သို့
ဆရာတော် ဦးဇောတိက ဘုရား....
တပည့်တော် ရိုသေစွာ လေးမြတ်စွာဖြင့် စာရေးလိုက်ပါသည်ဘုရား။
တပည့်တော်သည် ဆရာတော်အား တခါမျှ မဖူးတွေ့ ဖူးသော်လည်း
ဆရာတော်၏ တရားတိပ်ခွေတို့ကိုနာယူရင်း ဆရာတော်၏
တပည့်အရင်းအဖြစ် ခံယူထားမိသည်မှာ တစ်နှစ်ကျော် ၊
နှစ်နှစ်နီးပါးမျှရှိပါပြီဘုရား။ တပည့်တော်သည်
တတိယနှစ်ဆေးတက္ကသိုလ် 3rdMB တက်နေသော
အသက် (၂၂) အရွယ် ကျောင်းသားတစ်ဦးပါဘုရား။
ဤစာကို ရေးသားနေသောအချိန်တွင် တပည့်တော်သည်
“အရှင်ညာဏဂဝေသက” အမည်ဖြင့် မြောက်ဥက္ကလာ
ရွှေဥမင်တောရတွင် ရဟန်းဝတ်ဖြင့် တရား
အားထုတ်လျက်ရှိပါသည်ဘုရား။
တပည့်တော်၏ဘဝ အပြောင်းအလဲ အချိုးအကွေ့မှာ
အလွန်သံဝေဂရဖွယ် ဖြစ်ပါသဖြင့်
ဆရာတော်အား တင်ပြလျှောက်ခွင့်ပြုပါဘုရား။
တပည့်တော်၏ဖခင်မှာ ဆရာဝန်တစ်ဦးဖြစ်ပြီး
တပည့်တော်၏မိခင်မှာ ကျောင်းဆရာမတစ်ဦး ဖြစ်ပါသည်။
မောင်နှမနှစ်ဦးတွင် တပည့်တော်က အကြီးဖြစ်ပါသည်။
မိသားစုလေးဦးသာရှိသော တပည့်တော်သည်
စိတ်ချမ်းသာစွာဖြင့် ကြီးပြင်း အရွယ်ရောက်ခဲ့ရပါသည်ဘုရား။
တပည့်တော်သည် ဆယ်တန်းစာမေးပွဲကို
ဘာသာစုံ ဂုဏ်ထူး၊မြန်မာတစ်ပြည်လုံး မြန်မာစာ
အမှတ်ရအများဆုံး၊တစ်နိုင်ငံလုံးအမှတ်ရအများဆုံး
ဆယ်ဦးတွင် တစ်ဦးအပါအဝင် အဖြစ်ဖြင့်
ဆေးတက္ကသိုလ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။
ပြောပြလိုသည်မှာ တပည့်တော်သည်ဘဝတစ်လျှောက်တွင်
ကြီးမားသော အခက်အခဲများမတွေ့ရဘဲ
အောင်မြင်မှုများကိုသာ တစ်ခုပြီးတစ်ခု ရရှိခဲ့သော
ရည်ရွယ်ချက်ကြီးမားသူ တစ်ဦးဖြစ်ခဲ့ပါသည် ဘုရား။
ကံကောင်းသည်မှာ တပည့်တော်သည်
တရားအားထုတ်မှုကို အရွယ်ငယ်စဉ်ကတည်းကပင်
ထိထိရောက်ရောက် အားထုတ်နိုင်ခဲ့ပါသည်ဘုရား။
တပည့်တော် အသက်ဆယ့်နှစ်နှစ်၊ဆယ့်သုံးနှစ်အရွယ်ကပင်
အာနာပါနနှင့်ပတ်သက်သော စာအုပ်တစ်အုပ်ကိုဖတ်၍
ကိုယ်နားလည်သမျှ စတင်ကြိုးစားခဲ့ပါသည် ဘုရား။
သည့်နောက်တွင် တပည့်တော်သည် တရားရိပ်သာ
စခန်းများတွင် အချိန်ရလျှင်ရသလို ဝင်ရောက်အားထုတ်ခဲ့ပါသည်။
သို့သော် တပည့်တော်၏ တရားစခန်းဝင်၍ အားထုတ်သော
ရည်ရွယ်ချက်မှာ ရှေးဦးက စိတ်ငြိမ်းချမ်းမှုများ
ရရှိလို၍ ဖြစ်ပါသည်ဘုရား။သို့ရာတွင် တပည့်တော်မှာ
ဆရာကောင်းကိုကြုံကြိုက်ခဲ့ရသဖြင့်
အသက်ဆယ့်ရှစ်နှစ်ဝန်းကျင်တွင် ရုပ်တရား၊နာမ်တရားတို့ကို
ကောင်းစွာခွဲခြားနိုင်သော စိတ်တို့ကို ညာဏ်ဖြင့်ရှုမြင်နိုင်သော
အနေအထားကို ရခဲ့ပါသည်ဘုရား။မျှော်မှန်းသော
အောင်မြင်မှုများသာမက မမျှော်မှန်းသောငြိမ်းချမ်းမှုတို့ကို
ရရှိခဲ့သည့်အတွက် တပည့်တော်အနေဖြင့် တရားတော်ကို
အစဉ်မပြတ် အားထုတ်ခဲ့ပါသည်ဘုရား။
တပည့်တော်၏ရည်ရွယ်ချက်သည်လည်း လောကီမှ လောကုတ္တရာဘက်သို့ပြောင်းလဲခဲ့ပါသည်ဘုရား။ တပည့်တော် တရားစတင်အားထုတ်သော အရွယ်မှာ အတော်ပင်ငယ်သေးသည်ဟု ဆိုရပါမည်ဘုရား။ထို့အတွက် တပည့်တော်မှာ အတိုက်အခိုက် အပြောအဆိုများစွာကို ခံခဲ့ရပါသည်ဘုရား။
လူကြီးများကလည်း ဒီအရွယ်ဟာ တရားအားထုတ်တဲ့အရွယ် မဟုတ်သေးပါဘူးဟုဆိုကာ တားမြစ်သလို
စကားများစွာ ဆိုခဲ့ကြပါသည်။
သူငယ်ချင်းများကလည်း ရက်အားရတိုင်း
တရားအားထုတ်ဖြစ်သော
တပည့်တော်ကို တစ်မျိုးမြင်ကြပါသည်။
ကိုယ့်အလုပ်မဟုတ်သေးဘဲ လုပ်နေသူဟု ပြောဆိုကြပါသည်။
သို့သော်တပည့်တော်သည် တရားအားထုတ်ရင်းပင်
တခြားသူငယ်ချင်းများအားလုံးနှင့် ဝင်ဆံ့ပေါင်းသင်းနိုင်ခြင်း၊
စာမေးပွဲများတွင် ထိပ်ဆုံးအဆင့်က အောင်မြင်ခဲ့ခြင်းများကြောင့်
တပည့်တော်ကို အထင်သေးမှုများတော့ မခံခဲ့ရပါ။
(ဤသည်မှာ ဆရာတော်မိန့်သကဲ့သို့ ဓမ္မကို
ဘဝထဲရောက်အောင် မသွင်းနိုင်၍ဖြစ်ပါသည်)
♦ တပည့်တော်မှာ ယခင်က အယူအဆ တစ်ခုရှိခဲ့ပါသည်ဘုရား။
ယောက်ျားတစ်ယောက်အနေနဲ့ မကောင်းမှုများကို မလုပ်တတ်၍ မလုပ်ဘဲနေခြင်းထက်၊လုပ်တတ်ပါလျက်နှင့်မကောင်းမှန်းသိကာ
ရှောင်ရှားခြင်းကသာ မှန်သည်ဟု ယူဆခဲ့ပါသည်။
ထိုယူဆချက်အတိုင်း တပည့်တော်သည် သူငယ်ချင်းများအား
ဦးဆောင်လုပ်ပြခဲ့ပြီး
“ဒါကတော့ မကောင်းဘူး၊ငါ အဲဒါကိုနောက်မလုပ်ဘူး”
ဟူသော သဘောမျိုးဖြင့် နေထိုင်ခဲ့ပါသည်။
ဤသို့ ဘီယာသောက်ခြင်းစသော မကောင်းမှုများကို
တပည့်တော်အနေဖြင့် ခိုးကြောင်ခိုးဝှက်လုပ်ခဲ့ရသည်မဟုတ်ပါ။
တပည့်တော်၏မိဘများကလည်း တပည့်တော်ကို
“ဘာတော့မလုပ်ရ”ဟုမပညတ်ဘဲ
ကောင်းမကောင်းကိုသာ ပြောပြီး တပည့်တော်၏စိတ်ကြိုက်
ရွေးချယ်စေခဲ့ပါသည်။ ဤသို့မိမိ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို
ရထားခြင်း၊တရားအားထုတ်ခြင်းတို့ကြောင့်
တပည့်တော်အနေဖြင့် မကောင်းတစ်ခုကို ကျူးလွန်မိတိုင်း
မကောင်းမှုပဲဟု သိနေခဲ့ပါသည်။
♦ ထို့ကြောင့် ဆယ်ခါလောက် အခွင့်ရသော်လည်း
တစ်ကြိမ်မျှတစ်ခါမျှသာ စိတ်အလိုသို့ လိုက်၍ ပြုလုပ်ဖြစ်ပါသည်။
ထိုစဉ်က တရားထိုင် သည်ဆိုခြင်းမှာ တစ်နေ့မှာ
တစ်နာရီလောက်ထိုင်လျှင်ပင် လုံလောက်ပြီဟု
မှတ်ယူကာထားခဲ့ပါသည်ဘုရား။
ဤသို့ဖြင့်တပည့်တော်သည် ဘဝကို အလွန်အမင်း ခက်ခဲစွာ
ရင်ဆိုင်မှုများဖြင့် မကြုံတွေ့ရဘဲ ၁၉၉၆ ခုနှစ်အထိ
ဖြတ်သန်းလားခဲ့ရပါသည်။
၁၉၉၆ခုနှစ် နှစ်စပိုင်းတွင် တပည့်တော်မှာ
အနည်းငယ်ပိန်၍လာ ပါသည်။သွေးအားတို့လည်းနည်း
လာပါသည်။သို့သော် စာကျက်စာဖတ်များပြီး
အအိပ်အစားပျက်သဖြင့် ထိုသို့ဖြစ်ရသည်ဟု ယူဆကာ
ခပ်ပေါ့ပေါ့ သဘောထားခဲ့ပါသည်။
တပည့်တော်မှာ တစ်စထက်တစ်စ ပိန်၍လာတော့မှ
စိုးရိမ်စိတ်ဝင်ကာ ဆရာများနှင့်ပြသတိုင်ပင်ခဲ့ပါသည်။
သို့သော် စာမေးပွဲကာလဖြစ်၍ တပည့်တော်မှာ
သိပ်ပြီးစိုးရိမ်ပူပန်မှုမရှိခဲ့ပါ။
စာမေးပွဲဖြေပြီးနောက်ဆုံးရက်တွင်မူ
တပည့်တော်အနေဖြင့် အလွန်အားနည်းကာ
သွေးပေါင်ချိန်များစွာကျနေ၍ သမားတော်ဆရာကြီးထံ
ဝင်ရောက်ပြသတော့မှ ဆရာကြီးက စိုးရိမ်တကြီးဖြင့်
ဆေးရုံတစ်ခါတည်းတက်ခိုင်းပါတော့သည်။
တပည့်တော်မှာ အိမ်သို့ပင်မပြန်တော့ဘဲ ဆေးရုံသို့
တစ်ခါတည်းတက်လိုက်ရပါတော့သည်။
ဆရာများအားလုံးကလည်း ချက်ချင်းပင် Testမျိုးစုံဖြင့်
ရောဂါကို အပူတပြင်းရှာဖွေကြပါတော့သည်။
ဆေးရုံရောက်ပြီးတစ်ရက်၊နှစ်ရက်အတွင်းမှာပင်
တပည့်တော်၏အခြေအနေမှာ အလွန်ဆိုးရွားသွားခဲ့ပါသည်။
လူသာမန်တို့တွင် 14mg%ရှိရသောသွေးနီဥပမာဏမှာ
တပည့်တော်တွင် 3/4လောက်သာကျန်တော့သည်
အထိ ဆိုးရွားသွားခဲ့ပါသည်။ တစ်နေ့တည်းမှာပင်
သွေးခုနစ်ပုလင်းဆက်တိုက်သွင်းရပါသည်။
လေးငါးရက်ကြာမှ ဆရာများရောဂါရှာတွေ့ခဲ့ကြသည်။
♦ Auste Myloid Leukaemia ခေါ် “သွေးကင်ဆာ”
ဟုသိကြရပြီးတပည့်တော်၏ အခြေအနေမှန်ကိုလည်း
လပိုင်းမျှသာ အလွန်ဆုံး ခံတော့မည်ဟု
ခန့်မှန်းလိုက်ကြတော့သည်။
ဤအကြောင်းအရာများကို တပည့်တော်မသိအောင်
ဖုံးဖိလိုက်ကြဖို့ကိုလည်း တပည့်တော်၏မိသားစုများ၊
ဆရာများနှင့်သူငယ်ချင်းများက ဆုံးဖြတ်ခဲ့ကြပါသည်။
တပည့်တော်မှာလည်း လက်အကွေးအဆန့်ကိုပင်
အနိုင်နိုင်လုပ်ရသည့် အခြေအနေသို့ နေ့ချင်းညချင်း
ပြောင်းလဲရောက်ရှိသွားပါတော့သည်ဘုရား။
ထိုစဉ်က အခြေအနေမှာ တပည့်တော်အနေဖြင့်
လုံးဝမျှော်လင့်မထားခဲ့သည်တို့ကို ရုတ်ချည်း
တွေ့ကြုံလိုက်ရခြင်းဖြစ်ပါသည်။ Major Catastrophe
တစ်ခုကို ဤသို့တွေ့ကြုံလိုက်ရသော တပည့်တော်၏
ထိုစဉ်က စိတ်အခြေအနေကို အရှင်ဘုရား
ခန့်မှန်းနားလည်ပေးနိုင်ပါလိမ့်မည်။
သို့သော် တပည့်တော်မှာ ကံမကောင်းသည့်ကြားမှပင်
ကံကောင်းခဲ့ပါသည်။ တစ်ချိန်က တပည့်တော်၏
သူငယ်ချင်းတစ်ဦးကို (တရားအားထုတ်ဖက်၊စာပေလေ့လာဖက်)
စကားတစ်ခုမှာကြားခဲ့ဖူးပါသည်။
■“ ရုတ်တရက် သေခါနီးအချိန်တွင် တစ်ယောက်နှင့်
တစ်ယောက် အလှမ်းမှီပါက အသိပေးကြစတမ်း”ဟ
ုမှာကြားထားခဲ့ခြင်းမှာ တကယ်ဖြစ်လာပါသည်။
သူငယ်ချင်းက အားလုံးလျှို့ဝှက်ထားကြသော
အကြောင်းစုံကို တပည့်တော်အားအသိပေး
ပြောကြားကာ တရားကို အချိန်ပြည့် အားထုတ်ရန်
တိုက်တွန်းခဲ့ပါသည်။ စာမှာရှည်လျားပြီဖြစ်၍ထိုစဉ်က
အတွေ့အကြုံများနှင့်တပည့်တော်၏ စိတ်ခံစားမှုကို
ပြောပြလိုသော်လည်း ထားရစ်ခဲ့ပါသည်။
နောင်အခါမှ ဆရာတော်ထံ စာထပ်မံ
ရေးသားပါဦးမည်။တပည့်တော်သည် တရားကို
အချိန်ပြည့်ရှုမှတ်လျက် ထိုနေ့ဆိုးများကို
တရွေ့ရွေ့ကုန်လွန်ခဲ့ပါပြီ။ ယခုအခါတွင်
Complete Remission ရ၍ သာမန်လူတစ်ဦးပမာ သွားလာလှုပ်ရှားနေထိုင်နိုင်ခဲ့ပါပြီ။
တပည့်တော်၏ရည်ရွယ်ချက်များမှာလည်း
အလုံးစုံပြောင်းလည်းသွားခဲ့ပါပြီ။
တရားအားထုတ်ခြင်း၏ငြိမ်းချမ်းမှုကို ကိုယ်တွေ့ရခဲ့ပြီဖြစ်၍ ဤလမ်းကြောင်းကို ဆုံးသည်အထိ ဆက်လျှောက်ရန်
ဆုံးဖြတ်ခဲ့ပြီး အချိန်ပြည့်အားထုတ်ရန် ရဟန်းဘဝသို့ အပြီးတိုင်ကူးပြောင်းခဲ့ပါသည်။
■ တပည့်တော်ပြောလိုသည်မှာ ဟိုတုန်းကသာ
တပည့်တော် တရားအားထုတ်မထားခဲ့ပါလျှင် ဤသို့သောအခြေအနေမျိးတွင် Depression နှင့်ပင်
တပည့်တော်အသက် ဆုံးရှုံးသွားပါလိမ့်မည်။
သို့သော်တပည့်တော်မှာ ဝိပဿနာတရား
ရှိနေခဲ့ခြင်းကြောင့်သာလျှင် ဤအခြေအနေအထိတိုးတက်လားခြင်းဖြစ်သည်ဟု
ယုံကြည်ပါသည်ဘုရား။ ဟိုယခင်က
“တရားအားထုတ်ဖို့ငယ်ပါသေးတယ်” လို့ပြောခဲ့တဲ့သူတွေကို
တပည့်တော်လူနာခုတင်ပေါ်မှာ လှဲလျှက်တရားနှလုံးသွင်းရင်းက
“ ကဲ...ဟိုတုန်းက ပြောခဲ့ကြသလိုသာ အားထုတ်မထားခဲ့ရင် ၊
ကျင့်ကြံမှုမရှိခဲ့ရင်၊ကျွန်တော်အခုအချိန်မှာ
ဘယ်လိုနေလိမ့်မလဲ”ဆိုပြီးသာ မေးချင်နေမိပါတော့တယ်။
■သေချာတာတစ်ခုကတော့ အားကိုးရာမဲ့စိုးရိမ်ပူပန်မှုတွေနဲ့
သေရမယ့်အချိန်ကို မျက်ရည်ကျရင်း စောင့်နေရမှာပါပဲ။
ဒါပေမယ့် သူတို့ပြောတာ နားမယောင်ဘဲ
အလေ့အကျင့်လုပ်ထားခဲ့မိလို့သာ တပည့်တော်ခံ
သာတာပါဘုရား။ တပည့်တော်ရဲ့အနီးအနားမှာရှိတဲ့
သက်တူရွယ်တူ သူငယ်ချင်းတွေကိုလည်း ပြောပြဖြစ်ပါတယ်။
ဒါပေမယ့် သူတို့တွေအားလုံးလည်း တရားအားထုတ်ရမယ့်
အရွယ်မဟုတ်သေးဘူးလို့ပဲ အတော်များများက ထင်နေကြဆဲပါပဲ။
♠ “လူတွေဟာ သူများထီပေါက်တာမြင်ရင်
ငါလည်းပေါက်နိုင်တာပဲ” လို့တွေးမိကြတယ်။
♠ “သူများကားတိုက်တာမြင်ရင်တော့
ငါလည်းဒီလိုဖြစ်နိုင်တာပဲလို့ တွေးတဲ့လူရှားတယ်”
ဆိုတဲ့ စာရေးဆရာကြီး တစ်ဦးရဲ့ စကားကို
သတိရမိပါတယ်။
■ တပည့်တော်နဲ့သက်တူရွယ်တူ နှစ်ဆယ်ပတ်ဝန်းကျင် လူငယ်တွေကိုတွေ့ရင် “မင်းတို့လိုအရွယ်
လူငယ်တစ်ယောက်တော့ ဒီလိုဖြစ်ခဲ့တယ်၊
တရားအားထုတ်လို့သာ ဆောက်တည်ရာ ရခဲ့တယ်။
မင်းတို့အနေနဲ့လည်း သူလိုအဖြစ်မျိုးနဲ့ကြုံလာခဲ့ရင်၊
မကြုံခဲ့သည့်တိုင် လောကထဲမှာ အောင်မြင်စွာနေနိုင်ဖို့
တရားအားထုတ်သင့်တယ် ”ဆိုတာ
ဆရာတော် တိုက်တွန်းနိုင်ဖို့ တပည့်တော်ကို
Sample ပြနိုင်ဖို့ ဤစာကို ရေးသားရခြင်း
ဖြစ်ပါတယ်ဘုရား။
တပည့်တော် နောက်ထပ် ဆရာတော်ထံ မည်သို့
ဆက်သွယ်နိုင်ကြောင်းကိုပါ သိလိုပါတယ်ဘုရား ။
တပည့်တော်မှာ ပြောပြစရာတွေများစွာရှိနေပါသေးတယ်ဘုရား။
တပည့်တော်ကို ဆရာဝန်များက လေးငါးနှစ်အတွင်းတော့
Relapse ပြန်မဖြစ်ဘူးလို့ ပြောကြပါတယ်။
လုံးဝ ပြန်မဖြစ်နိုင်တာလည်း ရှိပါတယ်တဲ့။
ဒါပေမယ့် တပည့်တော် အဲဒါကို ဂရုမစိုက်တော့ပါ။
တပည့်တော် အသက်ရှိနေစဉ်အတွင်းမှာ အချိန်ပြည့်
အားထုတ်သွားဖို့ကိုသာ ရည်ရွယ်ပါတော့တယ်။
ဆရာတော်အနေနဲ့လည်း တပည့်တော်ကို သားတပည့်
အရင်းအချာ တစ်ဦးအဖြစ်အသိအမှတ်ပြုကာ
ဆုံးမညွှန်ပြတော်မူပါဘုရား။
★တပည့်တော်လို လူငယ်လူရွယ်များကိုလည်း
တရားအားထုတ်တဲ့အကျင့်ကို လုပ်ဖြစ်အောင်
ဆရာတော်အနေနဲ့ တိုက်တွန်းတော်မူပါဘုရား။★
တပည့်တော်ရဲ့ အကြောင်းကို ပမာပြတဲ့အခါမှာ
နာမည်အတိအကျကိုတော့ ဆရာတော် မပြောမဆိုဘဲ
ထိန်းသိမ်းထားပေးပါ ဘုရား။
ရေးချင်တာတွေ ပြောချင်တာတွေများလွန်းတဲ့အတွက် ၊
အမြန်ရေးရတဲ့အတွက် တပည့်တော် စာသားမပြေပြစ်သည်ကို
ခွင့်လွှတ်တော်မူပါဘုရား။ နောက်ထပ် ဆရာတော့်ထံ မည်သို့စာရေးဆက်သွယ်ရမည်ကိုသိသောအခါမှသာလျှင်
ပြည့်ပြည့်စုံစုံ ပြောပြလိုပါသည် ဘုရား။ ထို့အတွက်
ဆရာတော် အချိန်ပေးနိုင်မည့် အခါတွင် တပည့်တော်ထံသို့
စာတစ်စောင်ပြန်ပေးပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်ဘုရား။
တပည့်တော်လည်းရသမျှအချိန်အတွင်း သတိပဋ္ဌာန်တရားကို
မှန်မှန်နှင့်တဆက်တည်း ဖြစ်အောင်
ကြိုးစားအားထုတ်သွားပါမည် ဘုရား။
ဆရာတော်ကျန်းမာချမ်းသာပါစေ။
တပည့်- ဦးညာဏုတ္တရ
အခန်း (၂၂)
တိုက်ဝါဆောင်၊ ရွှေဥမင်တောရ။
မြောက်ဥက္ကလာပ၊ရန်ကုန်။
(ဤစာရေးချိန်တွင် ရွှေဥမင်ဆရာတော်ကြီးက မူလဘွဲ့ကို
“ ရှင်ညာဏုတ္တရ”အဖြစ် ပြောင်းလဲပေးသောကြောင့်
နာမည်မတူရခြင်းပါဘုရား)
ဆရာမြသန်းစံ ၏ “ ငြိမ်းချမ်းသောစိတ်ဖြင့် မငြိမ်းချမ်းသော
အာရုံများကို ဖြတ်ကျော်ခြင်း” စာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။
[မှတ်ချက်။ ။ ထိုဦးဇင်းလေးမှာ အသက်(၂၃)နှစ်တွင်
တရားထိုင်နေရင်းပင် ပျံလွန်တော်မူသွားခဲ့ပါသည်။]
(မူရင်းဓမ္မဒါနအလှူရှင် -ဦးမျိုးမြတ်သူ)
Dhamma Dãna Source ►ဦးမျိုးမြတ်သူ &
www.facebook.com/youngbuddhistassociation.mm
No comments:
Post a Comment