Wednesday, August 27, 2014

စိတ်ချမ်းသာချင်ရင် ရင်ထဲမှာ “အရဟံစေတီ” နေ့တိုင်း တည်


အရဟံဂုဏ် ပွားနေရင် ကိုယ့်ရင်ထဲမှာ “အရဟံ စေတီ” တည်လိုက်တာပါ။ အောက်ခြေ ပလ္လင်ကို “သီလ”နဲ့တည်ပါမယ်။
အလယ်ပစ္စယံ၊ အထက်ပစ္စယံ ကို “ဂုဏ်တော် ဘာဝနာ”နဲ့ တည်ပါမယ်။ ထီးတော်ကိုတော့ “ဝိပဿနာ”နဲ့ တင်လိုက်မယ်ဆိုရင်
ကိုယ့်ရင်ထဲမှာ ကြည်နူးဖွယ်ရာ အရဟံစေတီ တစ်ဆူ ရှိနေတော့တာပါ။

ကိုယ့်ရင်ထဲမှာ အရဟံစေတီ တည်ထားရင် ကိုယ့်ကိုယ်ကိုယ်လည်း ကြည်ညိုရသလို၊ အများကလည်း ကြည်ညိုရတာ အကျိုးရှိပါတယ်။
အပြင်မှာလည်း ကုသိုလ်ဖြစ်ဖို့အတွက် စေတီတည်ရမှာပါပဲ။
ဒါပေမဲ့ အပြင်မှာတည်တဲ့ စေတီက ပိုက်ဆံရယ်၊ လူအင်အားရယ်၊ မြေရယ်၊ အချိန်ရယ် အများ ကြီးပေးရပါတယ်။

ရင်ထဲက အရဟံ စေတီကတော့ “ဘုရားကို ကြည်ညိုစိတ်ရယ်၊ အချိန်တစ်ခု” ရယ်ပါပဲ။ အလုပ် လုပ်ရင်း တည်မယ်ဆိုရင် အချိန်တောင်
သီးခြား မကုန်ပါဘူး။ အပြင်မှာ စေတီ မတည်နိုင်လို့ ဘာမှအားငယ်စရာ မလိုပါဘူး။ ရင်ထဲမှာ အရဟံစေတီ တည်ပြီး “ကုသိုလ်”ယူလို့ ရပါတယ်။

စေတီတည်ပြီးတဲ့အခါ ထီးတော်တင်ပွဲဆိုပြီး အိမ်မှာ ဘုန်းကြီးပင့် ဆွမ်းကပ်၊ လူ ဧည့်သည်တွေကို ဧည့်ခံလို့ ရပါသေးတယ်။ ဧည့်သည်တွေက စေတီဘယ်မှာလဲဆိုရင် ရင်ထဲမှာလို့ ပြောလိုက်ရုံပါပဲ။ ဘယ်လို တည်သလဲလို့ မေးလာရင် တည်ပုံ
တည်နည်းတွေကို ပြောပြလိုက်ရင် ဓမ္မဒါန ကုသိုလ်တောင်
ထပ်ရပါသေးတယ်။

ဘာပဲပြောပြော ရင်ထဲမှာ အရဟံ စေတီ တည်ထားရင် စိတ် အေးချမ်းနေတာပါပဲ။ စိတ်ချမ်းသာချင်ရင် ရင်ထဲမှာ “အရဟံစေတီ” နေ့တိုင်း တည်နေဖို့ပါပဲ။

-【ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

အထုပ်တစ်ထုပ်က ပေးတဲ့သင်ခန်းစာ


အာရုံတက်ပြီဖြစ်၍ဆွမ်းခံသွားရပါမည်။ ထို့ကြောင့်ယောဂီသည် သပိတ်သင်္ကန်းကို သတိ သမ္ပဇဉ်ဖြင့် ပြင်ဆင်ပါသည်။ ဆွမ်းခံရွာကားအိမ်ခြေနည်း၍ လူဦးရေလည်း မထူထပ်ပါ။ တောရကျောင်းမှ အသွားအပြန် တစ်နာရီခရီး ဖြစ်သဖြင့် ယောဂီအတွက် ဂေါစရသပ္ပါယ မျှတပေသည်။
နေ့စဉ်ဆွမ်းခံရွာအသွာူအပြန်တောလမ်းနှင့် လယ်ကန်သင်း ရိုးသည်ကားယောဂီ၏ နိစ္စဒူဝစင်္ကြန်ကမ္မဌါန်း ရှုပွားရာ လမ်းပင် ဖြစ်ပေသည်။
စင်္ကြန်လမ်းတစ်လျောက်၌ နေ့စဉ်နေ့တိုင်းပင် ယောဂီသည် လမ်းလျောက်စဉ်ဖြစ်ပေါ်နေသည့် မိမိခန္ဓာကိုယ်တစ်ခုလုံးမှ ပြောင်းလဲဖြစ်ပေါ် နေသည်များကိုသိရင်းဤလမ်းအား လျောက်နေခဲ့ သည်မှာ နေ့ပေါင်းများစွာရှိခဲ့ပါပြီ။

တစ်နေ့ဆွမ်းခံအပြန်လမ်းခုလတ်လယ်ကွင်း တစ်ခု၏ ကံပေါင်ရိုးပေါ်အရောက်၌ ပံ့သကူ သင်္ကန်းတစ်ထုပ်ကို ရရှိခဲ့လေသည်။
အပ်စပ်သော ပံ့သကူ သင်္ကန်းထုပ်ဖြစ်၍ ယောဂီကောက်ယူခဲ့မိပါသည်။
ထိုအထုပ်ကောက်ယူပြီးသည့်နောက် ဆွမ်းခံအပြန်လမ်း တွင်ကား အထုပ်ကို အကြောင်းပြု၍ ယောဂီသဏ္ဌန်၌ အတွေးများ စတင်ဝင်ရောက်နေရာယူလာပါ တော့သည်။
"ထိုသင်္ကန်းအရောင် မည်သို့နည်း...
ထိုသင်္ကန်းတိုက်က အသို့နည်း…
နည်း…နည်း…နည်း..…………

ထိုသင်္ကန်းသည်ပိတ်သင်္ကန်းလော…
ထိုသင်္ကန်းသည် စီဝိုင်စီ သင်္ကန်းလော…
ထိုသင်္ကန်းသည် ဖြတ်ချုပ်လော… ထိုသင်္ကန်းသည် ထပ်ချုပ်လော…
လော…လော…လော………

ထိုသင်္ကန်းသည် မိမိလက်ရှိသင်္ကန်းထက် ပို၍ ကောင်းမည် ထင်သည်။ အသားထူလျင်ဆောင်းတွင်းမှာ ပို၍ အဆင်ပြေစွာ
အသုံးပြု နိုင်လိမ့်မည်ထင်သည်။ သန့်ရှင်းသွားအောင် မရုံခင် တစ်ခါတော့ လျှော်ဖွတ်ရလိမ့်အုံးမည် ထင်သည်။
ထင် သည်…ထင် သည်…ထင် သည်…

ဤသို့မေးခွန်းများစွာ ထင်မြင်ယူဆချက်များစွာဖြင့် ယောဂီ၏ ကမ္မဌါန်းအာရုံ လွတ်သွားပါသည်။ လယ်နှစ်ကွက်ခြားသွားပါသည်။
လယ်သမားသည် လယ်ထွန်နေပါသည်။ ထိုလယ်သမား၏ ခွေမြီးတိုတစ်ကောင်သည် လယ်ကန်သင်း ပေါင်ပေါ်၌ထိုင်နေပါသည်။ ထိုလယ်ကန်သင်းသည် ယောဂီ၏ နေ့စဉ် တောရကျောင်းသို့ သွားရာလမ်းဖြစ်ပါသည်။ ထိုအချိန်၌ ဖြတ်ကူးနေကျဖြစ်ပါသည်။

လယ်ကွင်း၏ ကန်ပေါင်ရိုး အလယ်လောက် အရောက်တွင် အထုပ်ထဲ၌ ပါလာသော နာရီမှ နာရီနှိုးစက်သံ မည်လာပါသည်။ ထိုအခါလယ်သမားသည် ထွန်ထိုးနေသည်ကို နား၍ ယောဂီကိုကြည့်ပါသည်။ ခွေးသည် ရုတ်တရက် ထိုင်နေရာမှထ၍ ဟောင်ပါသည်။ ယောဂီ၌နာရီမရှိပါ။
"ဒီအထုပ်ထဲမှာသင်္ကန်းသာမက နာရီလည်း ပါသေးတာကိုး…နောက်ထပ်ဘာတွေပါ အုံးမလဲ…ဓာတ်ခဲနာရီလား…စက်နာရီလား…
ခါးပိုက်ဆောင် နာရီလား…စားပွဲတင် နာရီလား… "
သတိသမ္ပဇဉ်မဲ့စွာ လျှောက်နေသော ယောဂီ၏ ခြေလှမ်းများကို သိနေ၍လားမသိ။
ခွေးသည် အဆက်မပြတ် ဟောင်မြဲဟောင်နေ ပါသည်။

ခါတိုင်းယောဂီသည် တောင်ခြေ၌ ခေတ္တနားသည်။ ထို့နောက်ခြေထောက်ဆေးသည်။ ပြီးမှတောင်ပေါ်ကျောင်းသို့ တက်ပါသည်။
ယနေ့ ယောဂီသည် တောင်ပေါ်ရောက်မှ ခြေထောက်မဆေးပဲ တက်လာမိသည်ကို သတိရလိုက်မိသည်။
တောင်ခြေ၌မနားခဲ့ရသဖြင့် မောနေသော မိမိ၏ အဖြစ်ကို ယောဂီမသိလိုက်တော့ပါပြီ။ ယောဂီသည်တောရ ကျောင်းသို့ယနေ့ ကမ္မဌါန်း သတိဖြင့် ရောက်မလာဘဲအထုပ် ဖြင့်ရောက်လာခဲ့ ပေပြီ။
အထုပ်ရလာသည့်အချိန် မှစ၍ ကမ္မဌါန်းလွတ်ကာ ကိလေသာ တို့ဖြင့် ပြီးသော၊ လိုချင်သည့် လောဘ တို့ဖြင့် ထုံမွှန်းသည့် အတွေးပေါင်းစုံဖြင့် သတိ လက်လွတ် ဖြစ်ခဲ့ရပါသည်။

ယောဂီဆင်ခြင်မိပါပြီ။ လိုချင်သည့်စိတ် မဖြစ်ပေါ်ခြင်းမှာ လိုချင်စရာအာရုံနှင့် ပက်ပင်း မတွေ့သေး၍သာ ဖြစ်ပါသည်။
ထို့အတူ ဒေါသ မာန ဣသာ မစ္ဆရိယ အစရှိ သောမိမိ၌ အနုသယအနေဖြင့် ကိန်းနေသော ကိလေသာအပေါင်း သည်လည်း ဖြစ်ပေါ်စရာအာရုံ ဖြစ်စရာအကြောင်းနှင့် မဆုံ၍သာ မဖြစ်ပေါ်သေး သည်သာဖြစ်ကြောင်း။ သတိတစ်ချက်လွတ်လိုက်သည်နှင့်အချိန်မရွေး ဖြစ်နိုင် သောကိလေသာ၏သဘာဝကို အထုပ်ကို အကြောင်းပြု၍ နားလည်ခွင့်ရခဲ့ပါသည်။

ယောဂီခြေ ထောက်ကိုဆေးပြီးနောက် ကမ္မဌါန်း ကျောင်း အတွင်းသို့ဝင်ပါသည်။
ပုခုံးပေါ်မှ သားရေနွယ်ကို ကြမ်းပြင်၌ ခင်းလိုက် ပါသည်။တင်ပလ္လင်ခွေထိုင်၍ အနားယူသကဲ့သို့ မိမိကိုယ်ကို သက်တောင့်သက်သာ ဖြေလျှော့ လိုက်ပါသည်။
ကိလေသာအရှိန်တို့ဖြင့် မငြိမ်မသက် ဖြစ်နေသော မိမိ၏စိတ်အား ယောဂီဂရုပြုမိလိုက်သည်။ ပြောင်းလည်းလှုပ်ရှားနေသော စိတ်၏ သဘာဝကို ယောဂီစိတ်ဝင်တစား လေ့လာနေမိသည်။ သုတေသနပြုနေသကဲ့သို့ ကမ္မဌါန်းအာရုံကို စဉ်ဆက်မပြတ်သိနေရင်း ကမ္မဌါန်းအားထုတ်သော ဖြစ်စဉ်တစ်ခု စတင်အသက်ဝင်လာခဲ့ပါသည်။

နောက်တစ်နေ့၌ စွန့်ပစ်မည်ဖြစ်သော ပံ့သကူသင်္ကန်း အထုပ်သည် ဖွင့်မည့်သူမရှိဘဲ အခန်းတောင့်တွင် ငြိမ်သက်စွာရှိနေပါတော့သည်။

အလွန်သိမ်မွေ့၍ မြင်နိုင်ခဲသော၊ အလိုရှိရာ အာရုံ၌ ကျရောက်လေ့ရှိသောစိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။ စောင်ရှောက်ထားသောစိတ်သည် ချမ်းသာကို ဆောင်ပေး တတ်၏။
(စိတ္တာဝဂ်-ဓမ္မပဒ)

အရှင်ခေမာနန္ဒ(ရန်ကင်းတောရ ) {ဆရာတော်၏ ဤခရီးနီးလာပါသည် စာအုပ်မှ ကောက်နှုတ် ကူးယူပူဇော်ပါသည်။}
မိတ်ဆွေများတရားအသိတိုးနိုင်ကြပါစေ။

မေတ္တာဖြင့်
ဆရာတော် အရှင်ခေမာနန္ဒ-ရန်ကင်းတောရ
Shared from Dr Pe Thet Tun (FB)

ဝိနည်းနှင့်အညီ လှူတတ်စေ


အရှင်ဇနကာဘိဝံသ ဆဆရာတော်ကြီး
----------------------------------------

ဝိနည်းနှင့်အညီ လှူတတ်စေ
----------------------------

အများအားဖြင့် မြန်မာဗုဒ္ဓဘာသာဝင်တို့သည် အမိအဖတို့က ဗုဒ္ဓဘာသာကိုးကွယ်၍ မိမိတို့လည်း လိုက်ပါကိုးကွယ်ကြခြင်း ဖြစ်ပါသည်။ စင်စစ် ဤသည်မှာ သဘာဝကျပါ၏။ ငယ်နုစဉ်အရွယ် ကလေးသူငယ်ဘဝတွင် ဘာသာတရားကို မည်သို့ စိစစ်ရွေးချယ်နိုင်ပါမည်နည်း။ မိဘတို့ကိုးကွယ်သော ဘာသာတရားကိုပင် မိမိတို့လည်း လိုက်ပါကိုးကွယ်ကြခြင်း ဖြစ်ပါ၏။ ဤသည်ကိုပင် မိရိုးဖလာဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုကြသည်။

အားလုံးမှာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဖြစ်က စကြရသည်ချည်း ဖြစ်၏။ သို့တစေ အတန်အသင့် အရွယ်ရလာ စာဖတ်တတ်လာသော အရွယ်သို့ရောက်သောအခါ မိမိတို့ကိုးကွယ်ရာဘာသာတရားနှင့် စပ်လျဉ်း၍ သိသင့်သိထိုက် သိအပ်သည်တို့ကို လေ့လာသူများနှင့် ထိုသို့ လေ့လာရကောင်းမှန်းမသိသူများဟူ၍ အုပ်စုနှစ်အုပ်စု ခွဲထွက်လာသည်။ မိမိကိုးကွယ်ရာဘာသာတရားကို လေ့လာရကောင်းမှန်းမသိ လေ့လည်းမလေ့လာသူများသည် သာမန်မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဖြစ်မှ မတက်လှမ်းနိုင်တော့ပေ။ အချို့သည် အမည်ခံ ဗုဒ္ဓဘာသာဝင်ဟု ဆိုရမတတ်ပင်။ ဘာသာရေးနှင့်ပတ်သက်၍ တန်ဖိုးထားရကောင်းမှန်း လေ့လာရကောင်းမှန်းမသိဘဲ စိမ်းဝေးနေကြပေသည်။

မိမိကိုးကွယ်ရာဘာသာတရားကို တကယ်တမ်းစိတ်ဝင်စားပြီး သိရှိလိုသူများကမူ ဓမ္မစာပေများကို ဖတ်ရှု၏။ ဆရာတော်ကြီးများ၏ တရားတော်များကို နာကြား၏။ ထိုသူတို့မှာ သာမန်မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဆင့်မှ မိရိုးဖလာလွန် ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ရောက်ရှိရန် အားထုတ်နေသူများ ဖြစ်ပါ၏။

စင်စစ်သော် ကိုးကွယ်ရာဘာသာတရားဟူသည် လေ့လာအပ်သောအရာဖြစ်၏။ မိရိုးဖလာဘာသာဟုဆိုကာ ဝတ်ကျေတမ်းကျေ ကိုးကွယ်ရုံသက်သက် ကိုးကွယ်ရမည့်အရာ မဟုတ်ပေ။ သဒ္ဓါနှင့် ပညာယှဉ်ပြီးမှ ဘာသာတရားတစ်ရပ်ကို နည်းမှန်လမ်းမှန် ကိုးကွယ်တတ်ပေလိမ့်မည်။ သဒ္ဓါတရားသက်သက်ချည်းမူ မလုံလောက်ပါ။ သဒ္ဓါတရားဟူသည်မှာလည်း ပညာနှင့်မယှဉ်လေသမျှ သဒ္ဓါအစစ် သဒ္ဓါအမှန်မဟုတ်ပါ။ ပညာနှင့်ယှဉ်မှသာ သဒ္ဓါစစ်သဒ္ဓါမှန် ဖြစ်နိုင်ပါသည်။ ပညာနှင့်ယှဉ်သော သဒ္ဓါစစ်သဒ္ဓါမှန်ဖြင့် ဆောင်ရွက်မှသာ ပြုလေသမျှ ဘာသာရေးကိစ္စများသည် အကျိုးရှိရှိ အရာထင်ထင် ဖြစ်ပေလိမ့်မည်။

ပညာဟူသည် သိသင့်သိအပ်သည်တို့ကို သိရှိခြင်းပင်ဖြစ်ပါသည်။ သိသင့်သိအပ်သော အသိကို အခြေမခံဘဲ ဒါနမှုပြုလျှင် ထိုဒါနမှာ အမြတ်စားဒါန မဖြစ်နိုင်။ ထို့အတူ သိသင့်သိအပ်သော အသိကို အခြေမခံဘဲ သီလဆောက်တည်လျှင်လည်း အမြတ်စားသီလ မဖြစ်နိုင်။ ဘာဝနာအားထုတ်ရာတွင်လည်း ထို့အတူပင် ဖြစ်ပါ၏။

ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အား ဆီမီး ရေချမ်း ပန်း ဆက်ကပ်လှူဒါန်းလေ့ရှိပါသည်။ဆွမ်း ဘောဇဉ် ခဲဖွယ်ချိုချဉ် အသီးအနှံတို့ကိုလည်း ကပ်လှူလေ့ရှိပါသည်။ ထိုသို့ ဆက်ကပ်လှူဒါန်းရာ၌ ရဟန်းတော်များကို ဝိနည်းနှင့်အညီ ဆက်ကပ်လှူဒါန်းသကဲ့သို့ ဆက်ကပ်လှူဒါန်းသင့်ပါသည်။

အချို့သည် ဘုရားကျောင်းဆောင်တွင် ဘုရားရှင်အား သစ်သီးများကို အလုံးလိုက် နေ့ညမရွေး ဆက်ကပ်လှူဒါန်း ထားလေ့ရှိပါသည်။ အမြင်ပသာဒ လှပရေးကိုသာ ပဓာနထားပြီး မိမိ၏ လှူဒါန်းမှုသည် ဝိနည်းနှင့် လျော်ညီခြင်းရှိ မရှိ စဉ်းငယ်မျှပင် စဉ်းစားမှုမပြု အချို့ကလည်း သာသနာပွဲဟုဆိုကာ အုန်းသီး ငှက်ပျောသီးစိမ်းများကို ဘုရားရှင်အား ထာဝစဉ် ဆက်ကပ်ထားလေ့ရှိ၏။ အချို့ကမုန့်များကို အထုပ်လိုက် ဆက်ကပ်တတ်ပြီး အချို့က အချိုရည်ပုလင်းများကို ပုလင်းမဖွင့်ဘဲ ဆက်ကပ်ထားလေ့ရှိ၏။ ဤသည်မှာ ဆွမ်းခဲဖွယ်ဘောဇဉ်ဆိုင်ရာ ဝိနည်းကို နားမလည်ရုံမျှမက ဘုရားရှင်ကို သက်ရှိထင်ရှားသဘောထားပြီး ကိုးကွယ်မှု မပြုတတ်သောကြောင့် ဖြစ်ပါ၏။

ဥပမာအားဖြင့် မိမိ၏နေအိမ်သို့ သံဃာတော်များအား ပင့်ဖိတ်၍ ဆွမ်းခဲဖွယ်လှူဒါန်း၏ သစ်တော်သီး ပန်းသီး စသည်တို့ကို မခွဲခြမ်းမစိတ်မဖြာဘဲ အလုံးလိုက်ဆက်ကပ်မည်လော။ အချိုရည်ပုလင်းကို ဘူးအဖုံးမဖွင့်ဘဲ ဆက်ကပ်မည်လော။ မုန့်အထုပ်ကို မဖွင့်ဖောက်ဘဲ အထုပ်လိုက်ဆက်ကပ်မည်လော။ မိမိတို့ကိုးကွယ်ရာ သံဃာတော်အရှင်မြတ်ကိုပင်လျှင် ထိုသို့ ဆက်ကပ်လှူဒါန်း၍ မဖြစ်နိုင်ပါလျက် ဘုရားရှင်ကိုမူ သစ်သီးအလုံးလိုက် ဖျော်ရည်ပုလင်းလိုက် မုန့်အထုပ်လိုက် ဆက်ကပ်ထားခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်ပါ၏လော။

ဘုရားရှင်အား သစ်သီးဆွမ်းစသော ဆက်ကပ်လှူဒါန်းရာတွင် ဝိနည်းနှင့်အညီ လှူတတ်စေခြင်းငှာ ကျေးဇူးရှင် အရှင်ဇနကာဘိဝံသ ဆရာတော်ကြီးက လမ်းညွှန်သွန်သင်တော်မူခဲ့ပါ၏။

& ဖျော်ရည်ကပ်မူကိုပါ တစ်ဆက်တည်းဆိုရလျှင် ဖျော်ရည်ပုလင်းကိုဖောက်၍ ယင့်ကဲ့သို့သော ဖန်ခွက်ကြီးဖြင့်ပင် ထည့်ကပ်သင့်သည်။ ရဟန်းတော်များပင်လျှင် မဖောက်ဘဲ ပုလင်းကိုကပ်လျှင် မဘုဉ်းပေးကြ။

ဘုရားရှင်ကား ပိုမိုဣနြေ္ဒကြီးသူ ဖြစ်တော်မူရကား မည်သည့်နည်းနှင့်မျှ ပုလင်းလိုက်ဘုဉ်းပေးမည် မဟုတ်ပါ။ သစ်သီးများကိုလည်း အခွံနွှာစိတ်ပြီးမှသာ ကပ်သင့်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားရှင်သည် ရဟန်းတော်များအား ထမင်းကို လုံးဆုပ်၍ မစားသောက်ရဟု ပညတ်ထား၏။ ထို့ကြောင့် ဝိနည်းဂရုထားသောရဟန်းတော်များပင် စားဖွယ်ရာများကို ကိုက်ဖြတ်ဘုဉ်းပေးမှု မပြုကြပေ။ ဆရာသခင်ဘုရားကား မည်သည့်နည်းနှင့်မျှ အလုံးလိုက်ကပ်သော သစ်သီးများကို ကိုယ်တော်တိုင် ခွဲစိတ်ဘုဉ်းပေးလိမ့်မည် မဟုတ်ပေ။

ထို့ပြင် အချို့အသီးအနှံများကို လူသာမဏေတို့ ကပ္ပိပေးမှ စားရသည်လည်းရှိ၏။ ထို့ကြောင့် သစ်သီးဆိုလျှင် ခွဲစိတ်၍ မုန့်ထုပ်ဆိုလျှင် ဖောက်ပြီး ပန်းကန်ထဲထည့်လျက်သာ ကပ်သင့်ပေသည်။ အလုံးလိုက် အထုပ်လိုက်ကပ်ခြင်းကား လူမြင်ကောင်းရုံ မရိုမသေပြုခြင်းသာ ဖြစ်ပေသည်။ ထို့ပြင်ရဟန်းတော်တို့အား လူတို့ ညနေဘက်စားသောက်သော စားဖွယ်ရာများကို နေမွန်းလွဲပြီး နောက်ပိုင်း၌ လက်ဖြင့်မကိုင်တွယ် မသုံးသပ်ရဟု ပညတ်ထားသောကြောင့် ညဘက်၌ သစ်သီးစသော စားဖွယ်ရာများတင်ထားသည်မှာ လုံးဝမသင့်လျော်ပါပေ။
--------------------------------------
အရှင်ဇနကာဘိဝံသ ဆဆရာတော်ကြီး
မင်းနန်-မော်ကျွန်း

ဗုဒ္ဓဘာသာဝင်အချို့ရဲ့အယူအဆအလွဲများ


ဓာတ်ရိုက်_ဓာတ်ဆင်_သမားတွေ... ဗေဒင်ယတြာယုံ၊ ဘိုးတော်ယုံကြသော ဗုဒ္ဓဘာသာဝင်အချို့ရဲ့အယူအဆအလွဲများ

မြတ်စွာဘုရားကို စပျစ်သီးမလှူနဲ့...
ပျက်စီးတတ်တယ်။
ဖရဲသီးမလှူနဲ့- ဖရိုဖရဲဖြစ်တတ်တယ်။
မာလကာသီးမလှူနဲ့- မာလကာ (သေဆုံး)သွားတတ်တယ်။
လိမ္မော်သီးမကပ်နဲ့- အလိမ်ခံရလိမ့်မယ်..
ပန်းသီးမလှူနဲ့- ကိုယ်စိတ် ပန်းတတ်တယ်။
နှင်းဆီပန်းမလှူရ - ဆူပါတဲ့နှင်းဆီပန်းကို လှူရင် အနှောင့်အယှက်တွေ့တတ်တယ်။
ကြာပန်းလှူရင် - ကြန့်ကြာတတ်တယ်လို့
ယူဆကြပြီး တစ်ချို့မလှူကြဘူး။ အဓိပ္ပါယ်မရှိတဲ့ အယူအဆတွေပါ။

စကာလုံးရဲ့ အသံထွက်အတိုင်းသာ ဖြစ်ရစတမ်းဆိုရင် လူတိုင်း "မင်း"ဖြစ်ကုန်မှာပေါ့။
ဘာလို့လဲဆိုတော့ လူတိုင်း "ထမင်း"နေ့တိုင်း စားနေကြတာပဲ မဟုတ်လား။ ဘယ်သူမှ "ထ" ပြီး "မင်း" မဖြစ်ပါဘူး။
မင်းဖြစ်ထိုက်တဲ့ ဘုန်းကံပါရမီပါတဲ့ ပုဂ္ဂိုလ်တွေပဲ မင်းဖြစ်ကြတာပါ။

ဒီတော့ စကားလုံးတွေရဲ့အသံထွက်ပေါ်မှာ ကောင်းကျိုး၊ဆိုးပြစ်ဆုံးဖြတ်တာ ၀ါသနာပါတယ်။ မစွန့်နိုင်ဘူးဆိုရင်လည်းပဲ အဆိုးအမြင်ဝါဒနဲ့မကောက်ဘဲ ကောင်းတဲ့ဘက်ကို အဓိပ္ပါယ်ကောက်ရင် ကောင်းမှာပါပဲ။

ဖရဲသီးလှူရင် ဖရိုဖရဲမဖြစ်တော့ဘူး....
စပျစ်သီးလှူရင် စ ကတည်းက ပျစ် ပျစ်နှစ်နှစ်လေး... ဆိုပြီး စသည်ဖြင့်..

ဒါပေမဲ့ ရွှေတစ်ပြုံကြီး ရအောင် ရွှေဖရုံသီးလှူတယ်ဆိုပြီး
ဘုရားစင်ပေါ် ဖရုံသီး အလုံးလိုက် လချီတင်ထားတာမျိုး၊

ကံစွမ်းအောင် ကန်စွန်းရွက် လှူတယ်ဆိုပြီး ကန်စွန်းရွက် အစိမ်းလိုက်တွေကို ဘုရားရှေ့ ရက်ရှည်တင်ထားတာမျိုး.....

နေ့ချင်း၊ ညချင်း ကြီးပွားအောင်ဆိုပြီး နေ့မှာ ချင်းတစ်တက်၊ ညမှာ ချင်း တစ်တက် လှူထားတာမျိုး လုံးဝမသင့်တော်ပါဘူး။

လှူချင်သပဆိုရင် ရွှေဖရုံသီးချက်ပြီးကပ်၊ ကန်စွန်းရွက်ကြော်ပြီး လှူမယ်ဆိုရင် ဆွမ်းလှူခြင်းအကျိုး ရရှိမည် မဟုတ်ပါလော။

(ကျမ်းကိုး==> ဆရာတော် အရှင်ဆန္ဒာဓိက၏ "ကြာလိုလူ"စာအုပ်မှ....)

ရွှေပါရမီတောရ အရှင်ဆန္ဒာဓိက

နားလည်နိုင်မှု စွမ်းရည်အဆင့်အတန်း


လူတိုင်းလူတိုင်းမှာ အမှားကိုယ်စီ ရှိကြပါတယ်။
တစ်ယောက်ရဲ့အမှားနဲ့  အခြားတစ်ယောက်ရဲ့ အမှားတော့ တူချင်မှတူမှာပေါ့……
ကိုယ့်အမှား နဲ့ သူ့ အမှားမတူရင်သာနေမယ်…… ကိုယ့်မှာရော သူ့မှာရော အမှားကတော့ ရှိနေတာပါပဲ။
'အမှား'ချင်းမတူကြပေမဲ့ 'အမှားရှိ' ခြင်းကတော့ တူကြပါတယ်။ 'အပြစ်'ချင်း မတူကြပေမဲ့ 'အပြစ်ရှိ' ခြင်းကတော့ တူကြပါတယ်။

အမှားရှိခြင်းအတူတူ သူတစ်ပါးရဲ့ အမှားကို လက်ညှိုးထိုးပြီး အပြစ်မပြောသင့်ပါဘူး။ အပြစ်ရှိခြင်းအတူတူ သူတစ်ပါးရဲ့ အပြစ်ကို မကဲ့ရဲ့သင့်ပါဘူး။ အမှားရှိခြင်းအတူတူ သူတစ်ပါးရဲ့ အမှားကို နားလည်စာနာပေးသင့်ပါတယ်။ အပြစ်ရှိခြင်းအတူတူ သူတစ်ပါးရဲ့ အပြစ်ကို သည်းခံခွင့်လွှတ်ပေးသင့်ပါတယ်။

**ကိုယ့်မှာ နားလည်စာနာမှု့ ၊ ခွင့်လွှတ်သည်းခံမှု့ ရှိတယ်.... မရှိဘူး၊ ရှိရင်လည်း ဘယ်လောက်အတိုင်းအတာအထိ မြင့်မားတယ်… မမြင့်မားဘူးဆိုတာကို သူတစ်ပါးရဲ့ အပြစ်တွေကို ထိပ်တိုက် မြင်တွေ့ကြားသိရတဲ့အခါ -----
ကိုယ်ဘယ်လို တုန့်ပြန်သလဲ…
ကိုယ်ဘယ်လို စိတ်ထားသလဲ ဆိုတာကို သတိပြုလေ့လာကြည့်ရင် ကိုယ့်ရဲ့နားလည်စာနာမှု့စွမ်းရည် အဆင့်အတန်းကို အမှန်အတိုင်း သိနိုင်မှာပါ။

ကိုယ်ချင်းစာတရားသာ လက်ကိုင်ထားမယ်ဆိုရင် ဘယ်သူ့အပေါ်မှာမှ နားလည်မပေးနိုင်စရာ ခွင့်မလွှတ်နိုင်စရာ မရှိတော့ဘူးပေါ့။ ဒါကြောင့် နားလည်မှု့  နဲ့ ခွင့်လွှတ်မှု့  ဆိုတာ ကိုယ်ချင်းစာတရား အားကောင်းသူတွေရဲ့ နှစ်သက်မြတ်နိုးဖွယ်ရာ အဖိုးတန် ရတနာတွေပါပဲ။ ။

အရှင်ဆန္ဒာဓိက
ရွှေပါရမီတောရ

ဉာဏ်ရည်ဆိုင်ရာ ထက်မြက်ဖွံ့ဖြိုးမှု(၅)မျိုး


ယခုအခါ IQ ဆိုတဲ့ တစ်လမ်းသွား ဖွံ့ဖြိုးမှုတစ်ခုတည်း မဟုတ်တော့...

*********ဉာဏ်ရည်ဆိုင်ရာ ထက်မြက်ဖွံ့ဖြိုးမှု(၅)မျိုး********** ရှိတယ်ဆိုတာ ဆရာမှ ရှင်းလင်းထားပါတယ်။

သိထားသင့်တယ်လို့ ထင်ပါတယ်။ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် ရေးသားသော ဉာဏ်ရည်ထက်မြက်မှု ငါးရပ်အကြောင်း သေချာဖတ်ကြည့်စေချင်ပါတယ်။ ကောင်းမွန်၊မှန်ကန်တယ်လို့ယူဆလို့ ပြန်လည်မျှဝေလိုက်ပါတယ်။......... 

လူတစ်ယောက်ရဲ့ ဉာဏ်ရည်ထက်မြက်မှုကို သာမန်အားဖြင့် (IQ) နဲ့တိုင်းထွာလေ့ရှိပါတယ်။ အပြည့်အစုံကတော့ Intelligence Quotient (IQ) ဖြစ်တယ်။ လူတစ်ဦးရဲ့ ဉာဏ်ရည်ထက်မြက်မှုကို စနစ်တ ကျတိုင်းထွာပြီး ရလာတဲ့အဖြေ Quotient ကို ရည်ညွှန်းပြီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင် ဉာဏ်ရည်ထက်မြက်သူကို တော်တဲ့သူလို့ သတ်မှတ်ကြတယ်။ IQ မြင့်တဲ့သူဟာ တော်တယ်။ IQ နိမ့်တဲ့သူဟာ ညံ့တယ်လို့ပဲ ယူဆကြတယ်။ နိုင်ငံခြားမှာတော့ IQ ကို စနစ်တကျ တိုင်းထွာမှုတွေ လုပ်ကြတယ်။ မြန်မာပြည်မှာတော့ ကျွန်တော် သိသလောက် စနစ်တကျလုပ်ထားတာ မရှိဘူး။ လူတစ်ဦးတစ်ယောက်ရဲ့ IQ ဟာ ပျမ်းမျှခြင်း ၈၀ နဲ့ ၁၂၀ အကြား ရှိကြတယ်။ ၁၂၀ ထက်များရင် သိပ်ထူးချွန်တယ်လို့ သတ်မှတ်ပြီး ၈၀ ထက်နည်းရင်တော့ ဉာဏ်ရည်နိမ့်တယ်လို့ ပြောလေ့ရှိကြတယ်။ IQ ဟာ ဗီဇအပေါ် အခြေခံတယ်။ တစ်နည်းပြောရရင် မိဘမျိုးရိုးအပေါ် မူတည်ပါတယ်။ IQ ဖွံ့ဖြိုးမှုဟာ မွေးတဲ့အချိန်က အစပြုပြီး အသက် ၁၁ နှစ်နဲ့ ၁၂ နှစ်မှာ မြင့်တက်လာပြီး နောက်ပိုင်းမှာ တိုးတက်မှုမရှိတော့တာ တွေ့ရပါတယ်။ တစ်နည်းပြောရင် IQ ဟာ မွေးရာပါ အရည်အချင်းတစ်ရပ် ဖြစ်ပါတယ်။ IQ ကိုတစ်ဖက်က Mental Intelligence ဉာဏ်ရည်ထက်မြက်မှုလို့ ဆိုကြတယ်။ 

သမားရိုးကျ ပညာရေးစနစ်ဟာ IQ ကိုသာ အာရုံစိုက်တာတွေ့ရတယ်။ ကျောင်းစာမှာတော်ဖို့ မိဘတွေရော၊ ဆရာ၊ ဆရာမတွေပါ တိုက်တွန်းတယ်။ စာတော်ခြင်း တစ်ခုတည်းကိုသာ အလေးထားကြတယ်။ ဒါကြောင့်လည်း အားကစားမလုပ်ဖို့၊ အနုပညာမလိုက်စားဖို့၊ ပေါင်းသင်းဆက်ဆံမှုမှာ အာရုံမစိုက်ဖို့ တိုက်တွန်းပြီး စာတော်ခြင်းဆိုတဲ့ တစ်လမ်းသွားဖွံ့ဖြိုးမှုကို အားပေးခဲ့ကြတယ်။ အခုခေတ်မှာတော့ ဉာဏ်ရည်ထက်မြက်မှု ငါးမျိုးရှိတယ်လို့ လက်ခံလာကြတယ်။ လူတစ်ယောက်ဟာ အောင်မြင်တဲ့သူဖြစ်ဖို့ ဒီဉာဏ်ရည်ထက်မြက်မှု ငါးမျိုးကို ပြုစုဖို့ လိုအပ်တယ်လို့ လက်ခံလာခဲ့တယ်။ 

ပထမဆုံး ဉာဏ်ရည်ထက်မြက်မှုကတော့ Physical Intelligence (PQ) ဖြစ်ပါတယ်။ ရုတ်တရက် ကြည့်ရင် (PI) ဖြစ်သင့်တယ်လို့ ထင်ကြမှာပါပဲ။ ဒါပေမယ့် စောစောက ကျွန်တော်တင်ပြခဲ့သလို Quotient ဆိုတဲ့ ရလဒ်အဖြေကို ရည်ညွှန်းတာပါ။ PQ က အမှန်တော့ ကျန်းမာရေးနဲ့ဆိုင်တယ်။ လူတစ်ယောက်ဟာ ကျန်းမာဖို့လိုအပ်တယ်။ မကျန်းမာရင် ကျန်တာ ဘာမျှလုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်က လူငယ်တွေအအနေနဲ့ PQ ကို အာရုံစိုက်စေချင်တယ်။ မိဘတွေအတွက်လည်း စဉ်းစားသင့်ပါတယ်။ ကလေးတွေကို အားကစားလုပ်ဖို့ အားပေးရမယ်။ ကျောင်းတွေမှာလည်း အားကစားကို ထိထိရောက်ရောက် လုပ်ပေးနိုင်ဖို့ အရေးကြီးလှပါတယ်။ တစ်ချိန်တုန်းက အားကစားကို အားမပေးခဲ့ဘူး။ မလိုအပ်တဲ့ စိုးရိမ်မှုတွေကြောင့် အားကစားလုပ်တာတွေကို အဟန့်အတား ပြုခဲ့တယ်။ ဒါကြောင့် ကျွန်တော်ကတော့ လူငယ်တွေအတွက် အားကစားမြှင့်တင်မှုကို အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ ဆောင်ရွက်ရမယ်။ တစ်ခါက ကျွန်တော်တင်ပြခဲ့သလို အားကစားလုပ်ခြင်းဟာ ကာယဖွံ့ဖြိုးမှုသာမက ပြိုင်ဘက်ကို လေးစားမှု၊ အရှုံးအနိုင်ကို မှန်ကန်တဲ့ တုံ့ပြန်နိုင်မှု၊ နားလည်မှုစတဲ့ အကျိုးတရားတွေဟာ ရေတွက်လို့ မရနိုင်ပါဘူး။ အားကစားလို့ပြောတဲ့နေရာမှာလည်း ငွေကုန်ကြေးကျများတဲ့ အားကစားမျိုးကိုသာမဟုတ်ဘဲ လူတိုင်းလက်လှမ်းမီတဲ့ အားကစားတွေ အများကြီးရှိပါတယ်။ 

ဒုတိယ ဉာဏ်ရည်ထက်မြက်မှုက စောစောက အသေးစိတ် တင်ပြပြီးဖြစ်တဲ့ Mental Intelligence (IQ) ဖြစ်ပါတယ်။ တတိယ ဉာဏ်ရည်ထက်မြက်မှုက Emotional Intelligence (EQ) ဖြစ်ပါတယ်။ EQ ကမိမိအကြောင်း၊ မိမိရဲ့ခံစားမှု၊ မိမိရဲ့စိတ်ကို သိသလိုမိမိနဲ့ ထိတွေ့ဆက်ဆံနေတဲ့ သူတွေအကြောင်းကိုလည်း သိအောင် ကြိုးစားနိုင်ခြင်း ဖြစ်ပါတယ်။ EQ မြင့်မားတဲ့သူဟာ ကိုယ်ချင်းစာစိတ် ရှိတဲ့သူ ဖြစ်ပါတယ်။ အကောင်းဆုံး သာဓက က ဆရာကြီး Gandhi ဖြစ်ပါတယ်။ သူက သူ့ရဲ့တပည့်တွေနဲ့အတူ ဘူတာရုံတစ်ခုက ထွက်တော့မယ့်ရထားကို အမီလိုက်ရင်း စီးလာတဲ့ဖိနပ်တစ်ဖက် ကျွတ်ကျခဲ့တယ်။ ဖိနပ်ကျွတ်တာကို သိသိချင်း ဆရာကြီးက ကျန်တဲ့တစ်ဖက်ကိုယူပြီး ကျသွားတဲ့ဖိနပ်နဲ့ အနီးဆုံးရောက်အောင် ပစ်လိုက်တယ်။ သူ့ရဲ့လုပ်ရပ်ကို တပည့်တွေက ဘာကြောင့် ဒီလိုလုပ်လိုက်တာလဲလို့ပြောတော့ အခုဆိုရင် ကောက်ရတဲ့သူက ဖိနပ်တစ်ရန်အပြည့်ရပြီလို့ ပြန်ပြောခဲ့တယ်။ IQ မြင့်မားတဲ့သူတွေတိုင်း EQ မမြင့်ကြပါဘူး။ IQ မြင့်ပေမယ့် EQ နိမ့်တဲ့သူတွေ အများကြီးရှိတာတွေ့ရတယ်။ ။ မိမိရဲ့ခံစားမှုတွေသာ ရှေ့တန်းတင်ပြီး တစ်ဖက်သားရဲ့အကြောင်း ထည့်မတွက်တတ်တဲ့သူတွေ အများကြီးရှိနေတာ ဝမ်းနည်းစရာ တွေ့ရပါတယ်။ တစ်ခုတော့ရှိပါတယ်။ IQ ဟာမွေးရာပါဖြစ်ပေမယ့် EQ ကတော့ ပြုစုလို့ရတဲ့ အရည်အချင်းတစ်ရပ် ဖြစ်တယ်။ ဘဝမှာအောင်မြင်ဖို့ IQ တစ်ခုတည်း အားကိုးလို့မဖြစ်ဘူး။ EQ ရှိမှ ပြည့်စုံမှာ။ တစ်ဖက်ကတော့ EQ သာရှိပြီး IQ နိမ့်နေရင်လည်း အဆင်မပြေပြန်ဘူး။ 

စတုတ္ထ ဉာဏ်ရည်ထက်မြက်မှုက ယုံကြည်ကိုးကွယ်မှုနဲ့ ပတ်သက်ပါတယ်။ တစ်နည်းပြောရရင် Spiritual Intelligence (SQ) ဖြစ်တယ်။ အခုအချိန်မှာ ကျွန်တော်တို့နိုင်ငံမှာ SQ အထူး လိုအပ်နေတယ်လို့ ကျွန်တော်ထင်တယ်။ ယုံကြည်ကိုးကွယ်မှုဟာ မိမိ တစ်ဦးချင်းနဲ့ ဆိုင်တယ်။ မိမိရဲ့ ယုံကြည်ကိုးကွယ်မှုကို မြတ်နိုးဖို့ လိုအပ်သလို တစ်ဖက်သားရဲ့ ယုံကြည်ကိုးကွယ်မှုကို လေးစားဖို့ လိုတယ်။ ယုံကြည်ကိုးကွယ်မှုဆိုတာဟာ အင်မတန်မှ သိမ်မွေ့တဲ့၊ လေးနက်တဲ့အရာတစ်ခုဖြစ်တယ်။ ကျွန်တော်ဟာ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ပါတယ်။ ရှင်တော်ဗုဒ္ဓရဲ့ သွန်သင်ဆုံးမမှုတွေကို ယုံယုံကြည်ကြည်နဲ့ လိုက်နာကျင့်သုံးနေသလို အခြားဘာသာဝင်တစ်ဦးရဲ့ ယုံကြည်ကိုးကွယ်မှုကိုလည်း အသိအမှတ်ပြုရမယ်။ မိမိဘာသာ ကောင်းတယ်။ တခြားဘာသာ မကောင်းဘူးဆိုတဲ့ အတွေးအခေါ်တွေ မရှိသင့်ဘူး။ အစွန်းတရားတွေကို ရှောင်ရှားဖို့ သိပ်လိုအပ်နေပါတယ်။ အခုလိုပြောတာကို လက်မခံတဲ့သူတွေရှိမှာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ မြင့်မြတ်တဲ့အတွေးအခေါ်၊ အယူအဆတွေ လူတွေမှာရှိကြတယ်။ ရှိနိုင်တယ်လို့ ယူဆမိပါတယ်။

နောက်ဆုံး ဉာဏ်ရည်ထက်မြက်မှုက မျက်မှောက်ခေတ် (၂၁) ရာစုမှာပိုပြီး အရေးကြီးလာတာတွေ့ရ ပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ကမ္ဘာကြီးနဲ့ ထိတွေ့ဆက်ဆံလာကြတယ်။ ပူးပေါင်းဆက်ဆံမှုဆိုတာကို လက်ခံလာကြတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကြောင့် နိုင်ငံခြားသားတွေ ပိုင်ဆိုင်တဲ့လုပ်ငန်းတွေ မြန်မာပြည်မှာ တည်ထောင်လာကြတယ်။ အခုလို လုပ်ငန်းတွေလုပ်ဖို့ စီစဉ်တဲ့အခါ မြန်မာတိုင်းရင်းသားတွေကို ရှာဖွေကြတယ်။ အကူအညီ တောင်းကြတယ်။ ဒီလိုပဲ မြန်မာပိုင်ကုမ္ပဏီတွေကလည်း နိုင်ငံခြားဝန်ထမ်းတွေကို ရွေးချယ်ခန့်ထားလာတာ တွေ့တယ်။ အခုလို ဆောင်ရွက်တာက နိုင်ငံခြားတိုင်းပြည်တွေရဲ့ အခြေအနေကို သိအောင်ရယ်၊ ပြည်တွင်းအခြေအနေတွေ နားလည် သဘောပေါက်အောင် Cultural Intelligence (CQ) လို့ခေါ်တဲ့ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ဉာဏ်ရည်ထက်မြက်မှုကို ပြုစုဖို့ဆိုတာပဲ ဖြစ်ပါတယ်။ ယဉ်ကျေးမှု မတူသူတွေနဲ့ ဆက်ဆံတဲ့အခါ (CQ) ဟာ အလွန်အရေးကြီးပါတယ်။ (CQ) မြင့်မားတဲ့သူဟာ မိမိရဲ့ယဉ်ကျေးမှုကို မြတ်နိုးသလို တစ်ဖက်သားရဲ့ ယဉ်ကျေးမှုကိုလည်း လေးစားဖို့လိုတယ်။ လက်နဲ့ထမင်းစားတဲ့ ကျွန်တော်တို့ မြန်မာတွေအနေနဲ့ တူနဲ့စားတဲ့ တရုတ်လူမျိုး၊ ဇွန်း၊ ခရင်းသုံးတဲ့ အနောက်တိုင်းရင်းသားတွေရဲ့ အလေ့အထကို ဂရိုစိုက်ရမယ်။ (CQ) မြင့်မားတဲ့သူဟာ ယဉ်ကျေးမှု မတူတဲ့ အခြေအနေမှာ လိုက်လျောညီထွေစွာ လှုပ်ရှားနိုင်သူဖြစ်တယ်။ ဝင်ဆံ့တယ်။ နားလည်တယ်။ အသိအမှတ်ပြုတယ်။ 

ဉာဏ်ရည်ထက်မြက်မှုတစ်ရပ်ကို အကျဉ်းချုံးတင်ပြရရင် PQ, IQ, EQ, SQ နဲ့ CQ တို့ဖြစ်တယ်။ ဒီဉာဏ်ရည်ထက်မြက်မှု ငါးခုဟာ လူတစ်ယောက်အတွက် အလွန်အရေးပါလှပါတယ်။ PQ မြင့်မားမှုဟာ အသက်ရှင်သန်ရေးနဲ့ ပတ်သက်ပြီး IQ ဟာ သင်ယူ၊ ခံယူမှုနဲ့ ဆိုင်ပါတယ်။ EQ ကတော့ မေတ္တာတရားနဲ့ဆိုင်ပြီး SQ ကတော့ လူတစ်ဦးရဲ့လေးနက်တဲ့ အမွေအနှစ်နဲ့ ဆိုင်တယ်။ CQ ကတော့ မတူညီမှုကို အားယူနိုင်တဲ့ အားပဲဖြစ်ပါတယ်။ ကျွန်တော်ကတော့ အခွင့်အရေးရတိုင်း လူငယ်တွေရဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားစေလိုတယ်။ အောင်မြင်တဲ့သူတွေ ဖြစ်စေချင်တယ်။ ဒါကြောင့်လည်း အခွင့်အရေးရတိုင်း ဟောပြောပွဲတွေလုပ်ပေးခဲ့၊ စာတွေရေးခဲ့တယ်။ အမှန်တော့ လူငယ်တွေသာမက လူလတ်၊ လူကြီးအားလုံး ဉာဏ်ရည်ထက်မြက်မှုငါးရပ်ကို ပြည့်စုံနိုင်ပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

သြဂုတ် (၄) ရက်၊ ၂၀၁၄ ခုနှစ် မြန်မာ့အလင်းသတင်းစာမှ http://www.myanmarlatestnews.com/archives/72230
MyanmarUpdates
(MyanmarUpdates's post)

မာန မကြီးနဲ့


■ မာနသိပ်မကြီးပါနဲ့။ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီးတော့ သူများကို အထင်မသေးပါနဲ့။
ကိုယ်အထင်သေးထားတဲ့သူက ကိုယ်အထင်သေးသလို ဟုတ်ချင်မှာလည်း ဟုတ်မှာပါ။
အခုလောလောဆယ်မှာ ကိုယ့်ရဲ့အထင်သေးစရာ ဖြစ်နေပေမယ့် တစ်ချိန်မှာ ကိုယ့်ထက်သာချင် သာသွားမှာပဲ။ ကိုယ်အထင်ကြီးစရာ အနေအထားမျိုးရောက်ချင် ရောက်သွားမှာပဲ။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သူများကို အထင်သေးတဲ့စိတ်နဲ့ မပြောသင့်
မပြောထိုက်တာ ပြော၊ မလုပ်သင့် မလုပ်ထိုက်တာ လုပ်မိရင် ကိုယ်ပဲပြန်ပြီး ဒုက္ခရောက်တတ်ပါတယ်။

■ ၀ိဋဋူဘဇာတ်ကို ပြန်ကြည့်လိုက်ပေါ့။ ကျွန်မက မွေးတဲ့သား ဆိုပြီးတော့ ၀ိဋဋူဘ ထိုင်သွားတဲ့နေရာကို နွားနို့ရည်နဲ့ ဆေးလိုက်တော့ ဟိုက ရန်ငြိုးဖွဲ့ပြီး မင်းတို့က နွားနို့နဲ့ပဲ ဆေးတယ်။ ငါက မင်းတို့
လည်ချောင်းသွေးနဲ့ ဆေးမယ်လုပ်လိုက်တာ။ ဘုရားမျိုး သာကီဝင်တွေ တစ်ဆွေလုံး တစ်မျိုးလုံး အသတ်ခံရပါတယ်။ ဒါဟာ မာနလွန်ကဲလို့ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းလို့ ကြုံတွေ့ရတဲ့ ဆိုးကျိုးတွေပဲ။

■ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းတဲ့သူဟာ သူများကို အလိုလိုနေရင်း အထင်သေးသွားတတ်တယ်။ မြင်မြင်သမျှ လူကို လူလို့တောင် မထင်တော့ဘူး။ လောကကြီးမှာ လူနဲ့တူတဲ့ လူဆိုလို့
ငါတစ်ယောက်ပဲရှိတယ်လို့ အထင်ရောက်သွားတယ်။ ဘယ်သူမှ ငါ့လောက်မရှိဘူး။ ဘယ်သူ့မှ ငါ့လောက် မသိဘူးလို့ ဘ၀င်မြင့်သွားတယ်။ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းအား ကြီးတော့ လူအချင်းချင်း ပြောဆို ဆက်ဆံတဲ့နေရာမှာ သူတစ်ဖက်သားကို အထင်သေးတဲ့ စကားမျိုး၊ နှိမ့်ချတဲ့စကားမျိုး ပြောမိတတ်တယ်။ ဆရာကြီးလေသံနဲ့ အထက်စီးကနေ လုံးကြီးတင် ပြောမိတတ်တယ်။

■ အထင်သေးစကား ပြောခံရတဲ့ တစ်ဖက်သားက ငါ့ကို အထင်သေးတဲ့စကား ပြောတယ်ဆိုပြီး ကိုယ့်အပေါ် နာကျည်းမုန်းတီးသွားတယ်။ နဂိုက ကူညီနေတဲ့လူကလည်း မကူညီတော့ဘူး။
နဂိုက စောင့်ရှောက်တဲ့သူလည်း မစောင့်ရှောက်တော့ဘူး။နဂိုက ပေါင်းသင်းနေတဲ့လူကလည်း မပေါင်းသင်းတော့ဘူး။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သူများကို အထင်သေးခြင်းကြောင့်
ကိုယ်ပဲ အကျိုးဆုတ်ယုတ်ရတယ်။

■ မာနကြီးတယ်ဆိုတဲ့စကားကို အထင်ကြီးတယ်လို့ သုံးနှုန်းထားတာလေးကိုက အင်မတန် စိတ်ဝင်စားဖို့ကောင်းတယ်။တရားသဘောတွေ အများကြီးပါတယ်။ အထင်ကြီးတယ်ဆိုကတည်းက
အမြင်ကြီးတာမှ မဟုတ်ဘဲ။ အမှန်တကယ် လက်တွေ့တွေ ကြီးနေတာမှ မဟုတ်ဘဲ။ “အထင်” တွေပဲ ကြီးနေတာ။ တကယ်တော့ လောကမှာ အထင်ကြီးတယ်ဆိုတာ အထင်တွေပဲရှိတာ။
မာနကြီးလောက်စရာ၊ ဘ၀မြင့်လောက်စရာ၊ခြေဖျား ထောက်လောက်စရာဆိုတာ တကယ်တော့ ဘာမှမရှိဘူး။

■ ပစ္စည်းဥစ္စအနေနဲ့ တစ်လောကလုံး တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေကို သူတို့ ဘာမှမလုပ်ဘဲနဲ့ စားနိုင်သောက်နိုင်လောက်အောင် ကျွေးနိုင်၊ ပေးနိုင်၊ စွန့်လှူနိုင်တဲ့ အနေအထားမျိုး ကိုယ့်မှာရှိနေပြီးလား။ သက်ရှိသတ္တ၀ါမှန်သမျှကို အချိန်တိုင်း လိုသလောက် ပေးလှူနိုင်လောက်အောင် ကိုယ့်မှာ မရှိသေးပါဘူး။ ဒါဆို ပစ္စည်းဥစ္စာကို အကြောင်းပြုပြီးတော့ ဘာလို့ မာနဖြစ်နေဦးမှာလဲ။ မာနဖြစ်တယ်ဆိုရင် ကိုယ့်ပစ္စည်းဥစ္စာတွေကို မာနဖြစ်လောက်စရာလို့ ရူးသွပ်စွာ ထင်နေတဲ့ စိတ်ကူးယဉ် အထင်မျှသာပါပဲ။ မာနကြီးတာဟာ အထင်သက်သက် ကြီးတာပါ။ အထင်ဆိုတဲ့ သဘာဝကိုက မကောင်းတဲ့ ဥစ္စာ၊ အထင်ကြီးတယ်ဆိုတော့ ပိုဆိုးတာပေါ့။

■ ရာထူးအနေနဲ့လည်း တစ်လောကလုံး၊ တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်လောက်အောင် ကိုယ့်မှာ ရာထူးအာဏာတွေ ရှိနေပြီလား။ ပညာအနေနဲ့လည်း သိသင့်သိထိုက်တဲ့ လောကီ လောကုတ္တရာ
အကြောင်းအရာအားလုံးကို သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ တန်းတူ ယှဉ်နိုင်လောက်အောင် ကိုယ့်မှာ သိနေ၊ တတ်နေပြီလား။ အဲ့ဒီလိုအားဖြင့် မာနကြီးလောက်စရာလို့ ကိုယ့်ထင်နေတဲ့ အရာတွေကို အမြင့်မားဆုံး၊ အကြီးကျယ်ဆုံးစံချိန်တွေနဲ့ မှတ်ကျောက်တင်
စစ်ဆေးကြည့်လိုက်ပါ။ အစစ်ဆေးမခံနိုင်ဘူးဆိုရင် မာနမကြီးပါနဲ့။အထင်ကြီးမနေနဲ့ပါနဲ့။

■ မာနကြီးတယ်ဆိုရင် အထင်သက်သက်ကြီးနေတာပဲ ဖြစ်မှာပါ။အထင်ဟာ အထင်ပါပဲ။ အမြင်မဟုတ်ပါဘူး။ အမှန်မဟုတ်ပါဘူး။တကယ်လက်တွေ့ မဟုတ်ပါဘူး။

■ ကိုယ့်ကိုယ်ကို တကယ် အထင်မကြီးတော့ဘူးဆိုရင် သူတစ်ပါးကိုလည်း အထင်မသေးတော့တဲ့အတွက် စိတ်နေစိတ်ထားရော၊ အပြောအဆို၊ အပြုအမူပါ ပတ်ဝန်းကျင်နဲ့
သဟဇာတဖြစ်လာလို့ ပေါင်းသင်းဆက်ဆံရေး ပိုအဆင်ပြေလာတဲ့အပြင် မပြစ်မှားသင့် မပြစ်မှားထိုက်တဲ့ သူတွေကိုလည်း မပြစ်မှားတော့တဲ့အတွက် စိတ်အပူ၊
ဘ၀အပူတွေ ကင်းရှင်းပြီး ငြိမ်းအေးပျော်ရွှင်ရပါတော့တယ်။

{အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)}
(ငြိမ်းအေးသောဘ၀ပိုင်ရှင်ဖြစ်ဖို့မှ ကောက်နှုတ်ချက်)
Credit to Pay Thoe

ကွယ် သုံး ကွယ်


ရှေးရှေးဆရာတော်ကြီများက
၁။ ဘုရားကို စေတီကွယ်
၂။ တရားကို စာအုပ်ကွယ်
၃။ သံဃာကို ရဟန်းကွယ် တတ်သည်ဟု ဆုံးမခဲ့ပေသည်။

ထိုတွင်
၁။ မိမိတို့သည် တန်ခိုးကြီးဘုရားကိုမှ ရွှေရှိသောဘုရားကိုမှ
ရွှေတိဂုံမှ မဟာမြတ်မုနိမှစသည်ဖြင့် ဘုရားဟုမှတ်ထင်ကာ ရှိခိုးကိုးကွယ်ကြမည်ဆိုလျှင် ဘုရားကို စေတီကွယ်သည်မည်၏။

အမှန်မှာ ထိုသို့မဖြစ်စေရန် မည်သည့် စေတီပုထိုး ဆင်းတုတော်ကိုဖြစ်စေ ရှိခိုးကိုးကွယ်သည့်အခါ ပုံတော်ကိုကြည့်ကာ မြတ်စွာဘုရား၏ အရဟံစသော ဂုဏ်တော်တို့ကို အာရုံပြုကာ ရှိခိုးကိုးကွယ်တတ်ဖို့ လိုပေသည်။

၂။ ဘယ်စာအုပ်ထဲမှာတော့ ဘယ်လိုရေးထားတယ် ဘယ်ဆရာတော်က ဘယ်အခွေထဲမှာ ဘယ်လိုဟောထားတယ် စသည်ဖြင့် မလိုက်နာ မကျင့်သုံးဘဲ ပြောရုံသာ ပြောနေမည်ဆိုလျှင်
တရားကို စာအုပ်တွေ စီဒီတွေက ကွယ်သည်မည်၏။

ထိုသို့မဖြစ်စေဖို့ တရားရှာ ကိုယ်မှာတွေ့ ဆိုသည့်အတိုင်း မိမိတို့စရိုက် အကြိုက်အားလျော်စွာ သမထ ဝိပဿနာ ဒါန သီလ ဘာဝနာ တစ်ခုခုကို လက်တွေ့လိုက်နာ ကျင့်ကြံအားထုတ် ကြရပေမည်။

၃။ မိမိတို့သည် ဘယ်ကိုယ်တော်ကိုမှ လှူမည်။ ဘယ်ကိုယ်တော်မှ ကြည်ညိုမည် စသည်ဖြင့် ပုဂ္ဂိုလ်စွဲကာ လှူကြ၊ ကြည်ညိုကြလျှင် သူ၏သန္တာန်၌ သူကြည်ညိုရာ ကိုယ်တော်က သံဃာကို
ကွယ်နေလေသည်။

ထိုသို့မကွယ်စေရန် မည်သည့် ကိုယ်တော် မည်သည့် ရဟန်းသာမဏေကိုဖြစ်စေ လှူသောအခါ ပုဂ္ဂိုလ်ကို ကျော်ကာ
သံဃာတော်အများကို အာရုံပြုကာ လှူဒါန်းတတ်ရပေမည်။
မိမိတို့ တစ်ခုခုလှူတိုင်း ဆရာတော်ကြီးများက သံဃဿ ဒေမ သံဃာတော်အား လှူပါ၏..စသည်ဖြင့် တိုင်တည်ပေးခြင်းသည်လည်း ထိုသို့မကွယ်စေရန် သံဃာတော်အပေါင်းကို အာရုံပြုတတ်စေရန် ဖြစ်ပေသည်။

လောက၌ တဦးတယောက်၏ ဆုံးဖြတ်ချက်ထက် အဖွဲ့အစည်း၏
ဆုံးဖြတ်ချက်က ပိုအားကောင်းသကဲ့သို့ တစုံတယောက်၏ အားအစွမ်းသည် အဖွဲ့အစည်းတခု၏ အားအစွမ်းကို မမှီသကဲ့သို့ ပုဂ္ဂိုလ်ကို အာရုံပြု လှူသည်ထက် သံဃာကို အာရုံပြုလှူသည်က ပိုမိုအစွမ်းထက်ကြောင်း အကျိုး များကြောင်း သဘောပေါက်ကြရပေမည်။

အချုပ်အားဖြင့် မိမိတို့သည် မိမိတို့သန္တာန်၌ ကွယ်နေသော
အရာများကို ဖယ်ကာ အတွင်းသားထိရောက်အောင် ကြည့်တတ်မြင်တတ်ပြီး ရှိခိုးတတ် ကျင့်ကြံတတ် ကြည်ညို
လှူတန်းတတ်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါရစေ။

Shared from ဓမ္မစက်ဝန်း (FB)

Tuesday, August 26, 2014

အနာရှိတဲ့လက်နဲ့ ဆားအိုးကိုနှိုက်ရင်……. ???


အနာရှိတဲ့လက်နဲ့ ဆားအိုးထဲကို နှိုက်ရင် စပ်တတ်တယ်။ လက်မှာ အနာမရှိရင်တော့ ဘာမှ မဖြစ်ဘူးပေါ့။ အနာလက်နဲ့ ဆားနှိုက်လို့ စပ်တဲ့အခါ ဆားအိုးကို ဒေါသဖြစ်၊ အပြစ်တင်နေလို့ ကိုယ်ပဲ ရူးရာကျမယ်။ ကိုယ့်အနာကိုယ် အရင်လုံအောင်၊ သက်သာအောင် လုပ်ဖို့ စဉ်းစားတတ်မှသာ သင့်တင့်လျောက်ပတ်တဲ့၊ မှန်ကန်တဲ့ အတွေးအမြင်၊ အသိဥာဏ်ဖြစ်မယ်။

ဒီဥပမာလိုပဲ ကိုယ့်စိတ်သန္တာန်မှာ ကိလေသာဆိုးတွေ အမြစ်တွယ်နေလို့ ပြင်ပက အာရုံဆိုးတွေနဲ့ တွေ့တဲ့အခါ စပ်စပ်လူးပြီး ခံရခက်တတ်ကြတယ်။ အဲဒီလိုဖြစ်တဲ့အခါ ပြင်ပကလာတဲ့ အာရုံဆိုးကိုပဲ အပြစ်မြင်ပြီး ကိုယ့်ရဲ့ အတွင်းသန္တာန်မှာ အမြစ်တွယ်နေတဲ့ ကိလေသာကိုတော့ အပြစ်မြင်ဖို့ မပြောနဲ့၊ (ဖြစ်နေတဲ့အချိန်ဆို) ရှိမှန်းတောင် မေ့နေတတ်ကြတယ်။

လောဘဖြစ်စရာအာရုံနဲ့ ကိုယ့်အတွင်းထဲက လောဘစိတ်နဲ့ တိုက်မိတဲ့အခါ လောဘတွေ ဖြစ်လာတယ်။ ဒေါသဖြစ်စရာအာရုံနဲ့ ကိုယ့်အတွင်းထဲက ဒေါသစိတ်နဲ့ ထိတွေ့မိတဲ့အခါ ဒေါသတွေ ဖြစ်လာတယ်။ ဒီနေရာမှာ လောဘဖြစ်စရာ၊ ဒေါသဖြစ်စရာ ပြင်ပအာရုံတွေကတော့ ဆားအိုးပေါ့။ ကိုယ့်အတွင်းသန္တာန်မှာ အမြစ်သဖွယ် ကိန်းအောင်းနေတဲ့ လောဘကိလေသာ၊ ဒေါသကိလေသာ၊ မောဟကိလေသာတွေကတော့ ပွင့်ဟနေတဲ့ အရေပြားပေါ်က အနာကြီးတွေပေါ့။ ဒါကြောင့် ဒီနှစ်ခု ထိတိုက်မိတဲ့အခါ ခံရခက်အောင် စပ်ကုန်၊ နာကုန်ကြတာ။

အာရုံကောင်းလေးတွေ (သို့) လောကဓံကောင်းလေးတွေနဲ့ ကြုံဆုံနေရတဲ့အချိန် ပုံမှန်စိတ်ထားရှိတဲ့ လူတစ်ယောက်က ပြုံးလို့၊ ရွှင်လို့၊ စေတနာ၊ မေတ္တာတွေ ဝေဖြာလို့ နေနေတိုင်း သူဟာ သူတော်ကောင်းကြီးပါလို့ ယတိပြတ် မှတ်ချက်ချလို့ မရနိုင်သေးဘူး။ အာရုံဆိုးတွေ၊ အခံရခက်တဲ့ လောကဓံဆိုးတွေနဲ့ ပေးတွေ့ကြည့်လိုက်လို့ စပ်စပ်တွေလူးကုန်ပြီဆိုရင် သူ့ရင်ထဲက ခဏငြိမ်ဝပ်နေတဲ့ ကိလေသာဆိုးတွေ ပြန်ပေါ်လာတဲ့သဘောပဲ။ ဒေါသအားနည်းပြီး လောဘအားကြီးသူတစ်ယောက်ကို ဒေါသဖြစ်စရာအာရုံနဲ့ တွေ့ပေးလိုက်လို့ ဒေါသမဖြစ်တိုင်း သူဟာ အေးချမ်းနေတဲ့၊ ကိလေသာတွေနည်းနေတဲ့ ပုဂ္ဂိုလ်လို့ မှတ်ယူလို့ မရသေးဘူး။ သူ့ကို လောဘဖြစ်စရာအာရုံနဲ့ ပေးတွေ့လိုက်တဲ့အခါ ကိုယ်ထင်ထားခဲ့တာတွေ မှားသွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ဒေါသနည်းပြီး လောဘကြီးတဲ့သူ ဖြစ်နေလို့ပဲ။ ဒါကြောင့် လူတွေဟာ ကိုယ်အားကြီးတဲ့ ကိလေသာအမျိုးအစားနဲ့ ပြင်ပက သက်ဆိုင်ရာ အာရုံမျိုးတွေ ထိတွေ့လိုက်မိတဲ့အခါ မခံနိုင်အောင်ပဲ ဖြစ်ကြရတယ်။ ဒီအချိန်ရောက်မှသာ ကိုယ့်ကိုယ်ကိုပဲဖြစ်ဖြစ်၊ အပြင်လူတွေကပဲဖြစ်ဖြစ် ဒီလူတစ်ယောက်ရဲ့ ကိလေသာအနည်းအများကို နည်းနည်းပါးပါး တီးမိခေါက်မိတော့တယ်။

ဒါကြောင့် အာရုံအဆိုးအကောင်းတွေနဲ့ ကြုံတဲ့အခါ အဲဒီအာရုံတွေကို အပြစ်မမြင်ဘဲ ကိုယ့်ရဲ့ အကုသိုလ်/ကုသိုလ်ဝိပါက်(အကုသိုလ်/ကုသိုလ်အကျိုး) တွေလို့သာ အမှန်အတိုင်း သဘောထားသင့်ပါတယ်။ ဒါ့အပြင် ကိုယ့်ရင်ထဲမှာ အမြစ်တွယ်နေတဲ့ ကိလေသာတွေ ရှိနေလို့သာ ပြင်ပက အာရုံတွေနဲ့ ထိတွေ့မိတဲ့အခါ အဲဒီရင်ထဲက အတွင်းကိလေသာတွေ ထကြွလာကြပြီး ကိုယ့်စိတ်ကို မခံနိုင်အောင် ဒုက္ခပေးကြတော့တာပါလား… လို့ တရားသဘောနဲ့ ဆင်ခြင်သင့်ပါတယ်။ ပြင်ပကအာရုံတွေဖြစ်တဲ့ အခြေအနေ၊ အကြောင်းအရာ၊ လူပုဂ္ဂိုလ် အစရှိတဲ့ အမျိုးမျိုးသော အတိုက်ဓာတ်တွေကို တရားသဘောနဲ့ အမှန်အတိုင်း မြင်လိုက်ပြီးတော့ … ဒီအရာတွေက (ဆားအိုးလိုပဲ) ငါ့ကို တကယ် ဒုက္ခပေးနိုင်တာမှ မဟုတ်တာ။ ငါ့ရဲ့ ရင်ထဲမှာ အမြစ်သဖွယ်ကိန်းအောင်နေတဲ့ ကိလေသာဆိုးတွေကသာ (အနာရှိနေတဲ့လက်လိုပဲ) ငါ့ကို တကယ်တမ်း ဒုက္ခပေးနေတာပါလားလို့… ယောနိသောမနသိကာရ ဆိုတဲ့ တရားသဘော အမြင်မှန်လေးအတိုင်း ပြတ်ပြတ်သားသားဆင်ခြင်ပြီးတော့ ကိုယ်ကိုယ်တိုင်ရဲ့ အတွင်းကိလေသာတွေကိုသာ အဓိကပစ်မှတ်ထား ချေဖျက်သင့်တယ်ဆိုတာကို နားလည်သဘောပေါက်နိုင်ကြပြီး ဒီဘ၀၊ ဒီခန္ဓာ မဆုံးခင်မှာပဲ အပါယ်တံခါးပိတ်စေတဲ့ အကျင့်တရားတွေကို ကျင့်ကြံပွားများ ရရှိနိုင်ကြပါစေလို့ နိဗ္ဗာန်အကျိုးမျှော်၍ မှတ်သားမိသမျှ တရားဗဟုသုတလေးတွေကို စုပေါင်းကာ လက်တွေ့ဆင်ခြင် ကျင့်သုံးနည်းလေးတစ်ခုအဖြစ် မျှဝေလိုက်ရပါတယ်။

(စာကြွင်း… စာရေးသူက ဒီလိုရေးတော့ စာရေးသူရော ဘယ်လောက်အထိ ဒီအကျင့်ကို ကျင့်သုံးနေနိုင်ပြီလဲလို့ မေးလာရင်တော့ … အဖြေက… ကိုယ်နာခဲ့ဖူးတဲ့၊ ဖတ်ခဲ့ဖူးတဲ့ တရားတွေကို လက်တွေ့ဘ၀နဲ့ ဆက်စပ်စဉ်းစားပြီး ဒီလိုသဘောလေးပါလားလို့ ခံစားတွေးတောမိလို့ အတွေးအခေါ် ဒဿနလေးတစ်ခုကို သံသရာခရီးသွားဖော်အချင်းချင်း ပြန်လည် ဖောက်သည်ချချင်တဲ့သဘောနဲ့ ဝေငှခြင်းသက်သက်မျှသာ ဖြစ်ပါတယ်။ စာရေးသူလဲ အစပြုကျင့်သုံးနေဆဲပါပဲလို့ ဖြေပေးလိုက်ပါတယ်…း)

မေတ္တာဖြင့်
ခိုင်ခိုင်
Aug 26, 2014 (Tue)

သမ္မာဝါယာမ


“သမ္မာဝါယာမ” ဆိုတာ ဘာပြောတာတုန်းလို့ သမ္မာဝါယာမ အကြောင်းကို အရင်သင်လိုက်၊

“သမ္မာဝါယာမ”ဆိုတာ “လေးဘက်လေးတန်က
ကြိုးစားအားထုတ်မှု” ကို ခေါ်တယ်။

လေးဘက်လေးတန်က ကြိုးစားအားထုတ်မှုဆိုတာ ဘာလဲ။

(၁) အကုသိုလ် မဖြစ်ရအောင် ဆို့ပိတ်ရမယ်၊

(၂) မတော်တဆဖြစ်လာလို့ရှိရင် ဖယ်ရှားဖို့  ကြိုးစားရမယ်၊

(၃) ကုသိုလ်မဖြစ်သေးရင် ဖြစ်အောင် ကြိုးစားရမယ်၊

(၄) ဖြစ်လာတဲ့ ကုသိုလ်ကို ကြိုးစားတိုးတက်အောင် လုပ်ရမယ်။

အကုသိုလ်ကို ဆို့ပိတ်ထားရမယ်၊ မဝင်စေရဘူး။

လူတွေက ဆို့ပိတ်ပါတယ်၊ ခြင်တွေ မဝင်အောင်တော့ ခြင်ထောင် ချထားတယ်နော်၊ ခြင်ထောင်ချပြီး ခြင်ကို ဆို့ပိတ်တယ်၊ သူခိုးမဝင်အောင် အိမ်တံခါး သော့ခတ်ထားတယ်။

သို့သော်လည်း ------------------------------------

စိတ်တံခါးကျတော့ ဖွင့်ထားတယ်။

လောဘတွေ ဝင်ချင်တိုင်း ဝင်၊
ဒေါသတွေ ဝင်ချင်တိုင်း ဝင်၊
အကုသိုလ်တွေ ဝင်ချင်တိုင်း ဝင်၊ 

တံခါးပိတ်ရမှန်း မသိဘူး။

ပိတ်ရမယ်တဲ့၊ ဘာနဲ့ပိတ်ရမလဲဆိုတော့ “သတိ” ဆိုတဲ့ တံခါးနဲ့ ပိတ်ထား၊ အကုသိုလ်အဝင်မခံနဲ့တဲ့။

ကိုယ့်အချင်းချင်းထဲက ကြီးပွားတိုးတက်နေတာ မြင်လို့ရှိရင်
“ဣသာ” ဖြစ်တယ်။ “ဟာ ဒါ အကုသိုလ်ပဲ” ဆိုပြီး အဝင်မခံနဲ့ ။

အစထဲက Congratulation လုပ်နိုင်အောင် ထားရမယ်နော်။

လူတစ်ယောက် ကြီးပွားတိုးတက်လာလို့ရှိရင် ဣသာမဖြစ်စေရဘူး။

အဲဒီလိုလုပ်မှ “သမ္မာဝါယာမ”ဆိုတာ ဖြစ်တယ်။

မဖြစ်သေးတဲ့ အကုသိုလ် မဖြစ်ရအောင် ဆို့ပိတ်ထား၊
ဖြစ်လာလို့ရှိရင် ဖယ်ရှားပစ်။

ဆိုပါစို့။

စိတ်မဆိုးသေးရင် မဆိုးအောင် ထိန်းသိမ်းထား။

ဘယ်တော့မှ စိတ်မဆိုးအောင် နေ ။

မတော်တဆ ဆိုးလာလို့ ရှိရင် ဖယ်ရှားပစ်။

မေတ္တာဘာဝနာ မပွားရသေးဘူးဆို ပွား၊ ပွားပြီးပြီဆိုလို့ရှိရင်လည်း ဒီထက်တိုးတက်လာအောင် ကြိုးစား။

ဒါ “သမ္မာဝါယာမ”လို့ ခေါ်တယ်။

အဲဒီအတိုင်း ကျင့်သုံးလို့ရှိရင် “သမ္မာဝါယာမမဂ္ဂင်”
ကိုယ့်သန္တာန်မှာ ပြည့်စုံလာလိမ့်မယ်။

-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ
“သာသနာပြု စွမ်းအားစု” မှ - 】

(စာရိုက်ပူဇော်သူ - ဒေါက်တာ ကောင်းမြတ်သူ)

သာသနာ့အာဇာနည် မိသားစု


မြန်မာပြည် သာသနာမှာ ခြောက်ပါးညီနောင် ကျောင်းဆိုတာ ရှိတယ်... မွေးချင်းညီနောင် ၆ ယောက် သာသနာ့ဘောင်ဝင် ရှင်ရဟန်း ပြုကြပြီး သီတင်းသုံးကြတဲ့ ကျောင်းတိုက်ပေါ့... မဟာသုဗောဓါရုံလို့ ခေါ်တယ်မှတ်တယ်...

ရဟန်းညီနောင် ခြောက်ပါးစလုံးဟာ သာသနာ့ဓဇ ဓမ္မာစရိယဘွဲ့ အနည်းဆုံး ရရှိကြသူတွေ ဖြစ်တယ်ဆိုရင်ပဲ အတော်ကြည်ညိုစရာ ဖြစ်နေပါပြီ... ဒီလို သာသနာ့ အာဇာနည်တွေကို မွေးထုတ်ပေးခဲ့တဲ့ မိဘတွေကလဲ ဘယ်လောက်တောင် မြင့်မြတ်ဂုဏ်တက် ကြလေမလဲ...

မွေးချင်း ၁၂ ယောက်မှာ သား ၆ယောက် သာသနာ့ဘောင် ဝင်သွားပြီးနောက်ပိုင်း အမိအဘတွေကလဲ ရဟန်းပြု သီလရှင် ဝတ်လိုက်ကြတယ်... မွေးချင်းထဲမယ် အငယ်ဆုံး မိန်းကလေးကလဲ သီလရှင် လိုက်ဝတ်တယ်... ခမည်းတော်နဲ့ နောင်တော်တွေ အပါအဝင် သံဃာတွေကို ဆွမ်းလုပ်ကျွေးတယ်... ဒီလိုမိသားစု ဘယ်လိုရှာ ရှာလို့တွေ့ပါ့မလဲ...

အဲ့ဒိ ညီနောင်တွေထဲက မွေးချင်း ၁၁ ယောက်မြောက်... ဆရာတော်ဟာ အရှင်နန္ဒမာလာလို့ ခေါ်ပါတယ်... အများသိကြတဲ့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်ပေါ့...

ပုံကတော့ ဆရာတော်ကြီးနဲ့ နှမတော် ဒေါ်ကဉ္စနာပါ...
(Photo Credit: Dhammadownload Web Master)
သာဓု... သာဓု... သာဓု...
Shared from ကိုသာပို (FB)

Monday, August 25, 2014

အရူး (၈)မျိုး




(၁) ကာမဝိတက်၊ ရုပ်ပျက်အောင်ကြံ၊ လွန်ဖောက်ပြန်၊ မှတ်ရန် ကာမရူး။

(၂) ဒေါသအမျက်၊ ရုပ်ပျက်စေငြား၊ လွန်ဆိုးဝါး၊ မှတ်သား ဒေါသရူး။

(၃) တစ်ပါးသူကို၊ ကြည်ဖြူကင်းလျက်၊ ကိုယ့်ရုပ်ပျက်အောင်၊ လွန်တတ်မာန ထောင်တာက၊ မှတ်ကြ မာနရူး။

(၄) အယူမှားဘက်၊ ကြံဝိတက်ဖြင့်၊ စွဲချက်လွန်နာ၊ ထိုသူမှာ၊ မှတ်ပါ  ဒိဋ္ဌိရူး။

(၅) သေရည်သေရက်၊ ရုပ်ဆင်းပျက်အောင်၊ အရှက်မရှိ၊ သောက်စားဘိ၊ မှတ်သိ သူရာရူး။

(၆) စည်းစိမ်ယွင်းပျက်၊ ဆွေမျိုးပျက်၍၊ ရုပ်ပျက်အောင်ပေ၊ အပူပွေ၊ မှတ်လေ ဗျသနရူး။

(၇) ဘီလူးစုန်း-နတ်၊ ဖမ်းစားအပ်၍၊ အမှတ်သတိ၊ လွတ်ကင်းဘိလျက်၊ ရုပ်ဆင်းပျက်၊ မှတ်ချက် ယက္ခရူး။

(၈) သည်းခြေပျက်၍၊ ရုပ်ပျက်အောင်ပေ၊ အကြံပွေ၊ မှတ်လေ သည်းခြေရူး။

အရူးပျောက်ချင်၊ ဘုရားရှင်၏၊ မဂ္ဂင်ဆေးမြတ်၊ သောက်သုံးအပ်၊ မှတ်ကြပါလေဦး။

အရှင်ခေမာစာရ (မန်းရေတံခွန်တောင်)

ထေရ၀ါဒနှင့် ကန်တော့ပွဲ


ကန်တော့သည်ဟူသော အသုံးအနူန်းသည် လူတိုင်းပါးစပ်ဖျားတွင် အမြဲပြောနေကြသည်။ ဘုရားကန်တော့မလို့၊ ဘုန်းကြီးကန်တော့မလို့၊ မိဘဆရာသမား ကန်တော့မလို့၊ နတ်ကန်တော့မလို့၊ စသည်ဖြင့် အမျိုးအစားများစွာရှိသည်။ ကန်တော့ပွဲများစွာထဲတွင် ဗုဒ္ဓဘာသာဝင်များ၏ ဘုရားစင် ဘုရားခန်းရှေး၌ ဘုရားပွဲ တရားပွဲ သံဃာပွဲ သာသနာပွဲစသည်ဖြင့် ကန်တော့ပွဲတွေ ထိုးလေ့ရှိသည်။ အဘယ်ကြောင့် ကန်တော့ပွဲ ထိုးပါသနည်းဟုမေးလျှင် များသောအားဖြင့် ဖြေကြသည်မှာ စီပွားလာဘ် ဘာဘတက်ဖို့၊ ရာထူးတိုးဖို့စသည်ဖြင့် ပြောတတ်ကြသည်။ သည်လို ကန်တော့ပွဲထိုးခြင်းသည် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် အပ်စပ်ပါသလား စသည်ဖြင့် မေးမြန်းကြသည်။ မအပ်စပ်ပါဟု ဖြေလိုပါသည်။သည်နေရာ၌ ကန်တော့ပွဲဟူသော စကားကို စိတ်ဖြာကြည့်လျှင် ကန်တော့+ပွဲ ဟူသော စကား ၂ လုံးရှိသည်။ ကန်တော့စကားသည် အပြစ်ရှိက ပြေပျောက်စေရန်၊ အပြစ်မရှိကလည်း ကုသိုလ်ရစေရန် ပြူလုပ်ကြသည့် အလေ့အထတခုဖြစ်သည်။ 

ဘုရားလက်ထက်က သောရေယျသူဌေးသားသည်မြစ်ဆိပ်မှ အပေါင်းအသင်းများနှင့် ရေချီုးပြီး၌ပြန်လာစဉ် ကြည်ညိုဖွယ်ရာ ရုပ်အဆင်းအင်္ဂါ အလွန်သပ္ပါယ်သော ရဟန္တာအရှင် မဟာကစ္စည်းမထေရ်ကို မြင်သဖြင့် ဒီရဟန်းသည် အလွန် ချောမောလှပပေသည်။ ငါ့မိန်းမသာဖြစ်လျှင် သိပ်ကောင်းမှာပဲဟု စိတ်ထဲက ပြစ်မှားမိသည်။ သည်မနောကံ အပြစ်ကြောင့် မိန်းမဘ၀ကို ပြောင်းသွားသည်။ သောရေယျသည် ရှက်လွန်းသောကြောင့် အခြားအရပ်သို့ ထွက်ပြေးပြီး ထိုအရပ်မှာပင် မိန်းမဘ၀ဖြင့် အိမ်ထောင်ကျကာ သားသမီးသုံးယောက် ရရှိခဲ့သည်။ တနေ့သ၌ သေရေယျ နေထိုင်သောအရပ်သို့ အရှင်မဟာကစ္စည်း မထေရ်ကြွလာရာ သောရေယျအမျိုးသမီးသည် ကန်တော့တောင်းပန်ရာ ယောက်ျားဘ၀ပြန်ရခဲ့သည်။ ရွာတရွာထဲတွင် ရဟန္တာမထေရ်ကြီးနှင့် ရဟန်းငယ်တို့ ဆွမ်းခံကြွရာ ယာဂုပူပူရသောအခါ ရဟန္တာမထေရ်ကြီးမှာ လေနာရောဂါထသောကြောင့် သစ်တုံးပေါ် အမြန်ထိုင်လျှက် ဘုန်းပေးတော်မူသည်။ ရဟန်းငယ်က ဒီရဟန်းအိုကြီး စားပဲစားနိုင်လွန်းသည်ဟု စိတ်ထဲက ပြစ်မှားမိသည်။ သည်တွင် ရဟန္တာမထေရ်ကြီးက သိတော်မူသောကြောင့် ရဟန်းငယ်အား သင် ဘယ်အဆင့်ရောက်ပြီနည်းမေး၏။ တပည့်တော် သောတာပန်ပါဟု လျောက်သော် သင် ရှေးဆက်အားမထုတ်နဲ့တော့ဟု မိန့်တော်မူသည်။ ရဟန်းငယ်က သူပြစ်မှားမိသောအပြစ်သည် မဂ်ဖိုလ်ကို တားနေပြီးဟု သိသောကြောင့် ရဟန္တာမထေရ်ကြီးအား ကန်တော့တောင်းပန်မှ ပြေပျောက်လေသည်။ 

မိမိထက် အသက်သိက္ခာ ဂုဏ်ဝါကြီးမြတ်သောသူတို့အား ကန်တော့လျှင် အကျိုး ၄ မျိုးရရှိသည်။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ ခွန်အားကြီးခြင်းဟူသော ကောင်းကျိုးလေးမျိုးတို့ ဖြစ်သည်။ ပွဲ-ဟူသည်မှာ လောကီ အစီအရင်သာ ဖြစ်ပါသည်။ ဘုရားပွဲ၊ တရားပွဲ၊ သံဃာပွဲ၊ ၀ိဇ္ဖာဓိုရ်ပွဲ၊ မဟာလာဘံလာဘ်ဖွင့်ပွဲ၊ ဓနသိဒ္ဓိပွဲ၊ စန်းလာဘ်ဖွင့်ပွဲ၊ မဟာဇေယျံပွဲ၊ အနေကဇာတင်ပွဲ၊ အနန္တငါးပါးပွဲ စသည်ဖြင့်များစွာရှိ၏။ ဤနေရာတွင် လောကီပွဲများကို မဆိုလိုပါ။ ဘုရားစင်ရှေ့ရောက်လာသော ပွဲများကိုသာ စိစစ်ပါမည်။ ယင်းကန်တော့ပွဲများတွင် အုန်းသီးတစ်လုံး၊ ငှက်ပျောသီး သုံးဖီး(သို့)ငါးဖီး၊ ကွမ်းယာ၊ သပြေပန်း၊ ဆီးမီးတိုင်နှင့် အခြားလှူဖွယ်များ ပါဝင်သည်။ ပွဲထိုးပုံနည်းစနစ်မှာ အုန်းသီးကြွက်မြီးကို ဘုရားဘက်သို့ လှည့်ထားရမည်။ ကွမ်းယာကို လက်ဝဲဘက်က အရင်ခေါက်၊ ပြီးမှလက်ယာဘက်က ခေါက်ရသည်။ အခေါက်ကို အုန်းသီးဘက်လှည့်၌ ညှပ်ရသည်။ ငှက်ပျောငါးဖီးထိုးလျှင် အောက်ဆုံးတွင် နှစ်ဖီးကို အညှာချင်းဆိုင်ထားပြီး ယင်းအပေါ်မှ အုန်းသီးကို ထားရမည်။ ကျန်သုံးဖီးမှာ အုန်းသီးကို ရံထားရသည်။ အုန်းကြွက်မြီးကို ဘုရားရှင်ဘက် လှည့်ထားရမည်။ ယင်းသို့ထိုးမှ သိဒ္ဓိမြောက်သည်ဟု ဆိုသည်။ လောကီအစီအရင် လောကီ ယုံကြည်မှုကို မဝေဖန်လိုပါ။ သာသနာအတွက် အပ်စပ်ထိုက်တန်မှု ရှိမရှိကိုသာ ဝေဖန်လိုပါသည်။ 

ယင်းတို့လှူသော ပစ္စည်းများတွင် အုန်းသီးငှက်ပျောသီးများသည် ယာဝကာလိက ဘောဇဉ်အမျိုးအစား ဖြစ်၍ နံနက်ပိုင်းတွင်သာ ကပ်လှူကောင်းသည်။ အလှူခံသူကလည်း နံနက်ပိုင်းတွင်သာ အလှူခံပြီး နံနက်ပိုင်းတွင်သာ သုံးဆောင်ကောင်းသည်။ ဆွမ်းတော်ကပ်သလို မွန်းတည့်လျှင် စွန့်ပစ်သင့်ပါသည်။ သို့မှသာ သက္ကစ္စဒါန=ရိုရိုသေသေ လှူရာရောက်သည်။ ယခုမူ တစ်ခါပွဲထိုးထားလျှင် ခုနစ်ရက်ခုနစ်လီ ကြာတတ်သည်။ ငှက်ပျောသီးဆိုသည်မှာ အမှည့်ကို စားရသော အသီးဖြစ်သည်။ ပွဲထိုးသူများသည် စားမရသေးသည့် ငှက်ပျောသီးစိမ်းများကိုသာ ရတနာသုံးပါးအတွက် လှူဒါန်းပြီး မှည့်ဝင်းကာ စားလို့ရနိုင်သည့်အချိန်တွင် ပြန်ယူသွားကြသည်။ ဘုရားရှေ့တွင် ငှက်ပျောသီးအုပ်သလို ဖြစ်နေသည်။ မအပ်စပ်မဖြစ်သင့်ပါ။အုန်းသီးသည် အပင်ပြန်ပေါက်နိုင်သော ဗီဇဂါမ်ပစ္စည်းဖြစ်သည်။ အလုံးလိုက် မကပ်ကောင်းသလို၊ အလုံးလိုက်တိုက်ရိုက်အလှူ မခံကောင်းပါ။ ခွဲစိတ်ပြီးမှ ကပ်ခြင်း၊ အပင်ပြန် မပေါက်နိုင်အောင် ဖျက်ဆီးပြီးမှ ကပ်ခြင်းတို့သည်သာ အပ်စပ်ပါသည်။ ကွမ်းယာကိုမူ ဘုရားရှင်သုံးဆောင်သည်ဟု ပိဋကတ်၌လည်း မတွေ့ဖူး၊ ပညာရှိစကားလည်း မကြားဖူးပါ။ ထိုသို့သော မအပ်စပ်သည့် လှူဖွယ်ဝတ္ထုများကို ဘုရားရှင်တို့ အလှူမခံပါ။ တစ်ခါက သုဘဒ္ဒရဟန်းကြီးတို့ သားအဖသည် ဘုရားရှင်အား ဆွမ်းလှူဒါန်းလိုသဖြင့် ရဟန်းဘ၀ဖြင့် ဆတ္တာသည်လုပ်၍ ငွေရှာ၏။ ရလာသော ငွေဖြင့် ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းကပ်၏။ မအပ်စပ်သောနည်းဖြင့် ရှာဖွေလှူဒါန်းခြင်းကြောင့် ဘုရားရှင်က အလှူခံတော်မမူပေ။ ယနေ့ခေတ် ကန်တော့ပွဲများကိုလည်း မအပ်စပ်သဖြင့် ဘုရားရှင် အလှူခံမည်မဟုတ်ပေ။ သိဒ္ဓိဟူသည်မှာ ပြီးမြောက်ခြင်းဟု အဓိပ္ပာယ်ရ၏။ ဘုရားရှင် အလှူမခံသဖြင့် လှူဒါန်းခြင်းကိစ္စကား ပြီးမြောက်နိုင်မည် မဟုတ်ပေ။ ဒါနသိဒ္ဓိမမြောက်နိုင်သဖြင့် ဒါနကြောင့်ရလာမည့် အကျိုးလည်း ရနိုင်မည်မထင်ပါ။ လောကီနည်းဖြင့် သိဒ္ဓိမြောက်နိုင်မည်ဟု ယုံကြည်လျှင်ကား မဝေဖန်လိုပါ။ ဗုဒ္ဓဘာသာနှင့် ဤစနစ် ယုံကြည်ချက်ကို အခြေခံသော ကန်တော့ပွဲကား ဘယ်လိုမှ မအပ်စပ်ပါ။ 

ရဟန်းတော်များအတွက် အလှုခံဘုဉ်းပေးသုံးဆောင်ကောင်းသော အချိန်ကာလများ ယာဝကာလိက-ဘောဇဉ် ၅ပါး၊ ခဲဖွယ် ၁၂ ပါး သစ်ကြီး ၉ပါး။ ယာမကာလိက-အဖျော်-သစ်သီးဖျော်ရည် သတ္တာဟကာလိက-ထောပတ် တင်လဲ ပျား ဆီဦး ယာဝဇီဝက- အသက်ရှိသမျှကာလပတ်လုံးသုံးစွဲနိုင်သော ဆေးစသည်...။ http://shwenakathu.blogspot.in/မှတဆင့် ကူးယူဖော်ပြသည်။ ဓမ္မမိတ်ဆွေများအာလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။ 

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

မှတ်ဉာဏ်ကောင်းလိုသော်


စိတ်လှုပ်ရှားတိုင်း မမြဲဘူးဟု သုံးသပ်နေသောသူ၏ စိတ်သည်
လှုပ်ရှားခြင်းကင်းကာ ငြိမ်သက်လာသည်။ စိတ်ကို ဉာဏ်ဖြင့် သုံးသပ်ကွပ်ကဲခြင်းသည် စိတ္တာနုပဿနာကျင့်စဉ် ဖြစ်သည်။

ချစ်သူတွေ့တွေ့၊ မုန်းသူတွေ့တွေ့ မတုန်မလှုပ်စေရန် ဉာဏ်ဖြင့်
စိတ်ကို ထိန်းနိုင်လျှင် နောက်ဆုံး သေခြင်းတရားကိုပင် မတုန်မလှုပ် ရင်ဆိုင်သွားနိုင်သည်။ 

ငယ်ရွယ်သူများ မှတ်ဉာဏ်ကောင်းလိုသော် အထက်ပါနည်းကိုသာ ကျင့်ပါ။ စိတ်များကြည်လင်၍ မှတ်ဉာဏ်ကောင်းလာပါမည်။
ယုံယုံကြည်ကြည် နှလုံးသွင်းပါ။

ရွှေဥမင်ဆရာတော်ဘုရားကြီး
ဘဒ္ဒန္တကောသလ
[သတင်းတမန် ဂျာနယ်]

Friday, August 22, 2014

မင်းဖမ်းနိုင်ရင်ဖမ်း (Catch me if you can)

 

Frank William Abagnale ဟာ အမေရိကန်သမိုင်းမှာ အလွန်ထူးခြားတဲ့ လူလိမ်ကြီးအဖြစ်နာမည်ကြီးခဲ့ပါတယ်။
သူ့ကို ၁၉၄၈ ဧပရယ် ၂၇ မှာမွေးဖွားခဲ့ပြီး
သူ အထက်တန်းကျောင်းသားဘဝမှာ သမိုင်းဆရာ တစ်ယောက် ခွင့်ယူထားတဲ့အတန်းကို Lecture တွေဝင်ပေး စာတွေသင် ပျော်ပွဲစားတွေတောင် လုပ်ခဲ့တယ်ဆိုပဲ။ ကျောင်းအုပ်ဆရာမကြီး သိတဲ့ အချိန်မှာ ကျောင်းသူကျောင်းသားတွေနဲ့ လေ့လာရေးခရီးထွက်ဖို့တောင် ပြင်ဆင်နေပြီတဲ့။

သူအိမ်က စိတ်ဆိုးပြီးထွက်လာတဲ့အချိန်မှာ ချက်လက်မှတ် အတုတွေနဲ့ငွေလိမ်ထုတ်ခဲ့ပါတယ်။ နောက် Pan An လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးဟန်ဆောင်ပြီး ကမ္ဘာတစ်ဝန်းကို လေယာဉ်အခမဲ့ ပတ်စီးပြီး ချက်လက်မှတ်အတုတွေနဲ့ ပိုက်ဆံထုတ် ဟိုတယ်တွေမှာတောင် အခမဲ့ တည်းခိုခဲ့တယ်။

နောက် Georgia ဆေးရုံမှာ ဆေးရုံမှူးဆရာဝန်အဖြစ် အလုပ်လုပ်ခဲ့သေးတယ်။ ဆရာဝန်အဖြစ်ကနေ Harvard တက္ကသိုလ်က ဥပဒေစာမေးပွဲကို အတန်းတစ်ချိန်မှ မတက်ဖူးဘဲ ဝင်ဖြေတာအောင်မြင်ခဲ့ပြီး ရှေ့နေအဖြစ်လုပ်ခဲ့တယ်။

သူရှေ့နေဖြစ်တဲ့အချိန် အသက်က ၁၉နှစ်ပဲရှိပါသေးတယ်။ ၈လကြာပြီးတဲ့နောက် အလုပ်ကထွက်ခဲ့တယ်။
အဲချိန်မှာ Abagnale ကို နိုင်ငံပေါင်း ၁၂ နိုင်ငံက ချက်လက်မှတ်အတုလုပ်မှု လေယာဉ်မှူးဟန်ဆောင်ပြီး လေယာဉ်စီးမှု အခြား လိမ်လည်မှုပေါင်းများစွာနဲ့ အလိုရှိနေပါတယ်။

Abagnale ကို ၁၉၆၉ ခုနှစ်ပြင်သစ်မှာ ဖမ်းမိခဲ့တယ်။ သူနဲ့ အရင်က တွဲခဲ့ဖူးတဲ့ ပြင်သစ် လေယာဉ်မယ်တစ်ယောက်က သူ့ကိုတွေ့ပြီး ရဲကိုသတင်းပေးလို့ ဖမ်းမိခဲ့တာဖြစ်တယ်။

Frank Abagnale ဟာ ပြင်သစ်ထောင် ဆွီဒင်ထောင်များမှာ လအနည်းငယ်စီ နေခဲ့ရပြီး နောက်ဆုံး ဗာဂျီးနီးယားမှာ ထောင်ဒဏ်၁၂နှစ်ချမှတ်ခံခဲ့ရတယ်။ ၁၉၇၄ ခုနှစ်မှာတော့ FBI မှအမှုအခင်းများချက်လက်မှတ်လိမ်လည်မှုများကို Abagnale အကူအညီရယူရန် FBI ရုံးခန်းမှာ အကျယ်ချုပ်နဲ့ ကျန်ရှိတဲ့ ထောင်ဒဏ်ရက်များကို ကုန်ဆုံးစေခဲ့တယ်။
သူထောင်ကျချိန်ထိ သူဟာ ကီလိုမီတာ 1.6 သန်းကိုလေယာဉ်စရီးစဉ် ၂၅၀ နိုင်ငံပေါင်း ၂၆ နိုင်ငံ အခမဲ့ စီနင်းခဲ့ပြီးဖြစ်တယ်။
အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး ချက်လက်မှတ်အတုနဲ့ ငွေထုတ်ခဲ့ပါတယ်။
FBI ကနောက်ပိုင်းမှာ မင်းဘယ်လိုရှေ့နေစာမေးပွဲကို လိမ်ပြီး အောင်အောင်လုပ်ခဲ့တာလဲ မေးတဲ့အခါ သူက စာမေးပွဲမဖြေခင်နှစ်ပတ် ရှေ့နေစာအုပ်တွေဖတ်ပြီး အမှန်တစ်ကယ် စာမေးပွဲအောင်ခဲ့တာပါတဲ့

Abagnale ဟာ ယခုအချိန်မှာ Abagnale & Associate လုံခြုံရေးအကြံပေးကုမ္ပဏီ ဖြင့် ချမ်းသာကြွယ်ဝတဲ့ သူဌေးတစ်ယောက်ဖြစ်နေပါပြီ။

သူရဲ့ အကြာင်းကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတဲ့ Titanic မင်းသားလီယိုနာဒို သရုပ်ဆောင်ထားသော Catch Me if You Can ရုပ်ရှင်ဇာတ်ကားကိုတော့

http://www.firedrive.com/file/E6ACD7547C6F4AAC

မှာ ဒေါင်းလုပ်ဆွဲပြီး ဖြစ်ဖြစ် တိုက်ရိုက်ဖြစ်ဖြစ်ကြည့်နိုင်ပါတယ်ခင်ဗျာ
သူ့အကြောင်း အပေါ်မှာ ရေးခဲ့တာဟာ အကျဉ်းမျှသာဖြစ်ပြီး ရုပ်ရှင်ကားမှာတော့ အားလုံးနီးပါး အပြည့်အစုံ ကြည့်နိုင်မှာဖြစ်ပါတယ်

အင်္ဂလိပ်ဘာသာမှာ နာမည်ဆိုးနဲ့ ကျော်ကြားရင် notorious လိုသုံးပြီး နာမည်ကောင်းနဲ့ ကျော်ကြားရင် Famous လို့သုံးပါတယ်

Frank William Abagnale ဟာ notorious လား famous လား comment လေးရေးခဲ့ပါဦး။

Credit to: သင့် IQ မြင့်မားလာစေရန် (FB)

Thursday, August 21, 2014

အက်ဆီးဒင့်နဲ့ မသေရအောင် ဗုဒ္ဓါနုဿတိ ဆောင်


ခုတလော Facebookမှာ ကားမှောက်လိုက်၊ ဆိုင်ကယ်မှောက်လိုက်၊ သဘောင်္မှောက်လိုက်၊ လေယာဉ်ပျောက်လိုက် သတင်းတွေကလည်း ပလူပျံနေပါတယ်။
မနေ့ကလည်း အသက်(၂၁)နှစ်အရွယ် ဒကာလေးတစ်ယောက် ဆိုင်ကယ်မှောက်လို့ ဆုံးသွားပါတယ်။ ဆုံးတဲ့အချိန်မှာ အံကျိတ်ထားတာ ဖြည်လို့တောင်မရတော့ပါဘူး။ သူ ဝေဒနာတွေကို အံကျိတ်ခံရင်း ဆုံးသွားရှာပါတယ်။ အဲဒါကို တပည့်လေးကမေးတယ်။ အရှင်ဘုရား အံကျိတ်ပြီးသေရင် ဘယ်ရောက်မလဲတဲ့။
မြတ်စွာဘုရားက လောဘနဲ့သေ ပြိတ္တာပြည်၊ ဒေါသနဲ့သေငရဲပြည်၊ မောဟနဲ့သေ တိရိစ္ဆာန်ပြည် လို့ အတိအကျ ဟောပြထားပါတယ်။
ဥပစ္ဆေဒကကံ (အက်ဆီးဒင့်ဖြစ်ခြင်းကြောင့်)နဲ့ သေတဲ့သူဟာ တရားပါးမ၀ထားဘူးဆိုရင် တော်ရုံတန်ရုံနဲ့ ဝေဒနာကို ကျော်လွှားဖို့ရာ မလွယ်ပါဘူး။ ဒါကြောင့် ထိခိုက်ဒဏ်ရာဖြစ်ပြီးသေခါနီးမှာ ကောင်းတဲ့အာရုံမရဘဲ လောဘ ဒေါသ မောဟတွေဖြစ်ပြီး သေခဲ့မယ်ဆိုရင် အပါယ်လားဖို့ပဲ ရှိရဦးမယ်။
အသေဆိုးနဲ့လည်းသေရမယ်။ အပါယ်လည်း လားရဦးမယ် ဆိုရင်တော့ လူဖြစ်ကျိုး မနပ်တော့အောင်ကို အဖြစ်က ဆိုးလွန်းလှပါတယ်။
ဒါကြောင့် ဥပစ္ဆေဒကကံနဲ့ မသေရအောင် ကံတွေကို ပြင်လို့ရပါတယ်။ ဘာနဲ့ပြင်မလဲဆိုတော့ ဗုဒါနုဿတိနဲ့ ပြင်ရမှာပါ။
ဘယ်သွားသွား ဘာလုပ်လုပ် မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို (၉)ပါးလုံးပဲဖြစ်ဖြစ် တပါးပဲဖြစ်ဖြစ် ပွားနေမယ်ဆိုရင်
ဥပစ္ဆေဒကကံကနေ လွတ်နိုင်သလို ဘယ်တော့မှလည်း သေချင်းဆိုးနဲ့လည်း မသေနိုင်တော့ပါဘူး။

လူငယ်တွေမသိသေးရင်တော့ အလွယ်ဆုံး ဗုဒ္ဓါနုဿတိပွားနည်းကို Screen Shot ဖမ်းလို့ တစ်ထိုင်တည်း ကျက်ထားလိုက်ပါ။

အလွယ်ဆုံး ဗုဒ္ဓါနုဿတိပွားနည်း
""အရဟံ- ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရား။
အရဟံ- ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသောမြတ်စွာဘုရား။
အရဟံ- ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။""

မေတ္တာဖြင့်
@@@သာသနာနွယ်

ဖတ်ပြီးရင်တော့ နောက်လူတွေ သိရအောင် Share ပေးလိုက်ကြပါ။

Wednesday, August 20, 2014

တရား ပူဇော်နည်း


ဘုရားရှင် နှင့် သံဃာတော်သည် ပုံသဏ္ဍာန်အထင် အရှားရှိတော်မူ သောကြောင့် ပူဇော်၍ဖြစ်၏တရား တော်ကား ပုံသဏ္ဍာန် မထင်ရှားသာကြောင့် မည်ကဲ့သို့ပူ ဇော်ရအံ့ နည်း " ဟုအကြံဖြစ်၍ ပုဏ္ဏားတစ် ယောက်သည် ဘုရားထံ လျှောက် ဖူးလေ၏။
ဘုရားရှင် ကလည်း " ပုဏ္ဏား တရားတော်ကို ပူဇော်လိုလျှင် တရားတော်ကို များစွာသိ၍ ဗဟုသုတ ရှိသော ရဟန်းတော်ကို ပူဇော်လေ" ဟု မိန့်တော်မူသဖြင့် သံဃာများအထံ ဗဟုသုတရှိသော ရဟန်းတော် ကို မေးလျှောက် လေရာ အရှင် အာနန္ဒာကို ညွှန်ပြသဖြင့် တရားတော် ကိုရည်မှန်း၍ တစ်ထောင် တန် သင်္ကန်းဖြင့် လှူဒါန်းပူဇော်လေ သည်။ 

ထို့ကြောင့် ယခုကာလ ဗုဒ္ဓဘာသာဝင် ဟူသမျှတို့သည် ကိုယ်စီကိုယ်င ရဟန်းတော်များကို ဆည်းကပ်ကိုး ကွယ် ရာ၌ ဘုရားရှင် ဟောပြ တော် မူအပ်သော စာပေပရိယတ်ကို သင် ယူခြင်း တတ်မြောက်၍ပို့ချခြင်း ဟောခြင်း ကျမ်းရေးခြင်းတို့ဖြင့် သာသနာ့တာဝန်ကို အမြဲထမ်းဆောင် နေ သော ပုဂ္ဂိုလ်များကို ဆည်းကပ် ကိုးကွယ် ၍ ဆွမ်း သင်္ကန်း ကျောင်း ဆေး တို့ဖြင့် ထောက်ပံ့ပြု စုဂရုစိုက်နေသူတို့မှာ " ငါတို့သည် တရားတော်ကိုလည်း အမြဲပူဇော် ၍ နေရ ပေသည်။ ငါတို့သာ မထောက်ပံ့လျှင် ငါတို့အရှင် သည် တတ်သိသော ပညာတွေကို သူတစ်ပါးအား ရေးသား ဝေငှ ပို့ချနိုင် မည် မဟုတ်။ ငါတို့၏ကူညီမှုကြောင့် သာ အဆက်ဆက်တိုးပွားအောင် သာသနာ့ တာဝန်ကို ဆောင် နိုင် ပေသည်။ ငါတို့အရှင် ဆောင် ရွက်သမျှ တာဝန်တွေကို ငါတို့ကလည်း ကူညီ ထမ်းဆောင် ရာ ရောက်သဖြင့် ငါတို့အရှင် ရသမျှ ပညာပါရမီ ကို ငါတို့လည်းမုချ ရ တော့မည် " ဟု ဟုတ်မှန်သည့်အတိုင်း ဉာဏ်ကိုချဲ့ ထွင် ၍ ဆင်ခြင် စဉ်းစားလျက်အား တက် သ ရောရှိသင့် ကြ ပေသည်။ 

ထို့ကြောင့် သာသနာကို ပြုစု နိုင် သော အင် အားရှိသူ ဒကာ ဒကာမတို့ကလည်း မိမိတို့ရပ် ရွာ မြို့နယ် ၌စာချနိုင် မည့် ပုဂ္ဂိုလ်ကို ရွေးချယ်၍ ဖြစ်စေ။ မြို့ကြီးပြကြီး များမှ ယုံကြည်စိတ်ချရ သော စာချပုဂ္ဂိုလ်ပင့် ၍ဖြစ်စေ အသီးသီးစာ သင် တိုက်တည်လျက် စာသင် သား တွေ မြို့ကြီးပြကြီး တက်၍ မသင် ရဘဲ မိဘဆရာတို့အနီးမှာပင် သင် ကြားရသဖြင့် ယခုလိုအပျက် အစီး မများရကား သာသနာတော်ကြီး သည်အ တော်သန့်ရှင်းလျက် တိုး တက် လာပေလိမ့်မည်။ ထို့ကြောင့် ယခုပြခဲ့သောတရားပူဇော်နည်းကို သတိထား၍ တရားတော်ကို ပူဇော် တတ်သော သာသနာ့ ဒယကာ သာသနာ့ဒယကာမများဖြစ်ကြပါ စေသား။

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ
( ရတနာ့ဂုဏ်ရည် )

Tuesday, August 19, 2014

ဗိုက်ခေါက်အဆီကျစေမည့် သဘာဝနည်းလမ်း


ဗိုက်ခေါက်ထူနေသူများ အဆီကျစေလိုပါက မြန်မာ့ရိုးရာ ဆေးမြီးတိုနည်းဖြင့် အန္တရာယ်ကင်းစွာ အဆီချနိုင်ပါသည်။

လိုအပ်သော ပစ္စည်းများမှာ-

၁။ သဘာဝပျားရည်စစ်စစ် (တစ်နှစ်ကျော်ထားသည့် ပျားရည်အဟောင်း)
၂။ သံပရာသီး
၃။ ဂျင်း

သုံးစွဲပုံ

၁။ သံပရာသီးတစ်လုံးကို ရေစင်အောင်ဆေးပြီး အခွံနှင့်အတူ အကွင်းလိုက် လှီးလိုက်ပါ။ မတ်ခွက်ထဲကို ထည့်ပါ။
၂။ ဂျင်းနှစ်လွာခန့် ထည့်ပါ။
၃။ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းခန့်ထည့်ပါ။
၎။ ရေနွေးပူပူထည့်ပြီး အဖုံးအုပ်ထားပါ။

နာရီဝက်ခန့် နှပ်ထားလိုက်ပြီး ရေနွေး အေးလာသည့်အခါ သောက်ပေးနိုင်ပါတယ်။ ညအိပ်ယာဝင်ခါနီးအချိန်ဆိုလျှင် ပိုသင့်လျှော်ပါသည်။ တစ်ပတ်ကို ၃ ကြိမ်ခန့်သောက်ပေးပါ။ တစ်လအတွင်း ဗိုက်ခေါက်အဆီများ ကျသွားပါလိမ့်မည်။

သတိပြုရန်။ ။ ပျားရည်အသစ်ဖြင့် မပြုလုပ်ရပါ။ ပျားရည်အသစ်သည် လူကို ၀လာစေနိုင်ပါသည်။ သံပရာသီးအခွံပါသည့်အတွက် အရသာအနည်းငယ် ခါးနေမည်။ အခါးမသောက်နိုင်ပါက ပျားရည်အနည်းငယ် ထပ်ထည့်သောက်ပါ။ သကြားမထည့်ရပါ။ အစာအိမ်သမားများ မသောက်သင့်ပါ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ မြန်မာ့ရိုးရာဆေးမြီးတိုများ
ကျန်းမာရေးသတင်းများ

ပျော်ရွှင်စွာ နေတတ်ကြသည့် သူများ၏ လျှို့ဝှက်ချက်


တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင်နေသူ တစ်ယောက်မှ မရှိကြပါဘူး။
ဒါပေမဲ့ တချို့သူတွေဟာ တခြားသူတွေထက် ပိုမို ပျော်ရွှင်နေတတ်ကြတာဟာ အောက်ပါ အကြောင်းတွေကြောင့်ပါ။
(၁) 'အကောင်းမြင်တတ်ပါတယ်'
+++++++++++++++++++++
ပျော်ရွှင်စွာနေတတ်သူတွေဟာ မကောင်းတဲ့အရာတွေ ဖြစ်ပေါ်လာတာကို လက်ခံပေမယ့် မကြာခင် ပြီးဆုံးမယ်လို့ ယုံကြည်တတ်ကြပါတယ်။
အဆိုးမြင်ဝါဒ ရှိတတ်သူတွေ အနေနဲ့ တစ်ခုခုမှားရင် အကုန်လုံးမှားမှာပဲလို့ ထင်တတ်ကြတဲ့ အလေ့အကျင့် ရှိတတ်ကြပါတယ်။

(၂ ) 'အကောင်းဘက်က ဖြစ်ပေါ်လာရင် ရေးမှတ် ထားတတ်ကြပါတယ်'
+++++++++++++++++++++++++++++++++++
ကျွန်ုပ်တို့ဟာ များသောအားဖြင့် မကောင်းတာ (Negative) အပေါ်သာ အာရုံစိုက်လေ့ ရှိတတ်ကြပါတယ်။ ချီးကျူးရမှာက ၁၀ခု ရရှိပြီး မကျေနပ်တာ တစ်ခုရှိနေမယ်ဆိုရင် သင်ဟာ ဘယ်အပေါ်မှာ အာရုံစိုက်လေ့ရှိသလဲ။ ပျော်ရွှင်စွာနေတတ်သူတွေဟာ ချီးကျူးရမယ့် အကြောင်းအရာတွေကိုသာ ကြားမြင်တတ်ကြပါတယ်။
အကောင်းမြင်တာကို စတင်ပြီး သတိထားမိရင် သင့်ဆီ အကောင်းတွေချည်းပဲ ရောက်လာမှာလို့ ပိုမြင်မိတတ်ကြပါတယ်။

(၃) 'ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ပါတယ်'
+++++++++++++++++++++++++++
ပျော်ရွှင်စွာနေတတ်သူတွေဟာ လွယ်လွယ်ကူကူပဲ ခွင့်လွှတ်တတ်ကြပါတယ်။ လူတွေကို ခွင့်မလွတ်နိုင်တာဟာ အဲ့ဒီသူ သေဆုံးဖို့အထိ မျှော်လင့်နေတာကြောင့် သင့်ကိုယ်သင် အဆိပ်မိထားသလို ခံစားရတတ်ကြပါတယ်။ သင်ဟာ ခွင့်လွှတ်ဖို့ခဲယဉ်းနေရင် မေတ္တာပို့တတ်တဲ့ အကျင့်ကို ပြုလုပ်ပါ။
သင့်ကိုယ်သင် မေတ္တာပို့ပါ။ ပြီးရင် သင် ချစ်တဲ့သူ၊ သင် နဲ့ သိကျွမ်း ဖူးသူ၊ သင် ခွင့်လွှတ်ရမယ့်သူတွေကို မေတ္တာပို့ပါ။ ဥပမာအားဖြင့် (ခွင့်လွှတ်ရမယ့် သူ နာမည် ထည့်ပါ) ကျန်းမာပါစေ။ ချမ်းသာပါစေ။
အန္တရာယ်ကင်းစေ။ ကြင်နာတတ်ပါစေ…. အစ ရှိသဖြင့် မေတ္တာပို့ ကြည့်ပါ။ အလိုလို ခွင့်လွှတ်နိုင်သွားပါလိမ့်မယ်။

(၄) 'မိမိ ၀ါသနာပါရာအလုပ်ကို လုပ်တတ်ကြပါတယ်'
++++++++++++++++++++++++++++++++++
ပျော်ရွှင်စွာ နေတတ်သူတွေဟာ ငွေ ဒါမှမဟုတ် ဂုဏ်ကို အဓိကမထားဘဲ သူတို့ ၀ါသနာပါရာ အလုပ်ကို လုပ်တတ်ကြပါတယ်။
ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။
Credit to နည်းစနစ်ကျကျအတွေးအခေါ်

လူတို့ စိတ်နေစိတ်ထား အကြောင်း သိကောင်းစရာ


၁။ ၉၀ ရာခိုင်နှုန်းသော သင့်ရဲ့ လွမ်းခြင်း သတိရခြင်းဟာ လူပုဂ္ဂိုလ်တွေကို မဟုတ်ပါဘူး။ ယင်း လူပုဂ္ဂိုလ်၊ မိတ်ဆွေ၊ ချစ်သူ များနဲ့ ဖြတ်သန်းခဲ့တဲ့၊ အတူရှိခဲ့တဲ အချိန်၊ အတွေ့အကြုံနဲ့ ခံစားမှုများကို ပြန်လည် သတိရ၊ လွမ်းခြင်း ဖြစ်ပါတယ်။

၂။ အရယ်သန်သူ၊ ဟာသလုပ်တတ်သူ၊ စတတ်နောက်တတ်သူ အများစုဟာ ဝမ်းအနည်းဆုံး လူများ ဖြစ်ပါတယ်။

၃။ ၈၀ ရာခိုင်နှုန်းသော လူတို့ဟာ သူတို့ရဲ့ ခံစားချက်ကို ဘယ်သူ့ကိုမှ မပြောပဲ မြှိုသိပ်တတ်ပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ ခံစားချက်ကို အခြားသူတို့အား ပြောရင်လည်း နားလည်ကြမှာ မဟုတ်ဘူးလို့ ယုံကြည်ထားကြလို့ ဖြစ်ပါတယ်။

၎။ သင့်ရဲ့ ဒုက္ခ နဲ့ ခံစားချက်များကို အခြားလူတို့ကို ဖွင့်ဟ ပြောပြတဲ့အခါ ၁ ရာခိုင်နှုန်းက ထပ်တူနီးပါး ခံစားပေးနိုင်ပြီး၊ ၄၉ ရာခိုင်နှုန်းက နားလည် စာနာပေးနိုင်ပါတယ်။ ကျန်ရှိတဲ့ ၅၀ ရာခိုင်နှုန်းမှာ ၂၅ ရာခိုင်နှုန်းသော လူတို့က ဂရုမစိုက်ပဲ နောက်ဆုံး၂၅ ရာခိုင်နှုန်းက သင့်ဒုက္ခရောက်နေတာကို ပျော်နေတတ် ပါတယ်။ (မိမိ ရှင်သန်ပေါက်ဖွားသော ပတ်ဝန်းကျင်အပေါ် မူတည်၍ ရာခိုင်နှုန်း အပြောင်းအလဲ ရှိသည်။)

၅။ ၇၅ ရာခိုင်နှုန်းသော အမျိုးသမီးတို့က အဖြေသိပြီးသား မေးခွန်း ကို မေးလေ့မေးထ ရှိတာကြောင့် မှန်ကန်ရိုးရှင်တဲ့ အဖြေ၊ ရိုးသာတဲ့ အဖြေကို ပေးတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

၆။ မိမိနားက ကြားသမျှ အကြောင်းအရာကို ချက်ချင်းမယုံလိုက်ပါနဲ့။ ဖြစ်ရပ် အကြောင်းအရာတိုင်းမှာ သင့်ရဲ့ အမြင်၊ ပြောသူရဲ့ အမြင် အပြင် အမှန်တရား ဆိုတဲ့ ထောင့်တစ်ခုပါ ရှိနေခြင်းကြောင့် ဖြစ်ပါတယ်။

၇။ မိမိ ဂရုစိုက်၊ မြတ်နိုးနေတဲ့ လူတစ်ယောက်က မိမိကို လစ်လျူရှုလိုက်တဲ့ အခါ နာကျင်မှု ဝေဒနာက ဦးနှောက်ကနေ ခန္ဓာကိုယ် နာကျင်မှုအထိ ကူးဆက် ပြန့်နှံ့သွားတတ်ပါတယ်။ ဒါကြောင့်မို့ ထမင်းမစားနိုင်ခြင်း၊ အိပ်ပျက်ခြင်း၊ ဖျားနာခြင်းတို့ ဖြစ်ကြခြင်း ဖြစ်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

Sunday, August 17, 2014

မြသိန်းတန်ဆရာတော်ကြီး၏ ယုံလွယ်သူနှင့်ယုံခဲသူ


ဤလောက၌ လူလည်းအမျိုးမျိုး အရာဝတ္ထုလည်း အမျိုးမျိုး တရားလည်း အမျိုးမျိုး ရောပြွမ်းရှုပ်ခတ်လျက်ရှိပါ၏။ လူထဲတွင် လူကောင်းရှိသလို လူဆိုးလည်းရှိသည်။ ရိုးသားဖြောင့်မတ်သူရှိသလို ကောက်ကျစ်စဉ်းလည်းသူလည်း ရှိသည်။ သူတော်အစစ်ရှိသလို သူတော်အတုလည်းရှိ၏။ ရုပ်ဝတ္ထုပစ္စည်းတွင်လည်း ပစ္စည်းအစစ်ရှိသလို ပစ္စည်းအတုလည်းရှိ၏။ တရားထဲတွင်လည်း တရားအစစ်ရှိသလို တရားအတုလည်းရှိ၏။

လူဟူ၍ဖြစ်လာပြီး လူ့အဖွဲ့အစည်းတွင် ကျင်လည်ရသောအခါ ရိုးသားဖြောင့်မတ်သူတွေနှင့် တွေ့ကြုံရသလို ကောက်ကျစ်စဉ်းလဲသူတွေနှင့်လည်း တွေ့ကြုံရတတ်ပါသည်။ သူတော်အစစ်နှင့်တွေ့သလို သူတော်အတုနှင့်လည်း တွေ့တတ်ပါ၏။

တရားအစစ်တွေကို နာကြားရသကဲ့သို့ တရားအတုတွေလည်း နာကြားရတတ်ပါ၏။ ဤသို့ အစစ်နှင့်အတု အနှစ်နှင့်အကာ ရောနှောနေတတ်သော ဤလောကတွင် လူသားတစ်ဦးအနေနှင့် အစစ်နှင့်အတုကို ခွဲခြားတတ်ဖို့လိုပါ၏။ အနှစ်နှင့်အကာကို ကွဲကွဲပြားပြား ခွဲခွဲခြားခြား သိတတ်စိမ့်သောငှာ မိမိ၏ ဦးနှောက်အတွင်းသို့ အသိပညာများ အတွေးအခေါ်များ တရားဓမ္မများကို ဖြည့်တင်းဖို့လိုပါသည်။ ထို့အပြင် ဝေဖန်စိစစ်သော ဝိဘဇ္ဇဥာဏ် ရှင်သန်အားကောင်းလာအောင် ပျိုးထောင်မွေးမြူဖို့ လိုပါသည်။

ဤလောကတွင် စိတ်ရင်းကောင်းမရှိသော လက်ကြောတင်းအောင်လည်း လုပ်ကိုင်မစားချင်သောသူများ ရှိနေပါသည်။ ထိုသူများသည် အသိပညာဗဟုသုတ နည်းပါးသောသူများအပေါ် နည်းအမျိုးမျိုးဖြင့် လှည့်ဖြား၏။ အယုံသွင်း၏။ သွေးဆောင်ဖြားယောင်း၏။ အသိပညာနည်းပါးသူများသည် ထိုသူတို့၏ သားကောင်ဖြစ်တတ်ပါ၏။

အသိပညာဗဟုသုတ အားနည်းသော် ဝေဖန်ခွဲခြားတတ်သော ဝိဘဇ္ဇဥာဏ်မရှင်သန်ပါ။ မှေးမှိန်တတ်ပါ၏။ ဝိဘဇ္ဇဥာဏ်အားနည်းလျှင် သူများပြောသမျှ လှိမ့်သမျှ ယုံလွယ်တတ်ပါ၏။ ယုံလွယ်တတ်သည်နှင့်အမျှ အမှားများစွာကို ကြုံဆုံရတတ်ပါ၏။

မိမိ၏ ဦးနှောက်အတွင်း၌ အသိပညာများ ဗဟုသုတများကို အစဉ်ဖြည့်တင်းနေသူသည် ဝေဖန်စိစစ်သောဥာဏ် ရှင်သန်အားကောင်းတတ်ပါသည်။ ဤကား သမ္မာ ဤကား မိစ္ဆာဟူ၍လည်းကောင်း ဤကား အမှန် ဤကား အမှားဟူ၍လည်းကောင်း ဤကားအစစ် ဤကားအတု ဟူ၍လည်းကောင်း ပိုင်းခြားသိမြင်လာတတ်ပါသည်။ ထိုသူတို့သည် သူများပြောတိုင်းမယုံ မြှောက်တိုင်းမမြှောက် ခြောက်တိုင်းမကြောက် အရာရာတွင် မိမိ၏ကိုယ်ပိုင်ဥာဏ်ကို အသုံးချလေ့ရှိသောကြောင့် ဆောင်ရွက်သမျှကိစ္စတိုင်းမှာအမှားနည်းပါး အမှန်များတတ်ပါ၏။ ဤသည်နှင့်စပ်လျဉ်း၍ မြသိန်းတန်ဆရာတော်ကြီး ပခုက္ကူဦးကေသရ ကဤသို့ဆုံးမတော်မူခဲ့ပါ၏။

** ယုံလွယ်သူအား အမှားများ
ထင်ရှားကြုံတတ်ပါ။
ယုံခဲသူအား အမှန်များ
မှတ်သားတွေ့တတ်ပါ။

***************************
(မင်းနန်-မော်ကျွန်း)

ပညာရှိနှင့် ပညာမဲ့… မည်သို့ခြားနား


ကျေးဇူးရှင် နမ္မား ဆရာတော်ကြီး အရှင်ဥာဏ ဤသို့ရှင်းလင်း ဟောကြားတော်မူခဲ့၏။

ပညာရှိနှင့် ပညာမဲ့သည် အပေါ်ယံတွင်တော့ သူလည်း ဒါန သီလပြု ငါးလည်းဒါနသီလပြု သူလည်း သားရှင်ပြု ငါးလည်းသားရှင်ပြု တူနေကြတာပဲ။

ဒါပေမယ့် အတွင်းစိတ်ဓာတ်ကတော့ အဖြူနှင့်အမဲ ကွဲလွဲကြတယ်။

ပညာမဲ့က ငါကောင်းစားဖို့ ဒါန ပေးတယ်။
ပညာရှိက သာသနာတော်ကို ပူဇော်ခြင်းငှာ ဒါန ပေးတယ်။

ပညာမဲ့က ငရဲကြောက်၍ ငါးပါးသီလမြဲတယ်။ ပညာရှိက မမြဲသော ခန္ဓာကိုယ်ကြီးကို အမိုက်ခံ၍ မကျွေးလိုသဖြင့် ငါးပါးသီလမြဲတယ်။

ပညာမဲ့က နတ်ပြည်ရောက်ဖို့ ဥပုသ်စောင့်တယ်။ ပညာရှိက တစ်နေ့တစ်ရက် တဏှာကျွန်အဖြစ်မှ ငြိမ်းချမ်းတဲ့ သုခကိုလို၍ ဥပုသ်စောင့်တယ်။

ပညာမဲ့က ငါတို့ဘုန်းကြီးမှ ဂစ္ဆာမိတယ်။ ပညာရှိက သံဃာစစ်မှ ဂစ္ဆာမိတယ်။

ပညာမဲ့က ထုံးစံကို လေးစားတယ်။ပညာရှိက မဂ်ဥာဏ်ဖိုလ်ဥာဏ်ကို လေးစားတယ်။

ပညာမဲ့က အများကောင်းရင် လိုက်ကောင်းတယ်။ ပညာရှိက အများကောင်းတိုင်း လိုက်၍မကောင်း။

ပညာမဲ့က နာမည်ကြီးသူပြောရင် ယုံတယ်။ ပညာရှိက နာမည်ကြီးတိုင်း လိုက်၍မယုံ။

ပညာမဲ့က အထူးအဆန်းကို မြတ်နိုးတယ်။ ပညာရှိက သဘောမှန်မှ မြတ်နိုးတယ်။

ပညာမဲ့က ရွှေထူတဲ့ဘုရားမှ လေးစားတယ်။ ပညာရှိက ဘုရားနှစ်မျိုးမထား တစ်သားတည်းထားတယ်။

ပညာမဲ့က ဘုရားရှာထွက်လေ့ရှိတယ်။ ပညာရှိက ဂုဏ်တော်ကိုးပါးကို အခွင့်ရတိုင်း ပွားများ၍နေတယ်။

******************************
ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်ရန် သဒ္ဓါနှင့် ပညာ တွဲရပါတယ်။

ပညာမပါ သဒ္ဓါသက်သက် ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ပြုလေသမျှ အချိုးမကျ အကျိုးရတန်သလောက်မရ ဖြစ်တတ်ပါသည်။ဆောင်ရွက်သမျှဘာသာရေးလုပ်ငန်းတိုင်းတွင် ပညာဖြင့်ယှဉ်၍ ဆောင်ရွက်မှသာ ပညာဗုဒ္ဓဘာသာဝင်ဖြစ်ပြီး မိမိ၏အကျိုး သာသနာတော်မြတ်၏ အကျိုးကို ထိထိရောက်ရောက် သယ်ပိုးဆောင်ရွက်နိုင်မည် ဖြစ်၏။

ပိဋကတ်မြန်မာပြန်ကျမ်းများကို ဖတ်ရှုခြင်း၊ ရဟန်းပညာရှိ လူပညာရှိများ ပြုစုသော ကျမ်းမြတ်များကို လေ့လာခြင်း၊ စာပေပရိယတ္တနှံ့စပ်ကျွမ်းကျင်သော ဆရာတော်ကြီးများထံ ရိုရိုသေသေ ဆည်းကပ်၍ လမ်းညွှန်အဆုံးအမများကို ခံယူခြင်း စသည်တို့ဖြင့် ပညာဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်အဖြစ် ပျိုးထောင်နိုင်ပါသည်။

******************************
(မင်းနန်-မော်ကျွန်း)

ဒိဋ္ဌိ နှစ်ပါး


လူတစ်ဦးတစ်ယောက် ကွယ်လွန်သောအခါ ထိုသူ၏ သက်မဲ့ခန္ဓာကိုယ်မှ ဝိညာဉ်လိပ်ပြာကလေး ထွက်သွားသည်။ ထိုဝိညာဉ်လိပ်ပြာကလေးသည် ၇ ရက်မပြည့်မီ မိမိ၏ နေအိမ်တွင် ကျင်လည်သည်။ ၇ ရက်ပြည့်ပြီးမှ အခြားဘဝသစ်သို့ ကူး၏။ ခန္ဓာကိုယ်တစ်ခုထဲသို့ ဝင်စား၏ဟူသော အယူအဆ၌ သက်ဝင်ယုံကြည်သူတို့ များစွာရှိပါ၏။ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်လိပ်ပြာရှိသည် ဟူသောအယူသည် မှားယွင်းသော အယူဖြစ်ပါသည်။ ဝိညာဉ်လိပြာအနေဖြင့် ဘဝသစ်သို့ ကူးပြောင်းသည်ဟူသော အယူသည် မှားယွင်းသောအယူ(ဆက်မှား) ဖြစ်ပါ၏။ သဿတဒိဋ္ဌိ ဟုခေါ်ပါ၏။

အချို့ကမူ လူတစ်ဦးတစ်ယောက်သေလွန်လျှင် ဘဝပြတ်ပြီး သေသည်၏ နောက်၌ ဘာမှမဖြစ်တော့ဟူ၍ အယူရှိကြ၏။ ယင်းမှာလည်း မှားယွင်းသောအယူ (ပြတ်မှား) ဖြစ်ပါ၏။ ဥစ္ဆေဒဒိဋ္ဌိ ဟုခေါ်ပါ၏။

ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် ဤမှားယွင်းသော မိစ္ဆာဒိဋ္ဌိနှစ်ခုစလုံး ကင်းစင်မှသာ အယူစင်ကြယ်ဖြောင့်မတ်ပါလိမ့်မည်။ အယူစင်ကြယ် ဖြောင့်မတ်မှသာလျှင် တရားလမ်းဖြောင့်မည်ဖြစ်ကြောင်း -

သပိတ်အိုင်တောရဆရာတော်ကြီး ဦးကိတ္တိက ဤသို့သြဝါဒပေးတော်မူခဲ့ပါ၏။

** ဥပမာအားဖြင့် ယောက်ျားတစ်ယောက်သည် ဤရွာမှထွက်သွားပြီး ထိုရွာသို့ ဝင်လေဘိသကဲ့သို့ ထို့အတူ သေသောအခါ၌ ငါ၏ဝိညာဉ်စိတ်ကလေးသည် တစ်ပါးသော ခန္ဓာထဲသို့ ဝင်စားလေ၏ဟုယူသော် သဿတဒိဋ္ဌိအယူဖြစ်၏။ ဤကဲ့သို့ အယူမစင်ကြယ်သမျှ ကာလပတ်လုံး တရားလမ်းမဖြောင့် ငါ၏ ဝိညာဉ်စိတ်မဟုတ် သူ့ဘာသာသူဖြစ်သည်ဟု ယူပြန်သော် ဥစ္ဆေဒဒိဋ္ဌိ အယူဖြစ်ပြန်၏။ ခန္ဓာဟုဆိုအပ်သော ဝိညာဉ်စိတ်ကလေးသည် သေသည်မှနောက်၌ ဘာမှမဖြစ်။ ဖျောက်ဖျက်ပြတ်တောက်၍ သွားလေ၏ဟုယူသော် ဥစ္ဆေဒဒိဋ္ဌိအယူ ဖြစ်ပါ၏။ ဤကဲ့သို့ အယူမစင်ကြယ်လျှင်လည်း တရားလမ်းမဖြောင့်။ ထို့ကြောင့် ရုပ်နာမ်တို့အပေါ်၌ ဤဒိဋ္ဌိနှစ်ပါး အယူစင်ကြယ်ဖြောင့်မတ်ပါမှ တရားလမ်းဖြောင့်မည်။

ဤခန္ဓာကိုယ်မှဖြစ်သော ဝိညာဉ်စိတ်ကလေးသည် သေသည်မှနောင်၌ တစ်ပါးသော ခန္ဓာကိုယ်ထဲသို့ ဝင်သည်ဟူ၍လည်း မဆိုရာ။ တစ်ပါးသောခန္ဓာ၌လည်း အလိုလိုဖြစ်သည်ဟူ၍လည်း မဆိုရာ။ တစ်ဘဝနှင့် တစ်ဘဝ အကြောင်းမကင်းရုံမျှသာ ဖြစ်သည်။ ဤကဲ့သို့ ယူပါမှ သဿတဒိဋ္ဌိအယူနှင့် ဥစ္ဆေဒဒိဋ္ဌိအယူ နှစ်ပါး စင်ကြယ်၍ တရားလမ်းဖြောင့်ကြမည်။

******************************
*သပိတ်အိုင်တောရ ဆရာတော်ကြီး ဦးကိတ္တိ*
(မင်းနန်-မော်ကျွန်း)

အသုဘဓလေ့ထုံး အမှား


လူသေလျှင် သေသောသူက ထပြီးစားသောက်လေဟန် အလောင်းစင်ဘေးတွင် ထမင်းပွဲပြင်ခြင်းကို ထုံးစံတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိကြသည်။ ခုနှစ်ရက်အတွင်း သေသူ၏ဝိညာဉ်သည် အိမ်တွင်း၌ပင် ရှိသည်ဟု အယူအဆရှိသူတွေကလည်း အများအပြားပင်။စင်စစ်မှာမူ မှားယွင်းသောအယူအဆကို အခြေခံသော အသုဘဓလေ့ထုံးအမှားတွေသာ ဖြစ်ပါ၏။

ဤကိစ္စနှင့် စပ်လျဉ်း၍ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဘိုးတော်မင်းတရားလက်ထက် မုနိန္ဒာဘိလင်္ကာရ သဒ္ဓမ္မဓဇသာမိ မဟာဓမ္မရာဇ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းခြင်းခံရသော စတုဂီရိတောင်လေးလုံးဆရာတော်ကြီး၏ ဆုံးမတော်မူချက်ကို သတိထင်ထင် ဆင်ခြင်အပ်လှသည်။

လူသေသော် ရက်လည်မှ အိမ်ကသွားသည်ဟူ၍လည်း အယူမှားကြသည်။ သေပြီးလျက် အစာလာ၍ စားဦးမည်ဟု ခွက်နှင့်ထမင်းကို အလောင်းအပါးတွင် တည်ထားကြသည်။ သေသော စုတိစိတ်အဆုံး၌ ပဋိသန္ဓေစိတ်ဖြစ်၍ိံဘဝခြားလေပြီဖြစ်လျက် အိမ်မှာ ခုနှစ်ရက်နေခြင်း စသည်ကို အဘယ်သို့ပြုနိုင် ရှာအံ့နည်း။

ပစ္စုပ္ပန်ဘဝအဆုံး သေခြင်း စုတိစိတ်ဖြစ်၍ ချုပ်သည်၏အခြားမဲ့၌ ပဋိသန္ဓေစိတ် ဖြစ်မြဲဖြစ်သည်။ သေခြင်းစုတိစိတ်နှင့် ပဋိသန္ဓေစိတ်အကြားမရှိ။ ထို့ကြောင့် သေပြီးသောအသက်ဝိညာဉ် အိမ်တွင်း ခုနှစ်ရက်နေပြီးမှ ဘဝတစ်ပါးသို့ သွားသည်ဟူသော မှားသောအယူကို စွန့်ကုန်ရာ၏။ မစွန့်မူ၍ အမြဲယူပါက နိယတမိစ္ဆာဒိဋ္ဌိ ဖြစ်ရာသည်။

******************************
စတုဂီရိတောင်လေးလုံ ဆရာတော်ကြီး
(မင်းနန်-မော်ကျွန်း)

လွဲမှားသောအယူများ စွန့်လွတ်ခြင်းဖြင့် စစ်မှန်သော သမ္မာဒိဋ္ဌိအယူကို
ကျင့်သုံးနိုင်ကြပါစေ။

ကပြား ဗုဒ္ဓဘာသာ


ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ရာသည် ရတနာသုံးပါးသာလျှင် ဖြစ်ပါ၏။ သရဏဂုံသည် ဗုဒ္ဓဘာသာဝင်တို့၏ အသက်လည်း ဖြစ်ပါ၏။

သရဏဂုံဆောက်တည်ပြီး ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူထားလျက် ဝေဖန်ဆန်းစစ်နိုင်သော ဝိဘဇ္ဇဥာဏ်ကင်းမဲ့ကာ နတ် ဝိဇ္ဇာ ဘိုးတော် ဂိုဏ်းဆရာတို့ကို ကိုးကွယ်နေသူများသည် ဗုဒ္ဓဘာသာဝင်စစ်စစ် မဟုတ်။ ကပြားဗုဒ္ဓဘာသာဖြစ်ကြောင်း -

အရှင်သြဘာသာဘိဝံသဆရာတော်ကြီးက ပြတ်ပြတ်သားသား ဆုံးမတော်မူခဲ့ပါ၏။

အင်း … ဘုရားကိုးကွယ်ဆည်းကပ်တဲ့ ဗုဒ္ဓဘာသာအမည်ခံ သူတစ်ယောက်က ကိုယ် ဆည်းကပ်ကိုးစားတဲ့ဘုရားရဲ့ ယုံကြည်စရာလိုရင်းဖြစ်တဲ့ ဂုဏ်တော် ကျေးဇူးတော် တန်ခိုးစွမ်းအင် သတ္တိတော်တို့ကို ပညာရှိဆရာသမားများထံမှ သင်ယူကာ ကြားဖူးနားဝမှ တစ်ဆင့်တက်ပြီး ကိုယ်ပိုင်ဥာဏ်နဲ့ ကျကျနန ပိုင်းခြားဝေဖန်ကာ အမှန်သိမြင်အောင် လုပ်မထားနိုင်သေးရင် ပြောတိုင်းယုံ ကြုံတိုင်းလိုက် ခိုင်းတိုင်းလုပ် ဗုဒ္ဓဘာသာအစစ်မဟုတ်ဘဲ လူပြောသူပြောနဲ့ ယုံနေတဲ့ နတ် ဝိဇ္ဇာ ဘိုးတော် ပထမံ အထက်ဆရာကြီးတို့ပါ ရောနှောထားတဲ့ ရောရိရောရာ ယောင်ဝါးဝါး မှုန်ပြာပြာ ကပြားဗုဒ္ဓဘာသာ ဖြစ်နေတော့မှာပေါ့ ဒကာကြီးတို့ရ။

******************************
အရှင်သြဘာသာဘိဝံသ ဆရာတော်ကြီး
(မင်းနန်-မော်ကျွန်း)

စာထက် မပိုပါ


ဗုဒ္ဓမြတ်စွာ၏ သဗ္ဗညုတရွှေဥာဏ်တော်မြတ်ဖြင့် ထုတ်ဖော် ဟောကြားတော်မူအပ်သော သုတ္တန် ဝိနည်း အဘိဓမ္မာတည်း ဟူသော ပိဋကတ်သုံးပုံသည် သတ္တဝါဝေနေယျတို့အား လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးတရားများကို အကြွင်းမဲ့ပေးစွမ်းနိုင်ပါ၏။

ပိဋကတ်သုံးပုံကို အဆီထုတ်လျှင် သီလ သမာဓိ ပညာကို ရရှိပါသည်။ သီလကို ဝိနည်းဒေသနာတော်မှလည်းကောင်း သမာဓိကို သုတ္တန်ဒေသနာတော်မှလည်းကောင်း ပညာကို အဘိဓမ္မာဒေသနာတော်မှလည်းကောင်း ရှာဖွေထုတ်ယူ၍ ရပါသည်။

ပိဋကတ်သုံးပုံတွင် သဘောတရား စည်းကမ်း လုပ်ထုံးလုပ်နည်းဟူ၍ အပြည့်အစုံပါပါသည်။ လုပ်ထုံးလုပ်နည်းကို သုတ္တန်ပိဋကတ်တော်တွင် လည်းကောင်း စည်းကမ်းဥပဒေကို ဝိနည်းပိဋကတ်တော်တွင် လည်းကောင်း သဘောတရားကို အဘိဓမ္မာပိဋကတ်တော်တွင် လည်းကောင်း တွေ့ရှိနိုင်ပါသည်။

ဗုဒ္ဓဘာသာဝင်တို့၏ တစ်ခုတည်းသော အဆုံးစွန်ပန်းတိုင်ဖြစ်သည့် နိဗ္ဗာန်သို့ ရောက်ရှိစေမည့် မြတ်သောလမ်းစဉ် ၈ပါးနှင့် ကမ္မဋ္ဌာန်း ၄၀ကိုလည်း ပိဋကတ်တော်တွင် အထင်အရှား ဖတ်ရှုနိုင်ပါသည်။ ဝိပဿနာလုပ်ငန်းခွင်ဝင်သူများသည်။ ပိဋကတ်တော်၌ တရားထိုင်နည်း ရှုမှတ်ပွားများနည်းများကို လေ့လာဖတ်ရှုနိုင်ပါသည်။ ပိဋကတ်တော်တွင်ပါရှိသည့် နည်းလမ်းများထက် ကောင်းမွန်သော နည်းလမ်းမရှိပါ။ ပိဋကတ်တော်တွင် ပါရှိသော ကျင့်စဉ်ကျင့်နည်းများထက်လည်း မည်သူမျှပို၍ မကျင့်ကြံနိုင်ကြပါ။

တစ်ခါက ရဟန္တာဟုကျော်ကြားတော်မူသော ကျေးဇူးတော်ရှင် ဘုန်းတော်ကြီးဦးသီလထံသို့ ပဲခူး မဟာစေတီ ပထမဆရာတော်ကြီး အရှင်ဦးဂုဏကြွရောက်ပြီး အရှင်ဘုရား၏ နည်းကိုယူ၍ တရားအားထုတ်လိုပါတယ်ဟု လျှောက်ထားရာ ဘုန်းတော်ကြီးဦးသီလ က ပြန်လည် အမိန့်ရှိတော်မူချက်မှာ "ငါ့နည်းမှ ကောင်းတယ်။ သူ့နည်းက မကောင်းဘူး" ဟု ဂိုဏ်းစွဲ ဆရာစွဲဖြင့် အငြင်းပွားတတ်ကြသော ဝိပဿနာသမားများအဖို့ အလေးအနက် ဂရုဓမ္မပြု နှလုံးသွင်းအပ်လှပါ၏။

& ဦးဂုဏ… တရားအားမထုတ်ချင်လျှင် အားမထုတ်ချင်ဘူးဟု ရိုးရိုးပြောပါ။ တပည့်တော်လည်း စာထဲပါတာမှတ်ပြီး အားထုတ်တာပဲ။ စာထက်ပိုပြီး ဘာမှမတတ်ဘူး။ ဦးဂုဏလည်း စာထဲပါတာမှတ်ပြီး အားထုတ်ရောပေါ့။ စာအကြည့်နိုင်သားနဲ့ ဘယ်သူ၏နည်းကို ယူနေဦးမှာလဲ။ စာထက်ပို၍ ဘယ်သူက မှန်ဦးမှာလဲ။ စာထက်ပို၍ ဘယ်သူက မြန်ဦးမှာလဲ။

******************************
ဘုန်းတော်ကြီး ဦးသီလ
(မင်းနန်-မော်ကျွန်း)

ဝိနည်းနှင့်အညီ လှူတတ်စေ


အများအားဖြင့် မြန်မာဗုဒ္ဓဘာသာဝင်တို့သည် အမိအဖတို့က ဗုဒ္ဓဘာသာကိုးကွယ်၍ မိမိတို့လည်း လိုက်ပါကိုးကွယ်ကြခြင်း ဖြစ်ပါသည်။ စင်စစ် ဤသည်မှာ သဘာဝကျပါ၏။ ငယ်နုစဉ်အရွယ် ကလေးသူငယ်ဘဝတွင် ဘာသာတရားကို မည်သို့ စိစစ်ရွေးချယ်နိုင်ပါမည်နည်း။ မိဘတို့ကိုးကွယ်သော ဘာသာတရားကိုပင် မိမိတို့လည်း လိုက်ပါကိုးကွယ်ကြခြင်း ဖြစ်ပါ၏။ ဤသည်ကိုပင် မိရိုးဖလာဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုကြသည်။

အားလုံးမှာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဖြစ်က စကြရသည်ချည်း ဖြစ်၏။ သို့တစေ အတန်အသင့် အရွယ်ရလာ စာဖတ်တတ်လာသော အရွယ်သို့ရောက်သောအခါ မိမိတို့ကိုးကွယ်ရာဘာသာတရားနှင့် စပ်လျဉ်း၍ သိသင့်သိထိုက် သိအပ်သည်တို့ကို လေ့လာသူများနှင့် ထိုသို့ လေ့လာရကောင်းမှန်းမသိသူများဟူ၍ အုပ်စုနှစ်အုပ်စု ခွဲထွက်လာသည်။ မိမိကိုးကွယ်ရာ ဘာသာတရားကို လေ့လာရကောင်းမှန်းမသိ လေ့လည်းမလေ့လာသူများသည် သာမန်မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဖြစ်မှ မတက်လှမ်းနိုင်တော့ပေ။ အချို့သည် အမည်ခံ ဗုဒ္ဓဘာသာဝင်ဟု ဆိုရမတတ်ပင်။ ဘာသာရေးနှင့်ပတ်သက်၍ တန်ဖိုးထားရကောင်းမှန်း လေ့လာရကောင်းမှန်းမသိဘဲ စိမ်းဝေးနေကြပေသည်။

မိမိကိုးကွယ်ရာဘာသာတရားကို တကယ်တမ်းစိတ်ဝင်စားပြီး သိရှိလိုသူများကမူ ဓမ္မစာပေများကို ဖတ်ရှု၏။ ဆရာတော်ကြီးများ၏ တရားတော်များကို နာကြား၏။ ထိုသူတို့မှာ သာမန်မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဆင့်မှ မိရိုးဖလာလွန် ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ရောက်ရှိရန် အားထုတ်နေသူများ ဖြစ်ပါ၏။

စင်စစ်သော် ကိုးကွယ်ရာဘာသာတရားဟူသည် လေ့လာအပ်သောအရာဖြစ်၏။ မိရိုးဖလာဘာသာဟုဆိုကာ ဝတ်ကျေတမ်းကျေ ကိုးကွယ်ရုံသက်သက် ကိုးကွယ်ရမည့် အရာမဟုတ်ပေ။ သဒ္ဓါနှင့် ပညာယှဉ်ပြီးမှ ဘာသာတရားတစ်ရပ်ကို နည်းမှန်လမ်းမှန် ကိုးကွယ်တတ်ပေလိမ့်မည်။ သဒ္ဓါတရားသက်သက်ချည်းမူ မလုံလောက်ပါ။ သဒ္ဓါတရားဟူသည်မှာလည်း ပညာနှင့်မယှဉ်လေသမျှ သဒ္ဓါအစစ် သဒ္ဓါအမှန်မဟုတ်ပါ။ ပညာနှင့်ယှဉ်မှသာ သဒ္ဓါစစ်သဒ္ဓါမှန် ဖြစ်နိုင်ပါသည်။ ပညာနှင့်ယှဉ်သော သဒ္ဓါစစ်သဒ္ဓါမှန်ဖြင့် ဆောင်ရွက်မှသာ ပြုလေသမျှ ဘာသာရေးကိစ္စများသည် အကျိုးရှိရှိ အရာထင်ထင် ဖြစ်ပေလိမ့်မည်။

ပညာဟူသည် သိသင့်သိအပ်သည်တို့ကို သိရှိခြင်းပင်ဖြစ်ပါသည်။ သိသင့်သိအပ်သော အသိကို အခြေမခံဘဲ ဒါနမှုပြုလျှင် ထိုဒါနမှာ အမြတ်စားဒါန မဖြစ်နိုင်။ ထို့အတူ သိသင့်သိအပ်သော အသိကို အခြေမခံဘဲ သီလဆောက်တည်လျှင်လည်း အမြတ်စားသီလ မဖြစ်နိုင်။ ဘာဝနာအားထုတ်ရာတွင်လည်း ထို့အတူပင် ဖြစ်ပါ၏။

ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အား ဆီမီး ရေချမ်း ပန်း ဆက်ကပ်လှူဒါန်းလေ့ရှိပါသည်။ ဆွမ်း ဘောဇဉ် ခဲဖွယ်ချိုချဉ် အသီးအနှံတို့ကိုလည်း ကပ်လှူလေ့ရှိပါသည်။ ထိုသို့ ဆက်ကပ်လှူဒါန်းရာ၌ ရဟန်းတော်များကို ဝိနည်းနှင့်အညီ ဆက်ကပ်လှူဒါန်းသကဲ့သို့ ဆက်ကပ်လှူဒါန်းသင့်ပါသည်။

အချို့သည် ဘုရားကျောင်းဆောင်တွင် ဘုရားရှင်အား သစ်သီးများကို အလုံးလိုက် နေ့ညမရွေး ဆက်ကပ်လှူဒါန်း ထားလေ့ရှိပါသည်။ အမြင်ပသာဒ လှပရေးကိုသာ ပဓာနထားပြီး မိမိ၏ လှူဒါန်းမှုသည် ဝိနည်းနှင့် လျော်ညီခြင်းရှိ မရှိ စဉ်းငယ်မျှပင် စဉ်းစားမှုမပြု။ အချို့ကလည်း သာသနာပွဲဟုဆိုကာ အုန်းသီး ငှက်ပျောသီးစိမ်းများကို ဘုရားရှင်အား ထာဝစဉ် ဆက်ကပ်ထားလေ့ရှိ၏။ အချို့ကမုန့်များကို အထုပ်လိုက် ဆက်ကပ်တတ်ပြီး အချို့က အချိုရည်ပုလင်းများကို ပုလင်းမဖွင့်ဘဲ ဆက်ကပ်ထားလေ့ရှိ၏။ ဤသည်မှာ ဆွမ်းခဲဖွယ်ဘောဇဉ်ဆိုင်ရာ ဝိနည်းကို နားမလည်ရုံမျှမက ဘုရားရှင်ကို သက်ရှိထင်ရှားသဘောထားပြီး ကိုးကွယ်မှု မပြုတတ်သောကြောင့် ဖြစ်ပါ၏။

ဥပမာအားဖြင့် မိမိ၏နေအိမ်သို့ သံဃာတော်များအား ပင့်ဖိတ်၍ ဆွမ်းခဲဖွယ်လှူဒါန်း၏။ သစ်တော်သီး ပန်းသီး စသည်တို့ကို မခွဲခြမ်းမစိတ်မဖြာဘဲ အလုံးလိုက်ဆက်ကပ်မည်လော။ အချိုရည်ပုလင်းကို ဘူးအဖုံးမဖွင့်ဘဲ ဆက်ကပ်မည်လော။ မုန့်အထုပ်ကို မဖွင့်ဖောက်ဘဲ အထုပ်လိုက် ဆက်ကပ်မည်လော။ မိမိတို့ကိုးကွယ်ရာ သံဃာတော်အရှင်မြတ်ကိုပင်လျှင် ထိုသို့ ဆက်ကပ်လှူဒါန်း၍ မဖြစ်နိုင်ပါလျက် ဘုရားရှင်ကိုမူ သစ်သီးအလုံးလိုက် ဖျော်ရည်ပုလင်းလိုက် မုန့်အထုပ်လိုက် ဆက်ကပ်ထားခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်ပါ၏လော။

ဘုရားရှင်အား သစ်သီးဆွမ်းစသော ဆက်ကပ်လှူဒါန်းရာတွင် ဝိနည်းနှင့်အညီ လှူတတ်စေခြင်းငှာ ကျေးဇူးရှင် အရှင်ဇနကာဘိဝံသ ဆရာတော်ကြီးက လမ်းညွှန်သွန်သင်တော်မူခဲ့ပါ၏။

& ဖျော်ရည်ကပ်မူကိုပါ တစ်ဆက်တည်းဆိုရလျှင် ဖျော်ရည်ပုလင်းကိုဖောက်၍ ယင့်ကဲ့သို့သော ဖန်ခွက်ကြီးဖြင့်ပင် ထည့်ကပ်သင့်သည်။ ရဟန်းတော်များပင်လျှင် မဖောက်ဘဲ ပုလင်းကိုကပ်လျှင် မဘုဉ်းပေးကြ။

ဘုရားရှင်ကား ပိုမိုဣနြေ္ဒကြီးသူ ဖြစ်တော်မူရကား မည်သည့်နည်းနှင့်မျှ ပုလင်းလိုက်ဘုဉ်းပေးမည် မဟုတ်ပါ။ သစ်သီးများကိုလည်း အခွံနွှာစိတ်ပြီးမှသာ ကပ်သင့်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားရှင်သည် ရဟန်းတော်များအား ထမင်းကို လုံးဆုပ်၍ မစားသောက်ရဟု ပညတ်ထား၏။ ထို့ကြောင့် ဝိနည်းဂရုထားသောရဟန်းတော်များပင် စားဖွယ်ရာများကို ကိုက်ဖြတ်ဘုဉ်းပေးမှု မပြုကြပေ။ ဆရာသခင်ဘုရားကား မည်သည့်နည်းနှင့်မျှ အလုံးလိုက်ကပ်သော သစ်သီးများကို ကိုယ်တော်တိုင် ခွဲစိတ်ဘုဉ်းပေးလိမ့်မည် မဟုတ်ပေ။

ထို့ပြင် အချို့အသီးအနှံများကို လူသာမဏေတို့ ကပ္ပိပေးမှ စားရသည်လည်းရှိ၏။ ထို့ကြောင့် သစ်သီးဆိုလျှင် ခွဲစိတ်၍ မုန့်ထုပ်ဆိုလျှင် ဖောက်ပြီး ပန်းကန်ထဲထည့်လျက်သာ ကပ်သင့်ပေသည်။ အလုံးလိုက် အထုပ်လိုက်ကပ်ခြင်းကား လူမြင်ကောင်းရုံ မရိုမသေပြုခြင်းသာ ဖြစ်ပေသည်။ ထို့ပြင်ရဟန်းတော်တို့အား လူတို့ ညနေဘက်စားသောက်သော စားဖွယ်ရာများကို နေမွန်းလွဲပြီး နောက်ပိုင်း၌ လက်ဖြင့်မကိုင်တွယ် မသုံးသပ်ရဟု ပညတ်ထားသောကြောင့် ညဘက်၌ သစ်သီးစသော စားဖွယ်ရာများတင်ထားသည်မှာ လုံးဝမသင့်လျော်ပါပေ။
--------------------------------------
အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး
မင်းနန်-မော်ကျွန်း

သဒ္ဓါဟူသည်


သဒ္ဓါဆိုတာ ဘာလဲ ၊ ကုသိုလ်ကောင်းမှု ပြုလုပ်ရန် စိတ်ဝင်စားနေတာ သဒ္ဓါ ၊ ယုံကြည်တာ သက်သက် မဟုတ်ဘူး ၊ ဘုရား တရား သံဃာ ကို ယုံကြည်တယ် ၊ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်လို့ ယုံကြည်တယ် ၊ အဲ့ဒါ လက်ခံပြီးတော့ ကုသိုလ်ကောင်းမှု လုပ်ရန် စိတ်ဝင်စားနေတာကို သဒ္ဓါ လို့ ခေါ်တယ်။ သဒ္ဓါ ဆိုတာ စိတ်ဝင်စားတယ် ၊ ယုံကြည်တယ်။

သဒ္ဓါတရား မိမိစိတ်ထဲမှာ ဖြစ်လာတာနဲ့ တစ်ပြိုင်နက် ဘာလှူရင်ကောင်းမတုန်းလို့ စိတ်က လှူဖို့ တန်းဖို့ ကြံစည်လာတယ်။ သီလ ဆောက်တည်ဖို့ ၊ ဥပုသ်စောင့်ဖို့ စိတ်ကူးလာတယ်။ ကမ္မဋ္ဌာန်း အားထုတ်ဖို့ စိတ်ကူးလာတယ်။ အဲ့ဒီ စိတ်ကူးလေး ဖြစ်လာရင် ကိုယ့်သန္တာန်မှာ သဒ္ဓါ ဖြစ်ပြီလို့ မှတ်ပေတော့နော်။ အဲ့ဒီလို စိတ်ကူးမရသေးရင် သဒ္ဓါတရား မရှိဘူးလို့ ပြောရမယ်။ လှူတာ တစ်ခုတည်းတင် မဟုတ်ဘူးနော်။ ကုသိုလ်ကောင်းမှု မှာ စိတ်ဝင်စားလာတယ် ၊ အခုကြည့်လေ ၊ တရားပွဲ သွားပြီး တရားနာဦးမှပဲ ဆိုတဲ့ စိတ်ကူးလေးဟာ ဘယ်သူ့ကြောင့် ပေါ်လာတာတုန်း ၊ သဒ္ဓါ ကြောင့် ပေါ်လာတာ။

သဒ္ဓါ ရှိတဲ့ ပုဂ္ဂိုလ်ဟာ
(၁) တရားနာချင်တယ် ၊
(၂) သူတော်သူမြတ်ကို ဆည်းကပ်ဖူးမြင်ချင်တယ် ၊
(၃) လှူချင်တန်းချင်တယ် ၊
ဒါ သဒ္ဓါ ရှိတဲ့ ပုဂ္ဂိုလ်ရဲ့ အမှတ်အသား လက္ခဏာ ၃ ချက်ပဲ။ တရားနာချင်တာလည်း သဒ္ဓါကြောင့် ၊ သူတော်သူမြတ်ကို ဆည်းကပ် ဖူးမြော်ချင်တာလည်း သဒ္ဓါကြောင့် ၊ လှူချင်တန်းချင်တာ တစ်ခုတည်းကို သဒ္ဓါလို့ ခေါ်တာ မဟုတ်ဘူး။

ဒါကြောင့်မို့ တာဝတိံသာ နတ်ပြည်က နတ်တွေဟာ သေခါနီး ဖြစ်တဲ့ သူတို့ မိတ်ဆွေနတ်ကို မှာလိုက်ကြတယ်။ မင်း စိတ်ကူးမလွဲ နဲ့ ၊ သုဂတိဘုံကို ရောက်အောင်သွား ၊ အကောင်းဆုံး အရာကို ရအောင်ယူ ၊ အဲ့ဒီ အကောင်းဆုံး အရာကို လက်လွှတ်ဆုံးရှုံး မခံနဲ့။ ဒီစကားလေး ၃-ခွန်း မှာလိုက်ကြတယ်။
(၁) သုဂတိဘုံသွား ဆိုတာ လူ့ပြည်သွားလို့ ပြောတာ ၊
(၂) အကောင်းဆုံးသော အရာကို ရအောင်ယူ ဆိုတာ သဒ္ဓါတရား ကို ပြောတာ ၊
(၃) အကောင်းဆုံးသော အရာကို လက်လွှတ်ဆုံးရှုံးမခံနဲ့ ဆိုတာ သဒ္ဓါတရား မပျက်စေနဲ့ လို့ ပြောလိုက်တာ။

ဘာဖြစ်လို့တုန်းဆိုရင် သဒ္ဓါတရား ရှိရင် နတ်ပြည်ရောက်ဖို့ရာ လုံလောက်သောကြောင့် ဖြစ်တယ်။ ဟောဒီ သဒ္ဓါတရား ရှိရင် ကုသိုလ်ကောင်းမှု အားလုံးဟာ ဘာမှ မခက်တော့ဘူး ၊ ဒါကို ပြောတာနော်။

လောကမှာ အောင်မြင်မှု ၊ ကြီးပွားမှု ၊ စည်းစိမ်ဥစ္စာ တွေရမှုရဲ့ အခြေခံ အကျဆုံး အကြောင်းတရားသည် သဒ္ဓါ သာ ဖြစ်ပါတယ်တဲ့ ။ အဲ့ဒါကြောင့် သဒ္ဓါကို အကောင်းဆုံး ဥစ္စာလို့ ဟောတာ ဖြစ်တယ်။ ကျန်တဲ့ ကုသိုလ်တွေက သူ့ကို အကြောင်းပြုပြီး ရလာတာ ဖြစ်သောကြောင့် သူ့လောက် အဓိက မကျဘူးတဲ့ ။
အာဠဝကကြီးမေးတဲ့ ဒီမေးခွန်းရဲ့ အဖြေဟာ ဘဝ အရေးနဲ့ ပတ်သတ်တာ။

ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိတ်သတ်တို့ ၊ "ကိုယ့်ဘဝအရေး စိတ်အေးရအောင်" အကောင်းဆုံး ပစ္စည်းဥစ္စာဖြစ်တဲ့ သဒ္ဓါတရားကို ပိုင်ဆိုင်အောင် လုပ်ကြရမှာ ဖြစ်ပါတယ်။ သဒ္ဓါတရား ကိုယ့်သန္တာန်မှာ မပြည့်ဆုံသေးရင် ဘဝအရေးစိတ်အေးဖို့ ပြည့်စုံအောင် လုပ်ထားရမယ် ၊ ဟုတ်ရဲ့လား ။

ကျေးဇူးတော်ရှင်
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်
ပါမောက္ခချုပ် ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ
ဟောကြားဆုံးမတော် မူသော "ဘဝအရေး စိတ်အေးရလေအောင်" အကြောင်း တရားဒေသနာတော် မှ ကောက်နုတ်ဖော်ပြကာ ဓမ္မဒါန ပြုအပ်ပါသည်။

(Credit to: U Myomyat Thu)

အမြတ်ဆုံး အလှူ


အလှူတကာ့အလှူထဲတွင် တရားအလှူသည် အမြတ်ဆုံးအလှူဖြစ်သည်။

လောကမှာရှိရှိသမျှ အလှူအားလုံးထဲမှာ တရားအလှူဟာ
အနိုင်းမဲ့အလှူ  ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တရားအလှူထက်ပိုပြီး အလှူခံပုဂ္ဂိုလ်ကို ကောင်းကျိုးပြုပါတယ်လို့ နိုင်းယှဉ်စရာ၊ အစားထိုးစရာ၊ ထပ်တူပြုစရာ တစ်ခြားအလှူ  မရှိတော့လို့ပါပဲ။

သတ္တ၀ါတွေ ကောင်းမှုအကျိုးခံစားရပြီး ချမ်းသာပြည့်စုံနေရခြင်းရဲ့ ပင်မအကြောင်းတရားကတော့ တရားအလှူပါပဲ။ တရားအလှူမရှိရင် ကုသိုလ်ကောင်းမှုမရှိနိုင်၊ ကုသိုလ်ကောင်းမှုမရှိရင် ကောင်းကျိုးချမ်းသာ မရှိနိုင်တဲ့အတွက် အလှူအားလုံးထဲမှာ တရားအလှူသည်သာ အကောင်းဆုံး၊ အမြတ်ဆုံးအလှူ၊ အနိုင်းမဲ့အလှူ  ဖြစ်ရပါတယ်။

ဗုဒ္ဓဘာသာဝင်မှန်ရင် မလုပ်မဖြစ်လုပ်ရမယ့် ကောင်းမှု ဆယ်မျိုးထဲမှာ
"ဓမ္မဒေသနာ(ဓမ္မဒါန)" တရားဟောကြားခြင်းဆိုတဲ့ ကောင်းမှုတစ်ခု ပါဝင်ပါတယ်။
ဓမ္မဒါနကောင်းမှုဆိုတာ ဘုန်းကြီးတွေသာ လုပ်ရမယ့်အလုပ် မဟုတ်ပါဘူး။ လူဝတ်ကြောင်တွေလည်း လုပ်ရမယ့် အလုပ်ပါ။

ပလ္လင်ပေါ်မှာ ထိုင်ဟောမှလည်း ဓမ္မဒါန မဟုတ်ပါဘူး။
သွားရင်းလာရင်း တရားစကားပြောဆိုတာဟာလည်း ဓမ္မဒါနပါပဲ။
တရားစာပေ ပို့ချသင်ကြားတာဟာလည်း ဓမ္မဒါနပါပဲ။

နူတ်ကထုတ်ပြောမှလည်း ဓမ္မဒါန မဟုတ်ပါဘူး။ တရားနဲ့ပက်သက်တဲ့ စာပေရေးသားတာ၊ တရားစာအုပ်လှူတာ၊ တိပ်ခွေလှူတာ၊အပြီးမလှူတောင်မှ ခတ္တငှားရမ်းတာ၊ တရားဟောပြောသူ၊ တရားစာရေးသားသူကို တတ်စွမ်းသမျှ လူအား၊ ပစ္စည်းအားနဲ့ ကူညီထောက်ပံ့တာ... ဒါတွေအားလုံးဟာ ဓမ္မဒါန တရားအလှူတွေချည်းပါပဲ။

(ဆရာတော် အရှင်ဆန္ဒာဓိက)

ဓာတ်ရိုက်ဓာတ်ဆင်သမားတွေ... ဗေဒင်ယတြာယုံ ဘိုးတော်ယုံကြသော ဗုဒ္ဓဘာသာဝင်အချို့ရဲ့ အယူအဆအလွဲများ


မြတ်စွာဘုရားကို စပျစ်သီးမလှူနဲ့... ပျက်စီးတတ်တယ်။
ဖရဲသီးမလှူနဲ့- ဖရိုဖရဲဖြစ်တတ်တယ်။
မာလကာသီးမလှူနဲ့- မာလကာ(သေဆုံး) သွားတတ်တယ်။
လိမ္မော်သီးမကပ်နဲ့- အလိမ်ခံရလိမ့်မယ်..
ပန်းသီးမလှူနဲ့- ကိုယ်စိတ် ပန်းတတ်တယ်။
နှင်းဆီပန်းမလှူရ- ဆူပါတဲ့နှင်းဆီပန်းကို လှူရင် အနှောင့်အယှက် တွေ့တတ်တယ်။
ကြာပန်းလှူရင် - ကြန့်ကြာတတ်တယ်လို့ ယူဆကြပြီး တစ်ချို့မလှူကြဘူး။ အဓိပ္ပါယ်မရှိတဲ့ အယူအဆတွေပါ။

စကာလုံးရဲ့ အသံထွက်အတိုင်းသာ ဖြစ်ရစတမ်းဆိုရင် လူတိုင်း "မင်း" ဖြစ်ကုန်မှာပေါ့။ ဘာလို့လဲဆိုတော့ လူတိုင်း "ထမင်း" နေ့တိုင်း စားနေကြတာပဲ မဟုတ်လား။ ဘယ်သူမှ "ထ" ပြီး "မင်း" မဖြစ်ပါဘူး။
မင်းဖြစ်ထိုက်တဲ့ ဘုန်းကံပါရမီ ပါတဲ့ ပုဂ္ဂိုလ်တွေပဲ မင်းဖြစ်ကြတာပါ။

ဒီတော့ စကားလုံးတွေရဲ့အသံထွက်ပေါ်မှာ ကောင်းကျိုး၊ဆိုးပြစ်ဆုံးဖြတ်တာ ၀ါသနာပါတယ်။ မစွန့်နိုင်ဘူးဆိုရင်လည်းပဲ အဆိုးအမြင်ဝါဒနဲ့မကောက်ဘဲ ကောင်းတဲ့ဘက်ကို အဓိပ္ပါယ်ကောက်ရင် ကောင်းမှာပါပဲ။

ဖရဲသီးလှူရင် ဖရိုဖရဲမဖြစ်တော့ဘူး....
စပျစ်သီးလှူရင် စ ကတည်းက ပျစ် ပျစ်နှစ်နှစ်လေး... ဆိုပြီး စသည်ဖြင့်

ဒါပေမဲ့ ရွှေတစ်ပြုံကြီး ရအောင် ရွှေဖရုံသီးလှူတယ်ဆိုပြီး ဘုရားစင်ပေါ် ဖရုံသီး အလုံးလိုက် လချီတင်ထားတာမျိုး၊

ကံစွမ်းအောင် ကန်စွန်းရွက်လှူတယ်ဆိုပြီး ကန်စွန်းရွက်  အစိမ်းလိုက်တွေကို ဘုရားရှေ့ ရက်ရှည်တင်ထားတာမျိုး.....

နေ့ချင်း၊ ညချင်း ကြီးပွားအောင်ဆိုပြီး နေ့မှာ ဂျင်းတစ်တက်၊ ညမှာ ဂျင်းတစ်တက် လှူထားတာမျိုး လုံးဝမသင့်တော်ပါဘူး။

လှူချင်သပဆိုရင် ရွှေဖရုံသီးချက်ပြီးကပ်၊ ကန်စွန်းရွက် ကြော်ပြီးလှူမယ်ဆိုရင် ဆွမ်းလှူခြင်းအကျိုး ရရှိမည် မဟုတ်ပါလော။

(ကျမ်းကိုး==> ဆရာတော် အရှင်ဆန္ဒာဓိက၏ "ကြာလိုလူ" စာအုပ်မှ....)

အမှားကိုယ်စီ


လူတိုင်းလူတိုင်းမှာ အမှားကိုယ်စီရှိကြပါတယ်။ တစ်ယောက်ရဲ့အမှားနဲ့  အခြားတစ်ယောက်ရဲ့ အမှားတော့တူချင်မှတူမှာပေါ့……
ကိုယ့်အမှား နဲ့ သူ့ အမှားမတူရင်သာနေမယ်…… ကိုယ့်မှာရော သူ့ မှာရော အမှားကတော့ရှိနေတာပါပဲ။
'အမှား'ချင်းမတူကြပေမဲ့ 'အမှားရှိ' ခြင်းကတော့ တူကြပါတယ်။ 'အပြစ်'ချင်းမတူ ကြပေမဲ့ 'အပြစ်ရှိ' ခြင်းကတော့ တူကြပါတယ်။

အမှားရှိခြင်းအတူတူ သူတစ်ပါးရဲ့ အမှားကို လက်ညှိုးထိုးပြီး အပြစ်မပြောသင့်ပါဘူး။ အပြစ်ရှိခြင်းအတူတူ သူတစ်ပါးရဲ့ အပြစ်ကို မကဲ့ရဲ့သင့်ပါဘူး။ အမှားရှိခြင်းအတူတူ သူတစ်ပါးရဲ့ အမှားကို နားလည်စာနာပေးသင့်ပါတယ်။ အပြစ်ရှိခြင်းအတူတူ သူတစ်ပါးရဲ့ အပြစ်ကို သည်းခံခွင့်လွှတ်ပေးသင့်ပါတယ်။

** ကိုယ့်မှာ နားလည်စာနာမှု၊ ခွင့်လွှတ်သည်းခံမှုရှိတယ်.... မရှိဘူး၊ ရှိရင်လည်း ဘယ်လောက်အတိုင်းအတာအထိ မြင့်မားတယ်… မမြင့်မားဘူးဆိုတာ ကို သူတစ်ပါးရဲ့အပြစ်တွေကို ထိပ်တိုက် မြင်တွေ့ကြားသိရတဲ့အခါ -----
ကိုယ်ဘယ်လို တုန့်ပြန်သလဲ…
ကိုယ်ဘယ်လို စိတ်ထားသလဲ ဆိုတာကို သတိပြုလေ့လာကြည့်ရင် ကိုယ့်ရဲ့နားလည်စာနာမှု့စွမ်းရည် အဆင့်အတန်းကို အမှန်အတိုင်း သိနိုင်မှာပါ။

ကိုယ်ချင်းစာတရားသာ လက်ကိုင်ထားမယ်ဆိုရင် ဘယ်သူ့အပေါ်မှာမှ နားလည်မပေးနိုင်စရာ ခွင့်မလွှတ်နိုင်စရာ မရှိတော့ဘူးပေါ့။ ဒါကြောင့် နားလည်မှု့  နဲ့ ခွင့်လွှတ်မှု့  ဆိုတာ ကိုယ်ချင်းစာတရား အားကောင်းသူတွေရဲ့ နှစ်သက်မြတ်နိုးဖွယ်ရာ အဖိုးတန်ရတနာတွေပါပဲ။ ။

အရှင်ဆန္ဒာဓိက
ရွှေပါရမီတောရ
Shared from Ma Tthaw Thaw (FB)