အထက်ပါသေခြင်းလေးပါးတို့တွင် တပါးပါးကြောင့် စုတေရသူတို့အား စုတေခါနီးသေငယ်ဇောနှင့် မြောနေသာအခါ၌ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် အာရုံသုံးပါးတွင် အာရုံတစ်ပါးပါး ထင်မြင်လာတတ်သည်။ သတ္တ၀ါတို့သန္တာန်၌ ကံအများအပြား ရှိနေရကာ ရောက်ရမည့်နောက်ဘ၀သစ်၌ ပဋိသန္ဓေကို ဖြစ်စေနိုင်သော ပဋိသန္ဓေကျိုး ပေးဖို့ရာ အခွင့်သာသော ကုသိုလ်၊ သို့မဟုတ် အကုသိုလ်ကံ တစ်ပါးပါးသည် ကံအများထဲမှ ရှေ့ရူ၍ စိတ်ထဲ၌ ပေါ်လာတတ်သည်။ ဤသို့ ဖြစ်သည်ကိုပင် ကံနိမိတ် ထင်သည်ဟု ခေါ်၏။
ထိုကံကို ပြုလုပ်စဉ်အခါတုန်းက တွေ့ကြုံရသမျှ ရူပ - သဒ္ဒ - ဂန္ဓ - ရသ - ဖောဋ္ဌဗ္ဗ - ဓမ္မ ဟူသော အာရုံခြောက်ပါးတို့တွင် တပါးပါးသည် ကမ္မနိမိတ် ဖြစ်သည်။ ကုသိုလ် အကုသိုလ်ကံကို ပြုလုပ်စဉ်အခါက ပြုလုပ်ရသော အာရုံများဖြစ်သည့် ဘုရားကျောင်းကန် စေတီပုထိုး၊ ပန်း၊ ဆီမီး၊ သားငါး၊ ကြက်ဝက်၊ ဓားလှံလက်နက် စသော ထိုအာရုံများကို ကမ္မနိမိတ်ဟု ခေါ်သည်။ ထိုအာရုံတို့ စိတ်ထဲ၌ ထင်လာသည်ကို ကမ္မနိမိတ်ထင်သည် ဟု ခေါ်၏။
မိမိလာရောက်ရတော့မည့် ဘုံဘ၀ ဂတိ၌ တွေ့ကြုံရလတ္တံ့သော အာရုံများကို ဂတိနိမိတ်ဟုခေါ်သည်။ သေငယ်ဇောနှင့် မြောနေသူအား မိမိလာရောက်ရတော့မည့် ဘ၀သစ်နှင့် တိုက်ရိုက်ပတ်သက်သော အာရုံများ၊ ထိုဘ၀၌ တွေ့ကြုံရမည့် အသုံးအဆောင် အခြွေအရံဟူသော အာရုံများ ထင်မြင်လာတတ်သည်။ လူ့ဘုံသွားရမည့်သူဖြစ်လျှင် တော တောင် မြစ်ကမ်းများ၊ နတ်ပြည်၌ ဖြစ်ရမည့်သူဖြစ်လျှင် နတ်ဗိမာန်၊ နတ်သမီး၊ နတ်သား၊ နတ်ရထား၊ ဥယျာဉ်ပဒေသာပင် စသည်တို့ ထင်မြင်လာတတ်ကြသည်။ ဤသို့ ထင်လာသည်ကို ဂတိနိမိတ်ထင်သည်ဟု ခေါ်၏။
ဤသို့ မိမိပြုခဲ့သော ကုသိုလ် အကုသိုလ် ကံအားလျောစွာ ကံ ကမ္မနိမိတ်၊ ဂတိနိမိတ်သည် သေခါနီးကာလတွင် ထင်မြင်လာမြဲဖြစ်သည်။ ကုသိုလ်ကံ က အကျိုးပေးတော့မည်ဖြစ်လျှင် ကောင်းသော အာရုံများထင်လာသောကြောင့် ထိုအာရုံကို အာရုံပြုလျက် ဖြူစင်ကြည်လင်သော ကုသိုလ်စိတ်အစဉ် ဖြစ်နေသည်။ အကုသိုလ်ကံ က အကျိုးပေးတော့မည်ဖြစ်လျှင် မကောင်းသော အာရုံဆိုးများ ထင်လာသောကြောင့် ထိုအာရုံဆိုးကို အာရုံပြုလျက် ညစ်နွမ်းသော မကြည်လင်သော အကုသိုလ်စိတ်အစဉ်ဖြစ်နေသည်။ ထို့ကြောင့် ကျွမ်းကျင်သော သူနာစောင့်များသည် လူနာ၏မျက်နှာကို ကြည့်၍ ရောက်ရမည့်ဂတိကို သိနိုင်ကြသည်။
ထိုသို့ နိမိတ်ထင်လာမူသည် ကံစွမ်းကြောင့် ထင်မူရှိသကဲ့သို့ပင် ဆွေမျိုးမိတ်ဆွေတို့ ကြိုးစားဆောင်ရွက် ပေးမူကြောင့်လည်း ထင်တတ်သည်။ ဒုဋ္ဌဂါမဏိမင်းကြီးကဲ့သို့ မိမိနေ့စဉ်ပြုလုပ်သော ကုသိုလ်များကို စာအုပ်တွင်ရေးမှတ်၍ အနီးအပါးရှိသူများက ဖတ်ကြားပေးသင့်သည်။ မိမိနေ့စဉ် အားထုတ်ခဲ့သော အာစိဏ္ဏကံကုသိုလ်မူများကို သတိရ အောက်မေ့နေရမည်။ သမထ၀ိပဿနာ ဘာဝနာပွားမူများကို သတိထား ရူမှတ်နေရမည်။ အနီးအပါးရှိသူများကလည်း ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ တရားဓမ္မရွတ်ဖတ်၊ ကြေးစည်ထု၊ ဆီမီး ပန်း စသည် ကုသိုလ်မူများကို သေခါနီးသောသူ ကြားအောင် မြင်အောင် သတိရအောင် ပြောဆို ပြုလုပ်ပေးနေရမည်။ ငိုယိုမူ၊ အကျိုးမဲ့စကားများ ပြောနေမူ၊ ဆဲဆိုရန်ဖြစ်မူ စသည့် အကုသိုလ်ဘက် စိတ်ညွတ်စေမည့် လုပ်ငန်းများကို လုံးဝရှောင်ကြဉ်ရမည်။
သေခါနီးသူ၏ စိတ်တို့သည် ထိုသို့ထင်လာသော အာရုံ၌သာ တရစ်ဝဲ၀ဲ ညွတ်ကိုင်းနေတတ်သည်။ ဖော်ပြခြဲ့ပီးသည့်အတိုင်း သုဂတိဘုံသို့ သွားလတ္တံ့သော သူအား ကုသိုလ်နှင့်ဆိုင်သော ကောင်းမြတ်သော နိမိတ်အာရုံတို့ ထင်လာတတ်သည်။ ထိုအခါ မျက်နှာအမူအရာ ရွှင်ပြကြည်လင်နေတတ်သည်။ ဒုဂ္ဂတိဘုံသို့ သွားလတ္တံ့ သူ့အား အကုသိုလ်နှင့်ဆိုင်သော နိမိတ်ဆိုးအာရုံဆိုးတို့ ထင်လာတတ်သည်။ ထိုအခါ မျက်နှာအမူအရာသည် ကြောက်ရွံ့ထိတ်လန့် နေတတ်သည်။ တခါတရံ ပါးစပ်ကပင် အလန့်တကြား အော်ဟစ်တတ်သည်။
ထိုသို့ မကောင်းသော အာရုံဆိုးတို့ ၀င်လာပုံကို တွေ့မြင်ကြလျှင် အထက်ပါအတိုင်း ကောင်းသော အာရုံသို့ ပြောင်းလဲသွားရန် အနီးရှိသူတို့က ပြုလုပ်ပေးရမည်။ ဤအချိန်သည် မိတ်ဆွေကောင်းရှိရန် အလိုအပ်ဆုံးအချိန် ဖြစ်သည်။ ဘ၀ကူးကောင်းမွန်ရေးအတွက် အထူးဆောင်ရွက်ပေးရမည်။
မရဏသန္နဇောနှင့် မြောနေသူသည် မိမိအာရုံဝယ် ထင်မြင်လာသမျှကို အာရုံဖမ်းယူနေချိန်ဖြစ်သည်။ ပေါ်လာသမျှအာရုံများကို ဆွဲယူနေချိန်ဖြစ်သည်။ ဘ၀သစ်၌ စိတ်အစဉ် ညွတ်ကိုင်းနေသည်။ ခရီးသွားမည့်သူသည် သွားရမည့် အရပ်သို့ စိတ်အစဉ် ညွတ်နေသကဲ့သို့တည်း။ ဘ၀သစ်၌ ပဋိသန္ဓေကျိုးကို ပေးမည့် ကံတရားသည် ရှေးဘ၀ပေါင်းများစွာက ပြုခဲ့သော ကံဟောင်း ဖြစ်စေကာမူ ယခုပင် ပြုလုပ်နေရသလို စိတ်ထဲ၌ ထင်ယောင် မြင်ယောင် လာသည်။ ထိုသို့ ထင်လာခြင်းမှာ မည်သူ၏ ဖန်တီးမူကြောင့်မျှမဟုတ်ပေ။ မိမိပြုလုပ်ခဲ့သော ကံအစွမ်းကြောင့်ပင် ထင်လာခြင်းဖြစ်ပေသည်။
သတ္တ၀ါတစ်ဦးသည် စုတေရန် အလွန့်အလွန် နီးကပ်နေသော(သေခါနီး) ကာလ၌ စိတ်အစဉ်ဝယ် မရဏသန္နဇောစိတ်ငါးကြိမ်ဖြစ်၏။ ပဉ္စမဇောဖြစ်ပြီးနောက်၌ စုတိစိတ်ဖြစ်၏။ ထိုစုတိစိတ်သည် ဤဘ၀ ပဋိသန္ဓေတည်စက ပါရှိလာသော ကမ္မဇရုပ်များနှင့် ပြိုင်တူချုပ်သည်။ ထိုစုတိစိတ်နှင့် ကမ္မဇရုပ် ချုပ်သည်နှင့် တပြိုင်နက် ပစ္စုပ္ပန်ဘ၀ ကုန်ဆုံးသွားသည်။ ထိုအချိန်ကို စုတေသည်ဟု ဆိုကြသည်။ စိတ္တဇရုပ်၊ အာဟာရဇရုပ်တို့လည်း မရှေးမနှောင်းပင် ချုပ်ကြ၏။ ဘ၀တစ်ခု ချုပ်ဆုံးလေတော့သည်။

တောကူးကူးလေး
[Reference: Myanmar Friends Day Website]
No comments:
Post a Comment