အကြင်သူသည် အအိပ်အနေများ၏။ ပွဲလမ်းသဘင် လိုက်စား ကြည့်ရှုခြင်းများ၏။ လုံ့လ၀ီရိယ နည်း၏။ ပျင်းရိပေါ့လျော့၏။ ဒေါသကြီး၏။ ထိုသူ၏ သဘောတရားသည် ပျက်စီးဆုတ်ယုတ်ကြောင်းဖြစ်၏။
(ပရာဘ၀သုတ္တန်)
The man who is drowsy, fond of society, not industrious, indolent, and who manifests, anger-this is the cause of one’s downfall.
ခုဒ္ဒကနိကာယ်၌ပါဝင်သော ပရာဘ၀သုတ္တန်သည် လူသားတို့၏ ဆုတ်ယုတ်ကြောင်း၊ ပျက်စီးကြောင်းများကို မြတ်ဗုဒ္ဓ ဟောကြားခဲ့သော တရားဒေသနာသုတ္တန် တစ်ပုဒ် ဖြစ်ပါသည်။
မြတ်စွာဘုရားထံမှ ကြီးပွားချမ်းသာကြောင်း မင်္ဂလာတရားတော်များကို နာယူပြီးကြသော နတ်တို့က ပျက်စီးဆုတ်ယုတ်ကြောင်းတို့ကိုလည်း သိလိုလာကြ ပြန်သောကြောင့် လျှောက်ထားမေးမြန်းကြပြန်သဖြင့် နတ်တို့အား ဟောကြားတော် မူခဲ့ခြင်း ဖြစ်သည်။
(ခု-၁၊ ၂၉၅)
ချမ်းသာကြီးပွား တိုးတက်လိုသူတို့သည် ပျက်စီးဆုတ်ယုတ်ကြောင်းတို့ကို ကြိုတင်သိထားသင့်ကြပေသည်။ သိထားမှသာ သတိရှိရှိ ရှောင်ကြဉ်နိုင်ကြမည် ဖြစ်၍ ချမ်းသာခြင်း၊ ကြီးပွားခြင်း၊ တိုးတက်ခြင်းတို့ကို ရရှိကြမည်ဖြစ်သည်။
မနှစ်က သီတဂူစာသင်သားများကို Meditation Subject သင်ကြား ပေးရာတွင် ပရာဘ၀သုတ္တန်ကိုပါ ထည့်သွင်း၍ မိမိ သင်ကြားပေးခဲ့ပါသည်။ ပရာဘ၀သုတ္တန်ထဲမှ စာသင်သား သောတုဇနတို့နှင့် တိုက်ရိုက်ဆက်စပ်နေပြီး သတိထားရှောင်ရှားရမည့် ပျက်စီးရာပျက်စီးကြောင်း အချို့ကို ကောက်နုတ် တင်ပြ လိုပါသည်။
၁။ အအိပ်အနေများခြင်း
၂။ ပွဲလမ်းသဘင် ကြည့်ရှုမှုများခြင်း
၃။ လုံ့လ၀ီရိယနည်းခြင်း
၎။ ပျင်းရိပေါ့လျော့ခြင်း တို့သည် ကြီးပွားချမ်းသာအောင်မြင်သော ဘ၀ကို တည်ဆောက်ရာတွင် ကြီးစွာသော အတားအဆီး အနှောက်အယှက်တို့ပင် ဖြစ်လေသည်။
အနားယူးအိပ်စက်ခြင်းသည် လူတစ်ယောက်အတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါသော်လည်း လိုသည်ထက် ပိုလွန်အအိပ်မက်ပါက အကျိုးမဲ့များကိုသာ ဖြစ်လာစေတတ်ပါသည်။ အအိပ်အနေများခြင်းကြောင့် လုပ်သင့်လုပ်ထိုက်သည့် လုပ်ငန်းကိစ္စများကို အချိန်မီ အကောင်အထည်ဖော်နိုင်မည် မဟုတ်သည့်အတွက် ဆုံးရှုံးခြင်းများနှင့်သာ တွေ့ကြုံရတတ်ပါသည်။ အအိပ်များသူသည် ကိုယ်လုပ်ရမည့် အလုပ်ချိန်ကို ကိုယ်ပြန်ခိုးသည့် အချိန်သူခိုး တစ်မျိုးပင်ဖြစ်ပါသည်။
ကြီးပွားတိုးတက် အောင်မြင်သူတို့ကို ကြည့်လျှင်သိသိသာသာ အအိပ်အနေ နည်းကြသည်ကို တွေ့ကြရပေလိမ့်မည်။ မိမိ၏ ကျေးဇူးရှင် ဆရာတော်နှစ်ပါး ဖြစ်သော ဓမ္မဒူတဆရာတော်နှင့် သီတဂူဆရာတော်တို့ကား ဤအချက်အတွက် အကောင်းဆုံးသက်သေများပင် ဖြစ်ပါတော့သည်။
ဓမ္မဒူတဆရာတော်သည် ကြမ်းတမ်းသော ကျေးလက်ဓမ္မ ခရီးများ ကြွရောက် ဟောပြောပြီး မည်မျှပင်ပန်းသည်ဖြစ်စေ နံနက် (၃း၀၀)နာရီတွင် အိပ်ရာမှ နိုးထမြဲဖြစ်သလို သီတဂူဆရာတော်သည်လည်း တရားပွဲများဖြင့် ညဥ့်နက်သည့် တိုင်အောင် သာသနာ့တာဝန် ထမ်းဆောင်နေရသော်လည်း နံနက်စောစောတွင် ဖျက်လတ် နိုးကြားနေသည်သာ ဖြစ်သည်။
လူအများစု နံနက်စောစော အိပ်ရာမှမထနိုင်ခြင်းမှာ များသောအားဖြင့် ညဥ့်နက်သန်းခေါင်တိုင်အောင် တီဗီ၊ ဗီဒီယိုကြည့်ရှုခြင်း၊ ဘောလုံးပွဲကြည့်ခြင်း၊ ပွဲလမ်းသဘင် အပျော်အပါး လိုက်စားခြင်းတို့ကြောင့်ပင် ဖြစ်သည်။
မိမိစာသင်သားဘ၀ မန္တလေး မစိုးရိမ်တိုက်နေစဉ်က ကိုရင်ကြီးတစ်ပါး တွေ့ခဲ့ရဖူးပါသည်။ ထိုစဉ်က မန္တလေးတွင် အငြိမ့်ပွဲ၊ ဇာတ်ပွဲများ တွင်ကျယ် များပြားနေချိန် ဖြစ်သည်။ ညတိုင်းလိုလိုပင် တစ်နေရာမဟုတ် တစ်နေရာတွင် အငြိမ့်ပွဲ၊ ဇာတ်ပွဲများရှိနေပါသည်။ ထိုကိုရင်ကြီးသည် ည(၁၀း၀၀)နာရီ စာအံကျောင်းပြီးသည်နှင့် အငြိမ့်ပွဲ (သို့မဟုတ်) ဇာတ်ပွဲတစ်ခုခုသို့ အရောက် သွားမြဲဖြစ်သည်။ မနက်(၂း၀၀)နာရီ (၃း၀၀)နာရီတွင်မှ ကျောင်းပြန်ရောက်သည်သာ များ၏။
မနက် (၇း၀၀)နာရီ (၈း၀၀)နာရီ သူများတကာ ဆွမ်းခံထွက်ချိန်ကျမှ ကမန်းကတန်း အိပ်မှုန်စုံမွှားဖြင့် မျက်နှာသစ်ပြီး ဆွမ်းခံသွား၏။ နှစ်အိမ် သုံးအိမ် အပြေးအလွှား ဆွမ်းခံ၍ ပြန်လာသည်နှင့် ဆွမ်းစားပြီး အိပ်တော့သည်သာဖြစ်၏။
သူ့ဆရာဦးဇင်းကလည်း ဆုံးမ၍မရ၊ လက်မြှောက်ထားရသောကြောင့် လေးငါးနှစ် မန္တလေးတွင် နေသော်လည်း ဇာတ်ပွဲသီချင်းအချို့ ရသည်မှလွဲ၍ ဘာစာမှလည်း မတတ်၊ ဘာစာမေးပွဲမှလည်း မအောင်နှင့် နောက်ဆုံးတွင် လူဝတ်လဲကာ တောပြန်သွားရသည်သာ အဖတ်တင်တော့သည်။
အပျော်အပါး ဦးစားပေးလွန်းသူသည် စီးပွားရေး ပညာရေး ဆောင်ရွက် အားထုတ်ရာတွင်ဖြစ်စေ၊ ကုသိုလ်ကောင်းမှု ပြုရာတွင်ဖြစ်စေ၊ ၀ီရိယအား ပျော့နေတတ်ပေသည်။ လောကီရေးရာ လောကုတ္တရာရေးရာ နှစ်ဖြာတို့တွင် ၀ီရိယထက်သန်သူမှသာ အောင်မြင်ပေါက်ရောက်နိုင်ပါသည်။
ကံ၊ ဉာဏ်၊ ၀ီိရိယ ဘက်စုံအားကိုးမှ တိုးတက်နိုင်သည့် လူသားများကို မဆိုထားနှင့်၊ ကုသိုလ်ကံ စွမ်းအားကြီး၍ အရာရာပြည့်စုံသည့် ဘ၀ပိုင်ရှင် နတ်များပင်လျှင် ၀ီရိယ လိုအပ်ကြပါသေးသည်။
သိကြားမင်းကိုယ်တိုင် သားတော်စပ်သည့် အပျင်းကြီးသော သုဝီရ နတ်သားအား….
အနဋ္ဌဟံ အ၀ါယာမံ၊ သုခံ ယတြာမိ ဂစ္ဆတိ။
သုဝီရ တတ္ထ ဂစ္ဆာဟိ၊ မဉ္စေတတ္ထေ၀ ပါပယ။
ဟု ခပ်ရွဲ့ရွဲ့နှင့် ဆုံးမခဲ့ဖူးပါသည်။
“ ငါ့သား သုဝီရ၊ ထကြွလုံ့လ ၀ီရိယမရှိရဘဲ ချမ်းသာကြီးပွား တိုးတက်နိုင်သော တိုင်းပြည်၊ နိုင်ငံ၊ အရပ်ဒေသရှိလျှင် မင်းကိုယ်တိုင် သွားရောက် နေထိုင်ပါ။ ငါ့ကိုလည်း ပို့ပေးစမ်းပါ ” ဟု ပြောခဲ့ဖူးပါသည်။
(သံ-၁၊၂၁၈)
ပျင်းရိဆုတ်နစ်ခြင်းသည် ပျက်စီးဆုတ်ယုတ်ခြင်း လမ်းစပင် ဖြစ်သည်။ ၀ီရိယနည်းသော လူပျင်းနှင့် အောင်မြင်ခြင်းသည် ပြဒါးတစ်လမ်း သံတစ်လမ်း ဆန့်ကျင်ဖက် ဖြစ်နေမည်သာ ဖြစ်သည်။ ဤကမ္ဘာလောကတွင် “ အောင်မြင်သော လူပျင်း ” ဆိုသူကို ဘယ်နေရာတွင်မျှ တွေ့မြင်ရမည် မဟုတ်ပါ။
မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတိုက်၌ သီတင်းသုံးစဉ်က သာသနာ့ဘောင်သို့ ၀င်ရောက်လာကြသော ရဟန်းအသစ် (၅၀၀)တို့သည် ကမ္မဋ္ဌာန်းတရားများ သင်ယူပြီး တောထွက် တရားကျင့်ကြလေသည်။ ထိုအထဲတွင် အပျင်းကြီးသော အရှင်တိဿတစ်ပါးသာ လိုက်မသွားဘဲ ကျောင်းတွင် ကျန်ရစ် နေခဲ့၏။
ကြိုးစားကျင့်ကြံသော ရဟန်းတော်များ တရားရပြီး ပြန်လာကြသော အခါတွင်မှ ခါတော်မီလိုချင်စိတ်နှင့် တစ်ညလုံး မအိပ်မနေ ကျင့်ကြံအားထုတ်သော အရှင်တိဿမှာ အိပ်ငိုက်ငိုက်နှင့် ခလုတ်တိုက်လဲပြီး ပေါင်ကျိုးရလေတော့သည်။ မနက်စောစော ဆွမ်းစားကြွမည့် ရဟန်းတော်များမှာလည်း သူ့အတွက်နှင့် အလုပ်ပျက်ကြရတော့သည်။
အရှင်တိဿ၏ ဖြစ်ကြောင်းကုန်စင်ကို သိမြင်တော်မူသော မြတ်စွာဘုရားက ရဟန်းတော်တို့အား “ ရဟန်းတို့………ဤတိဿသည် ယခုမှသာ သင်တို့အား အနှောင့်အယှက်ပေးသည် မဟုတ်၊ ရှေးကလည်း အနှောင့်အယှက်ပေးဖူးသည် သာဖြစ်၏ ” ဟု မိန့်ကြားကာ အတိတ်ဖြစ်ရပ်တစ်ခုကို ထုတ်ဖော်ဟောကြားတော်မူခဲ့ ပါသည်။
ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်ရှိ ဒိသာပါမောက္ခဆရာကြီးထံတွင် အတိုင်းတိုင်း အပြည်ပြည်မှ လာရောက် ပညာသင်ယူနေကြသော လူငယ်တပည့် ငါးရာ ရှိလေသည်။ တစ်နေ့တွင် တောထဲမှထင်းခွေရန် တာဝန်ကျ၍ အသီးသီး ထင်းစုဆောင်းကြရာတွင် အပျင်းကြီး အချောင်ခိုသော တပည့်တစ်ယောက်သည် ရွက်ကြွေ ခံတက်ပင်စိုကို အပင်ခြောက်မှတ်၍ သူများတကာ ပြန်လာချိန်မှ အလွယ်တကူ အကိုင်းတက်ချိုးကာ ပြန်မည့်အကြံနှင့် အပင်ရင်းတွင် အိပ်စက် နားနေလေ၏။
ညနေစောင်းအိမ်ပြန်ချိန်တွင် ကမန်းကတန်း သစ်ပင်ပေါ်တက်၍ အကိုင်းချိုးရာ အလွယ်တကူ ချိုး၍မရသည့်အပြင် မျက်လုံးထိုးမိပြီး ဒုက္ခ ရောက်ရတော့သည်။ နောက်ဆုံးမှ ပြန်ရောက်ပြီး ထင်းစိုများကို ထင်းပုံပေါ် တင်ထားသဖြင့် နောက်နေ့ နံနက်စောစော ခရီးထွက်ရန်အတွက် ချက်ပြုတ်ရာတွင် လည်း အခက်အခဲကြုံကာ အစီအစဉ် ပျက်ကြရတော့သည်။
ထိုလူပျင်းတပည့်ကို အကြောင်းပြုကာ ဘုရားအလောင်း ဒိသာပါမောက္ခ ဆရာကြီးက……..
“ တပည့်တို့ …………… စောစောလုပ်ရမည့် အလုပ်ကို နောက်ကျမှ လုပ်သူတိုင်းဟာ ဒီလိုပဲ နောင်တတစ်ဖန် ပူပန်ရတတ်တယ် ” ဟူ၍ ဆုံးမစကား ပြောကြားခဲ့ပါသည်။
(ဓမ္မပဒ-ဋ္ဌ)
ထို့ကြောင့် မည်သည့်အလုပ် မည်သည့်ကိစ္စကို ဆောင်ရွက်သည်ဖြစ်စေ၊ မပျင်းမရိ မပေါ့မလျော့ စိတ်အားထက်သန်စွာ ကြိုးစားလုပ်ကိုင်ရန် လိုအပ်သည်မှာ အသေအချာပင် ဖြစ်သည်။ ကုသိုလ် ဥစ္စာ ပညာ မည်သည့်အရာကိုမဆို ရယူလိုသူသည် ကိုယ်အား ဉာဏ်အား ၀ီရိယအားတို့ကို စိုက်ထုတ်ရမည်သာ ဖြစ်ပါသည်။
ဓမ္မဒူတ ဒေါက်တာ အရှင်ပညိဿရာဘိဝံသ
ဓမ္မဒူတမဂ္ဂဇင်း အမှတ်စဉ်(၂)
No comments:
Post a Comment