Sunday, February 16, 2014

"ရာဂစရိုက်အားကြီးသူ၏ ကျင့်ထုံးဓလေ့"


အာရုံခံစားရာ၌ ခင်မင်မှုအားကြီးသော ရာဂစရိုက်အားကြီးသူ ဆိုပါအံ့။

၁။ အသွားအလာ အနေအထိုင် ယဉ်ကျေးသိမ်မွေ့၏။
နွဲ့နှောင်းသော ကိုယ်နှုတ်အမူအရာ ရှိချေ၏။
ညှို့ဓာတ်အပြည့်ပါသော အသံ, ဟန်တို့နှင့်သာ ဆက်ဆံလေ့ရှိတတ်၏။

၂။ တံမြက်လှည်းမှု, အဝတ်လျှော်-ချုပ်-ဆိုးမှု, ဝတ်စားတန်ဆာ ဆင်ယင်ထုံးဖွဲ့မှု စသည့်ပြုဖွယ်ကိစ္စမှန်သမျှ သေသပ်ကျနလှ၏။ အထားအသိုမှန်သမျှ လှပအောင် ပြင်ဆင်မွမ်းမံလျက် ထားတတ်၏။

၃။ အစားအသောက် သုံးဆောင်ရာ၌ကား ချိုဆိမ့်မွှေးကြိုင်သော အရသာမျိုးတို့ကို ရွေးချယ်စားသုံးလေ့ ရှိတတ်၏။ ခြင်ဆီအားကို တွန်းအားပေးတတ်သည့် အစားအသောက်ကိုကား အထူးမက်မောခုံမင်စွာ အားကိုးပြု စားသုံးတတ်ချေသေး၏။
စားသောက်သောအခါတွင်ကား ကြောင်စားသကဲ့သို့ပင် အနည်းအကျဉ်းမျှသာ စားသုံးတတ်၏။ အတော်အသင့် ကောင်းမွန်သော အရသာမျိုးကို အားရတင်းတိမ်ခြင်း မရှိချေ။ ထို့အတူ အတော်အသင့် ကောင်းမွန်သော ပစ္စည်းမျိုးကိုလည်း အားရတင်းတိမ်ခြင်း မရှိချေ။ အတော်အသင့်ကောင်းမွန်သော အစားအသောက်ကိုကား ဇီဇာကြောင်သည်ကသာ များလှ၏။ ၄။ ကြည့်ရှုပုံသဘာဝ အားဖြင့်သော်ကား အတော်အသင့် သာယာလှပသော အဆင်းအသံစသည် အာရုံမျိုးသော်မှလည်း စွဲစွဲလမ်းလမ်းဖြင့် မခွာချင်လောက်အောင်ပင် အရသာခံ ကြည့်ရှုသာယာတတ်ချေ၏။ သမင်လည်ပြန်ကဲ့သို့လည်း လွန်ခဲ့ပြီးအာရုံကိုပင် နောက်သို့လှည့်ကာ လှည့်ကာဖြင့်လည်း ကြည့်ရှုသာယာတတ်ချေသေး၏။ ရင်ဆိုင်တွေ့ရာ၌ ညှို့မျက်လုံးကို အများဆုံး အသုံးပြုတတ်၏။

၅။ ကိုယ်နှုတ်အမူအကျင့်နှင့် စိတ်နေသဘောထားကား ပရိယာယ်မာယာလည်း အလွန်ကြွယ်၏။ ဟန်ဆောင်ခြင်း, ကောက်ကျစ်စဉ်းလဲခြင်းလည်း များလှ၏။ မာနကြီးသလောက် ရမ္မက်လည်း အလွန်ထူပြောလှ၏။ အာရုံဆန်းများကို အလွန်အမင်း နှစ်သက်တတ်၏။ လက်ထဲရောက်ပစ္စည်း မည်မျှပင်ကောင်းပစေဦး အသုံးကြာလျှင် ရိုးတာ၍သွားတတ်ပြီး အခြားသူ၏လက်ဝယ်ရှိ ပစ္စည်းညံ့နှင့် လဲလှယ်၍ အသုံးပြုတတ်၏။ အခြားလက်ဝယ်ရှိ ပစ္စည်းကိုကား မည်မျှပင်ညံ့ပစေဦး တွေ့တွေ့ချင်း သာယာတတ်ချေသေး၏။ မိမိလက်ဝယ်ရှိ ပစ္စည်းကောင်းနှင့် လဲလှယ်ဖို့ ဝန်မလေးတတ်ချေ။

ဤကား ရာဂအားကြီးသူ၏ ကျင့်ထုံးတည်း။ မိမိနှင့် သူတစ်ပါးတို့၏ စရိုက်ကို ကိုယ်တိုင် ခန့်မှန်းစစ်ဆေးနိုင်ပါသည်။ကမ္မဋ္ဌာန်း ၄၀ ထဲမှ မိမိတို့စရိုက်အသီးသီးနှင့် သင့်တော်သော ကမ္မဋ္ဌာန်းများကို့ ရွေးချယ်တတ်ရန် လိုပါသည်။


(မဟာဗောဓိမြိုင်ဆရာတော်၏ စရိယာဒါသကထာ မှ ကောက်နုတ်ဖော်ပြသည်။)

No comments:

Post a Comment