၁။ နာမရူပပရိစ္ဆေဒဉာဏ် = နာမ်ရုပ်ကို ပိုင်းပိုင်းခြားခြား သိတတ်သောဉာဏ် (ဒုက္ခသစ္စာကို သိသောဉာဏ်)၊
၂။ ပစ္စယပရိဂ္ဂဟဉာဏ် = နာမ်ရုပ်၏ အကြောင်းတရားကို ပိုင်းခြားယူတတ်သောဉာဏ် ( သမုဒယသစ္စာကို သိသောဉာဏ်)၊
(ဤဉာဏ် နှစ်ပါးကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်ကြသည့် သိသင့် သိထိုက်သော ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားနှင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတည်းဟူသော အကြောင်း သမုဒယသစ္စာတရားတို့ကို ထိုးထွင်းသိမြင်တတ်သော ဉာဏ်များ ဖြစ်ခြင်းကြောင့် ဉာတပရိညာဟူသော အမည်ကို ရရှိကြပေသည်။)
၃။ သမ္မသနဉာဏ် = ယင်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု ရှုပွားသုံးသပ်တတ်သော ဉာဏ်၊
၎။ (က) ဥဒယဗ္ဗယဉာဏ် (အနုပိုင်း) (တရုဏဝိပဿနာပိုင်း) = ယင်းသင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ရှုမြင်လျက် အနိစ္စဟု ဒုက္ခဟု အနတ္တဟု ရှုပွားသုံးသပ်တတ်သောဉာဏ်၊
( ခ ) ဥဒယဗ္ဗယဉာဏ် (အရင့်ပိုင်း) (ဗလဝ၀ိပဿနာပိုင်း) = ဝိပဿနာညစ်ညူးကြောင်း ဥပက္ကိလေသ အညစ်အကြေးတို့မှ လွတ်မြောက်သွားသော, အကြောင်းတရားနှင့် တကွသော ရုပ်နာမ်ဓမ္မ သင်္ခါရတရား
တို့၏ ဖြစ်မှု ပျက်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်ရောက်အောင် ရှင်းရှင်းလင်းလင်း သိမြင်ကာ လက္ခဏာရေးသုံးတန်သို့ တင်ကာ ရှုပွားသုံးသပ်တတ်သောဉာဏ်၊ (ဤသမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ် နှစ်မျိုးတို့ကား သင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှုကို အာရုံယူ၍ အနိစ္စဟု ဒုက္ခဟု အနတ္တဟု စူးစမ်းဆင်ခြင် ဆုံးဖြတ်တတ်သော ဉာဏ်များ ဖြစ်ခြင်းကြောင့် တီရဏပရိညာဟူသော အမည်ကို ရရှိကြပေသည်။)
၅။ ဘင်္ဂဉာဏ် = (ဉာတ+ဉာဏ အမည်ရသည့်) သင်္ခါရတရားတို့၏ အပျက်သက်သက်ကို အာရုံယူကာ အနိစ္စ ဒုက္ခ အနတ္တဟု ရှုမြင်တတ်သောဉာဏ်၊
၆။ ဘယဉာဏ် = သင်္ခါရတရားတို့၏ ပြိုပြိုပျက်ပျက်နေသဖြင့် ကြေက်လန့်ဖွယ်ကောင်သည့် သဘောကို အာရုံယူကာ အနိစ္စ ဒုက္ခ အနတ္တဟု ရှုမြင်တတ်သောဉာဏ်၊
၇။ အာဒီနဝဉာဏ် = ပြိုပြိုပျက်ပျက်နေသည့် သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တပြစ်ချက်တို့ကို ရှုမြင်တတ်သောဉာဏ်၊
၈။ နိဗ္ဗိဒါဉာဏ် = ယင်းသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ ပြစ်ချက်တို့ကို ရှုမြင်နေရသည့်အတွက် သင်္ခါရတရားတို့အပေါ်၌ ငြီးငွေ့ ရွံမုန်းသောဉာဏ်၊
၉။ မုစ္စိတုကမျတာဉာဏ် = ယင်းသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ ပြစ်ချက်တို့ကို ရှုမြင်နေရသည့်အတွက် သင်္ခါရတရားတို့မှ လွတ်မြောက်လိုသောဉာဏ်၊
၁၀။ ပဋိသင်္ခါဉာဏ် = သင်္ခါရတရားတို့မှ လွတ်မြောက်လိုသဖြင့် သင်္ခါရတရားတို့၏ အပျက်ကို အာရုံယူကာ အနိစ္စ ဒုက္ခ အနတ္တဟု တစ်ဖန် ပြန်ရှုသောဉာဏ်၊
၁၁။ သင်္ခါရုပေက္ခာဉာဏ် = သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ ပြစ်ချက်တို့ကို ကွက်ကွက်ကွင်းကွင်း ရှုမြင်နေရသဖြင့် သင်္ခါရတရားတို့အပေါ်၌ ကြောင့်ကြမှု တောင့်တမှု မရှိတော့ဘဲ အညီအမျှ လျစ်လျူရှုတတ်သောဉာဏ်၊
၁၂။ အနုလောမဉာဏ် = ရှေ့ပိုင်း ဝိပဿနာဉာဏ်များနှင့် နောက်ပိုင်း အရိယမဂ်ဉာဏ်ကို ဆီလျော်အောင် ပြုလုပ်ပေးသောဉာဏ်၊
၁၃။ ဂေါတြဘုဉာဏ် = ပုထုဇန်အနွယ်ကို လွှမ်းမိုးလျက် အရိယအနွယ်သို့ ရောက်အောင် နိဗ္ဗာန်ကို အာရုံယူကာ ဖြစ်ပေါ်လာသောဉာဏ်၊
၁၄။ အရိယမဂ်ဉာဏ် = ပယ်သင့်ပယ်ထိုက်သော ကိလေသာတို့ကို အကြွင်းမဲ့ပယ်သတ်လျက် နိဗ္ဗာန်ကို သိသောဉာဏ်၊
၁၅။ အရိယဖိုလ်ဉာဏ် = အရိယမဂ်ဉာဏ်က ပယ်သတ်ထားပြီးသည့် ကိလေသာတို့ကို ငြိမ်းသထက်ငြိမ်းအောင် ငြှိမ်းလျက် နိဗ္ဗာန်ကို သိမြင်နေသောဉာဏ်၊
၁၆။ ပစ္စဝေက္ခဏဉာဏ် ----
(က) မဂ်ကို ဆင်ခြင်ခြင်း,
( ခ ) ဖိုလ်ကို ဆင်ခြင်ခြင်း,
( ဂ ) နိဗ္ဗာန်ကို ဆင်ခြင်ခြင်း,
(ဃ) ပယ်ပြီးကိလေသာကို ဆင်ခြင်ခြင်း,
( င ) မပယ်ရသေးသော ကိလေသာကို ဆင်ခြင်ခြင်း ----။
(ဘင်္ဂဉာဏ်မှ စ၍ အနုလောမဉာဏ်သို့ တိုင်အောင်သော ဝိပဿနာဉာဏ်တို့ကား သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုသာ အာရုံယူ၍ လက္ခဏာရေး သုံးတန်သို့ တစ်လှည့်စီ တင်ကာ ရှုပွားသုံးသပ်တတ်သော ဉာဏ်တို့ချည်း ဖြစ်ကြသည်။ ယင်းဉာဏ်တို့သည် သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို ပိုင်းပိုင်းခြားခြား သိလျက် ပယ်သင့်ပယ်ထိုက်သော ကိလေသာတို့ကို တဒင်္ဂအားဖြင့် ပယ်စွန့်နိုင်ခြင်းတည်းဟူသော ဤအကြောင်းပရိယာယ်အားဖြင့် ပဟာနပရိညာဟူသော အမည်ကို ရရှိကြပေသည်။ သို့သော် ဂေါတြဘုဉာဏ်ကား သင်္ခါရတရားတို့၏ အပျက်ကို အာရုံမယူဘဲ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို စတင် အာရုံယူသော ဉာဏ်ဖြစ်သော်လည်း ကိလေသာတို့ကို အြွကင်းမဲ့ မပယ်သတ်နိုင်သဖြင့် အရိယမဂ်ဉာဏ်ဟူသော အမည်ကို မရရှိပေ။ ဤကား လောကီပရိညာ သုံးပါးတည်း။)
***ဖားအောက်တောရဆရာတော် ***