မနေ့က စာရေးဆရာတစ်ယောက်ရဲ့ 'ဖေ့စ်ဘုတ်နှင့်ရဟန်း'ဆိုတဲ့ ပို့စ်ကို ဖတ်လိုက်ရလို့ အခု ဒီစာကိုရေးပါတယ်။
သူက ရဟန်းသံဃာတွေကိုယ်တိုင် ကား၊ ဆိုင်ကယ်မောင်းတာကို တားမြစ်လိုက်တဲ့အကြောင်းနဲ့စ,ထားတယ်။ ဒါက ကျုပ်လည်း လက်ခံသဘောကျတဲ့အချက်ပဲ။ ထိထိရောက်ရောက်အရေးယူလေ သဘောကျလေပါပဲ။
နောက်တစ်ချက်က 'ရဟန်းသံဃာတွေလူထွက်ကုန်တာ ဖေ့စ်ဘုတ်သုံးလို့ပါ' တဲ့။ ကျုပ်မယ် သူ့စာဖတ်ပြီးတော့ 'သြော်---စာရေးဆရာရယ်' ဆိုပြီး သနားသွားမိတယ်။
ဒီလိုအတွေးမျိုးကို သာမန်လူကတွေးတယ် ပြောတယ်ဆိုရင်တောင် ဘာမှအံ့သြမိမှာ မဟုတ်ဘူး။
အခုတော့ စာတွေဖတ်၊ စာတွေရေး၊ စာအုပ်တွေကို စီစဉ်ထုတ်ဝေနေသူလည်းဖြစ်၊ စာပေဟောပြောပွဲစင်မြင့်တွေမှာ တက်ဟောပြီး လူတွေကို အသိပညာမျှဝေနေသူလည်ုးဖြစ်တဲ့ စာရေးဆရာတစ်ယောက်က ဒီလို အတွေးတိမ်တိမ်လေးတွေးပြတော့ ကျုပ်သနားမိတာ လွန်သလား။
ထားပါတော့လေ။ သူပြောသလို 'ရဟန်းသံဃာ အရည်အတွက်လျော့လာရတဲ့အကြောင်းဟာ ဖေ့စ်ဘုတ်သုံးလို့' ဆိုတဲ့ ရမ်းချချက်(--အဲလေ--မှားလို့--)မှန်းဆချက်ဟာ ရာခိုင်နှုန်းအားဖြင့် ၃-ရာခိုင်နှုန်းလောက် မှန်နိုင်ပါတယ်။
ဒါပေမယ့် "အများစုလူထွက်ရတဲ့ အကြောင်းအရင်းဟာ ဖေ့စ်ဘုတ်ကြောင့်ပါ" ဆိုရင် ကျုပ်မေးခွန်းတစ်ခုမေးချင်ပါတယ်။
ဒီနှစ်ကျောင်းအပ်ရာသီမှာ စတုတ္ထတန်း တက်ကြတဲ့ကလေး တစ်သိန်းရှိတယ်ဆိုပါစို့။ နောင်ခြောက်နှစ်ကြာရင် အဲ့ဒီတစ်သိန်းလုံး ဆယ်တန်းစာသင်ခန်းတွေထဲရောက်ကြလိမ့်မယ်လို့ အာမခံနိုင်ပါသလား။
ကဲ---ဟုတ်ပြီ။ အာမမခံနိုင်ဘူးထားလိုက်။ ဒါဆို ဒီနှစ်စတုတ္ထတန်းကလေးတွေနောင်ခြောက်နှစ်
ကြာလို့ ဆယ်တန်းစာသင်ခန်းထဲ မရောက်ကြတာဟာ ဖေ့ဘုတ်ကြောင့်လား။ ဖြေကြည့်။
ဒီမေးခွန်းရဲ့အဖြေကိုရရင် ရဟန်းသံဃာတွေ ဘာကြောင့်အရေအတွက်လျော့နည်းသွားရသလဲ ဆိုတဲ့မေးခွန်းရဲ့အဖြေကို ရပါလိမ့်မယ်။
ဒါက စာရေးဆရာနဲ့ သူ့လိုတွေးမိတဲ့သူတိုင်းကို စဉ်းစားစေချင်တဲ့အချက်ပါ။ ဆက်စပ်မိလို့ သိစေချင်တဲ့အချက်တွေကို တစ်ခါတည်း ပြောလိုက်ပါဦးမယ်။
-----------------------*****--------------------
အွန်လိုင်းသုံးတဲ့ ရဟန်းသံဃာတွေ တောမှာရော မြို့မှာပါ သိန်းချီပြီးရှိနေနိုင်တဲ့ဒီနေ့ခေတ်မှာ တစ်နှစ်ကို ရဟန်းသာမဏေ ငါးသောင်း လူထွက်တယ်ပဲ ထားပါဦး။ ဖေ့စ်ဘုတ်ကြောင့် လူထွက်တဲ့ ရဟန်း,သာမဏေဘယ်နှစ်ပါးပါမယ် ထင်ပါသလဲ?
ပြဿနာက ရဟန်းသံဃာတွေ အွန်လိုင်းတက်ပြီ၊ ဖေ့စ်ဘုတ်သုံးပြီဆိုရင်"မဟုတ်မဟုတ်တွေ
လုပ်တော့မယ်၊ ကြည့်တော့မယ်၊ ကြူတော့မယ်၊ ချက်တော့မယ်" လို့ ထင်နေတဲ့ ကိစ္စပါ။ "ထင်တာမဟုတ်ဘူး ကိုယ်တော်၊ မြင်နေရတာ" လို့ စောဒကတက်ဦးမလား။
ဖေ့စ်ဘုတ်သုံးတဲ့ ရဟန်းအပါးတစ်ရာမှာ ဘယ်နှစ်ပါးလောက်က အဲ့ဒီလိုပေါက်တတ်ကရတွေ လုပ်နေတတ်သလဲ။
ကဲ---ဖေ့စ်ဘုတ်ကို အကျိုးရှိရှိ ကောင်းကောင်း မွန်မွန်သုံးပြီး ဓမ္မအသိဉာဏ်တွေ၊ ဘာသာရေး ဗဟုသုတတွေ၊ သာသနာရေးလုပ်ဆောင်ချက် တွေရေးတင်နေကြတာကျတော့ ခင်ဗျားတို့ ဖတ်ကြသလား။ မဖတ်ပါဘူး။ စာရှည်လို့တို့၊ ဘာသာရေးအကြောင်းမို့လို့တို့၊ အရုပ်မပါလို့တို့နဲ့ ချေးများနေကြတာလေ။
ဟော---ရဟန်းသံဃာတွေရေးတဲ့စာသာ မမြင်ချင်ယောင်ဆောင်ကျော်သွားကြတာ။ ကောင်မလေးတွေတင်တဲ့ ဓာတ်ပုံလှလှမြင်ရင်တော့ နှာဗူးထပြီး အငမ်းမရ Like ပေးလို့ပေး၊ 'ချစ်ချာလေး'ဆိုပြီး အသက်ကြီးကောင်းကြီးမှ နို့စို့သံနဲ့ မှတ်ချက်ဝင်ရေးလို့ရေးနဲ့ လုပ်နေကြတာ မဟုတ်လား။
ရဟန်းလောက သာသနာ့ဘောင်မှာ မကောင်းတဲ့ရဟန်းတွေရှိတယ်ဆိုတာကို မငြင်းဘူး။ ကဲ---ခင်ဗျားတို့ လူလောကမှာရော---လူသူတော်ကောင်းတွေချည်းနေကြသလား ဖြေစမ်းပါဗျာ။
သူတော်ကောင်းတွေချည်းရှိတယ်ဆိုရင် ကျုပ်တို့ ရဟန်းသံဃာတွေ အကုန်လူထွက်ပေးမယ်။ ကဲ ဘယ်နှယ့်လဲ။ လူတွေကြည့်လိုက်တော့ မိန်းမထဘီအောက်က မထွက်ဘူး။ ပြောလိုက်ရင် သောတာပန်စကား ပါးစပ်ကမချ။
ကဲ ကျုပ်မေးမယ်ဗျာ။
အချို့ဆယ်နှစ်လောက်ဖြေမှအောင်တဲ့ ဓမ္မာစရိယ စာမေးပွဲကို တစ်နှစ်ကျရုံလေးနဲ့ အပြစ်တင်တတ်တဲ့ ရဟန်းဒကာ ဒကာမတွေရဲ့ ဖိအားဒဏ်ခံနေရတဲ့ စာသင်သားတွေရှိတယ်ဆိုတာခင်ဗျားသိလား။
လှူတန်းထောက်ပံ့မှုကို စာချုပ်လိုလို၊ ရင်းနှီးမြုတ်နှံမှုလိုလိုနဲ့ ရဟန်းသံဃာကိုဖိအားပေး ချုပ်ကိုင်ချင်တဲ့ လူတွေရှိတယ်ဆိုတာရော ခင်ဗျားသိလား။
ခင်ဗျားတို့တွေရဲ့အိမ်မှာ မိသားစုတွေနဲ့ ကြည်ကြည်နူးနူးလက်ဆုံစားနေကြချိန်မှာ ဘဲဥတစ်ခြမ်း၊ ချဉ်ပေါင်ရွက်တစ်ခွက်၊ စမူဆာတစ်ခုနဲ့ ကိုယ့်ရဲ့ ဘယ်လက်နဲ့ ညာလက်ကို လက်ဆုံစားနေရတာရော ခင်ဗျားသိလား။
ဖျာတစ်ချပ် ကျောတစ်ခင်းစာနေရာလေးမှာနေပြီး မူ,ငယ်,လတ်,ကြီး---စတဲ့ စာမေးပွဲတွေကို တစ်နှစ်တစ်တန်းအောင်ဖို့ ကုန်းရုန်းကြိုးစား နေကြရတာကိုရော ခင်ဗျားသိလား။
ခင်ဗျားသားတွေ ဂျယ်ထောင်လမ်းသလားနေချိန်၊ ခင်ဗျားသမီးတွေ အတိုအကွဲ အပြဲအဟိုက်တွေနဲ့ လမ်းပေါ်ထွက် စပ်စလူးထနေချိန်မှာ ကတုံးပြောင်ပြောင်ကို နေအပူခံပြီး ဆွမ်းခံကြွနေကြတဲ့ သီလရှင် ကိုရင် ရဟန်း သာမဏေတွေကို "ငါ့သားလေး ငါ့သမီးလေးများ ဖြစ်ရင်"ဆိုပြီး ခင်ဗျား ကိုယ်ချင်းစာကြည့်ဖူးလား။
မယားနဲ့ သားသမီးနဲ့ အိမ်ကြီးအိမ်ကောင်းမှာ ကိုယ့်စိတ်ကြိုက်နေနေရတဲ့ခင်ဗျား၊ မိဝေး ဖဝေးနဲ့ စည်းကမ်းကလနားတွေကြား ကျဉ်းကျဉ်း ကြပ်ကြပ်နေရတဲ့ ဘဝတွေကို မသိပါဘူး။ မစာနာနိုင်ပါဘူး။ ခင်ဗျား နားမလည်နိုင်ပါဘူး။
ခင်ဗျားတို့ သားသမီးတွေနဲ့ ရဟန်း,သာမဏေ,သီလရှင်တွေကို အသက် ၁၃-နှစ်ချင်း၊ ၁၅- နှစ်ချင်း၊ ၁၈-နှစ်ချင်း၊ အသက်-၂၀ ချင်း ယှဉ်တွေးကြည့်လေ။
ခင်ဗျားတို့ သားသမီးတွေ ကပွဲတွေထဲ ပျော်နေချိန်မှာ သူတို့လည်း ပျော်ချင်ရှာမှာပဲ။
ခင်ဗျားတို့ သားသမီးတွေ ဝတ်ကောင်းစားလှ တစ်နေ့တစ်မျိုးဝတ်နေချိန်မှာ ဒီကိုရင် ရဟန်းသာမဏေတွေလည်း ဝတ်ချင်စားချင်မှာပဲ။
ခင်ဗျားတို့သားသမီးတွေ ဟန်းဆက်အမျိုးမျိုးနဲ့ ဖုန်းပြောင်းကိုင်နေချိန်မှာ သူတို့လည်း ကိုင်ချင်မှာပဲ။
ခင်ဗျားတို့ သားသမီးတွေ ရည်းစားနဲ့ ပလူးနေချိန်မှာ ဒီအရွယ် ရဟန်း,သာမဏေ တွေလည်း ဒီစိတ်ဖြစ်မိမှာပဲ။
ဒါပေမယ့် ကွာခြားချက်က ခင်ဗျားတို့သားသမီး တွေ 'အဝှါ'သရမ်းချင်တိုင်း သရမ်းကြပေမယ့် ရဟန်းသာမဏေတွေက ဘယ်တော့မှ မသရမ်းကြဘူး။ ထိန်းချုပ်ဖို့ကြိုးစားကြတယ်။
( သရမ်းလို့မှမရတာလို့ပြောဦးမလို့လား )
ကိလေသာကုန်တဲ့ ရဟန္တာတွေမှ မဟုတ်ကြတာ၊ အချိန်တန်ရင် သူတို့လည်း ဒီစိတ်ပေါ်တာပဲ။
ခင်ဗျားပြောတဲ့ ဖေ့စ်ဘုတ်ကြီးရှိရှိ မရှိရှိ လူထွက်မယ့်သူက ထွက်ကို ထွက်မှာပဲ။ ဘယ်ရဟန်းသံဃာမှ ဘယ်လောက်ကြာအောင် ဝတ်ပါ့မယ်လို့ စာချုပ်ချုပ်ထားတာမရှိဘူး။
အေး---လူမထွက်ချင်တဲ့သူကလည်း သူရှေ့လာပြီး ပြည့်တန်ဆာနဲ့ မြူဆွယ်ရင်တောင် မထွက်ဘူးဗျ---ရှင်းလား။
ရှေးတုန်းက ခြေသလုံးသားလေးမြင်ရုံ၊ ဗိုက်သားလေးမြင်ရုံနဲ့ လူထွက်ကုန်ကြသတဲ့။ အခုခေတ် တစ်ကိုယ်လုံးမြင်နေတာတောင် တောင့်ခံနေနိုင်တဲ့ စာသင်သားသံဃာတွေရဲ့ ထိန်းချုပ်နိုင်စွမ်းကို သိပ်လျှော့မတွက်ပါနဲ့။
ကျောင်းဝင်းအပြင်ပ လမ်းပေါ် ကားပေါ် ရထားပေါ် အွန်လိုင်းပေါ်က မကောင်းတဲ့ သင်္ကန်းဝတ်တစ်ပါးမြင်တာနဲ့ သာသနာ့ဘောင်က ကျန်တဲ့ကိုယ်တော်တွေလည်း ဒီလိုဖြစ်မှာပဲလို့ တွေးမိတယ်ဆိုရင်-----( ဥပမာပေးတာ ရိုင်းရင် ခွင့်လွှတ် )
အပျက်မတွေဟာ မိန်းမတွေဖြစ်ပေမယ့် မိန်းမတိုင်းဟာ 'အပျက်မ'မဟုတ်ဘူးလို့ ခင်ဗျားဘေးက ခင်ဗျားမယားကိုကြည့်ပြီးတွေး။
မုဒိမ်းကောင်တွေဟာယောကျာ်းတွေဖြစ်ပေမယ့် ယောကျာ်းတိုင်းဟာ မုဒိမ်းကောင်မဟုတ်ဘူးလို့ ခင်ဗျားရုပ်ကို မှန်ထဲကြည့်ပြီးတွေး။
ခင်ဗျားတို့တွေက မကောင်းတဲ့ရဟန်း,သာမဏေ တစ်ပါးပါးမြင်ရင်သာ----
"ငါဘုရားသာသနာ ငါ့သားတွေဖျက်မှပျက်မယ် လို့ ဘုရားဟောခဲ့တာ သိပ်မှန်တာပဲ" ဆိုပြီး တတ်ယောင်ကားလေသံနဲ့ စိုးရိမ်သလိုလို စိတ်ပျက်သလိုလို အပြစ်တင်ချင်ကြတာ။
ကြမ်းပြင်ပေါ်ဝမ်းလျားမှောက်၊ ဒူးပွန်း တံတောင် အပွန်းခံပြီး စာတက် စာကျက် လုပ်နေကြတဲ့ စာသင်သားရဟန်းသံဃာတွေကိုမြင်ရလို့ဆိုပြီး အခုအပြစ်ပြောနေတဲ့လူတွေထဲက ဘယ်နှစ်ယောက်များအားကျပြီး သာသနာ့ဘောင်ဝင်လာဖူးသလဲ။ ဘယ်သူတွေကများ သဒ္ဓါတရားတွေတိုးပွားပြီး သာသနာတော်ကို ဘယ်လောက်အထောက် အပံ့ပေးဖူးသလဲ။
ကဲ---ကုန်ကုန်ပြောလိုက်မယ်---ခင်ဗျားတို့ ကြည်ညိုလှပါတယ်ဆိုတဲ့'တို့ဘုန်းဘုန်း'တွေကို မြင်ရလို့၊ သူတို့ဟောတဲ့တရားတွေကို နာရလို့ ခင်ဗျားတို့အပြစ်တင်နေတဲ့လူတွေထဲက ဘယ်နှစ်ယောက်ကများ မိန်းမတွေထမီကြားက ထွက်လာပြီး သာသနာ့ဘောင်ဝင်လာဖူးသလဲ ဖြေစမ်းပါ။
ဆယ်လ်ဖီဆွဲတာပဲမြင်ပြီး လိပ်ခေါင်းထွက်အောင် စာကျက် စာအံလုပ်နေတာတွေကျ ကန်းချင်ယောင်ဆောင်နေကြတယ်။
ညခင်းဘက် အားတဲ့အချိန်လေး လက်ဘက်ရည်ဆိုင်ထိုင်တာကိုပဲ မြင်ပြီး မျက်စိမှုန်အောင် စာဝါတက်နေကြတဲ့ အချိန်ကျတော့ နားတွေ မျက်စိတွေက ပင်းချင် ကန်းချင်ယောင် ဆောင်ကြတယ်။
အွန်လိုင်းပေါ် ကြူနေ၊ ချက်နေတဲ့ တစ်ပါးတလေကိုပဲ မြင်ပြီး ဘာသာရေး၊ သာသနာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး စတဲ့ အသိပညာဗဟုသုတတွေကို အချိန်ကုန် ဘေလ်ကုန်ခံပြီး ရေးသားဖြန့်ဝေနေကြတဲ့ ရဟန်းသံဃာတွေကိုတော့ မသိချင်ယောင် မမြင်ချင်ယောင်ဆောင်နေကြတယ်။
ဘယ်ရဟန်းသံဃာကမှ "ဖေ့စ်ဘုတ်သုံးရင်း ရဟန္တာဖြစ်တယ်၊ တရားထူးရတယ်" လို့ မကြွေးကြော်ပါဘူးဗျ။ သူ့ရေစီးနဲ့သူ ထိန်းထိန်းသိမ်းသိမ်း လိုက်ပါစီးမျောနေကြရုံပါပဲ။
မြန်မာနိုင်ငံမှာ စာရေးဆရာတွေကို ပညာတတ်အလွှာလို့ သတ်မှတ်ထားကြတာပါ။ အဲ့ဒီပညာတတ်အလွှာကလူတွေကိုယ်တိုင်က ပညာမဲ့အတွေး၊ ကလေးအတွေး၊ ပရမ်းပတာအတွေး တွေးနေကြမယ်ဆိုရင်------
ခင်ဗျားတို့ကို အထင်ကြီးလေးစားလို့ ပင့်ဖိတ်ပြီး ဟောပြောပွဲလုပ် နားထောင်နေကြရှာတဲ့ အောက်ကပရိတ်သတ်တွေကို ဘယ်လိုလုပ်ပြီး အသုံးကျတဲ့အသိပညာတွေပေးကြမှာလဲ။ ဘယ်လိုလုပ်ပြီး အဆင့်မြင့်တဲ့ အတွေးအခေါ်တွေပေးကြမှာလဲ။ စဉ်းစားပေါ့ဗျာ။
အတတ်ကျူးရင် ရူးတတ်သတဲ့။ ကြည့်ကျက်တွေး ကြပါဗျာ။ ကြာရင် ခင်ဗျားတို့စာဖတ်ပရိသတ်တွေ အရူးစာချည်း ဖတ်နေကြရပါဦးမယ်။
အရှင်ကောသလ္လ(ရေဦး)
၃၊ ၆၊ ၂၀၁၆။
No comments:
Post a Comment