Friday, June 10, 2011

ပဋိသန္ဓေနှင့် ပဋိသန္ဓေ(သတ္တ၀ါဖြစ်ပေါ်လာပုံ) လေးမျိုး

ထိုစုတိစိတ်ချုပ်သည်နှင့် တပြိုင်နက် ဘ၀သစ်အတွက် ပဋိသန္ဓေစိတ် ဖြစ်ပေါ်လာ၏။ ထိုစိတ်အစဉ်ကို ရှေးဘ၀နှင့် နောက်ဘ၀၊ ဘ၀ဟောင်းနှင့် ဘ၀သစ်ကို ဆက်စပ်ပေးသောစိတ်ဖြစ်၍ ပဋိသန္ဓေစိတ်ဟု ခေါ်၏။ ပဋိသန္ဓေစိတ် ဖြစ်သည်နှင့်တပြိုင်နက် ဘ၀သစ် စတင်သည်။ အချိန်ကာလခြားမူ မရှိပေ။ တဆက်တစပ်တည်း ဖြစ်ပေါ်သည်။ ထိုပဋိသန္ဓေစိတ်သည် ကံကြောင့် မိမိနှင့် တပြိုင်နက်ဖြစ်ပေါ်သော ဟဒယ၀တ္ထုရုပ်ကို မှီ၍ဖြစ်၏။

ပဋိသန္ဓေစိတ်ချုပ်ပြီးနောက် ထိုပဋိသန္ဓေစိတ်သည်ပင် ဘ၀င်အမည်ဖြင့် (၁၆)ကြိမ်ဖြစ်၏။ ပ၀တ္တိအခါ၌လည်း ထိုပဋိသန္ဓေစိတ်သည်ပင် ဘ၀င်အမည်ဖြင့် ဆက်၍ဖြစ်ရာ ဘ၀အဆက်မပြတ်အောင် ပြုတတ်သောကြောင့်
 ဘ၀င်(ဘ၀+အင်္ဂ)ဟု ခေါ်သည်။

မရဏသန္နဇောယူခဲ့သည့်
 ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် အာရုံတပါးပါးကိုပင် ပဋိသန္ဓေစိတ်က ဆက်လက်အာရုံပြုသည်။

သတ္တ၀ါတို့အတွက် ပဋိသန္ဓေစိတ်သည် အလိုအလျောက် ပေါ်ပေါက်လာသည်မဟုတ်၊ ဖန်ဆင်းရှင်များ၏ ဖန်ဆင်းမူကြောင့်လည်း မဟုတ်၊ ရှေးက မိမိပြုခဲ့သော
 ကုသိုလ်ကံ၊ အကုသိုလ်ကံ ဟူသော သင်္ခါရကြောင့် ဖြစ်လာသော အကျိုးဝိပါက် ဖြစ်သည်။ သတ္တ၀ါတို့သည် အ၀ိဇ္ဇာခြံရံပြီး တဏှာအရင်းခံလျက် ကုသိုလ်၊ အကုသိုလ်ကံတို့ကို ပြုလုပ်ကြသည်။

ထို့ကြောင့် ဘ၀သစ်(ပဋိသန္ဓေစိတ်) ဖြစ်ပေါ်လာရာ၌ အ၀ိဇ္ဇာတဏှာနှင့် ကုသိုလ် အကုသိုလ်သင်္ခါရတို့သည် အကြောင်းရင်းများ ဖြစ်ကြ၏။
 ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် အာရုံတစ်ပါးပါး ထင်လာသောအခါ အ၀ိဇ္ဇာက ထိုအာရုံ၏အပြစ်ကို မမြင်အောင် ဖုံးကွယ်ပေး၏။ တဏှာက ထိုအာရုံကို မိမိကိုယ်တိုင် နှစ်သက် လက်ခံပြီးလျှင် ပဋိသန္ဓေစိတ်အာရုံပြုရန်လည်း ညွတ်ကိုင်ပေးသဖြင့် ဘ၀သစ်တစ်ခု ဖြစ်ပေါ်လာသည်။

သတ္တ၀ါတို့သည် သံသရာတလျှောက်
 စုတိစိတ်၊ ပဋိသန္ဓေစိတ်တို့ အဆက်မပြတ် ဖြစ်နေသည်။ အာရုံအမျိုးမျိုးတို့ တွေ့ကြုံလာလျှင်ဝီထိစိတ်တို့ ဖြစ်ပေါ်လာပြီး ၀ီထိစိတ်တို့ ပြီးဆုံးသွားလျှင် ဘ၀င်စိတ်သည် အဆက်မပြတ် ဖြစ်ပေါ်နေသည်။

ဖြစ်ပေါ်လာရာ၌ ဘ၀ဟောင်းက ရုပ်နာမ်တရားများ ဘ၀သစ်သို့ ပြောင်းရွေ့လာသည်မဟုတ်၊ ဘ၀သစ်၌ ရုပ်နာမ်အသစ် ဖြစ်ပေါ်လာခြင်းသာ ဖြစ်သည်။ သို့သော် ထိုရုပ်နာမ်သစ်များသည် ဘ၀ဟောင်းက ကံအကြောင်းများနှင့် မကင်းကြပေ။ ဘ၀ဟောင်းကအ၀ိဇ္ဇာ တဏှာ
 အကြောင်းများကြောင့် ဖြစ်ပေါ်လာရသည်။ ပဲ့တင်သံ၊ ဆီမီးညှိထွန်းမူ၊ တံဆိပ်တုံးရိုက်မူ စသည်တို့နှင့် တူသည်။ တော တောင် အနီးအပါးတွင် အော်ဟစ်လိုက်ပါက ပဲ့တင်သံ ပြန်လာသည်။ ထိုပဲ့တင်သံသည် မူလ အော်ဟစ်သော အသံမဟုတ်ပေ။ ထို့အတူပင် ဆီမီးညှိထွန်းရာ၌ ပထမ ဆီမီးတိုင်မှ ဒုတိယ တတိယ စသည့် မီးတောက်မီးလျှံတို့သည် ပထမ ဆီမီးတိုင်မှ မီးတောက်မီးလျှုံတို့ မဟုတ်ပေ။ ပထမ မီးတောက်မီးလျှံ လျော့မသွားပေ။ သို့သော်လည်း ဒုတိယ တတိယ မီးတောက် မီးလျှံတို့သည် ပထမ မီးတောက် မီးလျှံနှင့် ကင်းကွာ၍လည်း ဖြစ်ပေါ်မလာနိုင်ပေ။

ထို့အတူပင် တံဆိပ်တုံးများ၊ ဘလောက်တုံးများကို ထုရိုက်လိုက်ပါက တံဆိပ်များ၊ စာများသည် စာရွက်ပေါ်တွင် ထင်လာသည်။
 
စာရွက်ပေါ်ထင်လာသော ထိုစာများ၊ တံဆိပ်များသည် မူလ တံဆိပ်တုံး ဘလောက်တုံးရှိ စာများ မဟုတ်ပေ။ သို့သော်လည်း ထိုတံဆိပ်တုံးရှိ စာများ တံဆိပ်များနှင့် ကင်းကွာ၍လည်း စာရွက်ပေါ်တွင် ထင်မလာနိုင်ပေ။

ဤနည်းတူပင် ဘ၀ဟောင်းက ရုပ်နာမ်တစုံတရာမျှ ဤဘ၀သို့ လိုက်လာသည် မဟုတ်ပေ။ သို့သော်လည်း ဘ၀ဟောင်းက
 အ၀ိဇ္ဇာ တဏှာ သင်္ခါရကံတရားတို့၏ အစွမ်းသတ္တိထူးဖြင့် သံသရာဆုံးသည်တိုင် ဖြစ်ပျက်လျက် နေကြလေသည်။

ပဋိသန္ဓေ(သတ္တ၀ါဖြစ်ပေါ်လာပုံ) လေးမျိုး

ပဋိသန္ဓေသည် သံသေဒဇ၊ အဏ္ဍဇ၊ ဇလာဗုဇ၊ သြပပါတိက ဟူ၍ သတ္တ၀ါအလိုက် ကွဲပြားသည်။ စိုစွတ်သောနေရာ၊ ရေစပ် အညှီအဟောက် နေရာများ၌ စတင်ဖြစ်ပေါ်သော သတ္တ၀ါများ၏ ပဋိသန္ဓေသည် သံသေဒဇ ဖြစ်၏။ ပိုးမွှားကောင်များ၊ ပဒုမ၀တီမိဖုရားစသော အချို့သော လူသားများ ဖြစ်ကြသည်။

ဥဖြင့် သန္ဓေတည် မွေးဖွားသော သတ္တ၀ါသည် အဏ္ဍဇ ဖြစ်၏။ ငှက်များ၊ ငါးများ စသည်တို့ ဖြစ်ကြသည်။ သားအိမ်၌ သန္ဓေတည် မွေးဖွားသော သတ္တ၀ါသည် ဇလာဗုဇ မည်၏။ လူ၊ ခွေး၊ နွား စသည်တို့ ဖြစ်ကြသည်။ ဘ၀ဟောင်းမှ စုတေ၍ ဘ၀သစ်တွင် အရွယ်ရောက်ပြီးသော ကိုယ်ခန္ဓာဖြင့် ရုတ်တရက် ဖြစ်ပေါ်လာသော သတ္တ၀ါသည် သြပပါတိက(ဥပပတ်ပဋိသန္ဓေ) ဖြစ်၏။ နတ်၊ ဗြဟ္မာ၊ ငရဲသား စသည်တို့ ဖြစ်ကြသည်။

တောကူးကူးလေး
[Reference: Myanmar Friends Day Website]

No comments:

Post a Comment