Saturday, March 22, 2014

“လူ့ ကျက်သရေ”


မြတ်စွာ ဘုရားလက်ထက်တော်တုန်းက ကြုံခဲ့ဘူးပါတယ်။ အနာထပိဏ် သူဋ္ဌေးကြီးဆိုတာ ရှေးအတိတ်ကလည်း ကောင်းမှုထူးတွေကို ပြုခဲ့ဖူးသလို ၊ယခုပစ္စပ္ပန်မှာလည်း ကောင်းမှုတွေ နေ့စဉ် မပြတ် ပြုလေ့ရှိသူပါ၊ သူ့ရဲ့ငယ်နာမည် “သုဒတ္တ”ဆိုတဲ့ အမည်ပျောက်ပြီး “အနာထပိဏ္ဍိက” “ခိုကိုးရာမဲ့သူ တို့ကို ကျွေးမွေးလေ့ရှိသူ” ဆိုတဲ့ အမည်တွင်နေတာကို ကြည့်ရင်
သာသနာ အတွက်သာမက လောက အတွက်လည်း ဘယ်လောက်အထိ ကောင်းမှုတွေကို အောက်ခြေသိမ်း ပြုလေ့ရှိတယ်ဆိုတာ သိသာပါတယ်။

အဲဒီလို အတိတ်ကရော ၊ပစ္စပ္ပန်မှာပါ ကောင်းမှုတွေ ပြုလေ့ရှိလို့လည်း အနာထပိဏ်သူဋ္ဌေးကြီးဟာ သူကိုယ်တိုင်နှင့် သူနဲ့ဆက်စပ်သမျှ ဇနီးမယားစီးပွားဥစ္စာတို့ သာမက ယုတ်စွအဆုံး သူ့အိမ်မှာမွေးထားတဲ့ ကြက်တို့ ၊ ခွေးတို့လို တိရစ္ဆာန်များပါ ကျက်သရေရှိနေတယ်လို့
လူတိုင်းက မှတ်ယူလောက်အောင် ကောင်းကျိုးတရားတွေနဲ့
ပြည့်စုံနေပါတယ်။

ဝေဒကျမ်းကိုယုံကြည်တဲ့ ဗြဟ္မဏများကတော့ “ကျက်သရေ” ဆိုတာ
“ကောင်းမှုကြောင့်ဖြစ်တဲ့ ကောင်းကျိုး” ပဲလို့ မသိမြင်မယုံကြည်ကြပါဘူး။ အိမ်မှာပိုင်ဆိုင်ထားတဲ့ “ရတနာ”တို့၊ “တိရစ္ဆာန်”တို့ကြောင့် ပိုင်ဆိုင်သူမှာ
ကျက်သရေရှိနေတယ်လို့ပဲ မှတ်ထင်ယုံကြည်ကြပါတယ်။ သူတို့မှာ ကျက်သရေရှိတဲ့ ရတနာတို့ ၊ တိရစ္ဆာန် တို့ရဲ့ အမှတ်လက္ခဏာတွေကို ဖော်ပြတဲ့ “လက္ခဏာအတတ်ပညာ” ဆိုတာလည်းရှိပါတယ်။

တစ်နေ့တော့ အနာထပိဏ်သူဋ္ဌေးကြီးဆီက “ကျက်သရေခိုးမယ်”ဆိုပြီး ကျက်သရေလက္ခဏာ နားလည်တဲ့ပုဏ္ဏားတစ်ယောက် ရောက်လာတယ်။ သူဋ္ဌေးကြီးအိမ်မှာ အခြွေအရံ အစာင့်အရှောက်တွေလည်း ပြည့်စုံနေလေတော့ ခိုးလို့တော့ ဘယ်ရပါမလဲ။ တောင်းရမှာပေါ့။ သူဋ္ဌေးကြီးအိမ်ရောက်တော့
ကျက်သရေ ဘယ်မှာရှိသလဲလို့ ကြည့်တဲ့အခါ သူဋ္ဌေးကြီးမွေးထားတဲ့ ကြက်ဖြူကြီးရဲ့အမောက်မှာ တည်နေတာကို တွေ့ရသတဲ့။

ကောင်းမှုရှိသူ မွေးထားတဲ့ ကြက်ဖြူကြီးဆိုတော့ ကိုယ်လုံးဖြူဖြူကြီးပေါ်က အမောက်နီနီကြီးဟာလည်း ပုဏ္ဏားကြီးရဲ့ မျက်စိထဲမှာတော့ “ကျက်သရေတုံးကြီး” လို့ပဲ မြင်နေတာပေါ့။ဒါနဲ့ ပုဏ္ဏားကြီးက သူဋ္ဌေးကြီးထံ ကြက်ဖြူကြီးကိုတောင်းတယ်။ သူဋ္ဌေးကြီးက ယူတော့လို့ဆိုလိုက်တာနဲ့ တပြိုင်နက် ကျက်သရေက သူဋ္ဌေးကြီးရဲ့ ပတ္တမြားရတနာ ပေါ်ရောက်သွားပါတယ်။

ပုဏ္ဏားကြီးက ပတ္တမြားကို တောင်းပြန်တယ်။ ပတ္တမြားကိုပေးပြန်တော့ တောင်ဝှေးဆီရောက်သွားပြန်တယ်။ တောင်ဝှေးကို တောင်းလိုက်တော့လည်း ကျက်သရေက သူဋ္ဌေးကတော်ကြီး “ပုညလက္ခဏဒေ၀ီ”ဆီ ရောက်သွားပြန်တယ်။ ဒီတစ်ခါကျတော့ မတောင်းထိုက်တဲ့ပစ္စည်းဖြစ်လို့ မတောင်းတော့ဘဲ လက်လျှော့လိုက်ပြီး သူဟာ ပစ္စည်းကိုလိုချင်လို့လာတာမဟုတ်ဘဲ ကျက်သရေကို
ခိုးဖို့လာခြင်းဖြစ်ကြောင်းနဲ့ သူဋ္ဌေးကြီးဆီမှာ ကျက်သရေရှိနေတဲ့
ပစ္စည်းတွေဟာ သူတောင်းလိုက်တိုင်း ပြောင်းပြောင်းသွားတဲ့
အကြောင်း အမှန်အတိုင်းဝန်ခံပြီး တောင်းထားတဲ့ပစ္စည်းတွေကိုလည်း
မယူဘဲပြန်သွားပါတော့တယ်။

ဒီအကြောင်း သူဋ္ဌေးကြီးက မြတ်စွာဘုရားကို လျှောက်ထားတဲ့အခါ ဘုရားရှင်က “ကျက်သရေဆိုတာ ဘုန်းကံရှိသူတို့နဲ့သာ ထိုက်တန်ပြီး
ဘုန်းကံမဲ့သူတို့နဲ့ မထိုက်တန်”ဟု ဆုံးမဟောကြားတော်မူပါတယ်။

ဒါကြောင့် “ကျက်သရေ”ဆိုတာ “ကုသိုလ်”ကိုပြောတာပါ။ ကုသိုလ်ရှိရင် ကျက်သရေရှိတယ်။ ကုသိုလ်မရှိ ရင် အ၀တ်အစား၊ လက်ဝတ်ရတနာတန်ဆာ ဘယ်လောက်ဆင်ဆင် ကျက်သရေတုံး”နေတာပါပဲ။

မျက်မှောက်လောကမှာကြည့်လိုက်ရင် အချို့သော “ဒုစရိုက်သမားများ” ဟာ “မကောင်းမှု”ကို အတုံးလိုက် ၊ အတစ်လိုက် လုပ်ထားတယ်။
လူအများကလည်းသိတယ်။ ဒါကြောင့် သူဟာ ဘယ်လောက်ပဲ
ကားအကောင်းစားကြီးစီးပြီး ၊ရွှေတွေဝတ်ဆင် ထားသော်လည်းပဲ လူတိုင်းက နှာခေါင်းရှုံ့ကြပါတယ်။ “ကုသိုလ်” နဲ့မွေ့လျှော် နေသူတွေမှာတော့ သူဆင်သမျှအရာတွေဟာ တန်ဖိုးမရှိတဲ့
အရာပင်ဖြစ်စေကာမူ ကြည့်မြင်သူတွေရဲ့ မျက်စိထဲမှာ အရမ်းကို ခန့်ညားတင့်တယ်နေပါတယ်။

ထို့ကြောင့် စာဖတ်သူများလည်း ကုသိုလ်များများဆည်းပူးပြီး “ဘုန်းကံရှိသူ ၊ကျက်သရေပိုင်ရှင်များ” ဖြစ်နိုင်ကြပါစေ။

- 【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment