Wednesday, February 19, 2014

ကိုယ့်အိမ်ကိုယ့်ယာ


သူ့ ရွက်ဖျင်တဲ၊ မီးဖိုရဲ၌
ဒိန်ခဲတစ်မြုံ့ ၊ ပေါင်မုန့် တစ်ကိုက်
ဝိုင်တစ်ကျိုက်ကို
အမြိုက်စည်းစိမ်၊ ငါမမြိန်။

သူတို့ ဘာသာ၊ သူတို့ လျှာနှင့်
ရသာတွေ့ မည်၊ မှန်ပေသည်တည့်။

ငါ့ထန်းရွက်တဲ၊ ဘူးစင်တဲ၌
လျှာစွဲမြက်မြက်၊ တသက်သက်နှင့်
လက်ဖက်တရိုး၊ ထန်းလျက်တစ်အိုး
ရွှေချိုးတကူ၊ ထန်းရေအိုးတစ်မြူ
ခြူသံလှည်းယဉ်၊ ပူပန်လည်းမမြင်
နေ၀င်မိုးချုပ်၊ ယာအလုပ်နှင့်
ပဲပြုတ်တစ်လွေး၊ ရေနွေးတစ်အိုး
ရပ်ဆွေမျိုးတို့ ၊ ဗျိုးသံဗျာသံ
တညံညံနှင့်
ကံပေးသမျှ၊ ရောင့်ရဲကြသည်
ဘ၀စည်းစိမ်၊ မြတ်နိုးမြိန်၏
ကိုယ့်အိမ်ကိုယ့်ယာ၊ ကိုယ့်အရသာတည့်။


တင်မိုး
၈-၂-၉၁
နံနက်ခင်း
ပန်းချီ ကာတွန်းစောမင်းဝေ

No comments:

Post a Comment