Friday, February 14, 2014

အာလူးမျှင် ကြွပ်ကြွပ်ရွရွကြော်







အာလူးကို အမျှင်လိုက် ကြွပ်ကြွပ်ရွရွ လေးဖြစ်အောင် လုပ်စားချင်သူ၊ အမြည်းလုပ်ချင်သူ ၊ (ရေနွေးကြမ်းနဲ့ပြောတာပါ) မြည်းဖို့အတွက် ကြော်နည်းကို ဖော်ပြပါမယ်နော်..

ခုလို အသည်းပုံ စတော်ဘယ်ရီသီးလေးတွေ အလှဆင်မယ်ဆိုရင်တော့ ပန်းကန်ပြား တစ်ချပ်ထဲမှာ စတော်ဘယ်ရီ ပါးပါးလှီးထားတာလေးတွေကို အသည်းပုံဖြစ်အောင် စီပြီး ပြင်ထားပါတယ်။

ထို့နောက် အာလူး ၂ လုံး သို့မဟုတ် ၃လုံးကို အခွံခွာပြီး ရေဆေးကာ သင်္ဘောခြစ်နဲ့ ခြစ်ပါတယ်။ ခြစ်ထားတဲ့ အာလူးမျှင်လေးတွေကို ဆားနဲ့နယ်ပြီး ရေစင်အောင်ဆေး၊ ရေညှစ်ပြီး စစ်ထားပါမယ်။ ဒီမှာတော့ ဥနီကိုလည်း ပါးပါးမျှင်မျှင်ခြစ်ပြီး အာလူးနဲ့ ရောကြော်ထားပါတယ်။ ဥနီကတော့ မထည့်လည်း ရပါတယ်။ ကြိုက်ရင်တော့ ဥနီကိုလည်း ပါးပါးခြစ်ပြီး ထည့်နိုင်ပါတယ်။ ရေစစ်ပြီးသွားတဲ့ အာလူး၊ ဥနီတို့ကို အရသာမှုန့်၊ ငရုပ်ကောင်းမှုန့်တို့နဲ့ နယ်ပါတယ်။ ဆားကိုတော့ ထည့်ဖို့ လိုမလို မြည်းကြည့်ပြီးမှ လိုရင်ထပ်ထည့်ပါ။ အာလူးကို ဆားနယ်ပြီး ရေဆေးထားတာမို့ အာလူးမှာ ဆားအရသာဝင်ပြီးသား ဖြစ်နေပါတယ်။ ဒီတစ်ခေါက်မှာတော့ ပူစီနံရွက်ကို ထည့်ကြော်ပါတယ်။ ရေဆေးပြီး ပူစီနံရွက်လေးတွေကို ဘေးနားမှာ အဆင်သင့်ပြင်ထားပါတယ်။ ပူစီနံမရှိရင် ကြက်သွန်မြိတ်ကို ပါးပါးရှည်ရှည် လှီးထည့်နိုင်ပါတယ်။ အစပ်ကြိုက်ရင် ငရုပ်သီးခြောက်များများကို ပါးပါးလှီးထည့်ပါတယ်။ ငရုပ်သီးအခြောက်မရှိရင် အစိမ်းကို ပါးပါးလှီးထည့်ပါတယ်။

ထို့နောက် အိုးထဲကို ဆီထည့်ပြီး ဆီပူလာရင် အာလူးများထည့်ကြော်ပါမယ်။ (ဒီနေရာမှာ အချို့က အာလူးတွေ ကြော်ရင်းတစ်ခုနဲ့တစ်ခု ကပ်ပြီး လုံးသွားတယ်လို့ ပြောကြပါတယ်။ ) အဲဒီလို မဖြစ်အောင် အာလူးကို နည်းနည်းချင်း ထည့်ကြော်ရင် အာလူးတွေ ကပ်မသွားပဲ ခပ်မျှင်မျှင် အချောင်းလိုက်လေးအတိုင်း ကြွပ်ကြွပ်ရွရွလေး ဖြစ်လာမှာမို့ တစ်ခါကြော်ရင် အာလူး ခပ်နည်းနည်းစီ ကြော်ပါမယ်။ ပူစီနံရွက်ကိုလည်း တစ်ခါကြော်တိုင်း နည်းနည်းစီ ထည့်ကြော်ပါတယ်။ ကြော်နေတဲ့အခါမှာ အာလူးတွေ ကပ်မသွားအောင်လည်း အဆက်မပြတ် မွှေပေးပါမယ် .. အာလူးတွေ ဝါရွှေရောင်သန်းလာရင် ခူးပြီး ဆီစစ်ထားပါမယ်။ ပြီးရင် ကျန်တဲ့ အာလူးတွေကို ထပ်ကြော်ပါမယ်။ ထိုကဲ့သို့ အာလူးများကို အနည်း အများပေါ်မူတည်ပြီး ၄ကြိမ် ၅ကြိမ်ခန့် ခွဲပြီး ကြော်ပေးရင် အာလူးတွေ လုံးဝ ကပ်မသွားပဲ အဆင်ပြေပြေ ကြော်နိုင်ပါလိမ့်မယ်..

ကျက်ပြီး ကြွပ်ရွနေတဲ့ အာလူးမျှင်ကြော်လေးတွေကို စောစောက စတော်ဘယ်ရီသီးနဲ့ အလှဆင်ထားတဲ့ ပန်းကန်လေးထဲကို နည်းနည်းချင်းစီ မိမိလိုချင်တဲ့ ပုံစံလေးဖြစ်အောင် ထည့်ပြီးရင်တော့ အချဉ်ရည် လေးနဲ့ဖြစ်ဖြစ် ၊ ရေနွေးကြမ်းနဲ့ဖြစ်ဖြစ် ၊ မိမိနှစ်သက်ရာနဲ့ လည်းကောင်း တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

မနက်ဖြန်မှ တင်ပေးမလို့ပေမဲ့ တကယ်လို့များ တစ်စုံတစ်ယောက်ကို ဒီနေ့ ကြော်ကျွေးချင်ပါတယ်ဆိုရင် ကျွေးလို့ရအောင် ဒီနေ့ပဲ တင်ပေးလိုက်ပါတယ်နော်
အားလုံး အဆင်ပြေကြပါစေ…:)

Shared from အစိမ်းရောင် လွင်ပြင် (FB)

No comments:

Post a Comment