖြင့် ဗုဒ္ဓရတနာ၊ ဓမ္မရတနာ၊ သံဃာ့ရတနာသုံးပါးထွန်းပေါ် လာပုံတို့ကို ဗိမိ္ဗသာရမင်းကြီးကိုယ်တိုင် ရိုသေလေးစား စွာ ရေးသားတော်မူလေသည်။
ထို့ကြောင့် ရတနာသုံးပါးသည် မိဂဒါဝုန်တောမှ စတင်ဖြစ်တည်တော်မူခဲ့သည်ဟုပြောနိုင်သကဲ့သို့ သရဏဂုံသုံးပါးသည်လည်း ထိုနေရာ ထိုဒေသ၌ ထိုအချိန်ကပင် စတင်တော်မူခဲ့သည်ဟုဆိုနိုင်ပေသည်။
ထို့နောက် ဗိမိ္ဗသာရမင်းကြီးသည် ရွှေပေလွှာထက် ၌ အရဟံ အစရှိသည့် ဗုဒ္ဓဂုဏ်တော် ကိုးပါးကို လည်းကောင်း၊ဓမ္မဂုဏ်တော် ခြောက်ပါးကိုလည်းကောင်း၊ အရိယာသံဃာတော်တို့၏ ဂုဏ်တော်ကိုးပါးကို လည်းကောင်း ရေးသားတော်မူလေသည်။ ထိုရွှေပေလွှာ ကို သေသပ်စွာ လိပ်ခွေပြီး နံ့သာမျိုးငါးပါး ထုံမွှမ်းထား သည့် စန္ဒကူးသေတ္တာအတွင်း၌ ထည့်သွင်းလေသည်။ ထိုစန္ဒကူးသေတ္တာကို ငွေသေတ္တာ၊ရွှေသေတ္တာ၊န၀ရတ် ကိုးပါး စီခြယ်ထားသည့် သေတ်္တာများ၌ ထည့်သွင်းပြန် ၏။ထို့နောက် ရွှေပေလွှာသေတ်္တာကို မင်္ဂလာဆင်တော် ပေါ်သို့တင်စေပြီး ထီးဖြူများအုပ်မိုးလျက် ဗိမိ္ဗသာရ မင်းကြီးကိုယ်တိုင် မင်းခမ်းမင်းနား၊ရှေ့ဝင်းနောက်ဝင်း တပ်တော်ကြီးခင်းပြီး မဂဓတိုင်းနယ်စပ်အထိ လိုက်ပို့ တော်မူလေသည်။ လမ်းခရီးတစ်လျှောက်မှာလည်း သဲဖြူခင်း၊ ရာဇမတ်ကာ၊ တံခွန် ကုက္ကား မုလေးပွား တို့ဖြင့်တကွ ငှက်ပျောပင်၊ ကြံပင်ရှင်တို့ စိုက်ထူစေပြီး ပွဲလမ်းသဘင်မျိုးစုံတို့ဖြင့် တိုင်းသူပြည်သားတို့အား ဗုဒ္ဓရတနာလက်ဆောင်သေတ်္တာကို ပူဇော်စေသည်။
ဗိမိ္ဗသာရမင်းကြီးသည် ရတနာသုံးပါးကို အထွတ် အမြတ်ထား၍ သူကိုယ်တိုင် လေးစားစွာ ရေးသား ပူဇော်သကဲ့သို့ အကြည်တော် ပုက်္ကုသာတိမင်းကြီး ကိုယ်တိုင်လည်း သူ၏ ရတနာလက်ဆောင်ကို လေးစား စွာ ပူဇော်စေလိုသည့်ဆန်္ဒ ပြင်းပြသည်။ ထို့ကြောင့် တက္ကသီလာအစွန်အဖျားနယ်စပ်မှ ပုက္ကုသာတိမင်းကြီး ကိုယ်တိုင် တပ်တော်ခင်း၍ ကြိုဆိုပါမည့်အကြောင်းကို သံတမန်ကြီးများ စေလွှတ်ပြီး ကြိုတင် အမှာတော်ရှိထား လိုက်၏။
ထိုမျှမက ထိုလက်ဆောင်ရတနာသေတ္တာကို မင်းပရိသတ် ဗိုလ်ပုံအလယ်၌ ဖွင့်တော်မူခြင်းမပြုဘဲ၊ ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်ပေါ်တွင် တံခါးပိတ်ပြီး ပုက္ကုသာတိမင်းကြီး တစ်ပါးတည်းသာလျှင် ဖွင့်၍ ကြည့်ရှုသုံးသပ်စေရန်လည်း အထူးစကားအဖြစ် မှာကြားလိုက်လေသည်။ ဗိမိ္ဗသာရမင်းကြီးသည် ရွှေပေလွှာကို မင်းပရိသတ် ဗိုလ်ပုံအလယ်တွင် ဖွင့်တော် မူမည်ဆိုပါက အတီးအမှုတ် အကအခုန်များနှင့် ရုတ်ရုတ်သဲသဲဖြစ်နေလျှင် ရတနာသုံးပါး၏ ဂုဏ်တော် များကို ဖတ်ရှုတော်မူသည့်အခါ အာရုံထွေပြား လွင့်ပါး သွားနိုင်သည်ကို တွက်ဆမိသဖြင့် တစ်ပါးတည်း ဖတ်ရှုတော်မူစေခြင်းဖြစ်၏။
ပုက္ကုသာတိမင်းကြီးသည် အကြည်တော် ဗိမိ္ဗသာရ မင်းကြီးပေးလိုက်သည့်လက်ဆောင်မွန်တို့ကို ဘုံခုနစ် ဆင့်ပြာသာဒ်ထက်၌ တစ်ပါးတည်းဖွင့်လှစ်ဖတ်ရှုတော် မူလေသည်။ ထိုသို့ ဖတ်ရှုတော်မူသည်နှင့်ပင် ရတနာ သုံးပါး၏ဂုဏ်ကို ယုံကြည်မြတ်နိုးသွားမိလေသည်။ မည်မျှအထိ သဒ္ဓါတရားလွန်ကဲသွားရသည်ဆိုရလျှင် ပုက္ကုသာတိမင်းကြီးသည် ထိုဘုံခုနစ်ဆင့်ထက်မှာပင် သင်္ကန်းဝတ် ရဟန်းအဖြစ် ရယူတော်မူလိုက်လေ တော့၏။
ထိုသို့ ပုက္ကုသာတိမင်းကြီးသည် ဘုံခုနစ်ဆင့်ထက် ၌ ရဟန်းအသွင် ကူးပြောင်းပြီးနောက် ဗုဒ္ဓမြတ်စွာကို ကိုယ်တိုင်ဖူးတွေ့ပြီး ဓမ္မရတနာကို နာကြားချင်သည်။ သံဃာ့ရတနာအဖြစ် သာဝကရဟန်းဘ၀ကို ရယူလို သည်။ ထို့ကြောင့် မိဖုရား၊ဆွေတော်မျိုးတော်၊မောင်းမ မိဿံ၊ မှူးမတ်ဗိုလ်ပါ၊ တိုင်းသူပြည်သား အားလုံးတို့ ငိုယိုလူးလိမ့်တောင်းပန်နေသည့်ကြားမှ မြေကြီးကို မင်း အာဏာစည်းတားပြီး တောထွက်တော်မူခဲ့လေသည်။
မင်းအာဏာစည်းတားသည်ဆိုသည်ကား မင်းကြီး နောက်ပါးမှကပ်လျက် တောင်းပန်ငိုကြွေးလိုက်လာကြ သည့်ပရိသတ်ကို ဤစည်း ဤမျဉ်းမှ ကျော်လွန်လိုက် ပါလာသူတို့အား မင်းအာဏာကို တော်လှန်သူ ဟူ၍ သတ်မှတ်ထားမည်ဟု ကြေငြာပြီး မြေကြီးကိုစည်းတား လိုက်ခြင်းပင် ဖြစ်၏။
ထို့ကြောင့် မည်သူမျှ မကျူးလွန်၊ မကျော်လွှား၊ မဖျက်ဆီးဝံ့ကြတော့ဘဲ မြေကြီးကိုသာ ဦးတိုက်ကျန်ရစ် ခဲ့ကြလေသည်။
တက်္ကသီလပြည်နှင့် သာဝတိ္ထပြည်တို့သည် (၁၉၂) ယူဇနာဝေးကွာသည်။ သာဝတိ္ထပြည်နှင့်ရာဇဂြိုဟ်ပြည် သည် (၄၅) ယူဇနာဝေးကွာ၏။ ထို့ကြောင့် တက္ကသီလ ပြည်နှင့် ရာဇဂြိုဟ်ပြည်တို့သည် (၂၃၇) ယူဇနာဝေးကွာ လေသည်။ ဤမျှဝေးကွာသည့်ခရီးကို ပုက္ကုသာတိ မင်းကြီးသည် လွှာဖိနပ်သော်မှ စီးတော်မူခြင်းမရှိဘဲ ပင်ပန်းကြီးစွာ လျှောက်လှမ်းလာတော်မူရသည်။ မြေပြင် ကို ခြေမတင်ခဲ့ဖူးသည့် မင်းဧကရာဇ်ကြီးမှာ ခြေဖ၀ါး များ ဖူးယောင်ပေါက်ကွဲပြီး သွေးအလိမ်းလိမ်းထွက်ကျ တော်မူခဲ့ရ၏။
ထိုအချိန်၌ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သာဝတိ္ထ ပြည်၊ ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူ ၏။ သို့သော် ပုက္ကုသာတိမင်းကြီးသည် ရွှေပေလွှာ ပါးလိုက်သည့် ဗိမိ္ဗသာရမင်းကြီးရှိသော ရာဇဂြိုဟ်ပြည် မှာပင် မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူနေလိမ့်မည် ထင်ပြီး သာဝတိ္ထပြည်ကိုလွန်မြောက်လျက် ရာဇဂြိုဟ် ပြည်အရောက် လျှောက်လှမ်းတော်မူခဲ့ရလေသည်။
ထို့ကြောင့် ပုက္ကုသာတိမင်းကြီးသည် (၄၅)ယူဇနာ ခရီးအဖြစ် ပိုဝေးခဲ့ရသည်။ တစ်ယူဇနာလျှင် (၁၂)မိုင်ခန့် ရှိ၏။ တက္ကသီလပြည်မှ ရာဇဂြိုဟ်ပြည်သို့ (၂၃၇)ယူဇနာ ဝေးကွာသည့်အတွက် (၂၈၄၄) မိုင်ရှိ၏။ ဤမျှဝေးကွာ သည့်ခရီးကို ပုက္ကုသာတိမင်းကြီးသည် လပေါင်း ရက် ပေါင်း မည်မျှကြာအောင် ခြေလျင်ခရီး ကြွတော်မူခဲ့ရ သနည်း။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ရာဇဂြိုဟ် ပြည်မှ ဖွားတော်မူရာဖြစ်သည့် ကပိ္ပလ၀တ်ပြည်သို့ ကြွတော်မူရာတွင် ခရီးအကွာအဝေးသည် ယူဇနာ (၆၀)ရှိ ၏။ထိုခရီးကို မြတ်စွာဘုရားရှင်သည် တစ်နေ့လျှင် တစ်ယူဇနာကျသာ ကြွတော်မူသည့်အတွက် နှစ်လ တိုင်တိုင်ကြွချီတော်မူခဲ့ရလေသည်။
ဤသို့ဖြင့် ပုက္ကုသာတိမင်းကြီးသည် ရာဇဂြိုဟ် ပြည်သို့ ရောက်ရှိတော်မူလာသည့်အခါ နေ၀င်ချိန်သို့ ရောက်နေခဲ့ပြီ။ မြတ်စွာဘုရားရှင် မည်သည့်နေရာတွင် သီတင်းသုံးနေတော်မူကြောင်း မေးမြန်းကြည့်ရာ မင်းကြီး ဖြတ်သန်းလာသည့် သာဝတိ္ထပြည်တွင် သီတင်း သုံးတော်မူနေကြောင်း သိရလေသည်။ ထို့ကြောင့် ရာဇဂြိုဟ်ပြည်တွင် တစ်ညနားခိုပြီးမှ ခရီးလွန်ခဲ့သည့် သာဝတိ္ထပြည်သို့ ပြန်လှည့်သွားတော့မည်ဟု ပုက္ကုသာတိ မင်းကြီး ဆုံးဖြတ်တော်မူလိုက်၏။ တစ်ညတာ နားခိုရန် အတွက် အိုးထိန်းသည်တစ်ဦးထံတွင် ခွင့်တောင်းပြီး အိုးဖုတ်သည့် တင်းကုပ်တွင် အပန်းဖြေ အနားယူ တော်မူရလေသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ပုက္ကုသာတိမင်းကြီး၏ သဒ္ဓါတရားကို ထိုနေ့နံနက် အရုဏ်တက်ချိန်ကတည်း ကပင် သိမြင်တော်မူလေသည်။ လေးဆယ့်ငါးယူဇနာ တိုင်တိုင် ခရီးလွန်သွားသည့် အမျိုးကောင်းသား ပုက္ကုသာတိမင်းကြီးကို မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် သနားချီးမြှောက်တော်မူလိုသည့်အတွက် ပုက္ကုသာတိ မင်းကြီး ခြေလျင်လာဘိသကဲ့သို့ မြတ်စွာဘုရားရှင်သည် လည်း ခြေလျင်ခရီးဖြင့် တစ်ပါးတည်းကြွရောက်တော် မူလာပြီး တွေ့ဆုံတော်မူလေသည်။
မြတ်စွာဘုရားရှင်သည် ပုက္ကုသာတိမင်းကြီးနှင့် တွေ့ဆုံတော်မူရာတွင် ဗုဒ္ဓအသရေတော်နှင့်ရောင်ခြည် တော်ခြောက်သွယ်တို့ကို မထင်ရှားစေဘဲ အာဂန္တုအချင်းချင်း ခရီးအတွင်းမှာ တွေ့ဆုံကြုံကြိုက်သကဲ့သို့ တွေ့ဆုံပြီး တရားဟောသည်မှာ ထူးခြားခြင်းဖြစ်နေ၏။ ထို့ကြောင့် ပုက္ကုသာတိမင်းကြီးကိုယ်တိုင် မြတ်စွာဘုရား ရှင်နှင့်တွေ့နေရသော်လည်း ဘုရားရှင်မှန်းသိတော်မမူ ခြင်းဖြစ်နေ၏။ သို့သော် ဟောပြတော်မူသော ခန်္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာတို့နှင့်တကွ ဗောဓိပက်္ခိယ တရား (၃၇)ပါးကိုကြားနာလိုက်ရသည့်အခါ ဤပုဂ်္ဂိုလ် သည် သမ္မာသမ္ဗုဒ္ဓ သဗ္ဗညုတဘုရားရှင် စင်စစ် ဖြစ်သည်ကို ဒိဋ္ဌသိတော်မူလိုက်လေ၏။
အချိန်က အရုဏ်တက်ချိန်တိုင်ခဲ့လေပြီ။
ပုက္ကုသာတိမင်းကြီးလည်း အနာဂါမိမဂ်ကိုရရှိတော် မူလိုက်ရသည့်အတွက် မြတ်စွာဘုရားထံတွင် ရဟန်းပြု ခွင့်တောင်းတော်မူလေသည်။ သို့သော် ဘုရားရှင်က ဧဟိဘိက်္ခုဟု ခေါ်တော်မမူချေ။ အရှင်ကောဏ္ဍည တို့ကဲ့သို့ သင်္ကန်း၊ သပိတ် ပရိက်္ခရာအစုံအလင်နှင့်ရဟန်း ဖြစ်လာစေရန် ဧဟိဘိက္ခုဟု ခေါ်တော်မမူခြင်းမှာ ပုက္ကုသာတိမင်းကြီးသည် ဘုရားရှင်နှင့်ရဟန်းတော် အပေါင်းတို့အား သင်္ကန်းလှူခဲ့ဖူးသည့် ကောင်းမှုမျိုး မရှိခဲ့ခြင်းကြောင့် ဖြစ်လေသည်။
ထို့ကြောင့် အနာဂါမ်ဖြစ်သည့် ပုက္ကုသာတိမင်းကြီး သည် ပံ့သုကူသင်္ကန်းရှာရန်အတွက် ထွက်တော်မူလာခဲ့ ရာ၊ လမ်းတစ်နေရာ၌ နွားဆိုးမတစ်ကောင် အဝှေ့ခံရ သဖြင့် အမှိုက်ပုံပေါ်တွင် စုတိစိတ်ကျပြီး အ၀ိဟာ ဗြဟ္မာ့ဘုံသို့လားတော်မူရလေသည်။ ထိုအ၀ိဟာဗြဟ္မာဘုံတွင် အရဟတ္တမဂ်ဆိုက်ရောက်ပြီး ပရိနိဗ္ဗာန်ပြုရမည် ဖြစ်၏။ ထို့ကြောင့် ပုက္ကုသာတိမင်းကြီးသည် ဗုဒ္ဓသာဝက မဖြစ်လိုက်ရပေ။ နွားဆိုးမအန္တရာယ်နှင့်ကြုံတွေ့ ရခြင်းသည်လည်း အပရာပရိယကံကြောင့်ဖြစ်လာမည့် မရဏဘေးဆိုးကို မြတ်စွာဘုရားသော်မှ တားဆီးခြင်း မပြုနိုင်သည့်အတွက်ကြောင့်ဖြစ်သတည်း။
ကမ္မသတ္တေ ၀ိဘဇ္ဇတိ၊သဗ္ဗေသတ္တာ ကမ္မဿကာ။
ဥက္ကလာမြင့်သန်းအောင်
No comments:
Post a Comment