ဗုဒ္ဓ၀ါဒအရ ``ယထာကမ္မူပဂဉာဏ်´´ကို ရတဲ့သူဟာ ဘယ်ကံရဲ့အကျိုးပေးကြောင့် သတ္တ၀ါတွေ ဘယ်ဘုံဘ၀မှာဘယ်လိုဖြစ်နေတယ်ဆိုတာကို လမ်းပေါ်မှာသွားနေသူတွေကို အိမ်ပြတင်းပေါက်ထိုင်ကြည့်နေသလိုမြင်နိုင်တယ်။
ဒါကြောင့်အဲဒီဉာဏ်ကိုရရင် ``အကြားအမြင်´´ရသူလို့ဆိုခွင့်ရှိတာမှန်တယ်။ အဲဒီဉာဏ်ကိုရဖို့ မြတ်ဗုဒ္ဓရဲ့သိက္ခာသုံးပါးကျင့်စဉ်ကိုကျင့်ရင် ရတာလည်းဟုတ်တာပဲ။
ဒါပေမဲ့ အဲဒီဉာဏ်ကိုရမှသာ အကြားအမြင်ရသူလို့ဆိုရင် မပြည့်စုံတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓလက်ထက်က ၀င်္ဂီသရဲ့ဖြစ်ရပ်အရ အဲဒီဉာဏ်ကိုမရဘဲ တခြားစွမ်းရည်တစ်မျိုးနဲ့လည်းသတ္တ၀ါတွေ ရောက်နေတဲ့ဘ၀ကို သိနိုင်
တာကိုတွေ့ရလို့ပါ။အဓိပ္ပါယ်ကတော့ မြင်နိုင်ကြားနိုင်တဲ့စွမ်းရည်ပမာဏသာကွာရင်ကွာမယ် အခြားနည်းနဲ့ အကြားအမြင်ရတာမျိုးလည်းရှိနိုင်တယ်လို့ဖြစ်ပါတယ်။
သာဝတ္တိမြို့သား (ဓမ္မပဒ-ဋ္ဌ ၂၊ ၄၄၉ ) အရ ရာဇဂြိုလ်မြို့သား ၀င်္ဂီသအမည်ရတဲ့လူငယ်ဟာ သုံးနှစ်အလွန်က လူသေရဲ့ခေါင်းခွံကိုပင် လက်သည်းဖျားနဲ့ခြစ်ပြီး ခေါက်ကြည့်ရုံနဲ့အဲဒီလူဘယ်ဘ၀ရောက်နေတယ်ဆိုတာ
ကို ပြောနိုင်သတဲ့။အဲဒီတော့ပုဏ္ဏားလူလည်တွေက``ဒီကောင်ကိုပြပြီးလုပ်စားလို့
ရတယ် ( သက္ကာ ဣမံ နိဿာယ လောကံ ခါဒိတုံ )လို့ ကြံပြီးဝါဒဖြန့်လိုက်တာ ``အင်္ဂီသနဲ့တွေ့ရင်ဝင်ငွေလာဘ်တိုးရုံမျှမက သေရင်နတ်ပြည်ရောက်တယ်´´ဆိုတဲ့အထိပဲ။တစ်ထောင်ဆိုလည်း ရော့၊ တစ်သောင်းဆိုလည်း အင့်လို့ဆိုပြီး ပေးလာတဲ့ လူတွေထဲမှာ မင်းမှုးမတ်နဲ့သူဋ္ဌေးတွေ ရှေ့ဆုံးကပါသတဲ့။ ဗုဒ္ဓနဲ့တွေ့တဲ့အခါ ဗုဒ္ဓက ၀င်္ဂီသကို ဦးခေါင်းခွံတစ်ခုပေးပြီး ဟောခိုင်းတယ်။ ၀င်္ဂီသကလက်ခြစ်ခေါက်
ကြည့်ပြီး ``ဒီခေါင်းပိုင်ရှင်က ငရဲမှာ´´လို့ဖြေတော့ ဗုဒ္ဓက ``ကောင်းစွ၊ မင်းမြင်တာမှန်တယ် ( သာဓု သုဒိဋ္ဌံ တယာ )( အံ-ဋ္ဌ ၁၊ ၂၀၉ )´´လို့မိန့်တော်မူတယ်။
ဝင်္ဂီသဆီမှာလူတွေတရုန်းရုန်းဖြစ်ရတာဟာ သေသူတွေရဲ့ရောက်ရာဘ၀ကိုပြောနိုင်တာအပြင်တမလွန်မှာရှိနေတဲ့သေပြီးသူတွေနဲ့ သေသူအကြားရှိခဲ့တဲ့လျှို့ဝှက်ကိစ္စနဲ့ပါတ်သတ်ပြီး လူအများယုံကြည်လောက်အောင် ပြောပြနိုင်တာတွေ
ကြောင့်လည်း ဖြစ်ဖွယ်ရှိတယ်။ ဗုဒ္ဓကတောင် ၀င်္ဂီသဖြေတာမှန်တယ်လို့ မိန့်တော်မူပုံထောက်ရင် သူ့စွမ်းရည်ဟာ မခေဘူး။ ကျမ်းဂန် ( အပဒါန၊ ဋ္ဌ ၂၊ ၂၅၄ ) မှာတော့ ဝေဒကျမ်းလာ ``ဆ၀သီသ မန္တာန်´´ကိုတတ်လို့ အဲဒီလိုဟောနိုင်တာ
လို့ သာမာန်ပဲဆိုတယ်။ အဲဒီမန္တာန်ကဘာ၊ ဘယ်လိုစီရင်ရတယ်ဆိုတာ မဖော်ပြဘူး။ ၀င်္ဂီသဟာ သူ့စွမ်းရည်ကို သက်မွေးကျောင်းအတွက် အသုံးချခဲ့တာပဲ။
ယနေ့ခေတ်မှာလည်း ကမ္ဘာတစ်လွှား ``အကြားအမြင်ရ ကြားခံလူ (psychnic medium) ´´လို့ခေါ်တဲ့ ၀င်္ဂီသလိုလူတွေရှိကြတယ်။ ဒီဘက်ကမ္ဘာကခေတ်သစ် ၀င်္ဂီသတွေကတော့ သူ့တို့ရဲ့စွမ်းရည်ကိုလျော့မသွားအောင် ထိန်းသိမ်းထားပြီး
ကိုယ့်ကိုယ်ကို လူအများသိအောင် စာရေး၊ ရုပ်မြင်သံကြား၊ သတင်းမီဒီယာတွေနဲ့ ဆက်သွယ်ပြီးအဲဒီမွေးရာပါစွမ်းရည်ကိုမိမိတို့ရဲ့သက်မွေးဝမ်းကျောင်းဘ၀ထဲရောက်
အောင် ကြိုးစားကြတယ်။
ကမ္ဘာနဲ့အ၀ှမ်းနာမည်ကြီးသူတွေအနက် တစ်ဦးက နယူးယောက်မြို့သား ဂျွန် အက်ဒ်ဝပ် (John Edward)ဖြစ်ပါတယ်။ မွေးတုန်းကရိုမန်ကက်သလစ်၊ နောက်တော့
အဲဒီယုံကြည်မှုကိုစွန့်ခဲ့ကြောင်းသိရပါတယ်။ ဒီလူက ပရလောကသား
( သူ့အခေါ် outer side က ပုဂ္ဂိုလ် )တွေနဲ့ ဆက်သွယ်ပြီး စကားပြောနိုင်ပါသတဲ့။ ဒီလူရဲ့အကြားအမြင်ဟောပြောချက်ကို CNN မှာတွေ့ဖူးကြမှာပေါ့။
နောက်တစ်ဦးက သူ့ကိုယ်သူ ဂျွန် ဟော်လန် ( John Holland ) ဒီလူကတော့ သူ့ဆီကိုလာမေးတဲ့လူတွေကိုလည်း အခကြေးငွေယူပြီး ဟောပေးသတဲ့။ ၀ိညာဉ်တွေသူ့ဆီလာပြီး သူ့နားရွက်နားမှာ တိုးတိုးလေးကပ်ပြောတယ်လို့သူကဆို
တယ်။ ဒီလူတွေဟာဆယ်ခုမေးရင် ရှစ်ခုထက်မနည်းတော့ မှန်အောင်ဖြေနိုင်ကြသတဲ့။
သိပ္ပံပညာရှင်တွေက ``ဒီလူတွေဟာ သိပ်ပြီးတော့ sensitive ဖြစ်တယ်။ ( အမြင် အကြား အတွေးစတဲ့ အာရုံတွေသူများထက် အားကောင်းတယ် )´´လို့မှတ်ချက်ပေးရုံကလွဲပြီး အဲဒီလူတွေရဲ့စွမ်းရည်ကို သိပ္ပံနည်းနဲ့ မစမ်းသပ်နိုင်သေး
ပေမဲ့ CIA လိုထောက်လှမ်းရေးဌာနကတောင် ထိုလူတွေရဲ့စိတ်နဲ့ပုံဖော်တဲ့ တရားခံရဲ့ရုပ်သဏ္ဍာန်ကို အတည်ပြုရပါသတဲ့။
ဗုဒ္ဓ၀ါဒမှာ လူတစ်ချို့ကလွဲပြီး လူတိုင်းမတွေ့မြင်နိုင်တဲ့ တမလွန်ဘ၀မျိုးရှိတယ်ဆိုတာယုံကြည်တယ်။ ပုထုဇဉ်မျှသာဖြစ်တဲ့မာရ်နတ်က သောတာပန်အရိယယာဖြစ်တဲ့ ရှင်အာနန္ဒာရဲ့ နှလုံးအိမ်ကိုဖမ်းဆုတ်ထားတယ်။ (မုခေန ဟတ္ထံ ပဝေ
သေတွာ ဟဒယံ မဒ္ဒတိ၊ ဒီ-ဋ္ဌ ၂၊ ၁၄၅ )ဆိုတာကို ခေတ်ဝေါဟာရနဲ့ အဓိပ္ပါယ်ယူရင် အရှင်အာနန္ဒာကိုမရ်နတ်ကြီးက ၀င်ပူးတဲ့သဘောပဲ။ ဒါကြောင့်ဝင်ပူးတယ်ဆိုရင်လဲလက်ခံနိုင်ဖွယ်ရှိတယ်။ မရ်နတ်ကြီးလည်းသေလာအမည်ရှိတဲ့
ဘိက္ခူနီမရဲ့နားရွက်နားကို ကပ်ပြီး ``သိပ်ချောတာပဲ´´လို့ပြောတယ်။( သံ-၁၊ ၁၃၅ ) ဆိုတော့ မမြင်နိုင်သူ ပရလောကသားနဲ့ ဆက်သွယ်စကားပြောတယ်လို့ဆ်ုရင်ကော ငြင်းလို့သင့်ပါမလား။
ဒီနေရာမှာ သူသူငါငါတို့သတိထားရမှာက
၁။ နတ်ဝင်သည် သို့မဟုတ် အကြားအမြင်ရသည်ဆိုသူတွေအနေနဲ့ မလိမ်မညာဘူး။ ရိုးတယ်ပဲထား။ ၀င်ပူး ကပ်ပြောလာတဲ့ ပရလောကသားအများစုဟာ ပုထုဇဉ်တွေပဲဖြစ်ဖွယ်ရှိလို့ပြောတိုင်းမမှန်နိုင်ဘူးလို့မှတ်ထားပါ။
၂။ ဒါ့အပြင် ဘယ်လောက်ရိုးပါတယ်ပြောတဲ့ လူတွေတောင် နာမည်ကြီးလာတဲ့အခါ ရရှိတဲ့ အရှိန်အ၀ါနဲ့ စီးပွားဖြစ်ထွန်းမှုကို သာယာမက်မောပြီးအမှန်တစ်ပဲ အလွဲတစ်ပိဿာဖြစ်မှန်းမသိ ဖြစ်နေတတ်တယ်။
ဒါ့ကြောင့် နာမည်ကြီးလို့ဆိုပြီး မိမိရဲ့ဘ၀နဲ့ဓနကို ဘယ်တော့မှ အကြားအမြင်တွေစီမှာ ပုံမအောမိပါလေနဲ့။လိမ္မာမြင်သိပညာရှိ ဗုဒ္ဓ၀ါဒီဖြစ်ရင် အဲဒီလို အကြားအမြင်ဆရာတွေကို မျက်စိစုံမှိတ်ယုံကြည်ပြီး ရာထူးတက်မယ် သူဋ္ဌေးဖြစ်မယ်ဆိုတဲ့ အမျှော်စိတ်စွဲနဲ့ ၄င်းတို့နောက်လိုက်ရင်း အချိန်ကုန် လူပန်းဥစ္စာဖြုန်း နလပိန်းတုန်းမလုပ်ပဲ``ကံဆိုတာ အလုပ်၊ အလုပ်ကောင်းမှ ကံကောင်းမယ်´´ဆိုတာကို ဦးနှောက်ထဲ သံမှိုနှက်သလိုစွဲထားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရင်း ဇွဲ လုံ့လ ဆင်ခြေတုံတရား ထိုလေးပါးနဲ့သာ ဘ၀လောကဓံကို ကျော်လွှားဖို့ ကြိုးစားသင့်ပါကြောင်း။
အရှင်ကေလာသ(USA)
ဓမ္မအမေးအဖြေများ
No comments:
Post a Comment