Sunday, March 23, 2014

သေဖော်ညှိ လောကထဲကလူ


တစ်ခါတုန်းက ညီအစ်ကိုနှစ်ယောက် ရှိကြပါတယ်။ အစ်ကိုက ရှစ်တန်းကျောင်းသား ဖြစ်နေချိန်မှာ ညီက သူငယ်တန်းတက်ခါစ အရွယ်။ အသက်ကွာသလို အရပ်ကွာတယ်။ ခြေတံလက်တံကွာတယ်။
တစ်ရက်မှာ မီးဖိုချောင်ထဲကို ညီအငယ်ကောင် ၀င်လာချိန် အစ်ကိုမုန့်ခိုးစားနေတာနဲ့ ပက်ပင်းတိုးပါရော။ အမေနဲ့ တိုင်ပြောမယ်ဆိုတော့ အစ်ကိုက ညီကိုချော့တယ်။ မတိုင်ပါနဲ့ ညီလေးရာ၊ မင်းကိုလည်း မုန့်ကျွေးပါမယ်ပေါ့။ ညီကလည်း စဉ်းစားတယ်။ ငါ့အရပ်နဲ့ လှမ်းလို့မမှီဘူး။ အစ်ကိုကျွေးမှ စားရမှာ။ နောက်ပြီး ငါခိုးစားတာမှ မဟုတ်ဘဲ။ သူပေးတာယူတာဟာ ဘာညာပေါ့လေ။
အစ်ကိုပေးတဲ့ နှုတ်ပိတ်ခ မုန့်လေးတစ်ခုနဲ့ ကျေနပ်ပြီးနေခဲ့တယ်။ အစ်ကိုကလည်း လောဘတကြီးနဲ့ ဘယ်လောက်ခိုးစားသလဲ မသိပါဘူး။ မုန့်တွေလျော့တယ်။ မုန့်ကုန်တာ မြန်တယ်ဆိုပြီး အမေ့မှာ မုန့်ကြွပ်တွေကို ရေတွက်မှတ်သားရတဲ့အလုပ် ပိုလာပါတယ်။ အဲဒီခေတ်က မုံရွာမှာ ကျောက်တိုင်တံဆိပ် မုန့်ကြွပ်ဆိုတာ အင်မတန် နာမည်ကြီးတာကလား၊၊
အဲဒီနောက်မှာ မုန့်တွေမလျော့တော့ပေမယ့် အရွယ်တွေသေးကုန်တယ်။ မုန့်ပုံးကို ခလောက်ပြီး မုန့်ကြွပ်အကြွေ အမှုန့်တွေကျအောင်လုပ်ပြီး ယူစားတာကိုများ (စကားချပ်)
စာဖတ်တတ်စ ပုံပြင်တွေဖတ်တော့ ခိုးစားတဲ့အကြောင်းပါတဲ့ ပုံပြင်တစ်ပုဒ် ဖတ်မိတယ်။ ဇာတ်လိုက်က လူတော့မဟုတ်ဘူး။ မြေခွေး။ မြေခွေးတစ်ကောင်က လူတွေအလစ်မှာ ရွာထဲဝင်ပြီး ကြက်တွေခိုးစားတယ်။ နောက်တော့ ကြက်တွေပျောက်လွန်းတာနဲ့ ထောင်ချောက်ထောင်ပါရော။ အစာငတ်တော့ မြေခွေးထောင်ချောက်မှာ တန်းခနဲ မိတော့တာပေါ့။ လူတွေအလာမှာ သေမှာကြောက်တာနဲ့ အတင်းရုန်းပြီး ပြေးတဲ့အခါ ထောင်ချောက်မှာ ညပ်နေတဲ့အမြီး ပြတ်ပြီးကျန်နေခဲ့တာပေါ့။
အင်္ဂါမစုံတော့တဲ့ မြီးပြတ်မြေခွေးကို ကျန်တဲ့မြေခွေးတွေက ၀ိုင်းပြီးကဲ့ရဲ့ကြသတဲ့။ အဲဒီမှာတော့ မြီးပြတ်မြေခွေက အမြီးရှိတာ မကောင်းကြောင်း၊ ပြေးလွှားရတာ လွပ်လွပ်လပ်လပ် မရှိကြောင်း၊ ထောင်ခြောက်မှာလည်း မိနိုင်ကြောင်း၊ ကံမကောင်းရင် သေနိုင်ကြောင်းပြောတယ်။ ဆက်ပြီးတော့ အဲဒါကြောင့် ကျန်တဲ့မြေခွေးတွေလည်း အမြီးဖြတ်ကြဖို့ တိုက်တွန်းတယ်။ အီစွတ်ပုံပြင်ထဲက မှတ်မိသမျှ တစ်ပုဒ်ပါ။


အရွယ်လေးရောက်လာတော့ ပညာတွေတတ်လာတယ်။ အပေါင်းအသင်းတွေ များလာတယ်။ အတွေ့အကြုံက စုံလာတယ်။
တစ်ရက်မှာ သူငယ်ချင်းတစ်စု ဂေါက်သီးရိုက်ကြတယ်။ ပြောရရင် ငွေကြေးအထိုက်အလျောက် ပြည်စုံပြီး အခြေအနေတစ်ခုမှာ ရောက်နေကြတဲ့သူတွေ ဖြစ်ကြပါတယ်။ ရိုက်တဲ့နေရာက မြို့တော်ရဲ့ ဂေါက်ကွင်းမှာ။
ဒီကွင်းမှာရိုက်တော့ ဒီစည်းကမ်းပေါ့ဗျာ။
ဒေသန္တရ စည်းမျဉ်းစည်းကမ်း (Local Rules) ဆိုတာ ရှိတယ်လေ။ Fair Way အတွင်းမှာဆိုရင် ဂေါက်သီးဘောလုံးကို သုတ်ခွင့် သန့်ရှင်းခွင့် တည်ခွင့်ပေးတယ်။ အပြင်ဘက် ရောက်သွားရင် ဘာမှလုပ်လို့ မရဘူး။ မထိမကိုင်ရဘူး။ ဒီအတိုင်းပဲ ရိုက်ပေတော့။
ကစားသမားတစ်ယောက်က ဘာလုပ်လဲဆိုတော့ ဖဲယားဝေးအပြင်ဘက် မြက်ကြမ်း (Rough) ထဲရောက်သွားတဲ့ ဘောလုံးတွေလည်း သုတ်တယ်၊ ကိုင်တယ်၊ ရိုက်ကောင်းအောင် ကျကျနနတည်တယ်။ ကယ်ဒီကောင်းမလေးကို လုပ်ခိုင်းတယ်။ အဲရီ ကလေးမကလည်း လုပ်ပေးတယ်။ အဲဒီတော့ ဘာဖြစ်လဲ။ သူ့ရိုက်ချက်တွေ အကုန်လုံးကောင်းတာပေါ့။
ကျန်တဲ့ထဲက ကစားသမား (Golfer) တစ်ယောက်က အဲဒီလူ ဘာလုပ်သလဲဆိုတာ မြင်တယ်။ ကြည့်နေတယ်။ ကြာတော့ လိပ်ပြာမလုံ ဖြစ်လာလို့လားတော့ မသိပါဘူးရယ် (Rough)ထဲမှာ လုပ်ချင်တာလုပ်ပြီးရိုက်တဲ့ သန်တည်ရိုက်ကစားသမားက ဟိုဆရာကလေးကိုပါ အခွင့်အရေးပေးသလိုနဲ့ သူလိုရိုက်အောင် သွေးဆောင်တယ်။ ဖြားယောင်းတယ်။
“နေရာမှ မကောင်းဘဲဗျာ။ ရွှေ့ရိုက်ပါဗျ။ သစ်ပင်မလွတ်ဘူး ဖြစ်နေတယ်။ လွှတ်အောင်ရွှေ့လိုက်ပါဗျ”
“ဒါနဲ့ခင်ဗျားက လုပ်ရောလား”
“လုပ်စရာလားဗျာ။ စည်းနဲ့ကမ်းနဲ့ ကစားတဲ့ကောင်ဗျ။ မျက်နှာကိုကြည့်ထား”
“ခင်ဗျားက အဲဒီလူကို မလုပ်ဖို့မပြောဘူးလား”
“ပြောစရာလားဗျာ။ သူလဲ ဂေါက်ဖာ (Golfer) ပဲဥစ္စာ။ ရိုက်လာတာ သေတော့မယ်”
“ခင်ဗျားတို့ အဲဒါခက်တာပေါ့ဗျာ။ ကိုယ်မဟုတ်တာ မလုပ်ရုံနဲ့ မပြီးသေးဘူးဗျ။ သူများမဟုတ်တာ လုပ်တာတွေ့ရင် သတိပေးတန်ပေး၊ တားမြစ်တန် တားမြစ်ရမှာပေါ့”
“နေစမ်းပါဦး။ ခင်ဗျားတို့ ကစားတာက အပျော်သက်သက်လား၊ လောင်းကြေးလေးဘာလေး မပါဘူးလား”
“တစ်ကျင်းတစ်ထောင် နိုင်သူစား၊ ပိုက်ဆံကြေး နည်းနည်းပါးပါး ပါတာပေါ့ဗျာ”
“အဲဒါဆိုရင်တော့ ခင်ဗျားတို့ ရှုံးဖို့များပြီ။ ဟိုလူက နဂိုကတည်းက လက်ရည်ကောင်းတဲ့လူ”
“ပိုက်ဆံကြေး ပါသေးတယ်လည်းပြောရဲ့။ သူများမဟုတ်တာ လုပ်တာကို ကြည့်နေတယ်။ ဘာမှမပြောဘူး။ ရှုံးတာ နည်းတောင်နည်းသေးတယ်”
“လူတွေကလည်း ခက်တယ်ဗျာ။ စည်းမျဉ်းစည်းကမ်း ဥပဒေဆိုတာ ရှိတာတောင်မှ ကျော်လွန်ပြီး လုပ်ချင်ကြတယ်။ အခွင့်အရေး သိပ်ယူချင်ကြတယ်”
“အဲဒါတွေပေါ့ဗျာ။ ဘောင်ထဲကနေ မှန်မှန်ကန်ကန် ပြိုင်ကြစမ်းလည်းဆိုရော ခွက်ခွက်လန်အောင် ရှုံးရောဆိုတာ”
မနက်ဂေါက်ကွင်းကအကြောင်း ညနေမှာဝိုင်းဖွဲ့ရင်း အတင်းတုပ်တော့ ပြောကြတဲ့ စကားတွေပါ။
ငယ်ငယ်တုန်းက ခိုးစားတဲ့မုန့် ဝေစုယူမိတဲ့အခါ ကြံရာပါ ဖြစ်သွားတယ်။ “သူကျတော့ အများကြီးစားပြီး။ ငါ့ကိုကျတော့ တစ်ခုပဲပေးတယ်။ ရပါတယ် ငါမှအရပ်မမီသေးဘဲ။ လက်တံမရှည်သေးဘဲ။ ငါကြီးလာရင်တွေ့မယ်။ ငါ့ဘာသာ အများကြီး ယူစားပစ်မယ်” ဆိုတာမျိုးတွေ ဆက်လာရင် မကောင်းတော့ပါ။
ကိုယ်အမြီးပြတ်သွားတာနဲ့ တခြားအကောင်တွေပါ အမြီးဖြတ်ဖို့ စည်းရုံးတာ မြေခွေးလောကမှာ ဖြစ်နိုင်တဲ့ ကိစ္စရပ်တစ်ခုပါ။ ဘာမှ သိပ်မဆန်းလှပါဘူး။
ဒါပေမဲ့ မြေခွေးလောကက မြေခွေးတွေရဲ့ အမူအကျင့်တွေ လူလောကထဲ ၀င်ရောက်လာမယ် ဆိုရင်တော့ အင်မတန်ဆိုးတဲ့ ကိစ္စရပ်ကြီး ဖြစ်ပါတယ်။ အင်မတန်ဆန်းတဲ့ ဖြစ်ရပ်ကြီးပါ။ အဲဒါမျိုးဖြစ်ခဲ့ရင် သိပ်ကြောက်ဖို့ကောင်းပါတယ်။ မြေခွေးလောက်များ သနားတယ်ဖြစ်သွားလိမ့်မယ်။ ဉာဏ်နီဉာဏ်နက် သာမက ဉာဏ်ခရမ်းရောင် ဉာဏ်မဲနယ်ပုပ် ဉာဏ်မီးခိုး အမျိုးမျိုး အထွေထွေသော ဉာဏ်တွေက အရောင်စုံလှတယ် မဟုတ်လားဗျာ။

(Written by: မောင်စံပေါ)
Credit to Eleven Daily Newspapers

No comments:

Post a Comment