ကံနဲ့သံသရာကို ယုံကြည့်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ရှေ့ဘ၀ နောက်ဘ၀ကို လက်ခံယုံကြည်ကြပါတယ်။ ဗုဒ္ဓဘာသာ သံသရာ အယူအဆမှာ သုံးဆယ့်တစ်ဘုံ ပါဝင်ပါတယ်။ အကျဉ်းအားဖြင့် ရေတွက်ရရင် အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ခြောက်ဘုံဆိုတဲ့ ကာမဆယ့်တစ်ဘုံ နဲ့ ဗြဟ္မာ့ဘုံနှစ်ဆယ် ဖြစ်ပါတယ်။ ယေဘုယျပြောရရင် လူ့ပြည်က သေတယ်ဆိုတယ် သုံးဆယ့်တစ်ဘုံလုံးမှာ ပြန်ပြီး ဖြစ်နိုင်ပါတယ်။ တစ်ခြားဘ၀တွေကနေ သေပြီးတော့လည်း လူ့ပြည်မှာ လူလာဖြစ်နိုင်ပါတယ်။ ဒီတော့ လူသေပြီး လူပြန်ဖြစ်တဲ့ လူဝင်စား ဆိုတာကို ဗုဒ္ဓဘာသာတွေ လက်ခံနိုင်ကြတာပေါ့။ သံသရာကို လက်မခံသူတွေမှာတော့ လူဝင်စားတယ်၊ လူပြန်ဖြစ်တယ် ဆိုတာကို လက်ခံဖို့ ခက်နေကြပါတယ်။
လက်မခံနိုင်ကြပေမယ့် လူသေလို့ လူပြန်ဖြစ်တဲ့ အထောက်အထားတွေ သိပ္ပံနည်းကျကျ ဖော်ထုတ်နေကြပါတယ်။ ဒါကို သူတို့က reincarnationလို့ နာမည်ပေးပါတယ်။ သူတို့ရဲ့ reincarnationဆိုတာကို မြန်မာလို လူဝင်စားလို့ ဘာသာပြန်နိုင်ပေမယ့် reincarnation နဲ့ လူဝင်စား အဓိပ္ပာယ် အတိအကျ မတူပါဘူး။ Online Dictionary တစ်ခုမှာ reincarnation ဆိုတာကို "rebirth of the soul in another body"လို့ ဖွင့်ဆိုထားတာ တွေ့ရပါတယ်။ လူတစ်ယောက်သေတဲ့အခါ ၀ိဉာဉ်ကောင်က ခန္ဓာကိုယ်အဟောင်းကို စွန့်ခွာပြီး ဘ၀သစ်က ခန္ဓာအသစ်မှာ ၀င်ရောက်တယ်လို့ ဆိုလိုပါတယ်။
ဒီဖွင့်ဆိုချက်ဟာ ဗုဒ္ဓဘာသာနဲ့ ဆန့်ကျင်ပါတယ်။ ၀ိဉာဉ်ကောင်ဟာ တစ်ဘ၀ပြီး တစ်ဘ၀၊ တစ်ခန္ဓာပြီး တစ်ခန္ဓာ လှည့်လည်နေတယ်၊ ၀ိဉာဉ်ကောင်ဟာ ဘယ်တော့မှ မပျက်စီးဘူးဆိုတဲ့ ဒီ အယူအဆဟာ ဘုရားရှင် ပွင့်တော်မမူခင်ကတည်းက ထွန်းကားခဲ့တဲ့ အယူအဆပါ။ ဘုရားရှင်က ဒီအယူအဆကို မိစ္ဆာဒိဋ္ဌိ အယူမှားလို့ မိန့်တော်မူပါတယ်။ သဿတဒိဋ္ဌိ တည်မြဲအယူမှားလို့ မိန့်တော်မူပါတယ်။ ၀ိဉာဉ်ကောင်ဟာ တစ်ဘ၀ပြီး တစ်ဘ၀ တစ်ခန္ဓာပြီး တစ်ခန္ဓာ လှည့်လည်နေတယ်၊ ၀ိဉာဉ်ကောင်ဟာ တည်မြဲတယ်လို့ ယူဆရင် မှားတယ်လို့ ဆိုလိုတာပါ (သဿတဒိဋ္ဌိ - တည်မြဲအယူမှား)။
ဗုဒ္ဓဘာသာမှာ ၀ိဉာဉ်ကောင်ရယ်လို့ မရှိပါဘူး။ ဗုဒ္ဓဘာသာ အလိုအရ ဘ၀ဆိုတာဟာ ရုပ်နာမ်ဖြစ်စဉ်သာ ဖြစ်ပါတယ်။ တစ်ဘ၀ပြီး တစ်ဘ၀ သေလိုက်ပြန်မွေးလိုက် သေလိုက်ပြန်မွေးလိုက် ဖြစ်နေတာဟာ ရုပ်နာမ်သံသရာသာ ဖြစ်ပါတယ်။ မွေးသေသံသရာမှာ ၀ိဉာဉ်ကောင် မပါပါဘူး။ ရုပ်နာမ်ဖြစ်စဉ် ဘ၀သံသရာမှာ ဘ၀အဟောင်းက ရုပ်နာမ်အဟောင်းတွေ ချုပ်ငြိမ်းပြီး ဘ၀အသစ်မှာ ရုပ်နာမ်အသစ်တွေ ဖြစ်ပေါ်ပါတယ်။ ဒီဖြစ်စဉ်သံသရာမှာ ဘ၀ဟောင်းနဲ့ ဘ၀သစ်၊ ရုပ်နာမ်အဟောင်းနဲ့ ရုပ်နာမ်အသစ်တို့ဟာ အတူတူပဲလို့ ယူဆရင် စောစောက ပြောခဲ့တဲ့ သဿတဒိဋ္ဌိဆိုတဲ့ တည်မြဲအယူမှား ဖြစ်ပါတယ်။ မတူဘူး တစ်ခြားစီလို့ ယူဆပြန်ရင်လည်း ဥစ္ဆေဒဒိဋ္ဌိဆိုတဲ့ ပြတ်စဲအယူမှား ဖြစ်ပါတယ်။ ဒီဘ၀မှာ ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ် နောက်ဘ၀မှာ ရရှိမယ့် ကောင်းကျိုးဆိုးကျိုးတွေဟာ ဒီဘ၀က ဒီလူနဲ့ မဆိုင်ဘူး၊ ဒီဘ၀ကလူ သေသွားရင် ကိစ္စပြီးပြီလို့ ယူဆရင် ပြတ်စဲအယူမှား ဖြစ်ပါတယ်။ ဒီတော့ မွေးသေဘ၀သံသရာထဲက ပြန်လည်မွေးဖွားခြင်း၊ ၀င်စားခြင်းနဲ့ ပတ်သက်လို့ မှားမှားယွင်းယွင်း ယူဆမိတတ်ပါတယ်။
ဘ၀ဟောင်းနဲ့ ဘ၀သစ်၊ ရုပ်နာမ်အဟောင်းနဲ့ ရုပ်နာမ်အသစ် တူတယ်လို့ မယူရသလို မတူဘူးလို့လည်း မယူရပါဘူး။ ဒါဆို ဘယ်လိုယူရမလဲ။ ဘ၀နှစ်ခုဟာ အကျိုး နဲ့ အကြောင်းအဖြစ် ဆက်စပ်နေကြတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ ဘ၀ဟောင်းနဲ့ ဘ၀သစ်တို့ ဆက်စပ်ပုံကို ဥပမာနဲ့ ဖော်ပြကြပါတယ်။ အသံ နဲ့ ပဲ့တင်သံ ဆက်စပ်သလို၊ မှန်ရှေ့က ရုပ်ဝတ္ထု နဲ့ မှန်ထဲက အရိပ်ဆက်စပ်သလို ဘ၀ဟောင်းနဲ့ ဘ၀သစ် ဆက်စပ်ပါတယ်။ ရှေ့နောက် ဘ၀နှစ်ခု အတူတူ မဟုတ်သလို လွတ်လွတ်ကင်းကင်း တစ်သီးတစ်ခြားစီလည်း မဟုတ်ကြပါဘူး။ အကျိုးအကြောင်း ဆက်စပ်မှုတွေ ဖြစ်ပါတယ်။ ဘ၀ဟောင်းမှာ ပြုလုပ်တဲ့ ကုသိုလ်ကံ ဒါမှမဟုတ် အကုသိုလ်ကံက ဘ၀သစ်မှာ ရုပ်နာမ်အသစ်ကို ဖြစ်ပေါ်စေပါတယ်။ ဘ၀ဟောင်းက ကံစွမ်းသတ္တိဟာ ဘ၀အသစ်က ရုပ်နာမ်အသစ်ကို ဖန်တီးပါတယ်။
ဗုဒ္ဓစာပေမှာ ဘ၀ဟောင်းကို ပြန်သိနိုင်တဲ့ဉာဏ်ကို ပုဗ္ဗေနိဝါသာနုဿတိဉာဏ်လို့ ခေါ်ပါတယ် [ပုဗ္ဗေ = ရှေး၊ (နိဝါသာ) နိဝါသ = နေ၊ (နုဿတိ) အနုဿတိ = သတိရ၊ ဉာဏ = ဉာဏ်]။ ပုဗ္ဗေနိဝါနုဿတိအဘိညာဉ်လို့လည်း ခေါ်ပါတယ် (အဘိညာဉ် = အသိထူး)။ ကမ္မဋ္ဌာန်းတရား ပွားများအားထုတ်သူတွေ ဒီဉာဏ်ကို ရရှိနိုင်ပါတယ်။ ပါဠိပိဋကတ်ထဲက ဇာတ်နိပါတော်၊ ထေရအပဒါန်၊ ထေရီအပဒါန် နဲ့ ပေတ၀တ္ထုတို့မှာ အတိတ်ဘ၀ အမျိုးမျိုးကို တွေ့ရပါတယ်။ အဲဒီ အတိတ်ဇာတ်ကြောင်းတွေကို ပုဗ္ဗေနိဝါနုဿတိဉာဏ် ရရှိတော်မူတဲ့ ဘုရားရှင်နဲ့ တပည့်သာဝကတွေက ဟောကြားခဲ့တာ ဖြစ်ပါတယ်။
ဘုရား ရဟန္တာ မဟုတ်တဲ့ သာမန်လူတွေလည်း အတိတ်ဘ၀ကို ပြန်သိနိုင်တာ ရှိပါတယ်။ အတိတ်ဘ၀ကို သိနိုင်တဲ့ သာမန်လူတွေရဲ့ စွမ်းရည်ကို ပါဠိလို ဇာတိဿရဉာဏ်လို့ ခေါ်ပါတယ် (ဇာတိ = အတိတ်ဘ၀၊ သရ (ဿရ) = အောက်မေ့အမှတ်ရ၊ ဉာဏ = ဉာဏ်)။ အတိတ်ဘ၀ကို ပြန်သိနိုင်တယ်ဆိုတာ သဘာဝကျပါတယ်။ ဒါပေမယ့် ဒီလိုသိနိုင်တာမျိုးက ရှားတော့ ရှားပါတယ်။
မိမိရဲ့ အတိတ်ဘ၀ကို ဒါမှမဟုတ် သူတစ်ပါးရဲ့ အတိတ်ဘ၀ကို သိမြင်နိုင်သူတွေအကြောင်း ပိဋကတ်မှာ ဖော်ပြထားတာ တော်တော်များများ တွေ့ရပါတယ်။ သတိထားမိသလောက် ထင်ရှားတာကို ဖော်ပြပါမယ်။ ဇာတ်လမ်းတစ်ခုဟာ ဓမ္မပဒအဋ္ဌကထာမှာ ပါပါတယ် (သူကရပေါတိက၀တ္ထု၊ ဂါထာအမှတ် ၃၃၈-၃၄၃)။ ကောဋိပဗ္ဗတကျောင်းမှာ သီတင်းသုံးနေထိုင်ကြတဲ့ မဟာအနုရုဒ္ဓါ မထေရ်နဲ့ တစ်ခြားရဟန်းတော်တွေဟာ မဟာပုဏ္ဏရွာကို ဆွမ်းခံကြွကြပါတယ်။ မဟာအနုရုဒ္ဓါ မထေရ်ဟာ ဆွမ်းခံကြွရင်း သုမနာဆိုတဲ့ အမတ်ကတော် အမျိုးသမီးကို မြင်လိုက်တဲ့အခါမှာ “ငါ့ရှင်တို့ . . . ထူးဆန်းလိုက်တာ ၀က်မလေးတစ်ကောင်က အမတ်ကတော် ဖြစ်လာတယ်”လို့ အဖော်ရဟန်းတော်တွေကို ပြောပါတယ်။ မထေရ်ရဲ့ စကားကို ကြားလိုက်ရတဲ့ အမတ်ကတော် အမျိုးသမီးဟာ ဗြဟ္မာဘ၀၊ လူ့ဘ၀၊ ကြက်မဘ၀၊ ၀က်မဘ၀ အပါအ၀င် သူ့ရဲ့ အတိတ်က ဆယ့်နှစ်ဘ၀ကို ပြန်ပြီး သတိရလိုက်နိုင်ပါတယ်။
နောက်ဇာတ်လမ်းတစ်ခုကို အင်္ဂုတ္တိုရ်အဋ္ဌကထာ (အညတိတ္ထိယသုတ္တ၀ဏ္ဏနာ)မှာ တွေ့ရပါတယ်။ ကလေးတစ်ယောက်ဟာ မွေးကတည်းက ဇာတိဿရဉာဏ် ရလာပါတယ်။ အဲဒီကလေးဟာ သူ့အမေ ကိုင်တွယ်ပွေ့ချီလိုက်တာနဲ့ ငိုပါတယ်။ အတိတ်ဘ၀တွေတုန်းက လက်ရှိဘ၀မိခင်ရဲ့ သတ်ဖြတ်တာကို ခံခဲ့ရလို့ ငိုတာဖြစ်ပါတယ်။ ဒါကြောင့် အဖွားဖြစ်သူက မွေးမြူစောက်ရှောက် ပေးရပါတယ်။ အဲဒီ သားအမိဟာ အတိတ်ဘ၀တစ်ခုမှာ လင်မယား ဖြစ်ခဲ့ကြပါတယ်။ မယားက ခဲအိုနဲ့ အိမ်ထောင်ရေး ဖောက်ပြန်ပါတယ်။ ကာမေသုမိစ္ဆာစာရကံကို လွန်ကျူးပါတယ်။ အဲဒီ အမျိုးသမီးဟာ သူ့ရဲ့ ဖောက်ပြန်မှုကို ဖုံးကွယ်နိုင်အောင် လင်ကို လုပ်ကြံသတ်ဖြတ်လိုက်ပါတယ်။ လုပ်ကြံခံရတဲ့ လင်ဟာ လုပ်ကြံသူ မယားအပေါ်မှာ တွယ်တာနေတဲ့အတွက် မယားရဲ့ အိမ်မှာ မြွေ လာဖြစ်ပါတယ်။ အဲဒီမြွေက သူ့မယားဟောင်းနဲ့ ခန္ဓာကိုယ်ချင်း ထိတွေ့မိအောင် ကြိုးစားပါတယ်။ အိမ်မိုးပေါ်ကနေ အမျိုးသမီးအပေါ်ကို လျှောချတာမျိုး ခဏခဏ လုပ်ပါတယ်။ တစ်နေ့တော့ အမျိုးသမီးက မြွေကို သတ်ပစ်လိုက်ပါတယ်။ အသတ်ခံရတဲ့ မြွေဟာ မယားဟောင်းအပေါ်မှာ သံယောဇဉ် မကုန်သေးတဲ့အတွက် အဲဒီအိမ်မှာ ခွေးဖြစ်ပြန်ပါတယ်။ တွယ်တာတတ်လွန်းတဲ့ ခွေးဟာ သူ့မယားဟောင်း သွားလေရာမှာ နောက်ကနေ တကောက်ကောက် လိုက်နေပါတယ်။ အဲဒီလို တကောက်ကောက်လိုက်နေတဲ့ခွေးကို အမျိုးသမီးက သတ်ပစ်လိုက်ပြန်ပါတယ်။ အသတ်ခံရတဲ့ ခွေးဟာ သံယောဇဉ် မကုန်နိုင်သေးတဲ့အတွက် အဲဒီအိမ်မှာပဲ နွားဖြစ်ပြန်ပါတယ်။ နွားဘ၀မှာလည်း မယားဟောင်းနောက်က တကောက်ကောက် လိုက်နေလို့ အသတ်ခံရပြန်ပါတယ်။ အဲဒီ အခါမှာတော့ အမျိုးသမီး ကိုယ်ဝန်ယူချိန် ဖြစ်နေပြီး အသတ်ခံရတဲ့နွားက အမျိုးသမီးရဲ့ဝမ်းမှာ သန္ဓေယူပါတယ်။ ဖွားမြင်ချိန်မှာ အဲဒီကလေးဟာ သူ အသတ်ခံခဲ့ရတဲ့ အတိတ်ဘ၀တွေကို ပြန်လည် သတိရနိုင်ပါတယ်။ ဒါကြောင့် သူ့အမေ ကိုင်တွယ်ပွေ့ချီလိုက်တာနဲ့ ငိုတာဖြစ်ပါတယ်။
အတိတ်ဘ၀ကို ပြန်လည်သတိရနိုင်တဲ့ ကလေးတစ်ယောက်ရဲ့ ဘ၀ဇာတ်ကြောင်းကို youtubeမှာ ကြည့်လိုက်ရပါတယ်။ အလားတူ အဖြစ်အပျက်တွေလည်း မကြာခဏ တွေ့ဖူးပါတယ်။ စောစောက ပြောခဲ့တဲ့အတိုင်း သံသရာလည်ရာမှာ လူသေလို့ လူပြန်ဖြစ်တဲ့ တစ်ချို့လူတွေက ဘ၀ဟောင်းကို ပြန်ပြီး သတိရနိုင်ကြပါတယ်။ အဲဒီလို သတိရတဲ့လူတွေကို လူဝင်စားလို့ ခေါ်ကြတာပါ။ လူတိုင်းလူတိုင်း အတိတ်ဘ၀ ရှိခဲ့တာ မှန်ပေမယ့် လူတိုင်းလူတိုင်းတော့ ဘ၀ဟောင်းကို ပြန်သိနိုင်ကြတာ မဟုတ်ပါဘူး။ မသိနိုင်ကြတာ များပါတယ်။ ဘာဖြစ်လို့လဲ။ သေတဲ့အချိန် ဒါမှမဟုတ် အမိဝမ်းထဲ နေရတဲ့ အချိန်မှာ တွေ့ကြုံဖြတ်သန်းရတဲ့ အတွေ့အကြုံတွေက ပြင်းထန်ခါးသီးလွန်းတဲ့အတွက် မေ့ကုန်ကြတာလို့ ဆိုပါတယ်။ ဒီအဖြေဟာ ယုတ္တိရှိပါတယ်။ ခု ဘ၀မှာကိုပဲ ကားမှောက်တာလိုမျိုး ပြင်းထန်တဲ့ မတော်တဆမှု တစ်ခုခုနဲ့ ကြုံရတဲ့သူတွေဟာ အတိတ်မေ့သွားတတ်ကြတယ် မဟုတ်လား။
သေတဲ့အခါ နဲ့ ပဋိသန္ဓေနေတဲ့ အခါတွေမှာ ခါးသီးတဲ့ အတွေ့အကြုံတွေကို ဖြတ်သန်းရတာချင်း တူပေမယ့် တစ်ချို့ကတော့ အတိတ်ဘ၀ကို ပြန်သတိရကြပါတယ်။ ဘာဖြစ်လို့လဲ။ သူတို့ရဲ့ အတိတ်ဘ၀ အတွေ့အကြုံတွေက တကယ့်ကို ထူးခြားနေလို့၊ မမေ့နိုင်လောက်အောင် လွှမ်းမိုးနိုင်စွမ်း ရှိနေလို့ ဖြစ်ပါတယ်။ လက်ရှိဘ၀ရဲ့ အတိတ်က ထူးခြားတဲ့ အတွေ့အကြုံတွေကို တော်တော်နဲ့ မမေ့နိုင်တာမျိုးပေါ့။ အခြေအနေ တစ်မျိုးမျိုးက သတိပေးလိုက်လို့ အတိတ်ဘ၀ကို ပြန်သတိရတာလည်း ရှိပါတယ်။ စောစောက ပြောခဲ့တဲ့ ဇာတ်လမ်းထဲမှာ အမတ်ကတော် အမျိုးသမီးကို မဟာအနုရုဒ္ဓါ မထေရ်က သတိပေးလိုက်တာမျိုးပေါ့။
ဘ၀ဟောင်းဟာ လူဖြစ်ချင်ဖြစ်မယ်၊ လူမဟုတ်တဲ့ တစ်ခြားဘ၀တစ်ခုခု ဖြစ်ချင်ဖြစ်မယ်၊ ဘယ်လိုဘ၀ပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာတစ်ယောက်အတွက် ပြီးခဲ့တာတွေဟာ လက်ရှိဘ၀မှာ သိပ်ပြီး အရေးမကြီးတော့ပါဘူး။ အရေမကြီးလှတဲ့ အတိတ်ဘ၀ကို ပြန်သိနိုင်တယ် မသိနိုင်ဘူး ဆိုတာဟာလည်း သိပ်ပြီး အရေးမကြီးပါဘူး။ ဒါနဲ့ ဆက်ဆပ်ပြီး သဿတဒိဋ္ဌိသမား ဥစ္ဆေဒဒိဋ္ဌိသမား ဖြစ်မသွားဖို့သာ အရေးကြီးပါတယ်။ တည်မြဲအယူမှား နဲ့ ပြတ်စဲအယူမှားကို မယူမိဖို့သာ အရေးကြီးပါတယ်။ အစွန်းနှစ်ဘက် မရောက်ဘဲ မဇ္ဈိမပဋိပါဆိုတဲ့ အလယ်အလတ်လမ်းကို လျှောက်နိုင်ဖို့သာ အရေးကြီးပါတယ်။
ရှင်အာစာရ
[Reference: Myanmar Friends Day Website]
No comments:
Post a Comment