တရုတ်စကားပုံတစ်ခု ကြားဖူးတယ် ...
အကြင်သူသည် မသိ၊ မိမိမသိကြောင်းကိုလည်း မသိ ..... ထိုသူကား လူမိုက်တည်း ..... ရှောင်ပါ။
အကြင်သူသည် မသိ၊ မိမိမသိကြောင်းကိုကား သိ၏ ..... ထိုသူကား လူရိုးတည်း ... တွဲခေါ်လိုက်ပါ။
အကြင်သူသည် သိ၏။ မိမိသိကြောင်းကိုကား မသိ ..... ထိုသူကား အိပ်ပျော်နေသူတည်း ..... နှိုးလိုက်ပါ။
အကြင်သူသည် သိ၏။ မိမိသိကြောင်းကိုလည်း သိ၏ ..... ထိုသူကား ပညာရှိတည်း ..... ဆည်းကပ်လိုက်ပါ။
လောကမှာ လူတွေဟာ မာနတွေဖုံး ဒေါသတွေဖုံးပြီး အမှားကို ၀န်မခံချင်ကြဘူး။ ဒါဟာ ပညာရှိတစ်ဦးရဲ့ လက္ခဏာရပ် မဟုတ်ဘူး။ ပြီးတော့ ကိုယ်နဲ့ မတည့်တဲ့သူဆိုရင် မှန်နေလဲ လက်မခံ ချင်ကြဘူး။ အဲဒါဟာလဲ သူတော်ကောင်းတွေရဲ့ လက္ခဏာမဟုတ်ဘူး။ ပညာရှိသူတော်ကောင်းဆိုတာ ရှားပါတယ်။ တော်တော်ကို ရှားပါတယ်။ လူတစ်ယောက်ဟာ ပညာရှိချင်ရှိမယ် သူတော်ကောင်းမဖြစ်နိုင်သလို သူတော်ကောင်းဖြစ်နေတဲ့လူဟာလဲ ပညာရှိမဖြစ်နိုင်ဘူး။ အမှားကို ၀န်ခံရဲသလို အမှန်ကိုလဲ မြင်နိုင်ရဲမှ ပညာရှိသူတော်ကောင်း ဖြစ်မှာပါ။
အင်းဝခေတ်က အဖြစ်အပျက်ကလေးတစ်ခု ကြည့်လိုက်ကြရအောင် .........
တတိယအင်းဝတည် ဆင်ဖြူရှင် လက်ထက်လောက်ကပါ။ သာသနာပိုင် စရစ်ဆရာတော် ပျံလွန်တော်မူတော့ အရှင်သာပုံ ဆိုတဲ့ ဆရာတော်က အင်းဝမှာ သာသနာပိုင်ဖြစ်လာတယ်။ အဲဒီခေတ်က ပွဲကျောင်းခေတ်ရှိသေးတော့ အရှင်သာပုံဟာ သာသနာပိုင် ဖြစ်လာပေမယ့် သိုင်းတော့ ကစားသေးသတဲ့။ မြို့ထဲ ရွာထဲ ဆွမ်းခံဝင်ရင်တောင် သိုင်းကိုင်နှင့် ဆွမ်းခံဝင်တာကိုး။
တစ်နေ့တော့ သာသနာပိုင်ဆရာတော် အရှင်သာပုံ ဆွမ်းခံထွက်ရင်း ကြက်သွန်ခင်းဆရာတော်နဲ့ လမ်းမှာဆုံတယ်။ ကြက်သွန်ခင်း ဆရာတော်က
““သာပုံ သည်နှင်တံနှင့် နင့်ကို လူကြောက်မည်လော၊ ကြောက်စေလိုလျှင် အမြောက်ဆောင်လော့””
အဲဒီလို မိန့်ကြားတော်မူပါတယ်။ အရှင်သာပုံလဲ ရှက်သွားပြီး သိုင်းမကိုင်တော့ဘူးတဲ့။
ဒီနေရာမှာ သာသနာပိုင်တစ်ပါးကို ဒီလို ပြောင်ပြောင်တင်းတင်း ပြောဝံ့တဲ့ ကြက်သွန်ခင်းဆရာတော်ရဲ့ သာသနာ့စိတ်ဓာတ်ကိုလဲ လေးစားရမယ်။ သူ့အပြစ်နဲ့ သူ ခံပါစေဆိုပြီး ကြည့်မနေဘူး။ မတော်တာတွေ့ရင် ဆုံးမတတ်တဲ့ စိတ်ဟာ သာသနာ(အဆုံးအမ)စိတ်ပဲ။
သာသနာပိုင်ဆရာတော်ကလဲ ငါလို သာသနာပိုင်ကို ဒီလိုပြောရကောင်းလားရယ်လို့ မာန်မထောင်ဘူး။ ဒါဟာ သူ့ရဲ့ ဆုံးမလွယ်ကူတဲ့ သောဝစဿတာဂုဏ်ပဲ။ သူတော်ကောင်းပီသလိုက်ကြတာ။
ဒါကြောင့် ပြောလာတဲ့စကားတွေမှာ ငါ့ကို ကျော်တာ၊ ငါ့ကို ခွတာ၊ သူက ဘာမို့လို့လဲ ဆိုတဲ့ မာန်မျိုးမထားဘဲ မျှမျှတတ ကြည့်တတ်ရင် မိမိအတွက် အကျိုးချည်းသာ ရမှာပါလို့ သတိပေးလိုက်ပါ၏။
[Reference: www.forverfriends.ning.com]
No comments:
Post a Comment